ဒါနရဲ့အကျိုးတရား

“ဒါနရဲ့ အကျိုးတရား”

ဒါနလုပ်ပြီးတဲ့အခါမှာ …
ဒါနရဲ့အကျိုးတရားကို ကြည့်လိုက်။
ဘဝသံသရာမှာ လူဖြစ်ရင်လည်း အဆင်ပြေ၊
ကြည့်လေ…
ဒါနရှိတဲ့သူနဲ့ မရှိသူဟာ
ဘယ်ဘဝရောက်ရောက် ကွာသွားတယ်။
နောက်ဆုံးမှာ ပြောရမယ်ဆိုရင် ခွေးဖြစ်သွားလည်း
ဒါနရှိတဲ့ခွေး ( ဒါနလုပ်ခဲ့တဲ့ဘဝကလာတဲ့ခွေး ) ကျတော့
သူဌေးအိမ်မှာ ကားတွေဘာတွေ စီးလို့၊
ကြက်ဥတို့ အသားတို့၊
အဲဒီလိုကောင်းတာတွေ စားရတာ။

ဒါနမရှိတဲ့ခွေးကျတော့
ဟိုအမှိုက်ပုံထဲ နှိုက်၊ ဒီအမှိုက်ပုံထဲနှိုက်၊
ဒီအထဲမှာ ခဲနဲ့အထုခံရတာတို့၊
ရေနွေးပူနဲ့အလောင်းခံရတာတို့ရှိတယ်။
ကွဲပြားခြားနားပုံလေးကို ပြောတာ၊
ဒါသတိထားရမှာလေ၊
ကိုယ့်မျက်စိအောက်မှာ တွေ့နေရတာတွေ
မတူဘူးဆိုတာ တွေ့ရတယ်။
အဲဒီတော့ ဒါနဟာ …
လုပ်သင့်သလား မလုပ်သင့်ဘူးလားဆိုတာ
ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ပေါ့။

ကြည့်ပါလား၊
မတော်တဆ တိရစ္ဆာန်ဖြစ်သွားတာတောင်
ဒါနရှိတဲ့အကောင်က ချမ်းချမ်းသာသာနေရတယ်။
ဒါနမရှိတဲ့အကောင်က ဆင်းဆင်းရဲရဲနေရတယ်။

ကဲ…
လူထဲလည်း ကြည့်ဦး၊
မင်္ဂလာဈေးထဲမှာ …
အထုပ်ထမ်းနေတဲ့လူတွေလည်း ရှိတယ်။
ဆိုင်ပိုင်ရှင်တွေရှိတယ်။
အကူလုပ်နေတဲ့လူတွေလည်း ရှိတယ်။
အဲဒါ ဘာလို့ကွဲနေတာလဲ။
” ဘယ်သူမပြု မိမိမှု ” ပဲနော်။
ကိုယ်ကိုယ်တိုင်က
ဒါနကောင်းမှု နည်းပါးလာတဲ့အချိန်ကျတော့
လူဘဝ ရောက်လာပေမယ့်လို့ …
တစ်ယောက်နဲ့တစ်ယောက်
မတူတာတွေ ဖြစ်လာတယ်။

ဒီမေးခွန်းလေးကို အဖြေထုတ်ကြည့်ပေါ့။
ဒါနဆိုတာ
လုပ်သင့်လား ?
မလုပ်သင့်ဘူးလား ?
တော်ကြာကျတော့ …
” ဒါနဟာ သံသရာရှည်တယ်၊
ဒါနလုပ်စရာ မလိုဘူး ” လို့ ဟောတာနဲ့
သွားတိုးနေလို့ရှိရင် …
ဟော …
နဂိုကမှ ပိုက်ဆံကုန်မှာလည်း ကြောက်ကြောက်ဆိုတော့
ဒါနမလုပ်ဘဲနဲ့ နေရင် နောင်ဘဝမှာ ပိုဆိုးမယ်နော်။
အတွေးတွေ လွဲသွားတတ်တယ်တဲ့။

ဘုရားအလောင်းပါရမီဖြည့်တာ ကြည့်လေ။
သုမေဓာဘဝမှာ ဒါနက စလိုက်တာ၊
အကြီးအကျယ်လှူတာပဲလေ။
နောက်ဆုံး ပါရမီဖြည့်တဲ့ဘဝလို့ဆိုတဲ့
ဝေဿန္တရာဘဝမှာတောင် …
တိုင်းပြည်က နှင်ထုတ်ခံရသည့်တိုင် လှူတာပဲ။
သားလှူတယ် သမီးလှူတယ် ဇနီးလှူတယ်၊
ဟော …
လှူတာမှ အကုန်လှူတာ။
နောက်ဆုံး သူ့ပဲလှူဖို့ ကျန်တော့တာနော်။
အဲဒီလောက်ထိအောင် ဒါနကောင်းမှု လုပ်သွားတာ။
ဒါတွေကို သတိထားပြီးတော့ ကြည့်ရမယ်။

ဝိပဿနာသန်တဲ့သူက
” ဝိပဿနာပဲလုပ်၊ ဒါနလုပ်စရာမလိုဘူး ” လို့များ
ပြောမယ်ဆိုလို့ရှိရင် နားမယောင်လေနဲ့နော်။
သူ့အပိုင်းနဲ့သူပဲ။

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Posted by Words of Buddha

Credit to နှလုံးသားအာဟာရ

Comments

comments

Post Author: manawmaya