သူတစ်ပြန် ကိုယ်တစ်ပြန် ဒီရန်တွေ ဘယ်ခါငြိမ်းမယ်ပ

တစ်ခါတစ်ရံတွင် အမှန်တကယ် ကြုံတွေ့ရသော လောကဓံတရားများ သည် ရုပ်ရှင်၊ ဇာတ်လမ်းများထက်ပင် ပို၍ အံ့ဩဖွယ်ဖြစ်နေမည်ဟု ကျွန်မ ထင် မိ၏။ ရယ်တစ်ခါ ငိုတစ်လှည့် ဆိုသကဲ့သို့ ဖြစ်ပျက်တည်းဟူသော မမြဲခြင်းဆိုသည့် ထာဝရအမှန်တရားကြီးနှင့်ဖွဲ့စည်းထားရာ လူ့လောကကြီး၏ လောကဓံရိုက်ချက်များ သည်ကား ပြင်းထန်လှပါ၏။ ဆင်းရဲ၊ ချမ်း သာ၊ ကြီးသူငယ်သူ မခွဲခြားဘဲ မည်သူ့ ကိုမျှ မျက်နှာသာမပေးသော လောကဓံ တရားများအကြားဝယ် ကျွန်မ၏ သမီး ဖြစ်သူ ကြုံတွေ့ခဲ့ရသော  ဖြစ်စဉ်တစ်ခု သည်လည်း သမီး၏ဘဝတွင် အမှတ်တရ တစ်ခုအဖြစ် ထင်ကျန်ရစ်နေပေဦးတော့ မည်။

ထိုအကြောင်းအရာ ဖြစ်စဉ်၏ အစပျိုးဖြစ် တည်ရာသည်ကား နောက် ဖေးလမ်းကြားမှ ပိုင်ရှင်မဲ့ ကြောင်မကြီး တစ်ကောင်မှ အစပြုခဲ့သည်ဟု ဆိုရပေ တော့မည်။ ထိုကြောင်မကြီးအား သမီး သည် ချစ်၍ အစာကျွေး၏။ ကြောင်မကြီး ကမူ ကျွေးသော အစာ များအား အိမ်တွင်းသို့ ဝင်၍ မစားရဲသဖြင့် နောက်ဖေးလမ်း ကြားတွင် ပန်းကန်ပြားတစ်ချပ်ဖြင့် ချကျွေးရလေ သည်။

နောက်ပိုင်းတွင်မူ ကျွန်မတို့ မိ သားစုနှင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့ သော ကြောင်မကြီးသည် အိမ်ထဲသို့ အဝင်အထွက် ပြုလုပ်လာလေတော့ သည်။ ထိုအခါတွင်မူ အိမ်ထဲတွင်ချ ကျွေးသောအစာများအားရှေ့တိုး မယောင် နောက်ဆုတ်မယောင် မချင့်မရဲဖြင့် စား သောက်ရှာလေ သည်။ ထိုသို့ စားသောက် ပြီး လျှင်လည်း လမ်းကြားသို့ ပြန်ပြေး လေသည်။

ဤသို့ဖြင့် ကျွေးမွေးထား သော ထိုကြောင် အိုမကြီးသည် ဗိုက် ကလေးပူ လာလေရာ ကိုယ်ဝန်ရှိနေ ပြီဖြစ်ကြောင်း ကျွန်မတို့ ရိပ်စားမိခဲ့လေ သည်။ ကျွန်မ၏ အတွေးစိတ်တွင် ကြောင်အိုမကြီးသည် ထိုကိုယ်ဝန်အား မွေးနိုင်ပါမည်လောဟု စိုးရိမ်စိတ် ဖြစ်မိ လေသည်။ သမီးကမူ ကြောင်ကလေး များ မွေးတော့မည်ဖြစ်၍ ကြောင်အိုမကြီး အား ယခင်ထက် အချစ်ပို၍ ပျော်ရွှင်နေ ခဲ့လေသည်။

