တကယ်ယုံကြည်စွာ ရွတ်ဖတ်သရဇ္ဈာယ်ပါ သဗ္ဗဇယမင်္ဂလာဂါထာ

ဒိဝါတပတိ အာဒိစ္စော၊
ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော ဘာတိ၊
ဈာယီတပတိ ဗြဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊
ဗုဒ္ဓေါတပတိ တေဇသာ။
တာဒိသံတေဇ သမ္ပန္နံ၊
ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ၊
နမကာရာ နုဘာဝေန သဗ္ဗေပုရန္တုသင်္ကပ္ပါ။

ဒီဂါထာတော်ကို အားလုံးအလွတ်မရရင်တောင် ဘယ်လောက်အစွမ်းထက်ကြောင်းတော့ ကြားဖူးကြလိမ့်မယ် ထင်ပါတယ်။ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်တွေဟာ အမှန်တကယ် စိတ်ထဲက ယုံကြည်မြတ်နိုးကာ ရွတ်ဖတ်ပွားများရင် စိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ ပြည့်စုံရတာကတော့ လက်တွေ့ပါပဲ။
ဒီဂါထာတော်ကို ရွတ်ဖတ်တဲ့သူအပေါင်းဟာ ပိုမိုပြည့်စုံတဲ့ကောင်းခြင်းမင်္ဂလာတွေကို ရရှိပိုင်ဆိုင်ပြီး လိုအင်ဆန္ဒတွေ ပြည့်ဝစေနိုင်တာကတော့ အသေအချာပါ။
ဘာကြောင့်ဆို ဒီဂါထာတော်ကြီးရဲ့ အနက်အဓိပ္ပာယ်ကို သေချာနားလည်သဘောပေါက်ရင် သိပါလိမ့်မယ်။
ဂါထာတော်ရဲ့ အနက်အဓိပ္ပာယ်က …
အာဒိစ္စော ရှင်နေမင်းသည်နေ့အခါ၌ တပတိ ထွန်းလင်းတောက်ပ လေ၏။ စန္ဒိမာ လမင်းသည်ကား ရတ္တိံ ညဥ့်အခါ၌ အာဘာတိ ထွန်းလင်းတောက်ပလေ၏။ ခတ္တိရော ရာဇာမင်းတို့မည်သည်ကား သန္နဒ္ဓေါ မင်းမြောက်တန်ဆာ၊ ချပ်ဝတ်တန်ဆာတို့နှင့် ပြည့်စုံသောအခါမှသာလျှင် ဘာတိ ထွန်းလင်းတောက်ပလေ၏။
ဗြဟ္မာဏော ရဟန္တာ သူတော်စင်အရှင်မြတ်တို့သည်ကား ဈာယီ ဈာသမာပတ် ဝင်စားသောအခါ၌သာလျှင် တပတိ ထွန်းလင်းတောက်ပလေ၏။ အတ္ထ ထိုမှတစ်ပါး ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် သဗ္ဗမဟောရတ္တိံ။ အလုံးစုံသောနေ့ညဥ့်အခါပတ်လုံးတို့၌ တေဇသာ တန်ခိုးတော်အားဖြင့် တပတိ ထွန်းလင်းတင့်တယ် တောက်ပတော်မူပါပေ၏။
တာဒိသံ ထိုသို့သော တေဇသမ္ပန္န တန်ခိုးတော်နှင့် ပြည်စုံတော်မူ သော မြတ်စွာဘုရားရှင်ကို အာဒရံ ရိုသေမြတ်နိုး လက်စုံမိုးလျက် ဝန္ဒာမိ ရှိခိုးဦးခိုက်လိုက်ပါ၏ဘုရား။
———————
