ဝိဇ္ဇာပြောင်နှင့် ရင်ထဲက ပန်း

ဝိဇ္ဇာပြောင်တည်းဟူသော အာဂကျွန်ုပ်သည်  ရွက်ခြောက်ဝေစည်အမည်ရှိ ဧရာ နန္တတောအုပ်ကြီးအတွင်းဝယ် အဖော်မရှာ တစ်ကိုယ်တည်း စိပ်ပုတီးဖြင့် ရိပ်ကြီးခိုကာ အေး အေးလူလူကျင့်ကြံနေထိုင်လျက်ရှိသော သူဋ္ဌေးဖြစ် စေ့၊ ဒင်္ဂါးသုံးရာထီပေါက်စေ့၊ ပြီးတော့ ဟိုဟာဖြစ်စေ့ သူတော်ကောင်းစင်စစ်ကြီးပင် ဖြစ်ချေတော့၏။

အနှီရွက်ခြောက်ဝေ စည်တောကြီးအတွင်း၌ နေထိုင်ရသည်မှာ အမှန်တကယ်ပင် အေးအေးလူလူ ရှိလှတော့၏။ သို့သော်ငြားလည်း “အကျွန်ုပ်လည်း လေ လောကီသားပေမို့” ဆိုသည့်အတိုင်း ဒုက္ခဆူဝေ သည့် မနုဿလူတွေအကြားသို့ မနေနိုင်မထိုင်နိုင် ရောက်သွားသည့်အခါများလည်း ရှိလေသေးတော့ သည်။

အကျွန်ုပ်သည် ယခုအခေါက်၌ မဟာဘာဆို တုံးမည်ခေါ် ရွှေမြို့တော်လေးဆီသို့ ဆိုက်ရောက် သွားခဲ့၏။ အနှီမြို့ကလေးသို့ ရောက်တုန်းရောက် ခိုက် ဝိဇ္ဇာပြောင်တည်းဟူသော အကျွန်ုပ်သည် လက် ဖက်ရည်ဆိုင်သို့ ဝင်လေ၏။

အကျွန်ုပ်လက်ဖက်ရည်ဆိုင်ထိုင်သောအခါ များ၌ ဝိဇ္ဇာပြောင်မှန်းသိသော လူများသည် အလျှို လျှို ဝင်လာလေ့ရှိ၏။ ထို့နောက် ၄င်းတို့ဘာသာလုပ် ထားသော ၄င်းတို့၏ ဒုက္ခအမှိုက်များကို ကျွန်ုပ်အား ရှင်းခိုင်းလေတော့၏။ ကျွန်ုပ်ရှင်း၍ မပြေပျောက်ဘူး ဆိုလျှင် အလကားဝိဇ္ဇာပြောင်ကြီး တကယ့်ဝိဇ္ဇာ လည်းမဟုတ်ဘူး။ ဇာတ်ထဲက ဝိဇ္ဇာကြီးဟူ၍ ကဲ့ရဲ့ ကြဦးမည်ဖြစ်၏။ မည်သို့ပင်ဖြစ်စေ အကျွန်ုပ်ကမူ မိမိတတ်သလောက်မိမိစွမ်းသဘောက် ရှိသမျှအစွမ်း၊ ရှိသမျှအစကလေးများဖြင့် ကူညီဖြေရှင်းပေးနေ သည်ချည်းပင် ဖြစ်လေတော့၏။

တစ်ကြိမ်တွင်မူ ကျွန်ုပ်ထိုင်နေသော စားပွဲ သို့ မိုးအုံ့မျက်မှန်တပ်ထားသော ဗိုက်ရွဲရွဲလူတစ်ဦး ဝင်လာလေ၏။ အကျွန်ုပ်သည် ၄င်းအား ကောင်း စွာသိ၏။ ဤဘာဆိုတုံးမြို့ကလေးဝယ် မဟုတ်တာ အကုန်လုပ်နေသော သူတစ်ဦးပင်ဖြစ်တော့၏။ ၄င်း ဦးမဟုတ်သည် အကျွန်ုပ်ရှေ့၌ဝင်ထိုင်ပြီးနောက်-