တစ်နေ့တွင် ကြောင်မကြီးသည် ကျွန်မတို့၏ အိပ်ခန်းအတွင်းသို့ ဝင်လာ၍ ဂနာမငြိမ်ဖြင့် ဟိုတိုးသည်တိုး အခန်းအနှံ့ လှည့်ပတ်၍သွားနေလေသည်။ထို့နောက် မှန်တင်ခုံအောက်သို့ဝင်၍ လှဲ၏။ ပြီးလျှင် ပြန်ထ၍ အံဆွဲအလွတ်တစ်ခုအတွင်း သို့ ဝင်လှဲ၏။ ပြန်ထ၏။ ကြောင်မကြီး၏ ထိုအပြုအမူများကို မြင်တွေ့နေရသော ကျွန်မ၏ ခင်ပွန်းက-

“ကြောင်မကြီး မွေးဖို့ အသိုက်ရှာ နေပြီထင်တယ်။ A4 ပုံး အလွတ်တစ်ခုနဲ့ နေရာလေး လုပ်ပေးလိုက်ဦး”ဟု ပြော လေသည်။ ထို့ကြောင့် ကျွန်မလည်း အဆင်သင့်ရှိကြောင်း စီစဉ်ထားကြောင်း ပြောပြပြီးနောက် စောင်ဟောင်းတစ်ထည် အား နှစ်ပိုင်းပိုင်းကာ ဗ-၄ ပုံးထဲသို့ထည့်၍ ခင်းရလေသည်။ ထိုပုံးအား မှန်တင်ခုံ အောက်ရှိ နေရာလွတ်တွင် ချထားပေး ခဲ့လေသည်။

အတိုချုံး၍ဆိုရပါလျှင်နောက် တစ်နေ့ နံနက်တွင် ကြောင်မကြီးသည် ကြောင်ကလေးများကို မွေးလေသည်။ ကြောင်လေး ငါးကောင်အား မွေးပြီးသော အခါ အစာငန်းလှသော ကြောင်မကြီး သည် မည်သည့်အစာကိုမျှ မစားတော့ ပေ။ ရေကိုလည်း မသောက်၊ အလွန် ကြိုက်သော အစာများကိုပင် မစားတော့ ပေ။ ထို့ကြောင့် ပင်ပန်း နွမ်းလျနေပြီဖြစ် သော ကြောင်အိုမကြီးအား ငှက်သိုက် များကို ဝယ်၍ တိုက်ခဲ့လေသည်။ ကြောင် အိုမကြီးသည် အစာမစားသော်လည်း ငှက်သိုက်များကိုမူ ပြောင်စင်သည်အထိ လျှာဖြင့်လျက်လေသည်။ ဤသို့ဖြင့်အစာ မစားနိုင်သော ကြောင်မကြီးအား ငှက် သိုက်သုံးကြိမ်တိုက်၍ ပြုစုခဲ့လေသည်။ ကျွန်မ၏လုပ်ဆောင်ချက်တို့အားတွေ့မြင် နေရသော သမီးက –

“မေမေ …မေမေက ကိုယ်ဝန် ဆောင်အချင်းချင်းမို့ ကိုယ်ချင်းစာလို့ထင် တယ်။ ကြောင်မကြီးကို ဂရုစိုက်တယ် နော်” ဟု ပြောလေသည်။ ကျွန်မလည်း သမီး၏စကားကို ကြားရသည်နှင့် သ ဘောကျစွာ ပြုံးမိ၏။ အကြောင်းမူကာ ကျွန်မတွင် သမီးနှင့် အသက်ဆယ်နှစ် ကွာသော ဒုတိယကိုယ်ဝန်အား အသက် ကြီးမှမွေးရမည်ဖြစ်သောကြောင့်ပင်တည်း။ ဤသို့ဖြင့်လျှင် ကြောင်မကြီးသည် အ ရောင်အသွေးမတူသော ကြောင်ကလေး ငါးကောင်အား မွေးထားလေရာ သမီး သည် ထိုကြောင်လေးများထဲတွင်  အဖြူ ပေါ်တွင်အနက်ကွက်လေးများဖြင့်ကြောင် ပေါက်ကလေးအား အချစ်ပိုခဲ့လေသည်။ ထိုကြောင် မလေးအား ကျွန်မတို့သည် ပန်ဒါမဟု ခေါ်ခဲ့ကြလေသည်။ သမီး၏ အချစ်ဆုံးလည်းဖြစ်၊ ငါးကောင်ထဲတွင် အလှဆုံးလည်းဖြစ်သော ပန်ဒါမလေး သည် လမ်းလျှောက်တတ်သော အရွယ် တွင် အသွက်လက်ဆုံး ကြောင်မလေး လည်း ဖြစ်လေသည်။

