ရွှေလမ်းငွေလမ်း ညွှန်လိုက်မယ်

အချိန်ဖြုန်းတယ်ဆိုတာ

ထိုညက ဆန်းစလက လေးသည်ရေးရေးကလေး သာလျက်ရှိ၏။ သုဝဏ္ဏမြို့၊ မာကျူရီလမ်းရှိ အဘဆရာကြီးမင်း သိင်္ခ၏ အိမ်ရှေ့တမံတလင်း ခင်းထား သော ကွက်လပ်ကလေးတွင် အဘနှင့် ကျွန်ုပ်နှစ်ဦးသားသည် လက်ဖက်ရည်တစ်ယောက် တစ်ခွက်၊ စီးကရက်တစ်ယောက်တစ်လိပ်စီဖြင့် အေး အေးလူလူပင် ထိုင်နေကြလေ၏။
အေးအေးလူလူ ထိုင်နေကြသည်ဆိုသော် လည်း အဘသည် အခန်းဆက်ဝတ္ထုရှည်တစ်ပုဒ် ရေးပြီးသွားသောကြောင့် ခေတ္တနားနေခြင်းဖြစ်လေ ၏။
အဘအနေနဲ့ နံနက်နှစ်နာရီခန့်မှထ၍ ဘုရား ရှိခိုးခြင်း၊ မေတ္တာပို့သခြင်း၊ အဓိဋ္ဌာန်ပုတီးစိပ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့၏။ ထိုအလုပ်များပြီးသော အခါ၌လည်း မဂ္ဂဇင်းအသီးသီးအတွက် စာမူများ ရေး သားခဲ့လေ၏။
နံနက်၇နာရီခန့်တွင် စာရေးသောအလုပ်ကို ရပ်နားလိုက်ပြီးနောက် အဘထံတဖွဲဖွဲဆိုသလို ရောက်ရှိလာ ကြသည့် ဧည့်သည်များအတွက် ဆောင်ရွက်ဖွယ်ရှိသည်များကို ဆောင်ရွက်ရပြန်လေ ၏။ လွန်ခဲ့သော နေ့များက အဘထံရောက်ရှိလာ ကြသူများအတွက် ကလေးနာမည်ရွေးချယ်ပေးခြင်း၊ လုပ်ငန်းနာမည်များ တွက်စစ်ရွေးချယ်ပေးခြင်း၊ အနု ပညာလုပ်ငန်းလုပ်ကိုင်ရန် အမည်များကို တွက်စစ် ရွေးချယ်ပေးခြင်း စသည်တို့ကို ဆက်တိုက်ဆိုသလို လုပ်ရပြန်လေ၏။
ထို့နောက် နံနက်စာ စား၏။ ထိုအချိန်တွင် အကြောင်းကိစ္စအသီးသီးအတွက် အဘထံမှ ယတြာ တောင်းရန် ဧည့်သည်အတော်များများရောက်ရှိနေ ကြပြီဖြစ်၏။ အဘနှင့်အတူနေထိုင်သော ကျွန်ုပ်တို့ သည် ထိုဧည့်သည်များ၏ အမည်၊ နေ့သား၊ မွေး သက္ကရာဇ်အချက်အလက်များ ယတြာရလိုသော ကိစ္စ စသည်တို့ကို စာရင်းကောက်ယူရလေ၏။ ကလေး အမည်တောင်းသူ၊ လုပ်ငန်းအမည်တောင်းသူတို့ အတွက်လည်း စာရင်းကောက်ရလေ၏။
ထို့နောက် နေ့လယ် ၂နာရီထိုးသောအခါ ထိုဧည့်သည်များကို အဘသည် တစ်ဦးချင်းစီ တွေ့ ဆုံ၍ လိုအပ်သော ယတြာများကို ပြောပြလေ၏။ ကလေးအမည်၊ လုပ်ငန်းအမည်တောင်းသူများကို နောက်တစ်နေ့ပြန်လာရန် ချိန်းဆိုလေ၏။
