ဘာပဲဖြစ်ဖြစ် မုချအောင်ရမည်

ကျွန်တော်ကား ပုဇွန်တောင်မြို့နယ်တွင် နေသူဖြစ်သည်။ ပုဇွန်တောင်မြို့နယ်၏ ရပ်ဘုရား၊ ရွာဘုရားမှာ ရွှေဘုန်းပွင့်စေတီတော် ဖြစ်သည်။ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ရေကျော် ရပ်ကွက်မှ လူများ အများဆုံး လာရောက် ဖူးမြော် ကြသော စေတီဖြစ်သည်။ မြန်မာလူမျိုးတို့၏ အယူ အဆအရ၊ ဤစေတီကို ဖူးမြော်လျှင် ဘုန်းကံပွင့် သည်ဟု အယူအဆရှိကြ၍ ရပ်နီးမှသာမက ရပ်ဝေး မှ ဗုဒ္ဓဘာသာဝင်များလည်း လာရောက်ဖူးမြော် ကြသည်။

စာမေးပွဲနီးသော လများတွင် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များကို အများဆုံးတွေ့ရ သည်။ ဆီမီးထွန်းကြ၊ ပန်း၊ ရေချမ်း ကပ်လှူကြ၊ ပုတီးစိပ်ကြ၊ ဆုတောင်းကြနှင့် လူငယ်များ၊ ဘာသာ ရေးကို အားကိုးအားထားပြုလာကြသည်။ မိဘများ က တိုက်တွန်း၍ပဲဖြစ်ဖြစ်၊ ဗေဒင်ဆရာ၊ ယတြာ ဆရာများက တိုက်တွန်းဟောပြော၍ပဲဖြစ်ဖြစ်၊ ဘာ ကြောင့်ပဲဖြစ်ဖြစ်၊ ကျောင်းသား ကျောင်းသူများ၊ လူငယ် လူရွယ်များက ရတနာသုံးပါးကို ယုံကြည် အားထားကြခြင်းမှာ ဝမ်းမြောက်ဖွယ်ပင် ဖြစ်သည်။

ကျွန်တော်တို့ ကျောင်းသားဘဝက ပညာဝန် ဆရာကြီး ဦးခင်သန်းဆိုသူ ရှိခဲ့သည်။ မြန်မာ့အသံ ကနေ၍ မကြာမကြာ ဟောပြောလေ့ရှိသည်။ တက္ကသိုလ်ဝင် စာမေးပွဲဖြေခါနီးအချိန် ဆရာကြီး ဟောပြောချက် သင်ခန်းစာတစ်ခုတွင် ပါရှိသည့် နတ်တင်ရမယ်ဟူသော ဆိုဆုံးမချက်တစ်ရပ်ကို ပြန် လည်သ တိရမိသည်။ စာမေးပွဲနီး၍ ကျောင်းသား၊ ကျောင်းသူများသည် ဗေဒင်ဆရာတစ်ဦးထံတွင် ဗေဒင်သွားမေးကြသည်။ ယတြာချေရန် အကြံဥာဏ် တောင်းကြသည်။ ဗေဒင်ဆရာက နတ်တင်ရမယ် ဟူ၍ ပြောသောအခါ “ဘယ်နတ်ကို တင်ရမလဲ ဆရာ”ဟု မေးကြသည်။ ဆရာကြီးကား၊ သီလ၊ သမာဓိ၊ သိက္ခာရှိသူဖြစ်သည်။ ကျောင်းသားလူငယ်   များအပေါ် စေတနာထားသူဖြစ်သည်။ “ဟဲ့ … နတ်တင်ရမယ်ဆိုတာ နင်တတ်ရမယ်လို့ပြောတာ၊ နတ်မတင်၊ နင်မတတ်ဘဲ ဘယ်လိုစာမေးပွဲ အောင် နိုင်မလဲ”ဟု ပြောလိုက်သည်။ ကျောင်းသားများကို စာကြိုးစားကြရန်၊ မိမိကိုယ်ကို အားကိုးကြရန် တိုက် တွန်းသောစကားဖြစ်သည်။ ကျွန်တော်တို့တက္ကသိုလ် ဝင် ကျောင်းသားဘဝက ဆရာကြီးဦးခင်သန်း၏ ဟောပြောပို့ချချက်ကို ယနေ့အသက် ၇၀ ကျော်သည့် တိုင်အောင် မမေ့နိုင်ဘဲ စွဲမြဲလျက်ရှိသည်။ စာမေးပွဲ နီး၍ စာကျက်ပျင်းမည်ဖြစ်တိုင်း ဆရာကြီး၏ ဟော ပြောချက်ကို ပြန်၍ တွေးတောရသည်။ ဤသို့လျှင် ကျွန်တော်တို့သည် ငယ်ရာမှကြီး လာကြပြီးအောင် မြင်မှုများလည်း ရသင့်သလောက် ရခဲ့ကြသည်။