သမီးသည် ကြောင်မလေးများ အား ချစ်မဝ ဖြစ်နေချိန်တွင်ပင် ကျွန်မ၏ ကိုယ်ဝန်သည်လည်း မွေးဖွားရန် နီးကပ် လာပြီဖြစ်လေရာကလေးငယ်နှင့်ကြောင် တစ်သိုက်တို့ အတူနေရန် အဆင်မပြေ တော့ပေ။

ထို့ကြောင့် မိသားစု၏ ကျန်း မာရေးကို ငဲ့ကွက်၍ ကြောင်ကလေးအား လုံးအား တစ်နေရာသို့ ပို့ရန် စီစဉ်ရလေ သည်။ ထိုသို့ စီစဉ်သံကို ကြားရသော သမီးသည် ဝမ်းနည်းပက်လက် ငိုလေ၏။ ကျွန်မတို့ ဇနီးမောင်နှံမှ သမီးအား ရှု ထောင့်အမျိုးမျိုးမှ သမီးနား လည်မည့် စကားလုံးများဖြင့် ဖျောင်းဖျရ လေသည်။ ထို့နောက်တွင် ကြောင်လေး များအား ပို့မည့်အိမ်မှာလည်း ကျွန်မ၏ အဒေါ်အိမ် ဖြစ်ကြောင်း၊ ကြောင်အလွန် ချစ်ကြောင်း မကြာခဏလည်း ကြောင်လေးများထံသို့ သွားလည်၍ရကြောင်း ဖျောင်းဖျရလေ သည်။

ရက်အနည်းငယ်မျှ နားချပြီး သည်နှင့် စီစဉ်ထားသည့်အတိုင်း မှော်ဘီမြို့ရှိကျွန်မ၏အဒေါ်အိမ်သို့ကြောင် တစ်သိုက်နှင့်အတူ ထွက်ခွာလာခဲ့ကြလေ သည်။ သမီးသည် သူ၏ အဘွားအိမ်တွင် ထားခဲ့ရတော့မည်ဖြစ်သောကြောင်ကလေး များအား အလှည့်ကျချီမ၍ ပွေ့ပိုက်နေ လေသည်။ မှော်ဘီသို့ ရောက်ခါနီးတွင်မူ ပန်ဒါမလေးအား လက်ထဲမှမချတော့ဘဲ ချီထားလေသည်။ ကျွန်မ၏ အဒေါ် (သမီး ၏အဘွား)အိမ်သို့ရောက်သောအခါကြောင် လေးများအား ကားပေါ်မှချ၍ အသင့်ပြင် ထားသော အခန်းလွတ်တစ်ခန်းထဲတွင် ကြောင်ကလေးများအား ခေတ္တထည့် ထားရန် စီစဉ်လေရာ သမီးက –

“မေမေ ပန်ဒါမလေးကို သမီး ကိုယ်တိုင်ချီပြီး ပို့ပေးမယ်”ဟု ဆိုကာ ပန်ဒါမလေးအား ချီလျက် မျက်ရည်များ ကျလာပြန်လေသည်။ ထို့ကြောင့် ကျွန်မ က –

