လူချင်းမတူခြင်း ထိုအကြောင်းအရင်း

နေသာသော နေ့တစ်နေ့က ဖြစ် ပါတယ်။ ကျွန်မသည် သနပ်ခါးတုံးများ အား အကျအနရေဆေး၍ နေပူပူတွင် ထုတ်လှန်းရန်ပြင်ဆင်ရလေသည်။ ထိုအ ချိန်တွင် အလှအပကို စိတ်ဝင်စားတတ် လာပြီဖြစ်သော သမီးက –

“မေမေ သနပ်ခါးလိမ်းရင် အ သားအရည်လှတယ်လို့ ပြောကြတယ် နော်။ ပြီးတော့ အသားလည်း အေး တယ်တဲ့။ ဟုတ်မယ်ထင်တယ်။ သမီးသူ ငယ်ချင်းတွေက ပြောတယ်။ သမီးကို အသားတွေဖြူလာလို့ တဲ့”ဟုပြောလေ ရာ ကျွန်မလည်း အဖေနှင့်တူ၍ အသား ညိုသည့်ဘက်သို့ပါနေသော သမီးဖြစ်သူ အား ကြည့်၍ သဘောကျစွာ ပြုံးမိရင်းက

“ဟုတ်ပါ့တော် …သမီးတောင် အသားတွေ ဝင်းလာတယ်” ဟု ပြန်ပြော ဖြစ်ခဲ့လေသည်။ ထို့နောက် သမီးက –

“မေမေ့ကို တစ်ခုလောက် မေး ချင်တယ်။ လူချင်းတူပေမယ့် တချို့က အသားဖြူတယ်။ တချို့က အသားညို တယ်။ တချို့က ချမ်းသာတယ်။ တချို့က ဆင်းရဲတယ်။ တချို့ကြပြန်တော့လည်း ကျန်းမာရေး တအားကောင်းကြတယ်။ တချို့ကြတော့ ကျန်းမာရေး ချို့တဲ့ချူချာ ကြတယ်။ အဲဒီလို မတူတာတွေ ဖြစ်ရတဲ့ အကြောင်းအရင်းကို သိချင်တယ် မေမေ … သိသလောက်ပြောပြပါလား”ဟု ဆို သည်။ ထို့ကြောင့် ကျွန်မလည်း သမီး အား အိမ်ထဲသို့ ပြန်ခေါ်၍ ထိုင်စေပြီး သမီးသိချင်သည့် အကြောင်းအရာများ အား ဖတ်မှတ်ကြည်ညိုဖူးသော တည် တောဆရာတော် ဘုရားကြီး၏ အမေး အဖြေစာစုများမှ အဖြေများအတိုင်း ဤ သို့ ရှင်းပြဖြစ်ခဲ့ပါလေတော့သည်။

“သမီးရေ …သမီးမေးတဲ့ မေး ခွန်းမျိုးကို လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင် ကျော်ခန့်က မေးတဲ့လူ ပေါ်ခဲ့ဖူးတယ်။ မေးမြန်းလျှောက်ထားသူက တော ဒေ ယျပုဏ္ဏားရဲ့သားဖြစ်တဲ့ သုဘလုလင်လို့ ဆိုတယ်။ အမေးကို ရှင်းလင်းဟော ဖော် ညွှန်ပြတဲ့ ပုဂ္ဂိုလ်ကတော့ သုံးလောက ထွတ်တင် ကျေးဇူးတော်ရှင်ဘုရားရှင်ပါတဲ့။ အချိန်ကာလအားဖြင့် ဘုရားရှင်ကိုယ် တော်မြတ် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်မှာ သီတင်းသုံး တော်မူစဉ် ကာလလို့ ဆိုပါတယ်။ သုဘလုလင်ဟာ ဘုရားရှင်ထံ ဝပ်တွားချဉ်းကပ်ပြီး အခုလို လျှောက်ထားသတဲ့။

