လောကမှာ ကြောက်စရာအကောင်းဆုံးအရာ

လောကမှာ ကြောက်စရာအကောင်းဆုံးအရာ

-ယမုံအေး(စမ်းချောင်း)-

*************************

ဟိုးရှေးရှေးတုန်းက တရုတ်ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ဆရာဖြစ်တဲ့ဘုန်းကြီးအိုကြီးတစ်ပါးနဲ့ တပည့်ကိုရင်လေး တစ်ပါးရှိကြသတဲ့။

တစ်နေ့တော့ ကိုရင်လေးက ဆရာသခင် ဘုန်းကြီးအိုကြီးကို သူသိချင်တာ တစ်ခုမေးတယ်။

“ဆရာတော်ဘုရား။ တစ်ယောက်တည်း ဖြစ်နေတဲ့ လူတစ်ယောက်မှာ သူ့အတွက် ကြောက် စရာ အကောင်းဆုံးအရာက ဘယ်အရာဖြစ်ပါသလဲ ဘုရား”

ဘုန်းကြီးအိုကြီးက ပြန်မဖြေသေးဘဲ ရယ် နေရင်းက မေးခွန်းပြန်မေးတယ်။

“သင် ဘယ်လိုထင်သလဲ”

ကိုရင်လေးက –

“တစ်ယောက်တည်း အထီးကျန်စွာနေရမှာ ကို ကြောက်တာလား ဘုရား”

ဘုန်းကြီးအိုကြီးက ခေါင်းယမ်းလျက် –

“ဒါမမှန်သေးဘူး”

“ဒါဆို တခြားသူတွေက ကိုယ့်ကိုအထင်လွဲ မှာကို ကြောက်တာလား ဘုရား”

“ဒါလည်း မမှန်သေးဘူး”

“လုပ်သမျှကိစ္စတိုင်း အဆင်မပြေမှာကို ကြောက်တာလား ဘုရား”

“မမှန်သေးဘူး”

ဒီလိုနဲ့ ကိုရင်လေးက အဖြေ ၁၀ ခုလောက် ပြန်ဖြေပါသော်လည်း ဘုန်းကြီးအိုကြီးက တောက် လျှောက် ခေါင်းယမ်းနေပါတယ်။

ဒါကြောင့် ကိုရင်လေးက –

“ဒါဆို ဆရာတော်ပဲ ပြောပြပါတော့ဘုရား။ဘာဖြစ်မလဲဆိုတာကို တပည့်တော်လည်း တကယ် မဖြေတတ်တော့ဘူးဘုရား”

“လူတစ်ယောက်အတွက် အကြောက်ရဆုံး ဖြစ်မယ့်အရာက မိမိကိုယ်တိုင်ကိုပဲ ဖြစ်တယ်”

ကိုရင်လေးဟာ ဒီအဖြေကို ကြားရတော့ မျက်လုံးပြူးပြီး အံ့ဩသလို မျက်နှာကလည်း အတော် နားမလည်ဟန် ဖြစ်သွားသတဲ့။

ဘုန်းကြီးအိုကြီးက ရယ်ရင်းနဲ့ –

အမှန်တကယ်တော့။ သင်ခုနက ပြောခဲ့တဲ့ အထီးကျန်တာ။ အထင်လွဲမှာစိုးတာ။ အဆင်မပြေမှာ စိုးတာတွေ အားလုံးဟာ သင့်ရဲ့အတွင်းစိတ်ထဲက လာတဲ့အရိပ်တွေပါပဲ။ အားလုံးဟာ သင်ကိုယ်တိုင် ခံစားချက်နဲ့ ပုံဖော်လိုက်တာတွေချည်းပဲ။

ဘဝရဲ့အခက်အခဲဒုက္ခတွေ ကြုံတဲ့အခါ တစ် ယောက် တည်းအထီးကျန်ဖြစ်တဲ့အချိန်မှာ “ငါ နောက်ထပ် ဒီလောက်ကြောက်စရာ ကောင်းတဲ့ကိစ္စ တွေကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရရင်တော့ ခံနိုင်မှာ မဟုတ်တော့ဘူး”လို့ ဒီလို အတွေးတွေ တွေးနေမိ ခြင်းဟာ မိမိကိုယ်ကို ပြန်ပြောနေသလိုဖြစ်တယ်။ ဒါကြောင့် သင် တကယ်ကို ကျဆုံးသွားပါလိမ့်မယ်။

“ဒီလိုမဟုတ်ဘဲနဲ့။ သင်ဟာ ငါတကယ် ကြောက်စရာမလိုဘူး။ ငါဟာ ကျိန်းသေ ဒီလိုဘဝ တိုက်ပွဲတွေမှာ အနိုင်ရရမယ်။ ဒီလိုသာ တွေးမယ်။ သင့်ကိုသင် ပြန်ပြောနေမယ်ဆိုရင် ကိစ္စတွေ အား လုံးဟာ သင့်ကို ခက်ခဲဒုက္ခဖြစ်စေအောင်၊ ရူပ်ထွေး အောင်လုပ်နိုင်မှာ မဟုတ်တော့ဘူး”

“သင်တစ်ယောက်တည်းဖြစ်နေလည်း ဘာ ကိုမှ ကြောက်စရာ မလိုပါဘူး။ အမှန်တကယ်တော့ သင် တကယ်ကြောက်ရမှာက ဒီလိုမကောင်းတဲ့ အတွေးတွေ တွေးတတ်တဲ့ မိမိကိုယ်တိုင်ကိုပဲ ပြန် ကြောက်ရမှာပါ”လို့ ပြန်ဖြေသတဲ့။

ဒီတော့မှ ကိုရင်လေးလည်း သေချာနားလည်သဘောပေါက်သွားပြီး “အရှင်ဘုရားကို ကျေး ဇူးတင်ပါတယ်ဘုရား။ တပည့်တော် နားလည်ပါပြီ ဘုရား …” လို့ဆိုသတဲ့။

 

ယမုံအေး(စမ်းချောင်း)

Comments

comments

Post Author: manawmaya