“သမီးရယ် ဒီအိမ်ဆိုတာ သမီး ဘွားဘွားအိမ်ပဲလေ။ ကြောင်လေးတွေကို လည်း မေမေတို့လိုပဲ ဘွားဘွားတို့က တအား ချစ်ကြတာ မေမေတို့ကလည်း ကြောင်စာတွေ အများကြီး ဝယ်လာပေး တယ်လေ။ နောက်တစ်ပတ်ကျရင် သမီး နဲ့ မေမေနဲ့ ကြောင်လေးတွေဆီလာ လည် ဦးမှာပဲလေ။ အခုတော့ ပြန်ရ အောင်နော်”ဟု ဆိုကာကျွန်မ၏အဒေါ် နှင့် ဘဘအား နှုတ်ဆက်၍ ပြန်ခဲ့ကြလေ သည်။

နောက်တစ် ပတ်သို့ ရောက် သောအခါတွင်မူ ကျွန်မ၏ ကတိအတိုင်း သမီးအားခေါ်၍ မှော်ဘီရှိ အဒေါ်အိမ်သို့ ထွက်ခွာလာခဲ့ကြလေသည်။သမီးသည် ကြောင်ကလေးများနှင့် တွေ့ရတော့မည် ဖြစ်၍ လွန်စွာ ပျော်ရွှင်နေလေသည်။ ထို့ကြောင့် သမီးက –

“မေမေ မှော် ဘီ ရောက်ခါနီးပြီ နော် သမီးတော့ ပန်ဒါမလေးနဲ့တွေ့ရ တော့မှာမို့ ပျော်တယ်။ မြန်မြန် ရောက် ချင်နေပြီ။ ပန်ဒါမလေး ဝလာလား ပိန် သွားလား ကြည့်ချင်လှပြီ။ ဘွားဘွားတို့ အိမ်ရောက်ရင် သမီးက အရင်ဆုံး ပန် ဒါမလေးဆီကို သွားမယ်။ မေမေတို့က နောက်က ဖြည်း ဖြည်းလိုက်ခဲ့နော်”ဟု သူ၏ စိတ်ကူးအား ပြောပြလေ၏။

မကြာမီမှာပင် ကျွန်မ၏ အဒေါ် အိမ်ရှေ့သို့ ရောက်လေရာ သမီးသည် “ပန်ဒါမလေးနဲ့ တွေ့ရတော့မယ်၊ ပျော် လိုက်တာပန်ဒါမလေးရေ …ငါလာပြီ ဟေ့”ဟု ပြောပြောဆိုဆိုပင် အိမ်ပေါ် သို့အပြေးကလေးတက်သွားခဲ့လေသည်။ အိမ်ပေါ်သို့ အရောက်တွင် သမီး၏ ခြေ လှမ်းကလေးများသည် ရုတ်တရက် ရပ် တန့်သွားလေသည်။ ထို့နောက် သမီး၏ ခြေလှမ်းများသည် နောက်သို့ နှစ်လှမ်းသုံး လှမ်းမျှ ဆုတ်သွား၏။ ကျွန်မသည် သမီး၏ နောက်မှနေ၍ ကျောက်ရုပ်ပမာ ဖြစ်နေသော သမီးအား ကြည့်ရင်းမှ အိမ် ပေါ်သို့ လှမ်းမျှော်ကြည့်လိုက်ရာ ထိုင်ခုံ ပေါ်တွင် အိပ်ပျော်နေသော ပန်ဒါမလေး အားတွေ့ရလေသည်။ အိပ်ပျော်နေသော ပန်ဒါမလေး၏ အနားသို့ ကျွန်မတိုးကပ်၍ ကြည့်လိုက်မိရာ ကျွန်မလည်း ကြမ်းပြင် ပေါ်တွင် ရုတ်တရက်ထိုင်ချလိုက်မိပါလေ တော့သည်။

 