အရှင်ဂေါတမ …လူတွေမှာ လူအချင်းချင်း ဖြစ်ပါကုန်လျက် –

(၁) အချို့က မြတ်တယ်။ အချို့ က ယုတ်တယ်။

(၂) အချို့က အသက်တိုတယ်၊ အချို့က အသက်ရှည်တယ်။

(၃) အချို့က အနာရောဂါ ပေါ များကြတယ်။ အချို့က အနာရောဂါကင်း ကြတယ်။

(၄) အချို့က အဆင်းမလှဘူး။ အချို့က အဆင်းလှတယ်။

(၅) အချို့က အခြံအရံမရှိဘူး။ အချို့က အခြံ အရံပေါများကြတယ်။

(၆) အချို့က ပစ္စည်းဥစ္စာမရှိဘူး၊ အချို့က ပစ္စည်းဥစ္စာပေါတယ်။

(၇) အချို့က အမျိုးယုတ်တယ်။ အချို့က အမျိုးမြတ်တယ်။

(၈) အချို့က ပညာမရှိဘူး။ အချို့က ပညာရှိ တယ်။

အရှင်ဂေါတမ လူတွေမှာ လူအ ချင်းချင်းဖြစ်ပါကုန်လျက်အဘယ်ကြောင့် ဒီလိုကွဲပြားရပါသလဲ။ ကွဲပြားရခြင်းရဲ့ အကြောင်းအရင်း အထောက်အပံ့က အ ဘယ်ပါလဲဘုရား’ လို့မေးလျှောက်တယ်။ ဒီအခါ ဘုရားရှင်က “လုလင် … သတ္တဝါတွေမှာ ကံသာလျှင် မိမိဥစ္စာရှိကြ တယ်။ ကံရဲ့ အမွေခံများဖြစ်ကြတယ်။ ကံသာလျှင် မှီခိုစရာရှိတယ်။ အယုတ်၊ အမြတ်ဖြစ်ခြင်းငှာ သတ္တဝါတို့ကို ကံတ ရားက ဝေဖန်တယ်။ ဘယ်လို ဝေဖန်သ လဲဆိုတော့ –

(၁) အချို့သောသူဟာ သူ့အ သက်ကို သတ်လေ့ရှိတယ်။ ကြမ်းကြုတ် ရက်စက်တယ်။ သွေးစွန်းတဲ့လက် ရှိ တယ်။ သတ်ပုတ်ညှဉ်းဆဲမှုမှာ စိတ်ဝင် စားတယ်။ သူတစ်ပါးကို မသနားဘူး။ အဲဒီလို ရက်စက်ယုတ်မာသူဟာ သေပြီး တဲ့နောက် ငရဲကို ရောက်တတ်တယ်။ လူဖြစ်လာပြန်လျှင် အသက်တိုတယ်။ အနာရောဂါများတယ်။

(၂) သူ့အသက် မသတ်သူ၊ သူ တစ်ပါးကို သနားတတ်သူကတော့ သေ လျှင် နတ်ပြည်မှာ ဖြစ်ရတတ်တယ်။ လူဖြစ်ပြန်လျှင်လည်း အသက်ရှည် တယ်။ အနာရောဂါကင်းတယ်။

(၃) အချို့သော သူဟာ အမျက် ဒေါသ ကြီးတယ်။ ကြမ်းတမ်းတဲ့စကားကို ဆိုတတ်တယ်။ အဲဒီ လူဟာ သေလျှင် ငရဲကျတတ်တယ်။ လူဖြစ်ခဲ့လျှင် အရုပ် ဆိုးသူ ဖြစ်တတ်တယ်။

(၄) အချို့သောသူဟာ အမျက် မထွက်တတ်ဘူး။ သူတစ်ပါးကို ချစ်ခင် ကြင်နာတတ်တယ်။ ထိုသူသေလျှင် နတ် ပြည်မှာ ဖြစ်ရတတ်တယ်။ လူဖြစ်ပြန် လျှင်လည်း လှပသော အဆင်းရှိတတ် တယ်။

(၅) အချို့သောသူဟာ ငြူစူတတ် တယ်။ သူတစ်ပါးပစ္စည်းချမ်းသာလျှင် မနာလိုတတ်ဘူး။ သူတစ်ပါး ထင်ပေါ် ကျော်ကြားလျှင် မကျေနပ်ဘူး။ ထိုသူ သေလျှင် ငရဲကျတတ်တယ်။ လူဖြစ်ပြန် လျှင်လည်း အခြံအရံနည်းတတ်တယ်။ သူတစ်ပါးမုန်း တတ်တယ်။ လာဘ်လာ ဘ နည်းတတ်တယ်။

(၆) အချို့သောသူဟာ ငြူစူတဲ့ စိတ်မရှိဘူး။ သူတစ်ပါးပစ္စည်းရလျှင် ထင် ပေါ်ကျော်ကြားလျှင် ဝမ်းမြောက်တတ် တယ်။ ထိုသူသေလျှင် နတ်ပြည် ရောက် တတ်တယ်။ လူဖြစ်ခဲ့လျှင် အခြံအရံပေါ များတယ်။ ပစ္စည်းဥစ္စာပေါများတယ်။ သူ တစ်ပါး ချစ်ခင်သူဖြစ်တတ်တယ်။

(၇) အချို့သောသူဟာ မိမိပစ္စည်း ကို သူတစ်ပါးမပေးလှူဘူး။ ကပ်စေး နည်းတတ်တယ်။ အလွန် လျှို့ဝှက်တတ် တယ်။ ထိုသူသေလျှင် ငရဲကျတတ် တယ်။ လူပြန်ဖြစ်လျှင် စည်းစိမ်ဥစ္စာ နည်းတတ်တယ်။

