ဘယ်လမှာ မင်္ဂလာဆောင်မလဲ

ညနေစောင်းတစ်ခု၌ ကျွန်ုပ်သည် မင်္ဂလာ ကိစ္စနှင့်ပတ်သက်သော မဂ္ဂဇင်းတစ်စောင်အတွက် စာမူတစ်ပုဒ်ကို ရေးသားလျက်ရှိလေ၏။

ထိုစဉ် ကျွန်ုပ်၏ အိမ်နီးချင်းများဖြစ်ကြသော မိရွှေပု၊ တာတီးနှင့် ဘုတ်ဆုံမ ဆိုသည့် မူလတန်း အရွယ် ကလေးငယ်သုံးဦးတို့သည် ၄င်းတို့အချင်းချင်း စရင်းနောက်ရင်းဖြင့် အသံကလေးများ စာစာ စာစာ နှင့်အတူ အပြေးဝင်ရောက်လာကြလေ၏။

၎င်းတို့သည် ညနေကျောင်းဆင်းချိန်တိုင်း၌ ထိုသို့လျှင် ကျွန်ုပ်ထံသို့ ခေတ္တခဏလေးမျှ ရောက် လာတတ်ကြစမြဲ ဖြစ်၏။ ကျွန်ုပ်စာရေးနေသည်ကို မြင်လျှင် တာတီးက နှုတ်ခမ်းရှေ့၌ လက်ညှိုးကို ထောင်၍ပိတ်ရင်း –

“ရှူး …တိုးတိုး …ဘဘ စာရေးနေတာဟ …”ဟု ပြောလျှင် မိရွှေပုနှင့် ဘုတ်ဆုံမလေး တို့လည်း ပါးစပ်ကလေးများကို လက်ဝါးကိုယ်စီဖြင့် အုပ်ရင်း ဇက်ကလေးများပုကာ ကျွန်ုပ်နှင့် မလှမ်း မကမ်း၌ တိတ်တိတ်ကလေးဝင်ထိုင်လိုက်ကြလေ၏။ ပြီးနောက် ကျွန်ုပ်အား စူးစမ်းသောအကြည့်ဖြင့် လှမ်း ၍ကြည့်နေကြရာ ကျွန်ုပ်က –

“မင်္ဂလာဆောင်တွေနဲ့ ပတ်သက်တဲ့ စာမူ လေးတစ်ပုဒ် ရေးနေတာပါကွယ် …၊ ရပါတယ်၊ ရပါတယ် …၊ ကလေးတွေက ကလေးလိုနေကြ ပေါ့ …၊ ဘဘတို့ကတော့ လူကြီးဖြစ်သွားတော့ လူကြီးလို နေရတာပေါ့ကွယ် …”ဟု ပြောလိုက် လျှင် ဘုတ်ဆုံမလေးက –

“မင်္ဂလာဆောင်အကြောင်း စာရေးနေတာ ဟုတ်လားဘဘ …၊ အိမ်မှာလေ ဘိုးဘိုးရယ်၊ ဘွားဘွားရယ်၊ ဖေကြီးနဲ့မေကြီးရယ် ငြင်းခုန်ပြီးစကားတွေ များနေကြတာ ကြားခဲ့ရတယ် …၊ ဦးလေး တစ်ယောက် မင်္ဂလာဆောင်မယ့်ကိစ္စကို လွတ်လပ်ရေးနေ့မတိုင်ခင်မှာ လုပ်ရမလား၊ လွတ်လပ်ရေးနေ့ ပြီးမှ လုပ်ကြမလားဆိုပြီး ငြင်းခုန်နေကြတာလေ” ဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က –

“အေးကွဲ့ …၊ ရှေးရှေးက လူကြီးတွေက မင်္ဂလာဆောင်သင့်တဲ့ လတွေအကြောင်း ပြောသွား ခဲ့ကြတာတွေ ရှိတယ်ကွဲ့ …”ဟု ပြောလိုက်ရာ တာတီးက –

“အဲဒါဆို အဲဒီအကြောင်းလေး ကျွန်တော်တို့ ကို ဒီနေ့ ပြောပြပါ ဘဘ …၊ ပြီးရင် ဘုတ်ဆုံမတို့ အမေတွေကို သွားပြောလိုက်ရုံပဲ …”ဟု ပြော၏။  ဘုတ်ဆုံမက –

“သူတို့ချင်းတောင် ညှိလို့နှိုင်းလို့ မရဘူးဖြစ် နေတာ နင်သွားပြောရင် ငါတို့အဘိုးက နင့်ကို ကုပ် ကနေကိုင်ပြီး လွှင့်ပစ်လိုက်မှာပေါ့ဟဲ့ …”ဟု မျက် စမျက်နနှင့် ပြန်၍ပြောလေ၏။ ထိုအခါ တာတီးက

“အံမယ် …ဘာလို့လွှင့်ပစ်ရမှာလဲ …၊ သူတို့က ဒီအတိုင်း လျှောက်ပြီးငြင်းနေကြတာ …၊ ငါက ဘဘဇင်ယော်နီ သင်ပေးလိုက်တာလို့ ပြော လိုက်မှာပေါ့ဟဲ့”ဟု ပြန်၍ပြောလေ၏။ ကျွန်ုပ်က