****

ကျွန်မသည်အဒေါ်ဖြစ်သူ၏ အိမ် ဧည့်ခန်း၏ ကြမ်းပြင်ပေါ်တွင် ရုတ်တရက် ထိုင်ချမိလိုက်လေသည်။ ထို့နောက်ထိုင်ခုံ ပေါ်တွင် အိပ်ပျော်နေသော ပန်ဒါမလေး အား လက်ဖြင့် အသာအယာ ပွတ်သပ် ပေးရင်းမှ တစ်စုံတစ်ရာအား ရိပ်စားမိခဲ့ လေသည်။ ထို့ကြောင့် ကျွန်မက အမေ ဟုခေါ်လေ့ရှိသော အဒေါ်ဖြစ်သူအား –

“အမေ ဘယ်လိုဖြစ်တာလဲ”ဟု မေးလေရာ ကျွန်မ၏ အဒေါ်က –

“အိမ်က ရုပ်ဆိုးကိုက်လိုက်တာ သမီးရယ် သေသွားပြီ”ဟု ပြန်ပြောလေ ရာ ကျွန်မ၏ နောက်နားတွင် မလှုပ် မယှက်ရပ်နေသော သမီးထံမှ အော်ငို သံအား ကြားလိုက်ရလေတော့သည်။

သမီးသည် မျက်နှာအား လက်ဝါး နှစ်ဖက်ဖြင့် အုပ်၍ သည်းထန်စွာ ငိုနေရှာ လေသည်။ မတ်ရပ်အနေအထားမှ ကြူ ကြူပါအောင် ရှိုက်ကြီးတငင် ငိုကြွေးနေ သော သမီးအား စိုးရိမ်တကြီးဖြင့်

“သမီး ထိုင်လိုက် ထိုင်ချလိုက် မေမေပြောတာကို ခဏ လေး နားထောင်ဦး” ဟု ကတုန်က ယင်ဖြင့် ဖျောင်းဖျရလေသည်။သမီး အား ဖျောင်းဖျနေသော ကျွန်မ၏ မျက်ဝန်းအိမ်တွင်လည်း မျက်ရည်များ တသွင်သွင်စီးကျလာလေသည်။ ကြောင် မလေးအား သနားခြင်းထက် သမီးခံစား နေရသည်ကို ပို၍ သနားနေမိခြင်း ဖြစ် လေတော့၏။ သမီးသည် –

“ပန်ဒါမလေး … နင်ငါ လာတာကို ဘာလို့ မစောင့်တာ လဲ။ အဲဒီခွေးကလည်း အချစ်ဆုံး ပန်ဒါ မလေးကိုမှ ဘာလို့ ရွေးပြီး ကိုက်ရတာလဲ …၊ ငါလာတာကို စောင့်ပါဦးလား၊ ပန်ဒါမလေးကို ရုပ်ဆိုးကိုက် သတ်ဖို့ မှော်ဘီကို ပို့ လိုက်သလို ဖြစ်သွားပြီပေါ့။ မှော်ဘီ ကို ပို့ပြီးကတည်းက တစ်ခါမှ ပြန် မတွေ့ရသေးဘူး။ အခုတော့ သေ သွားရပြီ” စသည်ဖြင့် ပြော၍ပြော၍ ငိုလေရာ အားလုံးလည်း မျက်ရည်မဆယ် နိုင် ဖြစ်ကြရလေတော့သည်။ ထိုပန်ဒါ မလေးသည် ကြောင်ငါးကောင်ထဲတွင် အသွက်လက်ဆုံး ကြောင်လေးဖြစ်လေ ရာ ဘဘမှ တံခါးမကြီးအား ဖွင့်၍ အပြင် သို့ထွက်ရာ သူတစ်ကောင်တည်း ပြေး ထွက်လာပြီးလျှင် တံခါးမကြီးမှတစ်ဆင့် ခွေးလေး ရုပ်ဆိုးရှိရာသို့ သွားခြင်းဖြစ် ကြောင်း ထို့ကြောင့် အိမ်တွင် မွေးထား သော ခွေးလေးရုပ်ဆိုးမှ ကိုက်လိုက်၍ သေခြင်းဖြစ်ကြောင်း ရုပ်ဆိုးကိုလည်း ရိုက်၍ ဆုံးမထားကြောင်း အဒေါ်ဖြစ်သူ မှ ရှင်းပြလေသည်။ ထို့နောက်တွင် ကျွန်မသည် သမီးအားချော့မော့၍ အိမ်သို့ ပြန်ရန် စီစဉ်ရလေသည်။ သမီးသည် လမ်းတစ်လျှောက် မရပ်မနားငိုကြွေးနေ ဆဲ ဖြစ်လေသည်။  ထို့ကြောင့် ကျွန်မက

