ဒေါ်ဝါယောနှင့် ကျောက်ရောင်းချင်သော် မလွယ်လော

တစ်နေ့သ၌ ကမာရွတ် အေးရိပ်မွန်(၁)လမ်း၊ အမှတ်(၁၅)၊ မြေညီထပ်ရှိ ကျွန်ုပ်၏ဗေဒင်ဟောခန်း လေးရှိရာသို့ ဒေါ်ဝါယောဆိုသည့် လွန်စွာစကားများ လှသည့် မိန်းမကြီးတစ်ဦးသည် ဆောင့်ကြီးအောင့် ကြီး ခြေလှမ်းမျိုးဖြင့် ရောက်ရှိလာလေ၏။

၎င်းရောက်ရှိလာသောအချိန်မှာ နေ့လယ် နှစ်နာရီထိုးလုလုဖြစ်၏။ ကျွန်ုပ်၏ဟောခန်းမှာ နေ့ လယ်နှစ်နာရီတွင် ပိတ်သည်ဖြစ်ရကား ဗေဒင်မေး ရန် ကျန်နေသော လူခုနစ်ယောက်ကို မနည်းတက် သုတ်ရိုက်၍ ဟောပေးနေရသောအချိန်ဖြစ်၏။

ဒေါ်ဝါယောကြီးသည် ခြေပစ်လက်ပစ် ဘုန်း ခနဲ ထိုက်ချလိုက်ပြီးသည့်နောက် –

“ဆရာ ကျွန်မတစ်ယောက် ကျန်သေးတယ်နော်”ဟု လေသံခပ်မာမာဖြင့် လှမ်း၍ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က –

“ကျွန်မတစ်ယောက်လည်း မကျန်နဲ့။ ကျွန် တော်တစ်ခြမ်းလည်းမကျန်နဲ့။ နေ့လယ်နှစ်နာရီဆိုရင် ဟောခန်းပိတ်တာ ခင်ဗျားသိသားပဲ။ စောစောစီးစီး လာပါလား”ဟုပြန်၍အော်လိုက်ရာ ဒေါ်ဝါယောကြီးက –

“စောစောလည်းလာတယ်။ စီးစီးလည်းလာ တယ် ဆရာရေ … လမ်းမှာ ဘတ်စ်ကားစပယ်ယာ တွေနဲ့ သုံးခါရန်ဖြစ်ပြီး ကားသုံးဆင့် ပြောင်းစီးလာ ခဲ့ရလို့။ စာထဲမှာတော့ သုံးကျောင်းပြောင်းသော အရှင်၊ သုံးလင်ပြောင်းသောမိန်းမဆိုပြီး တွေ့ဖူး တယ်။ ကားသုံးခါပြောင်းစီးရင် ဘာဖြစ်မယ်ဆိုတာ တော့ မဖတ်ဖူးဘူး။ စပယ်ယာတွေကလည်း လွန်ကို လွန်ပါတယ် ဆရာရယ်”ဟုပြောလေတော့၏။ ထို အခါ ကျွန်ုပ်က –

“သူများတွေကို လျှောက်ပြီးမပြောစမ်းပါနဲ့ ဒေါ်ဝါယောရယ်၊ ခင်ဗျားကလည်း လွန်မှာပါပဲ”ဟု ပြောလိုက်လျှင် ဒေါ်ဝါယောကြီးသည် ဘာပြန်ပြော လိုက်ရမှန်းမသိသောကြောင့် ခေတ္တမျှ ငြိမ်သွားလေ၏။ ထို့နောက်တွင်မှ –

“အင်း ဟုတ်တော့ဟုတ်ပါတယ်။ သူတို့က လွန်နေတော့လည်း ကျွန်မလည်း လိုက်ပြီးလွန်မိ တာပေါ့ ဆရာရယ်၊ ဆရာပဲ စဉ်းစားကြည့်လေ။ ဒီလောက်လူတွေ ပြွတ်သိပ်နေတာကို ဇွတ်အတင်း အထဲကို တိုးခိုင်းတယ်။ တိုးခိုင်းရုံတင်မကဘူး။ စော် ကားမော်ကားလည်း ပြောလိုက်သေးတယ်။ ချောင် ချောင်စီးချင်ရင် ကိုယ်ပိုင်ကားစီးကြတဲ့။ အဲဒီစကား ကို နှစ်ခါလောက်လည်း ထပ်ပြောလာရော ကျွန်မက ဟေ့ ဒီလောက်ြွပတ်ကျပ်နေအောင် တင်ချင်ရင် နင် လည်း ကိုယ်ပိုင်ကားဝယ်ပြီး နင့်အမေ၊ နင့်နှမတွေ ကို တင်ပါ့လားလို့ ပြန်အော်လိုက်တယ်။ အဲဒီမှာတင် ဘာဖြစ်တယ်။ ညာဖြစ်တယ် ဖုန်းဆက်လိုက်ရမလား၊ ဘာညာနဲ့ ကျွန်မကို ကားပေါ်က မောင်းချလိုက် တော့တာပါပဲ ဆရာရယ်”ဟု စီကာပတ်ကုံးပြော  ပါလေတော့၏။ ထိုအခါ ကျွန်ုပ်က –