ဒီဂါထာတော်ကို ရွတ်ဖတ်သရဇ္ဇျာယ်ခြင်းကြောင့် လာဘ်လာဘများအထူးပေါများ ပွင့်လန်းနိုင်တယ်ဆိုတဲ့ သက်သေတွေလည်း ရှိခဲ့ပါတယ်။ အခု ဒီဂါထာတော်ကြီးနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာလည်း လူသိများပြီး လက်တွေ့ အဓိဌာန်နေတဲ့ အဓိဌာန်တစ်ခုရှိပါတယ်။ အဲဒါကတော့ “ရွှေဓာတ်ငွေဓာတ်ဖွင့်ရအောင်”ဆိုတဲ့ နည်းပါပဲ။ အဲဒီနည်းကို ခေတ္တရာ ဆရာကျော်က ဝေမျှထားတာ ဖြစ်ပြီး တကယ်လုပ်ကြည့်တဲ့သူတွေက အကျိုးထူးရတယ်လို့ ဆိုကြပါတယ်။
အဲဒီနည်းကလည်း လွယ်လွယ်လေးပါပဲ။ တစ်ခုပဲ ရှိတယ်။ အချိန်လေး နည်းနည်းပေးပြီး သဗ္ဗဇယမင်္ဂလာဂါထာ တော်ကို မနက် ပုတီးတစ်ပတ်၊ ည ပုတီးတစ်ပတ် စိပ်ရတာပဲဖြစ်ပါတယ်။
ဒီဂါထာရဲ့တန်ခိုးထက်မြက်မှုကြောင့်လည်းကောင်း၊ အစီအရင်ရဲ့စွမ်းပကားကြောင့်လည်းကောင်း အကျိုးထူးရကြတယ်လို့ ပြောထားကြပြန်ပါတယ်။ ဒီတော့ ဒီနည်းလေးကိုလည်း မနောမယပရိသတ်ကြီးအတွက် ဝေမျှပေးချင်ပါတယ်။ မူရင်းရေးသားတဲ့ ဆရာကိုလည်း ကျေးဇူးတင်ကာ Credit ပေးပါတယ်။ လူသားတိုင်းရဲ့ အခက်အခဲတွေကနေ ကျော်လွှားနိုင်အောင် လက်လှမ်းမီတဲ့တစ်ထောင့် တစ်နေရာကနေ ကူညီခြင်းဖြစ်ပါတယ်။
ရွှေဓာတ်ငွေဓာတ်ဖွင့်ရအောင် အစီအစဉ်မှာ ခေတ္တရာ ဆရာကျော်အား ဝေပုလ္လာရာမ
ဆရာတော်(ပြည်မြို့ )က ပေးခဲ့သည့်နည်းလမ်းဖြစ်ပြီး ဆရာကျော်၏ ယတြာပဒေသာ
စာအုပ်တွင်ဖော်ပြခဲ့ဖူးတာလည်း တွေ့ရပါတယ်။ လွယ်လွယ်လေး လိုက်လုပ်နိုင်တဲ့နည်းလမ်းဖြစ်ပေမဲ့ တကယ့်တကယ် ယုံကြည်မှုကို နှလုံးသားထဲမှာ အပြည့်ထည့်ပြီး လိုက်လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ ဂရုတစိုက်လုပ်ရင် လုပ်နိုင်သလောက် ကံအကျိုးများပါလိမ့်မယ်။
လုပ်အား ပါရမီအား ဝီရိယအား တစ်ဦးနှင့်တစ်ဦး
မတူညီသောကြာင့် အကျိုးပေးပုံနှင့်ကာလ ပမာဏ
ကွာခြားနိုင်သော်လည်း လိုက်လုပ်သူတိုင်း
မလုပ်ခင်ကနှင့်စာလျှင် ထူးခြားပါလိမ့်မယ်လို့ ဆရာကျော်က ပြောထားပါတယ်။
အရောင်းအဝယ်ကောင်းလာပြီး
အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ့ လာနိုင်သလို ရင်းနှီးမြှုပ်နှံမှုများအောင်မြင်လာကာ
ကံဇာတာငယ်နေသူတွေ ကံတက်လာပါလိမ့်မယ်။ ပုံမှန်ဝင်ငွေကောင်းလာသလို လူချစ်လူခင်ပေါများကာ အထောက်အပံ့ကောင်းတွေ ရရှိနိုင်လိမ့်မယ်လို့ ဆရာကျော်က ပြောထားပါတယ်။