အဘအနေနှင့် ထိုအလုပ်များကို အခကြေး ငွေမယူဘဲ မေတ္တာဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ် ၏။ များသောအားဖြင့် ရောက်ရှိလာသော ဧည့်သည် များကလည်း အဘ၏ပညာ၊ မေတ္တာ၊ စေတနာတို့ ကို တုန့်ပြန်သောအားဖြင့် အလှူငွေများ ထည့်ဝင် သွားလေ့ရှိလေ၏။
ထိုသို့ ဧည့်ပရိသတ်ပေါင်းများစွာကို လက်ခံ တွေ့ဆုံ၍ ゞင်းတို့အတွက် လိုအပ်သော ကိစ္စများ ကို ဆောင်ရွက်ပြီးစီးသွားသော အချိန်တွင်ကား တစ် နေဝင်၍ တစ်မိုးချုပ်ခဲ့ပြီဖြစ်လေတော့၏။
ထိုအခါ၌ အဘသည် ညစာစား၏။ စားပြီး သောအခါ၌လည်း အတူနေတပည့်များကို ဗေဒင် လက္ခဏာပညာရပ်များ သင်ကြားပေးခြင်း၊ လောက အကြောင်း၊ ဓမ္မအကြောင်း၊ ရာဇအကြောင်း စသည့် ပညာဗဟုသုတများကို ပြောပြခြင်း၊ ဝတ္ထု နိပါတ်ပိဋ ကတ်၊ ပုံပြင်စသည် စသည့် မှတ်သားဖွယ်၊ အတု ယူဖွယ်၊ အားကျဖွယ်၊ ရှောင်ကြဉ်ဖွယ်တို့ကို ပြောပြ ခြင်း စသည်ဖြင့် မအားရအောင် ရှိလေတော့၏။
ထို့နောက် နံနက်ပိုင်းက မပြီးပြတ်သေးသော စာမူများကို ကျွန်ုပ်တို့အားပြန်၍ဖတ်ပြခိုင်းခြင်း၊ ထိုသို့နားထောင်ပြီးနောက် လိုအပ်သည်များကို ပြင် ဆင်ဖြည့်စွက်ခြင်း၊ စာမူအသစ်များ ဆက်လက်ရေး သားခြင်းစသည်တို့ပြုလုပ်ပြန်လေ၏။
အဘသည် စာရေးသောအခါ၌ ပါးစပ်မှ ခေါ် ပေးလေ့ရှိ၏။ လက်ရေးသွက်သွက်လက်လက်နှင့် သေသေသပ်သပ်ရေးနိုင်သောတပည့်များက စသည် တို့ ပြုလုပ်ပြန်လေ၏။
ယခုလည်း အဘသည် အခန်းဆက်ဝတ္ထု ရှည်တစ်ပုဒ်ရေးပြီး နောက် ကျွန်ုပ်အား လက်ဖက် ရည်ဖျော်ခိုင်းကာ နှစ်ယောက်သား နားနားနေနေ လက်ဖက်ရည်သောက်နေကြခြင်း ဖြစ်လေ၏။
အချိန်မှာ ညဥ့်အတော်နက်ခဲ့ပေပြီ။ အဝေး တစ်နေရာဆီမှ နာရီသံချောင်းခေါက်သံ ၁၂ ချက် ကို သဲ့သဲ့မျှ ကြားလိုက်ရလေ၏။ ကျန်သူအားလုံး အိပ်မောကျနေပြီဖြစ်၏။ ပုစဉ်းရင်ကွဲသံ၊ ပုရစ်သံတို့ မှ လွဲ၍ တလောကလုံးသည် တိတ်ဆိတ်ငြိမ်သက် ခြင်းသာလျှင် မင်းမူလျက် ရှိလေတော့၏။
အမှန်အတိုင်းပြောရမည်ဆိုပါလျှင် ကျွန်ုပ် သည် တစ်နေကုန် အလုပ်လုပ်ထားခဲ့ရသောကြောင့် ပင်ပန်းနွမ်းနယ်နေပြီဖြစ်၏။ ညောင်းညာနေပြီဖြစ် ၏။ အိပ်ချင်နေပြီဖြစ်၏။ ထို့ကြောင့် အဘ၏မျက် နှာအား တစ်ချက်လှမ်း၍ ကြည့်လိုက်ရင်း –