“ကဲ ကဲ အပိုတွေလာမပြောနဲ့။ နှစ်နာရီ ဒေါင်ခနဲ ထိုးရင်တော့ ကျွန်တော့်ဟောခန်းက ဂွပ် ခနဲ ပိတ်ပြီးသားပဲ”ဟု ပြောလိုက်လျှင် ဒေါ်ဝါယော ကြီးသည် ထိုင်ရာမှ ဝုန်းခနဲထရပ်၏။ ထို့နောက် အခန်းဝတွင် ခါးထောက်၍ လာရပ်ရင်း ကျွန်ုပ်ကို ကြည့်ကာ စုတ်သပ်လေ၏။ ပြီးနောက် –

“ဪ ဆရာ့ကိုတော်တော်အထင်ကြီးထား တာ။ တကယ်တမ်းကျတော့ ဆရာဟာ အတော့်ကိုပဲ ပါရမီနုံ့နည်းသေးတာပဲ။ တရားဓမ္မနဲ့ တော်တော် အလှမ်းဝေးသေးတာပဲ။ နောက်ဘဝ လူပြန်ဖြစ်ဖို့ တောင် မလွယ်ပါဘူး။ ကျွတ် ကျွတ် ကျွတ်”ဟု ပြောလေတော့၏။ ကျွန်ုပ်လည်း ထောင်းခနဲ ဒေါသ ထွက်သွားကာ –

“ခင်ဗျား ဘာတွေလာပြောနေတာလဲ။ ကျုပ် ဟာကျုပ် နှစ်နာရီ ဟောခန်းပိတ်တာနဲ့ တရားတွေ၊ ဓမ္မတွေနဲ့ ဘယ်လိုပတ်သက်လို့လဲ”ဟု ပြောလိုက်ရာ ဒေါ်ဝါယောကြီးက –

“ပတ်သက်လိုက်တာမှ ဟိုးဘက်ကို လွန် သွားတဲ့အပြင် တစ်ပတ်လည်ပြီး နောက်ကတောင် ပြန်ပြီး ပတ်သက်လိုက်သေးတယ် ဆရာရေ့ …။

သဘောသဘာဝဆိုတာ ဆရာကြားဖူးတယ် မဟုတ်လား။ သဘောတရားဆိုတာရော ဆရာကြား ဖူးတယ်မဟုတ်လား။ သဘာဝကို သိမြင်ခြင်းဟာ သဘောပေါက်ခြင်းပဲ။ အရာရာကို သဘောပေါက် ခြင်းဟာ တရားဓမ္မကိုသိမြင်ခြင်းပဲ။ အဲဒီတော့ တရား ဓမ္မနဲ့ နီးစပ်ဖို့ဆိုတာ သဘာဝတရားနဲ့ နီးစပ်ဖို့လို တယ်။ သဘာဝတရားကြီးကို သဘောပေါက်ဖို့လို တယ်။

နေပူတယ်။ မိုးရွာတယ်၊ လေတိုက်တယ်ဆို တာတွေဟာ သဘာဝတရားတွေပဲပေါ့။ မိုးဟာသူရွာ ချင်တဲ့အချိန်မှာ ရွာချလိုက်တာပဲ မဟုတ်လား။ တိတ်ချင်တဲ့အချိန်မှာ တိတ်ပစ်လိုက်တာပဲ မဟုတ် လား။

