ဒိဋ္ဌိပြုတ်အောင် မဂ္ဂင်ရှစ်ပါးဖြင့် ရှုမှတ်နည်း

(၁) ထွက်လေဝင်လေလေးကို ရှုနေတာက ကာယာနုပဿနာ။

(၂) ဝမ်းနည်းတယ် ဝမ်းသာတယ်  ချမ်းသာတယ် ဆင်းရဲတယ်ဆိုတဲ့ ခံစားချက်လေးကို ရှုနေတာက ဝေဒနာနုပဿနာ။

(၃) ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘနဲ့ယှဉ်တွဲလာတဲ့စိတ် ဒေါသနဲ့ယှဉ်တွဲလာတဲ့စိတ် မောဟနဲ့ယှဉ်တွဲလာတဲ့စိတ်  ဒီစိတ်ကလေးကို ရှုနေတာက စိတ္တာနုပဿနာ။

(၄) ကြံတွေးမှု၊ ကြံစည်မှုတွေ ရုပ်ခန္ဓာဓာတ်သဘောတွေကို ရှုနေတာက ဓမ္မာနုပဿနာ။

အဲ့ဒီလို မိမိသန္တာန်မှာရှိတဲ့ သဘာဝတရားတွေကို အမှန်မြင်အောင် ကြည့်တတ်ဖို့လိုအပ်တယ်။

၁။ အဲ့ဒီ အမှန်မြင်အောင် ကြည့်တာကိုပဲ သမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။ သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်မြင်နိုင်ဖို့အတွက်…

၂။ သမ္မာသင်္ကပ္ပဆိုတဲ့ မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့လိုတယ်။

၃။ အဲ့ဒီလို မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့အတွက် သမ္မာဝါယာမဆိုတဲ့ ကြိုးစားဖို့လိုအပ်တယ်။

၄။ အဲ့ဒီလို ကြိုးစားဖို့အတွက် သမ္မာသတိဆိုတဲ့ စိတ်စိုက်ဖို့လိုတယ်။

၅။ အဲ့ဒီ သမ္မာသတိခေါ်တဲ့  အာရုံတစ်ခုထဲမှာ စိတ်ကိုငြိမ်အောင်ထားတာက သမ္မာသမာဓိပါ။

ဒီလိုပေါင်းစပ်လိုက်တဲ့ မဂ္ဂင်(၅)ပါးကို ကာရကမဂ္ဂင်လို့ ခေါ်တယ်။ တရားဓမ္မ ကျင့်ကြံ ကြိုးကုတ် အားထုတ်တဲ့အခါ  ဒီမဂ္ဂင်ငါးခုဟာ ဟန်ချက်ညီညီနဲ့  အလုပ်လုပ်သွားပြီဆိုရင်ဖြင့်သဘာဝတွေကိုအမှန်အတိုင်းသိနိုင်မှာဖြစ်တယ်။

ဆိုကြပါစို့ …ထွက်လေ/ဝင်လေ/လေးကို  ရှုမှတ်နေတယ်ဆိုရင်ထွက်လေ/ဝင်လေ/လေးကို သူ့သဘာဝလေးအတိုင်းမသိ/သိအောင် ကြိုးစားတာဟာ သမ္မာဝါယာမ။

အဲ့ဒီ ထွက်လေ ဝင်လေလေးကိုအမြဲတမ်း သတိကပ်ထားတာက သမ္မာသတိ။

ထိုထွက်လေ ဝင်လေ အာရုံတစ်ခုထဲပေါ်မှာစိတ်ကိုငြိမ်အောင်ထားတာက သမ္မာသမာဓိ။

ထွက်လေ ဝင်လေလေးရဲ့သဘာဝကိုစဉ်းစားတွေးခေါ်နေတာက သမ္မာသင်္ကပ္ပ။

ဟော… အဲ့ဒီလို လေးခုပေါင်းစပ်လိုက်တဲ့အခါ ဘာပေါ်လာတုန်းဆိုရင် ထွက်လေ ဝင်လေလေးရဲ့သဘာဝတရားကိုအမှန်မြင်လိုက်တဲ့ သမ္မာဒိဋ္ဌိဆိုတာ ပေါ်လာတော့တာပါပဲ။

ဘာကို အမှန်မြင်သလဲဆိုတော့ ထွက်လေ ဝင်လေလေးဟာ သူ့သဘာဝ ထွက်လေ ဝင်လေပဲ၊ “ငါမဟုတ်ပါလား”ဆိုတဲ့ အယူမှန်သွားတာကိုသမ္မာဒိဋ္ဌိ အမှန်မြင်ခြင်းလို့ခေါ်တယ်။ ငါမဟုတ်ဘူးဆိုတဲ့ အမြင်ဟာ အမှန်မြင်ပေါ့။

အဲ့ဒီ အမှန်မြင်လိုက်တဲ့အခါ  ရုပ်နာမ်ဓမ္မ သင်္ခါရတွေနဲ့ပတ်သက်ပြီး”ငြီးငွေ့မှု”ဆိုတာ ပေါ်လာတယ်။ ငြီးငွေ့လာတာနဲ့ တစ်ပြိုင်နက်တည်း “တွယ်တာမှု”ဆိုတာ မရှိတော့ဘူး။ တွယ်တာမှုမရှိတာနဲ့ တစ်ပြိုင်နက် “လွတ်မြောက်”သွားတာပဲ။

အဲ့ဒီလို အဆင့်ဆင့်အကျိုးရှိသွားအောင် မြတ်စွာဘုရားက ကာယ/စိတ္တ/ဝေဒနာ/ဓမ္မ/လို့ ဆိုတဲ့သတိပဋ္ဌာန်အာရုံလေးပါးပေါ်မှာ လူတိုင်းလူတိုင်းဟာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် မိမိတို့အားလပ်တဲ့အချိန်လေးမှာအာရုံစိုက်ပြီးတော့ ကြည့်မယ်ဆိုရင်  ခုနကပြောတဲ့ အသိဉာဏ်တွေအားလုံးပေါ်လာကြမှာပါတဲ့။

အဲ့ဒီလို ပေါ်လာတဲ့အခါမှာ ဝိမုတ္တိ လွတ်မြောက်မှု ဆိုတာကိုရလာမှာဖြစ်ပါတယ် – – – -။

ဆရာတော်အရှင်နန္ဒမာလာဘိဝံသ(Ph.D)

Credit to နှလုံးသားအာဟာရ

Comments

comments

Post Author: manawmaya