ပယောဂကို ရိုက်ကုစရာမလိုပါ

ကျွန်ုပ်တို့ ပယောဂကုသပေးနေရင်းက မကြာခဏဆိုသလို တွေ့နေရတာကတော့ ပယောဂကို ရိုက်ကုတဲ့ဆရာတွေပါပဲ။

ပယောဂကုတာ ရှစ်ရက်ကြာတယ်။ ရှစ်ရက်စလုံး ရိုက်ကုတာကြောင့် ဝေဒနာသည် အတွင်းကြေနဲ့ သေတယ်။ ဒါကို သက်ဆိုင်ရာက ရိုက်ကုသူဆရာကို ဖမ်းတယ်တဲ့။ စစ်မေးတော့ သူတို့ ထုံးစံရှိတဲ့အတိုင်း ကုတာပါလို့ ပြောတယ်။ မယုံရင် သူတို့ထက်မြင့်တဲ့ ဆရာမေးကြည့်ဆိုလိုက်တော့ သက်ဆိုင်ရာက သူတို့ထက်မြင့်တယ်လို့ (သူတို့ ဘာသာ သတ်မှတ်ထားတဲ့)ဆရာကို ခေါ်မေးပြန် တယ်။

အဲဒီဆရာကလည်း သူတို့ထုံးစံ အဲဒီလိုပဲ ကုသရကြောင်း ပြောပြန်ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ အစာ မကြေတာလေးတွေ နည်းနည်းလောက် ရေးပါရစေ။ သူများကို ပြဿနာရှာဖို့ မဟုတ်ပါဘူး။ ဖြစ်သင့် ဖြစ်ထိုက်တာလေးတွေကို စာဖတ်သူတွေ ဗဟုသုတ အနေနဲ့ သိစေချင်လို့ပါ။

ပယောဂဆိုတာ (မမြင်အပ်တဲ့) နာမ်လောက သားတွေကိုသုံးပြီး လူတစ်ဦးတစ်ယောက်(သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခု၊ မိသားစုရေး၊ လူမှုရေး၊ ကျန်းမာ ရေး၊ အိမ်ထောင်ရေး စတဲ့ မိသားစုဘဝကို ပျက်စီး စေရန် အားထုတ်မှုလို့သိထားဖို့လိုပါတယ်။

ကျွန်ုပ်ဆီမှာ နေ့စဉ်နဲ့အမျှ ကုသနေရတာ ကတော့ ပုံစံမျိုးစုံနဲ့ ရောက်လာနေတဲ့ ပယောဂ တွေပါပဲ။ ဘယ်လိုပုံစံနဲ့ ရောက်လာတာဖြစ်ဖြစ် ခုနစ် ရက် သားသမီးတစ်ယောက်ယောက်ကို စိတ်ပိုင်းဆိုင် ရာ၊ ရုပ်ပိုင်းဆိုင်ရာတစ်ခုခုမှာ အခက်အခဲတွေ့အောင် ပြုလုပ်ထားတာမျိုးတွေပဲ ဖြစ်ပါတယ်။ ဒီလို ပယောဂ ကို လုပ်ပေးတဲ့သူနဲ့ လုပ်ခိုင်းတဲ့သူရယ်လို့ နှစ်ပိုင်း ထပ်ခွဲရပါမယ်။

လုပ်ပေးတဲ့သူဆိုတာကတော့ ပညာသည်လို့ သိမ်းကျုံးခေါ်လိုက်ရတဲ့ (အောက်လမ်း၊ ရွာသူ၊ စုန်း၊ မှော်၊ ကဝေ)တို့ပဲဖြစ်ပါတယ်။ လုပ်ခိုင်းတဲ့သူ ဆိုတာ ကတော့ ကိုယ်တိုင်က ဘာမှမလုပ်တတ်ဘဲ ကိုယ် မကျေနပ်သူတစ်ယောက်ယောက် ငွေကြေးအခက် အခဲ၊ လူမှုဒုက္ခတစ်ခုခု ကျန်းမာရေးပြဿနာတို့ ဖြစ် စေလိုတာကြောင့် လုပ်တတ်သူ (အောက်လမ်း၊ ရွာသူ၊ စုန်း၊ မှော်၊ ကဝေ)တို့ဆီမှာ ငွေကြေးပေးပြီး ခိုင်းလုပ်ခိုင်းတဲ့သူပါ။