ကျေးဇူးပြု၍ နားဆင်တော်မူကြပါရှင် … မိုးပန်းပလဲရေစက်များဟာ ယနေ့မနက် ၁၀ နာရီ ၁၅ မိနစ်မှ ၁၀ နာရီ ၂၄မိနစ်ထိ ဒဂုံဆိပ်ကမ်း မြို့နယ်မှာ ရွာသွန်းဖြိုးမှာဖြစ်ပါတယ်။ အဲဒီနောက် ခေတ္တခဏ လက်ဖက်ရည်သောက်နားပြီး နေ့လယ် ၁၂ နာရီ ၉ မိနစ်ကနေ ၁ နာရီ ၁၀ မိနစ်အထိ မှော်ဘီမြို့နယ်မှာ  ရွာသွန်းဖြိုးမှာ ဖြစ်ပါတယ်။ အဲဒီ နောက် စနေ၊ တနင်္ဂနွေနှစ်ရက်နားပြီး မန္တလေး ဘက်ကို ဆက်လက်ထွက်ခွာသွားမှာ ဖြစ်ပါတယ်။ မကြာမီ မိုးရွာတော့မှာဖြစ်တဲ့အတွက် ထိုင်ခုံခါးပတ် များ ပတ်ထားကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်” ဆိုပြီး ကြိုပြီး ပြောလို့ရမတဲ့လား။ သူရွာချင်တဲ့ အချိန်မှာ ကောက်ရွာပြီး သူရပ်ချင်တဲ့ အချိန်မှာ ရပ်ပစ်လိုက်တာပဲလေ၊

နေထွက်တာ နေဝင်တာလည်း ဒီလိုပါပဲ။ မနက်ငါးနာရီတိတိမှာ နေထွက်တယ်ဆိုပြီး မီးခလုတ် ဖွင့်လိုက်သလို လင်းလာတာမျိုးမှမဟုတ်ဘဲ။ အစော ကြီးလင်းရင်လည်း လင်းမှာပေါ့။ မိုးအုံ့နေလို့ နှင်းတွေ ကျနေလို့ မနက် ၉ နာရီ ၁၀ နာရီကျမှ လင်းရင် လည်း လင်းမှာတော့”ဟု စက်သေနတ်ပစ်ဘိသည့် အလား ပြောပါလေတော့၏။

“ဘာတွေလဲ ဒေါ်ဝါယောရယ်”ဟု ကျွန်ုပ် လည်း ခပ်ညည်းညည်းကလေး ရေရွတ်လိုက်မိလေ၏။

“ဘာတွေရမှာလဲဆရာရဲ့ … သဘာဝတရား ဟာ သူ့ဟာနဲ့သူ အလိုက်သင့်ကလေး လိုက်လျော ညီထွေကလေး ဖြစ်နေတာကို ပြောတာ။

လေးထောင့်စပ်စပ်ကြီးဖြစ်နေတဲ့ သဘာဝ ရေကန်တို့၊ လေးထောင့်အတုံးအတုံးလေးတွေ ဖြစ် အောင် တညီတညာတည်း သီးတဲ့ လိမ္မော်သီးတို့ လေးထောင့် အချပ်ချပ်ကလေးတွေ တညီတညာ တည်းဖြစ်နေတဲ့ သရက်ရွက်တို့ ဆရာတွေ့ဖူးလို့ လား၊ သဘာဝတရားဟာ အင်မတန် စည်းစနစ် ကျတယ်။ ဒါပေမဲ့ စည်းစနစ်ကြားမှာ အင်မတန်   လွတ်လပ်နေတယ်။ တင်းတင်းကျပ်ကျပ် လွတ် လွတ်လပ်လပ်ကလေး ဖြစ်နေတာဟာ သဘာဝ တရားပဲ။

ဆရာကတော့ ဒီလိုမဟုတ်ပေါင်။ တင်းတင်း ကျပ်ကျပ် ကျပ်ကျပ်တင်းတင်းကြီးပဲ လုပ်နေတယ်။ အဲဒါကိုက သဘာဝတရားနဲ့ သဘောမပေါက်လို့ပေါ့။ သဘောမပေါက်တဲ့ လူတစ်ယောက်ဟာ တရားဓမ္မ နဲ့တော့ အဝေးကြီး ဝေးပြီပေါ့ ဆရာရေ”ဟု ချက်နှင့် လက်နှင့် ပြောပါလေတော့၏။

ကျွန်ုပ်လည်း ဘာပြန်ပြောလိုက်ရမှန်း မသိ သောကြောင့် ၄င်းအား ငေးငေးကြီးသာလျှင် ကြည့် နေမိလေတော့၏။ ထိုအခါ ကျွန်ုပ်ရှေ့တွင် ဗေဒင် မေးနေသော မိန်းမကြီးက –