“သမီး အကြောင်းတရားဆိုတာ ရှောင်လွဲလို့ မရဘူးသမီးရဲ့ သတ္တဝါတွေ မှာ ကံဟာကြီးစိုးတယ်။ ကံသာလျှင် ဦးစီး တယ်။ ပန်ဒါမလေးနဲ့ ရုပ်ဆိုးတို့ဟာ အတိတ်ဘဝရဲ့ ကံအကြောင်းတွေကြောင့် ပဲပေါ့ သမီးရယ် သမီးပြောသလိုပဲပေါ့ ပန်ဒါမလေး သေဖို့ သမီးတို့ မှော်ဘီကို ပို့လိုက်ကြတာလားဆိုတာလေ …၊ ဒါအကြောင်းတရားတွေပဲ သမီးရဲ့ …၊ သမီးကို နားလည်အောင်သမီးသိတဲ့ ဥပ မာတစ်ခုပြောရရင် ကာဠီ ဘီလူးမဇာတ် ကြောင်းကို သမီးသိတယ်မဟုတ်လား” ဟု ပြောလိုက်လျှင် သမီးက –

“သိတယ်လေ၊ သမီးကို စာဖတ် ဝါသနာပါ မှန်းသိလို့ မနောမယဂျာနယ်ရဲ့ ပင်တိုင်ပန်းချီဆရာ ဆရာမင်းထက်နိုင်က လက်ဆောင်ပေးထားတဲ့ ရုပ်ပြ စာအုပ် တွေထဲမှာ အဲဒီဇာတ်လမ်းရုပ်ပြလည်း ပါတယ်လေ”ဟုပြန်ပြောလေရာ ကျွန်မ က –

“ဟုတ်တာပေါ့ သမီးရဲ့ …၊ ပန်း ချီအောင် ကြောင်းဖြာနဲ့ ဝိုင်းတော်သား များရဲ့ အနုပညာလက် ရာမွန်တွေပေါ့ သမီးက တော်တော်မှတ်Óာဏ်ကောင်း တာပဲ …၊ ဒါဆိုရင် ကာဠီဘီလူးမဇာတ် ကြောင်းကိုလည်း သမီးကောင်းကောင်း မှတ်မိမှာပေါ့ …၊ မေမေကတော့ ပန်ဒါ မလေးနဲ့ ရုပ်ဆိုးတို့ရဲ့ အကြောင်းတရား ဆိုတာလေးကို သမီးကို ဖျောင်းဖျဖို့အ တွက် ဒီဇာတ်ကြောင်းကို ပြန်ပြီး ပြောပြ ဦးမယ်။