ကျွန်တော်သည် ငယ်စဉ် အခါက ဆရာသမားများနှင့် အနီး ကပ်နေခဲ့ရသူတစ်ဦး ဖြစ်သည်။ ဆရာသမားများ၏ ဆိုဆုံးမမှု အောက်တွင် ကြီးပြင်းခဲ့ရသူတစ် ဦးဖြစ်သည်။ ကျွန်တော်၏ ဆရာ သမားများသည် ကျွန်တော့်အား ဆိုဆုံးမရာတွင် ဗုဒ္ဓ၏ အတွေးအ ခေါ်၊ ဗုဒ္ဓ၏ ဒေသနာများနှင့်ပါ ပေါင်းစပ်ပြီး ခေတ်မီမီတွေးခေါ် နေထိုင်တတ်ရန် ဆိုဆုံးမလေ့ ရှိကြသည်။

“ကိုယ့်ကိုယ်ကိုသာ အားကိုးရမည်”ဟု ဆုံးမ သောအခါ များတွင် “အတ္တာဟိ အတ္တနော နာထော၊ ကောဟိ နာထော ပရောသိယာ”ဟူသော ဒေသနာ ကို ရွတ်ဆိုပြလေ့ရှိသည်။ “မိမိ သည်သာလျှင် မိမိ၏ ကိုးကွယ်အားထားရာ ပေတည်း။ မိမိမှ တစ်ပါးသော အဘယ်သူ သည် ကိုးကွယ်ရာ ဖြစ်နိုင်အံ့နည်း”ဟူ၍ အဓိပ္ပာယ်ရရှိပေသည်။ အဘယ်မျှ ကောင်း မွန် ထိရောက်သော စကားပေတည်း။

ကျွန်တော် အလွန် ကြိုက်နှစ်သက်သော ဆုံးမစကားတစ်ခု ဒေသနာတစ်ခုရှိသည်။ စာအုပ် ငယ်တစ်အုပ်တွင် ယင်းဒေသနာအား “ဘာမဆို အောင်ရမည်”ဟူ၍ ခေါင်းစဉ်တပ်ပေးထားသည်။  ကျွန်တော် အလွန်ကြိုက်နှစ်သက်သော ဆုံးမစကား၊  အလွန်ကောင်းမွန်သော ဒေသနာစကားဖြစ်၍ စာရှု သူများ အထူးသဖြင့် တက်လူ လူငယ်များအတွက်   အလွတ်ကျက်မှတ်ထားနိုင်ရန် အပြည့်အစုံဖော်ပြပါ မည်။

 

ဆန္ဒဝတော၊ ကိံနာမကမ္မံ၊ နသိဇ္ဈတိ၊

ဝီရိယဝတော၊ ကိံနာမကမ္မံ၊ နသိဇ္ဈတိ၊

စိတ္တဝတော၊ ကိံနာမကမ္မံ၊ နသိဇ္ဈတိ၊

ပညဝတော၊ ကိံနာမကမ္မံ၊ နသိဇ္ဈတိ၊

 