“အေးပါလေ …အဲဒီနည်းအကြောင်းလေး ပြောပြလိုက်မယ် …၊ မှတ်ထားကြပေါ့ …၊

တန်ခူးလနဲ့ ကဆုန်လမှာ မင်္ဂလာဆောင်ရင် စီးပွားဥစ္စာ ပြည့်စုံချမ်းသာတတ်တယ် …၊

နယုန်လမှာ မင်္ဂလာဆောင်ရင် ဘဝလမ်းခရီး ကြည်နူးချမ်းမြေ့ သာယာတတ်တယ် …၊

သီတင်းကျွတ်လမှာ မင်္ဂလာဆောင်ရင် မိတ် ဆွေသင်္ဂဟ လူချစ်လူခင်ပေါများပြီး သားကောင်း သမီးကောင်းတွေ ရတတ်တယ် …၊

တန်ဆောင်မုန်းလမှာ မင်္ဂလာဆောင်ရင် အိမ်၊ အဆောက်အဦတို့၊ အိမ်ထောင်ပရိဘောဂတို့ ပြည့်စုံတင့်တယ်တတ်တယ် …၊

တပို့တွဲလမှာ မင်္ဂလာဆောင်ရင် ရတနာ ပစ္စည်းတွေနဲ့ ပြည့်စုံပြီး ကံအခွင့်အလမ်းကောင်းတွေ ပေါ်တတ်တယ် …၊

တို့မြန်မာတွေအနေနဲ့ အဲဒီ ၆ လမှာ များ သောအားဖြင့် မင်္ဂလာဆောင်လေ့ရှိကြတယ် …၊ အဲဒီ ၆ လထဲကနေ ဟိုဘက်ဒီဘက် မိသားစုနှစ်စု အဆင်ပြေတဲ့လကို ရွေးရမှာပေါ့ကွယ် ..” ဟု ပြော ပြလိုက်ရာ ၄င်းတို့လည်း ကျွန်ုပ်ပြောပြခဲ့သည်များကို တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ရွတ်ပြ ရင်း အလွတ်ရသွားအောင် မှတ်သားလိုက်ကြလေ၏။ တစ်ထိုင်တည်းနှင့် အလွတ်ရသွားသောအခါ မိရွှေပု လေးက –

“ဘဘ သမီးတို့ကျောင်းမှာ စာလာသင်ရင် ကောင်းမှာပဲ …၊ အခုလို ဘဘပြောပြတာတွေကို သမီးတို့မှတ်ရတာ အရမ်းလွယ်တယ် …၊ ပျော် လည်းပျော်တယ် …၊ လူကြီးတွေကိုလည်း ပြန် ပြောပြတတ်တယ် …၊ ကျောင်းက ဆရာမကကျ တော့ စာအုပ်ထဲကစာကို မလွဲအောင် ကျက်ခိုင်းတော့ သမီးတော့ဖြင့်လေ အရမ်းစိတ်ညစ်တာပါပဲ ဘဘ ရယ် …၊ ပညာတွေကို မှတ်ရတာ သမီးတို့က ပျော်ပါတယ် …၊ စာတွေကို မလွဲအောင်ကျက်ရ တာကျတော့ အရမ်းစိတ်ညစ်တာပဲဘဘရယ် …” ဟု မဲ့ကာရွဲ့ကာနှင့် ပြောနေသဖြင့် ကျွန်ုပ်လည်း-

“အေးကွယ် …”ဟုဖြင့်သာ ရေရွတ်ရင်း မချိပြုံးပြုံးလျက် ၄င်း၏အမေးကို မသိချင်ယောင် ဆောင်နေလိုက်ရလေ၏။ ထို့နောက် –

“ကဲ …ကဲ …ဒီနေ့တော့ ဘဘဆီမှာ ဆီးထန်းလျက်လေးတွေ ရောက်နေတယ် …၊ ဆီး ထန်းလျက်ဆိုတာ ဆီးသီးအခြောက်ကို အမှုန့်ကြိတ် ပြီး ထန်းလျက်နဲ့ ရောထားတာလေ …၊ ရော့ .. ရော့ …”ဟုဆိုကာ ဆီးထန်းလျက်တစ်လုံးစီကို ၄င်းတို့၏လက်ကလေးများထဲသို့ ထည့်ပေးလိုက်ရ လေ၏။

ထိုအခါ မိရွှေပု၊ တာတီးနှင့် ဘုတ်ဆုံမဟူ သော ကလေးငယ်လေးသုံးဦးလေး ဟေးခနဲအော် ကာ ကျွန်ုပ်၏အပါးမှ ရွှင်လန်းတက်ြွကသော ခြေ လှမ်းများနှင့်အတူ အပြေးကလေး ပြန်ထွက်သွားကြ ပါလေတော့သတည်း။   ။

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

Comments

comments

Post Author: manawmaya