အဲဒီဇာတ်လမ်းအစက သန္ဓေ သားလွယ်ထားရတဲ့ အမျိုးသမီးလေးကို လင်တူ အမျိုးသမီးကြီးဖြစ်တဲ့ အမြုံမ ကြီးက သန္ဓေပျက်စီးပြီး သေစေခဲ့ခြင်း က စခဲ့ကြတယ်။ အဲဒီနာကျည်းခံပြင်းမှု တွေ၊ စိတ်အစွဲအလန်းငြိုးတေးခြင်းတွေနဲ့ သေဆုံးခဲ့တော့ ကိုယ်ဝန်သည်အမျိုးသမီး လေးက သေဆုံးပြီးတဲ့နောက် အဲဒီအိမ် မှာ ကြောင်မဖြစ်တယ်။ အမြုံ အမျိုး သမီးကြီးကတော့ အဲဒီအိမ်မှာပဲ ကြက်မ ဖြစ်ခဲ့တယ်။ ဒါကြောင့် အမြုံအမျိုးသမီး ကြီး တစ်ဖြစ်လဲ ကြက်မကြီးရဲ့ ကလေး တွေ(ဥတွေ)ကို အရင်ဘဝက သန္ဓေကို ဖျက်ဆီးပြီး အသတ်ခံခဲ့ရတဲ့ အမျိုးသမီး ငယ် ကြောင်မက ပြန်ပြီးသတ်ပြန်တယ်။ အဲဒီလိုနဲ့ ဘဝတွေမှာ ရန်ငြိုးဖွဲ့လိုက်ကြ တာ ကျားသစ်နဲ့ သမင်၊ ကြောင်မနဲ့ ကြက်မ စသဖြင့် ရန်ကြွေးတွေ အပြန် အလှန်တင်ခဲ့ကြတယ်။

နောက်ဆုံးတော့ ဇာတ်လမ်းအစ မှာ ကိုယ်ဝန်ကို ဖျက်ဆီးခြင်းခံခဲ့ရတဲ့ အမျိုးသမီးလေးက သာဝတ္ထိ ပြည်အနီး မှာ ကာဠီဘီလူးမရယ်လို့ ဖြစ်ခဲ့တယ်။ ဇာတ်လမ်းအစမှာ အမှားကိုစပြီး ကျူး လွန်ခဲ့တဲ့ အမြုံမ အမျိုးသမီးကြီးကတော့ လူသားအမျိုးသမီး ဖြစ်ခဲ့တယ်။ အဲဒီလူ အမျိုးသမီးကြီး ကလေးမီးဖွားတော့ ဘဝ အဆက်ဆက်ရန်ငြိုးတွေ ဖွဲ့ခဲ့ကြလို့ ဘီ လူးမက ကလေးကိုစားဖို့ ကြိုးစားတယ်။ အမျိုးသမီးကြီးလည်း အသည်းအူနှလုံး ပျက်သုဉ်းမတတ် စိုးရိမ်တကြီးနဲ့ ရင်သွေး လေးကို ပွေ့ချီပြီးပြေးတယ်။ ဘယ်ကို ပြေးသလဲဆိုတော့ ဘုရားရှင်ရဲ့ ဇေတဝန် ကျောင်းတော်ကိုတဲ့။

အဲဒီအချိန်ဟာ ဘုရားရှင်ဟာ ဓမ္မပလ္လင်မှာ တရားဟောနေချိန်တဲ့ အမျိုး သမီးငယ်လေးဟာ သူ့ရဲ့ရင်သွေးလေးကို ဘုရားရှင်ရဲ့ ခြေတော်ပေါ်ကို လှမ်းတင် ဘုရားရှင်ထံကို အားကိုးတကြီးနဲ့ သား ငယ်ကို လှူဒါန်းပြီး အသက်ချမ်းသာရ ဖို့ အသနားခံလျှောက်ထားတော်မူသတဲ့။ တိုတိုပြော ရရင် ဘုရားရှင်ဟာ ကာဠီဘီ လူးမနဲ့ အမျိုးသမီးတို့ရဲ့ သံသရာက ဖြစ် ပျက်ခဲ့ကြတဲ့ အကြောင်းတရား များနဲ့တ ကွ လျော်ကန်သင့်မြတ်တဲ့တရားကို ဟော ကြားတော်မူတယ်။ ဘုရားရှင်ရဲ့ တရား တော်ကို နာယူပြီးတဲ့နောက်မှာတော့ ဘဝ သံသရာကရန်မီးတို့ဟာ ငြိမ်းအေးကြပြီး တော့ ပါရမီရှိတဲ့ ကာဠီဘီလူးမက သော တပန်တည်ခဲ့သတဲ့။