“အဘ တစ်နေကုန်အလုပ်လုပ်ထားရတာ မပင်ပန်းဘူးလား …”ဟု မေးလိုက်ရာ အဘက လက်ဖက်ရည်ခွက်ကို ကောက်ယူ၍ တစ်ကျိုက်မျှ မော့လိုက်ရင်း –
“ပင်ပန်းတာပေါ့ကွာ”ဟု တုံးတိတိပင်ပြန် ၍ဖြေလေ၏။ ထိုအခါ၌ ကျွန်ုပ်က –
“အဘ မညောင်းဘူးလား”ဟု မေးလိုက် ပြန်ရာ အဘက စီးကရက်ကို အဝေးဆီသို့ ကောက် ထုတ်လိုက်ရင်း –
“ညောင်းတာပေါ့ငါ့လူရာ တက်လိုက်တဲ့ အကြောဆိုတော့ ဆံဖျားကနေ ခြေမအထိပါပဲ”ဟု ပြန်၍ ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း အဘ ၏ ခြေတစ်လုံးတစ်ဖက်ကို ဆွဲယူကာ တံတောင်ဖြင့် ကြိတ်ပေးရင်း
“အဘ မအိပ်ချင်ဘူးလား”ဟု မေးလိုက် ရာ အဘက
“ငါလည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲကွာ မအိပ်ချင်ဘဲနေပါ့မလား …”ဟု ပြန်၍ပြောလေ၏။ ထိုအခါ၌ ကျွန်ုပ်က
“ဒါဖြင့်ရင်လည်း အိပ်တော့ပေါ့အဘရယ် အဘက စာဆက်ပြီးရေးဖို့ တာစူနေသေးတယ်။ မနက်မှထရေးရင်လည်း ရပါတယ်”ဟု ပြောလိုက် ရာ အဘက စီးကရက်အသစ်တစ်လိပ်ကို မီးညှိ၍ ရှိုက်ဖွာရင်း
“အဲဒီလို နေ့ရွှေ့ညရွှေ့နဲ့ အချိန်တွေဆွဲခဲ့ မယ်ဆိုရင် အခုမင်းနဲ့တွေ့နေတဲ့ မင်းသိင်္ခဟာ ဒီ အခြေအနေမျိုးဘယ်ရှိပါ့မလဲ။ အခု မင်းနဲ့တွေ့နေ တဲ့ မင်းသိင်္ခက ဒီအခြေအနေမျိုး ဘယ်ရှိပါ့မလဲကွာ ငါ့ရဲ့ စာအုပ်တွေတော်တော်များများ မင်းဖတ်ဖူးမှာ ပေါ့ အဲဒီစာအုပ်တွေလည်း ဘယ်ဖြစ်လာပါလိမ့်မလဲ ကွာ လုပ်စရာရှိတာတွေကို နေ့မရွှေ့ညမရွှေ့ အချိန် မဆွဲဘဲ လုပ်ခဲ့လို့ ဒီအခြေအနေမျိုးဖြစ်လာတာဟေ့”ဟု တစ်လုံးချင်းပြန်၍ပြောလေ၏။ ကျွန်ုပ်လည်း အဘ၏ခြေသလုံးကို တံတောင်ဖြင့်ကြိတ်ရင်း ခေါင်း တဆတ်ဆတ်ညိတ်နေမိလေ၏။ ထိုအခါ၌ အဘက
“အခု မင်းအသက် ဘယ်လောက်လဲ …” ဟု မေးလေ၏။
‘၂၃ နှစ်ပါ …” ဟု ကျွန်ုပ်က ပြန်၍ ဖြေလိုက်လျှင် အဘက –