“ဝိဇ္ဇာပြောင် ဝိဇ္ဇာပြောင်ဆိုပြီး တီဗီမှာ မကြော်ငြာဘဲ နာမည်ကြီးလွန်းလို့ မြင်ဖူး တယ်ရှိ အောင်လာကြည့်တာပါ။ ကိုယ့် ဆီရောက်လာတာနဲ့ ဒုက္ခသည်လို့တော့ မအောက်မေ့လိုက်ပါနဲ့။ ဒီဘဝ အတွက် တော့ ဘာဒုက္ခမှ ရှိစရာအကြောင်းမရှိဘူး။ သိချင်တာလေးတစ်ခုရှိလို့ လာခဲ့တာပါ။ ကျုပ်က ဆိုင်ရာပိုင်ရာ ပုဂ္ဂိုလ်တွေကို အမွှေးတိုင်တွေ၊ ဖယောင်းတိုင်တွေ၊ ပန်း တွေ၊ ရေချမ်းတွေ နေ့ညမပြတ် လှူတန်း နေတာဗျ။ ခင်ဗျားဆိုတဲ့ ဝိဇ္ဇာ ပြောင်ကတော့ တောကြီးမျက် မည်းထဲမှာ ပုတီးစိပ်သလိုလို ဘာ လိုလိုနဲ့ လှူဖို့တန်းဖို့ဝေးစွ၊ ကိုယ်စားဖို့ တောင် အနိုင်နိုင်နေမှာပါ။ ဒီတော့ ကျုပ်သိချင်တာက ခင်ဗျားနဲ့ကျုပ်က သေပြီဆိုရင် ဘယ်သူက နတ်ပြည် တက်မလဲ” ဟူ၍မဆီမဆိုင် အသားလွတ် စော်ကား မော်ကား ပြောလေတော့၏။

“ဒါများမေးနေရသေးလား ကိုယ့်လူရယ် သူတော်စင်နဲ့လူယုတ်မာတို့ရဲ့လမ်းဆိုတာ ပြဒါးတစ် လမ်း၊ သံတစ်လမ်း၊ ငရဲတစ်လမ်း၊ နတ်ပြည်တစ် လမ်းပဲကွ၊ မင်းလိုကောင်မျိုးကတော့ မတန်မရာ နတ်ပြည်တွေဘာတွေတောင် မပြောသင့်ပါဘူးကွာ လျှာလေဖြတ်သွားပါဦးမယ်”ဟု အကျွန်ုပ်က ပြော လိုက်လျှင် ၄င်းဦးမဟုတ်သည် ဒေါသတကြီးနှင့်-

“ဘာလို့နတ်ပြည်နဲ့မတန်ရမှာလဲ၊ ကျုပ်က အမွှေးတိုင်၊ ဖယောင်းတိုင်၊ ပန်းတွေ ရေချမ်းတွေ အမြဲကပ်နေတာ”ဟု ပြောလေတော့၏။ အကျွန်ုပ် သည် ၄င်းကဲ့သို့ အကြံပက်စက် လက်ဖက်ရည်ခွက် ဖုံးသည့် ပန်းကန်ပြားလောက်မျှ စောက်မနက်သော လူယုတ်မာ ကလေကဝအား ဘာမျှမတုန့်ပြန်တော့ ဟုစိတ်ကူးလိုက်မိလေ၏။ သို့သော်ငြား သနားသဖြင့် ပင် အောက်ပါအတိုင်း ပြောလိုက်မိပါလေတော့သ တည်း။

“ဒီမှာ အလင်းတိုင်လှူတာကတော့ ဟုတ် ပါရဲ့ ..၊ မင်းရဲ့မနောအိမ်ဟာ ဘယ်လောက်များလင်း နေလို့လဲ …။ အမွှေးတိုင်တွေ ပန်းတွေလှူတာက တော့ဟုတ်ပါရဲ့ …၊ မင်းရဲ့နှလုံးသားကရော ဘယ် လောက်များ မွှေးပျံ့သင်းကြိုင်နေလို့တုံး …။ ရေ ချမ်းတွေလှူတာကတော့မှန်ပါရဲ့ …၊ မင်းရဲ့အတွေး အကြံတွေဟာ ဘယ်လောက်များငြိမ်းချမ်းနေလို့တုံး။

ဒီတော့ပြောလိုက်မယ် …။ နှလုံးသားကို မွှေးအောင်ထား၊ နှလုံးသားလေးကို အေးအောင် ထား၊ နှလုံးသားလေးကို လင်းအောင်ထား အဲဒါ နတ်ပြည်သွားမယ့်ရထား …”

 

ယောနိသော မနသီကာယ

သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းတော်မူနိုင်ကြစေကုန်

 

ကျော်ပြောင်

Comments

comments

Post Author: manawmaya