“ဆန္ဒဝတော၊ ပြင်းပြသော အလိုဆန္ဒရှိသူ အား၊ ကိံနာမ၊ အဘယ်မည်သော၊ ကမ္မံ၊ အမှုကိစ္စ၊ ဟူသမျှသည်၊ နသိဇ္ဈတိ၊ မပြီးစီးဘဲ ရှိနိုင်ပါအံ့နည်း၊ သိဇ္ဈတိဧဝ၊ မုချအမှန်၊ ဧကန်ပြီးစီးအောင်မြင်ရမည် သာတည်း”

 

“ဝီရိယဝတော၊ ထက်သန်သော ဝီရိယရှိသူ အား၊ ကိံနာမ၊ အမည်သော၊ ကမ္မံ၊ အမှုကိစ္စဟူသမျှ   သည်၊ နသိဇ္ဈတိ၊ မပြီးစီးဘဲ၊ ရှိနိုင်အံ့နည်း၊ သိဇ္ဈတိဧဝ မုချအမှန်၊ ဧကန်ပြီးစီး၊ အောင်မြင် ရ မည်သာတည်း”

“စိတ္တဝတော ထက်သန်သော စိတ်ရှိသူအား၊    ကိံနာမ၊ အဘယ်မည်သော၊ ကမ္မံ အမှုကိစ္စဟူသမျှ သည်၊ နသိဇ္ဈတိ၊ မပြီးစီးဘဲ ရှိနိုင်ပါအံ့နည်း။ သိဇ္ဈတိဧဝ၊ မုချအမှန်၊ ဧကန်ပြီးစီး၊ အောင်မြင် ရမည်သာတည်း”

“ပညဝတော၊ ထက်မြက်သော ပညာရှိသူ အား၊ ကိံနာမ၊ အဘယ်မည်သော ကမ္မံ၊ အမှုကိစ္စ၊ ဟူသမျှသည်၊ နသိဇ္ဈတိ၊ မပြီးစီးဘဲ၊ ရှိနိုင်ပါအံ့နည်း၊   သိဇ္ဈတိဧဝ၊ မုချအမှန်၊ ဧကန်ပြီးစီး၊ အောင်မြင် ရမည်သာတည်း”

မည်မျှထိရောက်၊ မည်မျှခေတ်မီသော ဒေသနာ၊ ဩဝါဒ၊ ဆုံးမစကားဖြစ်သနည်း။ ကြီးပွား ရေး၊ အောင်မြင်ရေးအတွက်၊ နေ့စဉ် ရွတ်ဆိုနေရ မည့်၊ နေ့စဉ်လိုက်နာနေရမည့် ဒေသနာများ၊ ဩဝါဒ များ ဖြစ်ကြောင်း အထူးဆိုဖွယ်ရာ မရှိတော့ပြီ။

ကြီးပွားချမ်းသာရေးအတွက်၊ လောကဓံ တရားကို ကြံ့ကြံ့ခံနိုင်ရေးအတွက်၊ ဗုဒ္ဓသည် လူသား များအား ဆိုဆုံးမခဲ့သည်။ ကျွန်တော်အကြိုက် နှစ်သက်ဆုံးသော ဆုံးမစကား၊ ကျွန်တော်ခြောက် နှစ်သားခန့်ကပင် သင်ကြားခဲ့ရသော ဆုံးမစကား တစ်ခုရှိသည်။ ၄င်းမှာ မင်္ဂလသုတ်တွင် ပါရှိသည့် “ဖုဋ္ဌဿ လောကဓမ္မေဟိ” အစချီသော ဒေသနာ တော် တရားတော်ဖြစ်သည်။ ကျောင်းသားလူငယ် များ၊ တက်လူမျာ၊ အလွတ်ကျက်မှတ်ထားရန်အ တွက် အပြည့်အစုံဖော်ပြလိုက်ပါသည်။

“ဖုဋ္ဌဿ လောကဓမ္မေဟိ

စိတ္တံယဿ၊ နကမ္ပတိ

အသောကံ၊ ဝိရာဇံ၊ ခေမံ

ဧတံ၊ မင်္ဂလမုတ္တမံ”