သူတို့လုပ်ထားတဲ့ ပညာစက်တွေကို ပြန်သိမ်း ခိုင်းဖို့ ပြုစားခံထားရသူကို ကုသပေးဖို့ဆိုတာ လွယ် ကူတဲ့ အလုပ်မျိုး မဟုတ်ပါဘူး။ အောက်လမ်း၊ ရွာသူ၊ စုန်း၊ မှော်၊ ကဝေ စတဲ့ ပညာသည်တွေရဲ့နာမ်ကို တစ်စုံတစ်ယောက်ရဲ့ကိုယ်ထဲမှာ လူစိတ်ပျောက် အောင် ဝင်ရောက်ပူးကပ်စေ ရပါမယ်။ လူစိတ် ပျောက်အောင်လို့ပြောရတာက လူစိတ်မပျောက်ခဲ့ရင် ကုသမှုမှာ ငါးဆယ်ရာနှုန်းလောက်ပဲ အောင်မြင်မှာ ဖြစ်လို့ပါ။ ပယောဂက လူစိတ်မပျောက်ခဲ့ရင် ဆရာ လုပ်သူ ပြောတဲ့အတိုင်း လိုက်လုပ်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကုသမှုအောင်မြင်မှာ မဟုတ်ပါဘူး။

ဒီလိုအခြေအနေမျိုး ဖြစ်တဲ့အခါ ဆရာ လုပ် သူက အခြေအနေမှန်ကို သဘောပေါက်ရင်တော့ အကြောင်း မဟုတ်ပေမယ့် အခြေအနေမှန်ကို သဘောမပေါက်တဲ့သူဆိုရင် သူပြောတာ (အမိန့်ပေး တာ)ကို မနာခံဘူးလို့ ထင်နေတတ်တယ်။ လူစိတ် မပျောက်တော့ ပယောဂအစစ်မဟုတ်ဘူး။ စိတ်က မူလပူးကပ်သူရဲ့စိတ် ဖြစ်နေတယ်။ ဒါကို ဆရာ လုပ်သူက မပါးနပ်တဲ့အခါ၊ မာန်တက်နေတဲ့အခါ လူစင်စစ်က သူ့စကား နားမထောင်တာကို ပယောဂက သူ့စကားကို နားမထောင်ရပါ့မလား ဆို ပြီးရိုက်တာတို့၊ တခြားဆုံးမ တာမျိုးတွေလုပ်ရင်းနဲ့ လက် လွန်သွားတတ်တယ်။ အဲဒီ တော့  ကုသသူရော ကုသခံ သူပါ မကောင်းတော့ပါဘူး။

ဒါကြောင့် ပယောဂကုသတဲ့နေရာမှာ အဓိက အကျဆုံးက (ကုသသူ)ဆရာရဲ့ အာဏာစက်(အမိန့်) ဖြစ်ပါတယ်။ အမိန့်ဆိုရာမှာလည်း ပေးချင်းတိုင်းပေး၊ ပြောချင်တိုင်း ပြောလို့ရတာမဟုတ်ပါဘူး။ ကိုယ့်ကို အထက်ပုဂ္ဂိုလ် (ဘဝဆက်၊ ပဋ္ဌာန်းဆက်၊ ပညာ ပေးတဲ့ ဆရာ၊ အိပ်မက်က ညွှန်ကြားသူ)တွေက သားလို၊ သမီးလိုစောင့်ရှောက်ကြလို့၊ အဲဒီလို အထက်ပုဂ္ဂိုလ်မျိုးရဲ့ သိဒ္ဓိတချို့ကို ပုံတူပွားပြီး ကိုယ့်ကို ခံစားခွင့်ပြုတဲ့အခါ သူတို့ သိဒ္ဓိတွေကြောင့် နာမ် လောကသားတွေ ကိုယ့်အမိန့်ကို နာခံကြရတယ်။ ဒါပေမဲ့ ဒီတစ်ယောက်က လူပူးဖြစ်လို့ မနာခံရင် ဆရာစိတ်ဆိုးပြီး ရိုက်နှက်တာကြောင့် လူနာမှာ ဒဏ်ရာအနာတရ ဖြစ်ရ၊ တချို့သေတဲ့အထိ ဖြစ်ရ တတ်ပါတယ်။

မိမိရဲ့ကိုယ်ကျင့်တရား၊ သီလ၊ သမာဓိတွေကို အရင်းခံပြီး ဆောက်တည်ရတဲ့ ဆရာဘဝမှာ ဖြတ် လမ်းက လိုက်လို့မရပါဘူး၊ ဖြတ်လမ်းက လိုက်သူ များဟာ ကိုယ့်ကိုယ်ကို အထင်တကြီးနဲ့ ပယောဂ ကုသမှုကို အလွယ်တကူလို့ထင်ပြီး ပေါ့ပေါ့ဆဆ ကုသနေသူများဟာ မိမိကိုယ်ကို ဒုက္ခပေးနေတဲ့ အပြင် ခုနစ်ရက်သားသမီးကိုပါ ဒုက္ခရောက်စေတတ် ပါတယ်။