“နှစ်ကိုမေးတာမဟုတ်ဘူး … အသက်ကို မေးနေတာ”ဟု ပြောပြန်လေ၏။ ကျွန်ုပ်လည်း ဘာ ပြန်ပြောရမှန်းမသိဖြစ်သွားရ၏။ ထို့ကြောင့် –
“အဘမေးတာကတော့ အသက်ပေါ့ …၊ ဒါပေမဲ့ ဘယ်နှသက်ရှိပြီလို့ဖြေလို့မရဘဲ ဘယ်နှ ရက်ရှိပြီလို့ပဲ ဖြေရတာပေါ့အဘရဲ့”ဟု ကျွန်ုပ်က ပြောလိုက်ရာ အဘက သဘောကျစွာဖြင့် ရယ် လေ၏။ ထို့နောက် –
“အေး အဲဒါဆို မင်းဆက်ပြီးစဉ်းစားကြည့် လေကွာ၊ မင်းတို့ငါတို့ရဲ့ အသက်တွေကို ဘယ်နှ နှစ်ဆိုတာနဲ့ပဲ တိုင်းတာကြရတယ်။ အဲဒီနှစ်ဆိုတာ လတွေစုပေါင်းထားတာမဟုတ်လား။ လဆိုတာက လည်းရက်တွေစုပေါင်းပြီးဖြစ်လာတာ ရက်ဆိုတာက လည်း နာရီတွေစုပေါင်းပြီးဖြစ်လာတာ အဲဒီတော့ အချိန်ကို ပြောနေတာပေါ့ကွာ မင်းတို့ငါတို့ရဲ့ အသက် တွေကို အချိန်နဲ့ပဲ တိုင်းတာထားကြတာကွ အဲဒီ တော့ အချိန်ကိုဖြုန်းခြင်းဟာ အသက်ကိုဖြုန်းခြင်း နဲ့ အတူတူပဲ ကိုယ့်လူရေ အချိန်ဖြုန်းတယ်ဆိုတာ အသက်ကိုဖြုန်းတီးနေခြင်းပဲ …” ဟု တစ်လုံးချင်း လေးနက်စွာ ပြောပြလေ၏။
ထိုစကားကိုကြားလိုက်ရသောအခါ ကျွန်ုပ် သည်ဆံပင်များပင် ထောင်ထသွားလားဟု ထင်မှတ် လိုက်ရ၏။ ကျွန်ုပ်၏ တစ်ကိုယ်လုံးရှိသွေးများ ရုတ် တရတ် ဆူပွက်သွားသလားပင် အောက်မေ့လိုက်ရ ၏။
ထိုညက ကျွန်ုပ်သည် အိပ်ရာထဲသို့ ရောက် ခဲ့သော်လည်း အတော်နှင့်အိပ်မပျော်ခဲ့ပါ။ ကျွန်ုပ်၏ နားထဲတွင်အဘပြောခဲ့သော စကားသည် ပဲ့တင်ပဲ့ တင်ထပ်လျက် ဆူညံရိုက်ဟည်းနေပါ လေတော့ သတည်း။

“အချိန်ဖြုန်းတယ်ဆိုတာ အသက်ကို ဖြုန်းတီးနေခြင်းပဲ”
“အချိန်ဖြုန်းတယ်ဆိုတာ အသက်ကို ဖြုန်းတီးနေခြင်းပဲ”
“အချိန်ဖြုန်းတယ်ဆိုတာ အသက်ကို ဖြုန်းတီးနေခြင်းပဲ”

 

ဇင်ယော်နီ

Comments

comments

Post Author: manawmaya