အဲဒီလိုပဲပေါ့ သမီးရယ်။ ပန်ဒါမနဲ့ ရုပ်ဆိုးတို့ရဲ့ ဘဝအဆက်ဆက်က အ ကြောင်းတရားတွေကြောင့် အခုလိုတွေ ဖြစ်ရတာပေါ့”ဟု ပြောလိုက်လျှင် သမီး က –

“မေမေပြောသလိုဆိုလျှင်အရင် ဘဝတုန်းက ပန်ဒါမလေးက ရုပ်ဆိုးကို ကိုက်ခဲ့ဖူးလို့ပေါ့။ ဒါကြောင့် ရုပ်ဆိုးက ဒီဘဝမှာ ပြန်ကိုက်တာလား။ ဒါဆိုရင် တော့ နောင်ဘဝကျရင်လည်း ပန်ဒါမ လေးက ရုပ်ဆိုးကိုပြန်ကိုက်ဦးမှာပေါ့ အဲဒါ ဆိုရင် ဒီလိုပဲ အပြန်အလှန်တွေ ဘယ်အ ချိန်အထိ ဖြစ်နေဦးမှာလဲ ဘုရားရှင်လည်း မရှိတော့ဘူး၊ဘယ်လိုလုပ်ကြမှာလဲ …” ဟု ကရားရေလွှတ် အားပါပါမေးလေရာ ကျွန်မက –

“ဘုရားရှင် မရှိတော့ပေမယ့် ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရား အဆုံးအမတွေ ရှိနေပါတယ်သမီးရယ်။ နာခံမှတ်သားလိုက်နာကြမယ်ဆိုရင် အခု လို သာသနာကြီးနဲ့ ကြုံကြိုက်ဆဲကာ လမှာ အခွင့်အရေးကြီးတစ်ရပ်လိုပါပဲ။

သမီးမေးတဲ့ပန်ဒါမလေးနဲ့ ရုပ်ဆိုး တို့ရဲ့ ရန်တွေ ဘယ်တော့မှငြိမ်းမှာလဲ ဆိုတာကိုတော့ မေမေ ဖတ်မှတ်ကြည်ညို ဖူးတဲ့ တည်တောဆရာတော်ဘုရားကြီးရဲ့ အမေးအဖြေ စာစုအတိုင်း ပြန်ပြောရရင် ဇာတ်ကြောင်းအဦးအစမှာ စပြီးကျူးလွန် ခံရတဲ့သူဘက်က ကျေအေးကျေနပ် ခွင့် လွှတ်ရင် သံသရာရန်မီးတို့ တစ်ခန်းရပ် ပြီး ရန်ငြိမ်းပါသတဲ့။ သမီးရေ သမီးရဲ့ ပန်ဒါမလေးနဲ့ ရုပ်ဆိုးတို့ရဲ့ အဖြစ်အပျက် မှာလည်း စပြီးကျူးလွန်ခဲ့တဲ့သူဘက်က ငြိမ်းအေးနိုင် တဲ့စိတ်တွေဖြစ်ထွန်းပြီး သူ တစ်ပြန်ကိုယ်တစ်ပြန် ထိုထိုသော ရန်မီး တွေ ငြိမ်းအေးနိုင်ကြပါစေလို့ မေမေတို့ ဆုတောင်းမေတ္တာပို့ကြတာပေါ့”ဟု ပြော ရင်း သမီး၏ ပူဆွေးဝမ်းနည်းခြင်းများ အား ပြေလျော့စေခဲ့ရပါလေတော့သ တည်း။

 

ဇင်လဲ့ရည်နွယ်

Comments

comments

Post Author: manawmaya