“သူပြောတာလည်း ဟုတ်တုတ်တုတ်ပါပဲ ဆရာရယ် … သနားပါတယ်။ သူတစ်ယောက် တော့ ဟောပေးလိုက်ပေါ့”ဟု ကြားထဲမှဝင်၍ တောင်းပန်လေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း –

“ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ။ ကဲကဲထိုင်ပြီး  စောင့်ပေတော့ ဒေါ်ဝါယောရေ”ဟု လိုက်လျော လိုက်ရပါလေတော့၏။

ဤသို့ဖြင့် နောက်ဆုံးတွင် ဒေါ်ဝါယောကြီး သည် ကျွန်ုပ်၏ ဗေဒင်စားပွဲရှေ့တွင် ဝင်ထိုင်၏။ ထိုင်ရာ၌ ရိုးရိုးမထိုင်ဘဲ ဂီတဂျာနယ်တစ်စောင်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီးလျှင် –

“ဟောဒီ့ဂျာနယ်ထဲမှာ မောင်သန်းစိန်အ တွက် ဆရာ ဟောပေးထားတာ ဖတ်ရတယ်။ တော်တော်ထူးဆန်းတာပဲနော်”ဟု ပြောလေ၏။ ထို့ ကြောင့် ကျွန်ုပ်က –

“ဒီလိုပဲပေါ့ ဒေါ်ဝါယောရယ် လောကကြီး မှာ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေဟာ ဒီလိုပဲ ဟိုက ပေါ် ဒီကပေါ် ပေါ်လာလေ့ရှိပါတယ်။ အလိုအ လျောက် အံ့ဩဘနန်းကိစ္စတွေကို လုပ်ပြနိုင်တာ မျိုးတွေရှိသလို ကျင့်ကြံအားထုတ်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်ပြနိုင်တာမျိုးတွေလည်း ရှိတတ်ပါတယ်။

ဥပမာဆိုရင်ဗျာ ၁၈၃၇ ခုနှစ်တုန်းက တာရီ ဒတ် ဆိုတဲ့ အိန္ဒိယယောဂီကြီးတစ်ယောက်ဟာ လာဟိုမြို့က မဟာရာဂျာရန်ဂျစ်ဆင်းနဲ့ ဗြိတိသျှ အရာရှိကြီးတွေရဲ့ ရှေ့မှောက်မှာ အရှင်လတ်လတ် မြေမြှုပ်ခံရပြီး သူ့အစွမ်းကိုပြခဲ့ဖူးတယ်။ အဲဒီနေရာ မှာ ပန်ချာပီစစ်တပ်နဲ့ဝိုင်းပြီး တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခဲ့တယ်။ ရက် ၄၀ အကြာမှာ ဖော်ကြည့် တဲ့အခါ အဲဒီယောဂီကြီးကို ကျန်းကျန်းမာမာပဲ တွေ့ ခဲ့ကြရတယ်”ဟု ပြောလိုက်ရာဒေါ်ဝါယောကြီးသည် “ဪ”ဟု တအံ့တဩ ရေရွတ်လိုက်လေ၏။ ထို အခါ ကျွန်ုပ်က ဆက်လက်၍ –

“၁၉၅၃ ခုနှစ်တုန်းကလည်း အိန္ဒိယနိုင်ငံ၊ ဒေလီမြို့က ရှန်တီဒေဝီဆိုတဲ့ လူဝင်စားမိန်းမကလေး တစ်ဦးရဲ့အကြောင်းဟာ ကမ္ဘာမှာ အုတ်အော်သောင်း တင်း ဖြစ်ခဲ့ဖူးတယ်။

နောက်ပြီးတော့ ဇာတ်မင်းသမီး ဒေါ်ဗလပြန် ဆိုတာ ယောကျာ်းမင်းသား အောင်ဗလကနေပြန် ပြီး ဝင်စားတာရယ်လို့ လက်ခံခဲ့ကြရဖူးတယ်။