စိတ်မထိန်းနိုင်လို့ ရိုက်နှက်ရာကနေ အသက် သေသည်အထိ ဖြစ်ကြရပြီး ဆရာတွေကိုယ်တိုင် အပြစ်ခံယူကြရတာမျိုးတွေ ရှိနေပါတယ်။

ကျွန်ုပ်ဆီရောက်လာကြသူတွေမှာ မျက်နှာ တွေ ဖူးယောင်ပြီး ရောက်လာသူတွေ၊ ခန္ဓာကိုယ်မှာ အရှိုးရာတွေနဲ့ ရောက်လာကြသူတွေ၊ လက်ဆစ် ကလေးတွေ၊ ခြေဆစ်ကလေးတွေမှာ အသားကွဲ၊ ဖူးယောင်ဒဏ်ရာတွေနဲ့လည်း ရောက်လာခဲ့ဖူးပါ တယ်။ သူတို့တွေကို မေးကြည့်လိုက်တော့ မထင် ထားသူတွေ ဖြစ်နေပြီး လက်ဆစ်ကို ဆေးဓား ဆိုတာနဲ့ ခုတ်ချလိုက်တာ အဆစ်ဆိုတော့ အသား ပါးတာပေါ့။ အဲဒီနေရာလေးကို ဆတ်ခနဲ ထိသွား တာနဲ့ ဟက်ခနဲကွဲပြီး သွေးထွက်လာပါလေရော …။ သူတို့က သွေးထွက်လာပြီ ပြောတော့ သွေးမဟုတ် ဘူး၊ ရောဂါထွက်တာလို့ပြောတယ်။ ဒါကို ကုသခံယူ သူကလည်း လက်ခံပြီး ကုသပေးနေသူကလည်း အဲဒီအတိုင်းပဲ ယုံကြည်နေတယ်။

အမှားကြီးကိုအမှန်လို့ လက်ခံနေတာက သိ လျက်နဲ့လား၊ မသိဘဲနဲ့လား။

အမှန်တော့ ပယောဂကုသရာမှာ ရိုက်နှက် ချင်လို့ရှိရင် တုတ်၊ ဓား၊ ကြိမ်လုံးတွေ သုံးစရာ မလိုပါဘူး။ အမိန့်ပေးပြီး ရိုက်ခိုင်းတာနဲ့ ရိုက်ပါတယ်။ နောက် ကြိုးပိုင်၊ ကြိမ်ပိုင်၊ တုတ်ပိုင်၊ ဓားပိုင်၊ မီးပိုင်၊ ရေပိုင်တွေက အမိန့်ပေးလိုက်တိုင်း အလုပ်လုပ်ကြပါ တယ်။ ဒါကြောင့် ကိုယ့်ဘက်က အမိန့်ပေးနိုင်ဖို့ သီလ၊ သမာဓိကို ပြည့်စုံ၊ပြည့်ဝအောင်လုပ်ထားရ ပါမယ်။ ကိုယ့်ဘက်က သီလ၊ သမာဓိ ပြည့်ဝအောင် ကျင့်ထားရင် ပယောဂကုသတဲ့အခါ ပိုမိုအဆင်ပြေ လွယ်ကူနိုင်မှာဖြစ်သလို ကိုယ့်သံသရာခရီးအတွက် လည်း သက်သောင့်သက်သာ ဖြစ်နိုင်ပါတယ်။

ကိုယ့်ဘက်က ဘာမှမရှိဘဲ ပယောဂကုတဲ့ အခါ အတွေ့အကြုံဆိုးတွေ တွေ့ရတတ်ပါတယ်။ ဒီလိုတွေ့လာတဲ့အခါ ငါလိုနေသေးပါလားလို့ မမှတ် ယူဘဲ အတ္တကို ရှေ့တန်းတင်ပြီး မာနတရားနဲ့ ရှေ့ ဆက်နေရင်တော့ မမှားသင့်တဲ့အမှားတွေ ဆက်တိုက် ကြုံရနိုင်ပါတယ်။

မိန်းမတစ်ယောက် ဝုန်းဒိုင်းကြဲပူးကပ်နေရင်း ဗိုက်ပေါ်သွားပြီး ဗိုက်မှာ အညိုရောင်အစင်းကြီး တွေ့ လိုက်ရပါတယ်။

“ဒါ ဘာကြီးလဲ …ဘာဖြစ်လာတာလဲ” လို့မေးလိုက်တော့ သူ့ယောကျာ်းက –

“မနေ့ကသွားကုတဲ့ဆီက ဆေးဓားနဲ့ ခုတ်လိုက်တာပါ ဆရာ” လို့ ပြောလာပါတယ်။

“ဆေးဓားနဲ့ ခုတ်လိုက်တာ လူနာက ဘယ် လို ဖြစ်သွားလဲ”