ဤမင်္ဂလာတရားတော်ကို ကျောင်းသား လူငယ်များ၊ တက်လူများ၊ ကြီးပွားချမ်းသာလိုသူ များသည် အိပ်ရာထတိုင်းလည်း ရွတ်သင့်သည်။ အိပ်ရာဝင်ခါနီးတိုင်းလည်း ရွတ်သင့်သည်။ သုံးခေါက် လည်း ရွတ်သင့်သည်။ ခုနစ်ခေါက်လည်း ရွတ်သင့် သည်။ ကိုးခေါက်လည်း ရွတ်သင့်သည်။ ရွတ်နိုင် လေ ကောင်းလေဟုသာ တိုက်တွန်းလိုက်ချင်သည်။ အနက်အဓိပ္ပာယ်ကို သိလေ အနှစ်သာရကို သဘော ပေါက်လေဖြစ်သည့်အတွက် မှတ်ရလွယ်သော ဒဂုန် ဦးထွန်းမြင့်၏ မင်္ဂလာကဗျာကိုပါ ဖော်ပြလိုက်ပါ သည်။

 

“ဆင်းရဲချမ်းသာ သဘာဝကို

တွေ့ကြုံနေကြ၊ လူတိုင်းပေ

ကောင်းဆိုးနှစ်တန် အစုံတွဲလို့

တစ်လဲစီလှည့် အမြဲနေ

လောကဓံကြုံ မဖြုံတမ်းပေါ့

မတုန်စမ်းနဲ့ စိတ်ခိုင်စေ

သောကကိုထိန်း၊ ရမ္မက်သိမ်း

အေးငြိမ်းချမ်းသာနေ

အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ”

“ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကျ လူတိုင်းပေ”တဲ့။ မည်မျှမှန်ကန်သော စကားပေ နည်း။ ကောင်းဆိုးနှစ်တန် အစုံတွဲလို တစ်လဲစီလှည့် အမြဲနေတဲ့။ မည်မျှ သဘာဝကျသော စကားပေ နည်း။ လောကဓံကြုံ မဖြုံတမ်းပေါ့ မတုန်လှုပ်စမ်းနဲ့ စိတ်ခိုင်စေတဲ့။ မည်မျှအားမာန်ပါလှသော စကား ဖြစ်သနည်း။ ယနေ့ကမ္ဘာတွင် အောင်မြင်နေသူများ၊ လူသားတို့အတွက် တာဝန်ယူနေကြရသော အဖွဲ့ အစည်းများ၊ အစိုးရများသည် အခက်အခဲအမျိုးမျိုး ကို ကြုံတွေ့နေရသော်လည်း အောင်မြင်မှုပန်းတိုင် ကို လှမ်းကိုင်နိုင်ကြခြင်းမှာ အခက်အခဲများကို ကျော် လွှားနိုင်ကြခြင်းမှာ လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်လှုပ်စမ်းနဲ့ စိတ်ခိုင်စေဟူသော ဗုဒ္ဓ၏ ဩဝါဒ စကားနှင့်အညီ ကျင့်သုံးနေကြခြင်းကြောင့် ဆိုလိုက် ချင်သည်။

ကျွန်တော် ငယ်စဉ်အခါက ဗေဒင်၊ လက္ခဏာ ပညာတွင် ရန်ကုန်မြို့၌ အလွန်နာမည်ကြီးသော ဆရာကြီးတစ်ဦးနှင့် နီးနီးကပ်ကပ် ကြုံတွေ့ခဲ့ရဖူး သည်။ ထိုဆရာကြီးသည် ကျွန်တော့်အား တပည့် လိုသဘောထားကာ ဆောင်ပုဒ်တစ်ခုကို သင်ပေး ခဲ့ဖူးသည်။ အခက်အခဲတွေ့တိုင်းထို ဆောင်ပုဒ်ကို  ကျွန်တော်သည် ရွတ်ဆိုလေ့ရှိသည်။ ထိုဆောင်ပုဒ် ကို စာဖတ်သူများအား လက်ဆောင်ပေးခြင်းဖြင့် ဤဆောင်းပါးကို အဆုံးသတ်လိုက်ပါသည်။

“ဘာပဲဖြစ်ဖြစ် မုချအောင်ရမည်”

မောင်ဥာဏ်စိန်

Comments

comments

Post Author: manawmaya