နောက်ပြီးတော့ ကမ္ဘာကျော် ကံကြမ္မာဖတ် ပညာရှင် ဂျိမ်းဒစ်ဆင်ဆိုတာဟာ သမ္မတကနေဒီ လုပ်ကြံခံရမှာကို ကြိုပြီးပြောပြနိုင်ခဲ့တယ်”ဟု ကျွန်ုပ်     မှတ်မိသလောက် ပြန်၍ပြောပြလိုက်လေ၏။ ထိုအခါ ဒေါ်ဝါယောကြီးက –

“အဲ အဲ ဒါဆိုကျွန်မလည်း ပြောရဦးမယ် ဆရာ့ရဲ့၊ ယနေ့ကံဆိုတဲ့ဂဏန်းဗေဒင်စာအုပ်လေးထဲ မှာ ၂၀ဝ၅ ခု၊ ဇူလိုင်လအတွင်းမှာ ထူးထူးခြားခြား လူသားတစ်ယောက် ပေါ်လာမယ်ဆိုတာရယ် ပေါက် ကွဲမှုကြီးတစ်ခုဖြစ်လိမ့်မယ်ဆိုတာရယ် ကြိုပြီးဟော ထားခဲ့တယ်လေ ဟော ဆရာ့ရဲ့ ဟောချက်အတိုင်းပဲ မိန်းမဘဝက ယောကျာ်းဘဝကိုပြောင်းသွားတဲ့ မောင် သန်းစိန်ဆိုတာ ပေါ်လာတယ်။ လန်ဒန်မှာ ဇူလိုင်လ ၇ ရက်တုန်းက ဗုံးတွေတသီကြီး ပေါက်ကွဲခဲ့တယ်။ အဲဒါတွေကို ဘယ်လိုလုပ်ပြီး ကြိုသိခဲ့တာလဲဟင်” ဟုမေးလေတော့၏။ ထို့ကြောင့် ကျွန်ုပ်က

“ဒါတွေအသာထားလိုက်စမ်းပါ ဒေါ်ဝါယော ရယ်၊ ခင်ဗျားရဲ့ လာရင်းကိစ္စကိုသာ တိုတိုနဲ့လိုရင်း ပြောစမ်းပါဗျ”ဟုတိုက်တွန်းလိုက်ရလေ၏။ ထိုအခါ ဒေါ်ဝါယောကြီးက –

“ဒီလိုပါဆရာရယ် …မိုးကုတ်ဘက်မှာ ကျွန်မ တူမတစ်ယောက်ရှိတယ်။ သူက ကျောက် ကလေး ဘာလေးကိုင်တယ်။ သူဒီကိုရောက်လာ တော့ ကျွန်မနဲ့တွဲပြီး အလုပ်လုပ်တယ်ပေါ့ ဆရာ ရယ်၊ အဲဒါ ကျောက်ကလေးတွေ အရောင်းသွက်ချင်လို့ပါ”ဟု ပြောလေတော့၏။ ထို့ကြောင့် ကျွန်ုပ်က-

“အောင်မလေး …ဒါများဒေါ်ဝါယောရယ် စောစောတုန်းက ပြောလိုက်ရင်လည်းပြီးရော … တစ်ခွန်းတည်း ပြောပြလိုက်ရုံပါပဲ။

ကမ္ဘာပေါ်မှာ ဗွန်ဒီးဘရီးဆိုတဲ့ ဝိဇ္ဇာကြီးတစ် ပါး ပေါ်ပေါက်ခဲ့ဖူးတယ်ဗျ။ သူက ကျောက်မျက် ရတနာတွေကို ပိုင်တယ်။ ကျွမ်းတယ်ပေါ့ဗျာ။ ဘဲဥ ပြုတ်တစ်လုံးကို အခွံနွှာပြီး ပန်းကန်ပြားတစ်ချပ်မှာ ထည့်ပြီး အဲဒီဝိဇ္ဇာကြီးကို လှူဒါန်းတိုင်တည်ရုံပါပဲ။

ပြီးတော့ အဲဒီဘဲဥပြုတ်နဲ့ပဲ ရောင်းချင်တဲ့ ကျောက်မျက်ရတနာတွေကိုတို့ပြီး ဆုတောင်းရုံပါပဲ ဗျာ”ဟု ပြောလိုက်ရာ ဒေါ်ဝါယောကြီးလည်း ခေါင်း ကလေး တဆတ်ဆတ်ညိတ်ရင်း –

“ဪ …ဒီလိုလုပ်ရမှာလား”ဟု ရေရွတ် လိုက်ပါလေတော့သတည်း။

 

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

Comments

comments

Post Author: manawmaya