လုပ်ရမယ့်နည်းလမ်းက
**********
– လင်ပန်းတစ်ချပ်ယူပါ။
– သကြားနှင့်ဖျော်ထားသော ကော်ဖီ၅ခွက်ကို
စုတင်ပါ။ ခွက်ချင်း ထိထားပါ။
– ကော်ဖီ၅ခွက်ကြားမှာ သပြေပန်းထိုးထားသော
ဖန်ခွက်ကို ထားပါ။ဖန်ခွက်ထဲရေပါပါစေ။
– ၅၀၀ ကျပ်တန်ကို ကန်တော့ထိုးပြီး ဖန်ခွက်နှင့်
ကော်ဖီခွက်ကြား သင့်တော်သလိုထားပါ။
– ဖယောင်းတိုင် ၅တိုင်ကို ကော်ဖီခွက်၏အပြင်
ဘက် လင်ပန်းနှုတ်ခမ်းတွင် ဝိုင်းကာ ထွန်းပါ။

ဆန္ဒပြုရွတ်ဆိုရန်မှာ*
==============
ရတနာသုံးပါးကိုကပ်လျုဇော်ပါ၏ဘုရား*
ဤမှန်သောသစ္စာစကားကြောင့်လည်းကောင်း
ဤအလျှုဒါနပြုရ၍လည်းကောင်း
အနန္တောအနန္တငါးပါး၏တန်ခိုးတေဇော်အာနုဘော်
ကြောင့်လည်းကောင်း
အရပ်၎မျက်နှာ၈မျက်နှာ၁၀မျက်နှာတို့ မှ
ဝင်စရာရှိသောရွှေငွေများ
ရစရာရှိသောရွှေငွေများ
လာစရာရှိသောရွှေငွေများစုပေါင်း၍
အင်အားကောင်းစွာဖြင့်လျှင်မြန်စွာရောက်ရှိ၍
လာပါစေသား” ဟု ၅ကြိမ် ဆိုပါ။
ဒိဝါတပတိဂါထာတော် ၁၀၈ ခေါက် မနက်တစ်ကြိမ်*
ည တစ်ကြိမ် ပုတီးစိပ်ပါ။
တစ်ပတ်အတွင်း
မနက်ဖန် ကြာသပတေးနေ့  မနက်တစ်ကြိမ်။
သောကြာနေ့ တစ်ကြိမ်။
တနင်္လာနေ့ တစ်ကြိမ်။
ဗုဒ္ဓဟူးနေ့ တစ်ကြိမ်။
တစ်ပတ်အတွင်း၎ရက်။၂ပတ်လုပ်ရပါတယ်။

ဒီနည်းလမ်းကို ကျွန်မ စတင်လုပ်တဲ့ တစ်ပတ်အတွင်းမှာပဲ တစ်ရက်မှ ငွေဝင်မပြတ်ခဲ့သလို အရောင်းအ၀ယ်တွေလည်း ပိုကောင်းလာခဲ့ပါတယ်။ နောက်ထပ်လည်း လုပ်ငန်းအခွင့်အလမ်းတွေ ရရှိလာခဲ့ပါတယ်။ ဒါကြောင့် ဘယ်အလုပ်မဆို ယုံကြည်စွာနဲ့ ရှေ့ဆက်ရင်အောင်မြင်မှုရမှာကတော့ အသေအချာပဲမို့ မနောမယပရိသတ်ကြီးလည်း လိုက်လုပ်စေချင်ပါတယ်။

နောက်ထပ် နည်းလမ်းတစ်ခုရှိပါတယ်။
သဗ္ဗဇယမင်္ဂလာဂါထာတော်ကို မနက် မျက်နှာသစ်တိုင်း ၉ ခေါက် ရွတ်ဆိုပါ။
ညဘက် အိပ်ရာဝင်ခါနီး မျက်နှာသစ်တိုင်း ၉ ရွတ်ဆိုပူဇော်ပါ။

အဲဒီလိုပုံမှန် ရွတ်ပေးသွားရင် ကိုယ်စိတ်နှလုံးရွှင်လန်းပြီး
ပြောသမျှ အောင်၊ လုပ်သမျှ အကောင်အထည် ပေါ်၊ ရည်မှန်းသမျှ ပန်းတိုင် မြန်မြန်ရောက်စေနိုင်ပါတယ်။

ဒီတော့ ကျွန်မတို့ရဲ့ ယုံကြည်စိတ်ကို နှလုံးသားမှာ ထားကာ ရွတ်ဖတ်သရဇ္ဇျာယ်ကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေ …

တနိုင်းခ

Comments

comments

Post Author: manawmaya