(၈) အချို့သောသူဟာ မိမိပစ္စည်း ကို သူတစ်ပါးအား ပေးလှူတတ်တယ်။ အလှူရဲ့အကျိုးကို သိတယ်။ ထိုသူသေ လျှင် နတ်ဖြစ်တတ်တယ်။ လူ ဖြစ်ပြန် လျှင် စည်းစိမ်ဥစ္စာ ပေါများချမ်းသာတတ် တယ်။

(၉) အချို့သော သူဟာ ခက်ထန် တယ်။ မာန်ကြီးတယ်။ အရိုအသေ ပေး ထိုက်သူကို မပေးဘူး။ အလေးပြုထိုက်သူ ကို မပြုဘူး။ မြတ်နိုးထိုက်သူကို မမြတ်နိုး ဘူး။ ပူဇော်ထိုက်သူကို မပူဇော်ဘူး။ ထို သူသေလျှင် ငရဲကျတတ်တယ်။ လူဖြစ်ခဲ့ လျှင် အမျိုးယုတ်မှာ ဖြစ်ရတတ်တယ်။

(၁၀) အချို့သောသူဟာ မာနမရှိ ဘူး။ မခက်ထန်ဘူး၊ ရိုသေထိုက်သူကို ရိုသေတယ်။ ပူဇော်ထိုက်သူကို ပူဇော် တယ်။ ထိုသူသေလျှင် နတ်ဖြစ် တတ် တယ်။ လူဖြစ်ခဲ့လျှင် မြင့်မြတ်သော အမျိုးမှာဖြစ်ရတတ်တယ်။

(၁၁) အချို့သောသူဟာ ဗဟုသု တ မလိုလားဘူး။ ပညာရှိထံ ချဉ်းကပ် မေးမြန်းခြင်း မပြုဘူး။ ထိုသူသေလျှင် ငရဲကျတတ်တယ်။ လူဖြစ်ခဲ့ပြန်လျှင် ပညာမရှိသော ပညာမဲ့သူသာ ဖြစ်တတ် တယ်။

(၁၂) အချို့သော သူဟာ ဗဟုသု တလိုလားတတ်တယ်။ ပညာရှိထံ ချဉ်း ကပ်မေးမြန်းတယ်။ ထိုသူသေလျှင် နတ် ဖြစ်တတ်တယ်။ လူဖြစ်ခဲ့လျှင် ပညာကြီး သူ ဖြစ်တတ်တယ်။

လုလင် ဤသို့လျှင် အသက်တို ခြင်း၊ ရှည်ခြင်း၊ အနာရောဂါကင်းခြင်း၊ မကင်းခြင်း၊ အဆင်း လှခြင်း၊ မလှခြင်း၊ အခြံအရံရှိခြင်း၊ မရှိခြင်း၊ ဥစ္စာ ရှိခြင်း၊ မရှိခြင်း၊ အမျိုးမြတ်ခြင်း၊ မမြတ်ခြင်း၊ ပညာ ရှိခြင်း၊ မရှိခြင်းတို့ဟာ ကံဝေဖန် သလို ဖြစ်ကြရတယ်။

လုလင် …သတ္တဝါတို့ဟာ ကံ သာလျှင် မိမိ ဥစ္စာရှိကြတယ်။ ကံသာ လျှင် အမွေခံဖြစ်ကြတယ်။ ကံသာလျှင် အကြောင်းခံတယ်။ ကံသာလျှင် ဆွေမျိုး ရှိတယ်။ မှီခိုရာရှိတယ်။ သတ္တဝါတို့ အ ယုတ်အမြတ် စသည် ဖြစ်အောင် ကံက ဝေဖန်တယ်လို့ ဘုရားရှင်က ဟောကြား တော်မူသတဲ့။ ဒီအခါမှာတော့ ဒေယျရဲ့ သား သုဘလုလင်ဟာ ဒီဒေသနာတော် ကို နာရလို့ ဝမ်းမြောက်ဝမ်းသာစွာနဲ့ ဗုဒ္ဓ ဘာသာဝင်အဖြစ် ခံယူတယ်လို့ စူဠကမ္မဝိ ဘင်္ဂသုတ်မှာ ဟောတော်မူတယ်။ ဒါ ကြောင့် လူတွေတစ်ဦးနဲ့တစ်ဦး မတူခြင်း ဟာ မိမိပြုတဲ့ကံတိုင်း ဖြစ်ကြရခြင်းပဲပေါ့ သမီးရယ်” ဟု ရှင်းပြလိုက်လေရာ သမီး သည် တစ်စုံတစ်ရာကို လေးနက်စွာ တွေးတောသောဟန်ဖြင့် ခေါင်းတဆတ် ဆတ်ညိတ်၍ ကျေနပ်နေပါလေတော့သ တည်း။

 

ဇင်လဲ့ရည်နွယ်

Comments

comments

Post Author: manawmaya