“ဒီအတိုင်းပဲလေ ဆရာ … ကျွန်တော် တစ်ညလုံး သူ ပူးနေတာ ထိုင်စောင်နေ့ရတယ် … မအိပ်ရသေးဘူး။ ပြီးတော့ အဲဒီဆရာက ကျွန်တော် တို့ အိမ်အပေါ်ထပ်မှာ သရဲကိုးကောင်ရှိတယ်လို့ ပြောသွားသေးတယ်လေ …ကြောက်လိုက်တာ ဆရာရယ် …တစ်ညလုံးဘယ်သူမှ ကောင်းကောင်း အိပ်မပျော်ကြဘူး”

မခိုင်လုံဘဲနဲ့ လျှောက်ပြောပြီး ကိုယ့်ကိုယ်ကို အထင်ကြီးအောင် လုပ်ပြလိုက်တာ သူ့ကို အထင် မကြီးတဲ့အပြင် လူတွေက ပိုပြီးစိတ်ဆိုးကြပါတယ်။ သူတို့ကို ခြောက်လိုက်သလို ဖြစ်သွားလို့ပါ။

အမှန်တော့ သူတို့အိမ်မှာ ဘာသရဲမှ မရှိပါ ဘူး။ စစ်ဆေးကြည့်တော့ မတွေ့ပါဘူး။ ကျွန်ုပ် ဆီမှာက စစ်ဆေးတွေ့ရှိမှ အတည်လို့ဆိုလိုတာပါ။ စစ်ဆေးလို့မတွေ့ရင် ဘယ်သူဘာပြောပြော မရှိဘူး လို့ပဲ သတ်မှတ်ပေးလိုက်ပါတယ်။ ကျွန်ုပ်ဆီ လာသူ တွေမှာ သူတို့ကိုယ်သူတို့ ပယောဂစက်ရှိတယ်၊ သိုက်ဆက်ရှိတယ်ဆိုတဲ့အထင်နဲ့ ရောက်လာကြ သူတွေ များပါတယ်။ ဒါကြောင့် သူတို့ရဲ့ ထင် စိတ်တွေကနေ ဖြစ်လာမယ့် ထင်ယောင်ထင်မှား တွေကို ဖြစ်မလာစေဖို့ သူတို့ကို နိမိတ်ပြ မေးခွန်းတွေ မေးတာတို့၊ သူတို့ဘက်က ကြိုတင်ပြောပြတာတွေ ကို လက်ခံနားထောင်တာတို့တွေ လုပ်လေ့မရှိပါဘူး။ သူတို့ကိစ္စအတွက် ပူးကပ်ပြီးပြောတဲ့အခါမှသာလျှင် သူတို့ဖြစ်ပျက်နေတဲ့ ကိစ္စတွေနဲ့ ကိုက်ညီမှုရှိ မရှိ သူတို့ဘာသာ တိုက်ကြည့်စစ်ဆေးစေတာဖြစ်ပါ တယ်။

အဓိက ဆိုလိုချင်တာကတော့ ပယောဂ ကုသတဲ့အခါ လူနာကို ရိုက်နှက်ကုသပြီဆိုတာနဲ့ အဲဒီဆရာဆိုသူ လုံးဝ မကုတတ်လို့ ဖြစ်ပါတယ်။ ပယောဂကုသတတ်ရင် ရိုက်နှက်စရာ မလိုပါဘူး။ နှုတ်က အမိန့်ပေးလိုက်ရုံနဲ့ ဆရာ့ သဘောဆန္ဒ အတိုင်း မပါတဲ့ ဆရာဆိုရင် ဆက်မကုပါနဲ့တော့။ နောက်သာ ဆုတ်လိုက်ပါ။ ဆက်မကုပါနဲ့တော့။ ဒီဆရာ ပယောဂကို သေသေချာချာ မကုတတ်ဘဲ စိတ်ထဲရှိတာတွေ လျှောက်လုပ်နေတာ ဖြစ်ပါလိမ့် မယ်။

အမိန့်၊ အာဏာစက်နဲ့ ကုသတာဆိုရင် စကားတစ်ခွန်းတိုင်း တည်နေရပါမယ်။ ဒါမှသာလျှင် ပယောဂကို ပိုင်နိုင်စွာ ကုသနိုင်သူလို့ သတ်မှတ် စေချင်ပါတယ်။

ခုနစ်ရက်သားသမီးများ ပယောဂပညာစက် ဘေးမှ ဝေးနိုင်ကြပါစေ …

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

Comments

comments

Post Author: manawmaya