အမြန်လမ်း ပရိတ်ရွတ်ပွဲ

တစ်ခုသော ညနေခင်းမှာ ကျွန်ုပ်ဆီကို ဖုန်း တစ်ကော ဝင်လာပါတယ်။

“ဟုတ်ကဲ့ ပြောပါခင်ဗျာ … စိန္တာမယ ဆရာပိုင်ပါ”

“ကျွန်တော်လည်း ဆရာပိုင်နဲ့ တွေ့ချင်နေ တာပါ …ကျွန်တော့်ကို တစ်ခုလောက် ကူညီ နိုင်မလား ဆရာ”

“ဘာတစ်ခုလဲ …ခင်ဗျားပြောပြမှ ကျွန်တော့် ဘက်က ကူညီနိုင်မယ် မကူညီနိုင်ဘူးပြောလို့ရမှာပေါ့ …ဘာလဲ အရင်ပြောပါ”

“ဒီလိုပါ ဆရာ … ကျွန်တော်တို့ ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ပရိတ်ရွတ်ဖို့ကို ဆရာ့ဆီ လာပြီး လိုအပ်တာလေးတွေ သိချင်လို့ပါ”

“ဪ… ဒီကိစ္စလား ရပါတယ် …လာခဲ့ပါ လိုအပ်တဲ့ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ပေးလို့ရတာပေါ့”

“ဟုတ်ပါတယ် ဆရာ …ဒါကြောင့်လည်း ကျွန်တော်တို့ လာခဲ့ချင်တာပါ”

“လာခဲ့ပါ တတ်နိုင်တာတွေတော့ ကူညီပေး ပါ့မယ်”

သူတို့ဆီက ဝင်လာတဲ့ဖုန်းပါ။ ဘာပဲဖြစ်ဖြစ် အမြန်လမ်းနဲ့ပတ်သက်ရင်တော့ ကူညီချင်စိတ်က အမြဲရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အမြန် လမ်းပေါ်မှာ အမှားလုပ်ခဲ့မိရင် ရက်ပိုင်းအတွင်းမှာ ပြဿနာတစ်ခုခု ဖြစ်တတ်လို့ပါ။ လမ်းပေါ်မှာ ပြဿနာ ဖြစ်ရင် အသေအပျောက် ရှိတတ်တာမို့ လုံးဝ မဖြစ်စေချင်ပါ။

နားမလည်ပါးမလည် လျှောက်လုပ်တာ ကြောင့် မဖြစ်သင့်ဘဲ ဖြစ်တဲ့ ပြဿနာတွေ အများ ကြီးပါ။ (ထည့်မရေးသင့်လို့ မရေးတော့ပါ) ကိုယ့် ဘက်က ကောင်းစေချင်လို့ လုပ်တာဖြစ်ပေမယ့် လမ်းပေါ်က အဆင့်ရှိတဲ့ပုဂ္ဂိုလ်တွေ မကျေနပ်ရင် တစ်ခုခု ဖြစ်သွားပါလေရော။ ဒီတော့ အမြန်လမ်း ပေါ်မှာ လုပ်မယ့်ကိစ္စတွေ အတွက်ကတော့ သူတို့နဲ့ တွေ့ကြည့်ပြီး သင့်မသင့် တော်မတော် အကြံÓာဏ် ယူတာ အကောင်းဆုံးပါပဲ။ ဒါကြောင့် သူတို့ လာ ချင်တာကို ဝမ်းမြောက်ဝမ်းသာကြိုဆိုတာပါ။

နောက်နေ့မနက်ပိုင်း ၁၁ နာရီလောက်မှာ အမျိုးသားနှစ်ယောက် ရောက်လာပါတယ်။ ပရိတ် ရွတ်မယ့်ကိစ္စကို တာဝန်ခံလုပ်မယ်သူက အသက် လေးဆယ်လောက်ရှိတဲ့ အင်္ဂါသားပါ။

“မနေ့က ဖုန်းဆက်ထားတဲ့ အမြန်လမ်း ပရိတ်ရွတ်ဖို့ဆိုတာပါ …ကျွန်တော်ကို —-ကုမ္ပဏီက တာဝန်ပေးလို့ လုပ်ရတာပါ။ ကျွန်တော် ကလည်း သိပ်နားမလည်တော့ ကျွန်တော့် သူငယ် ချင်းက ဆရာ့ဆီမှာ အမြန်လမ်းက မယ်တော်ကြီး ရှိတယ်ဆိုလို့”

“အင်း အမြန်လမ်းမှာ ရန်ကုန်တိုးဂိတ်ကနေ မိုင် ၁၂၀ ထိပိုင်ဆိုင်တာက အမိုးနော်စောဖာ၊ ၁၂၀-ကနေ မိုင်-၁၈၀ ထိ ပိုင်ဆိုင်တာက  ဖထီးစောလူးနဲ့ မိုင်-၁၈၀ ကနေ မန္တလေး အရောက်ကတော့ ရွှေဓားကိုင် တောင်ပိုင်သိုက်ချုပ်မယ်တော်ကြီး စော ရှင်ကွမ်းပါ။ သူတို့လက်အောက်မှာ ကိုယ့်နည်းကိုယ့် ဟန်နဲ့ ရပ်တည်နေကြတဲ့သူတွေလည်း အများကြီး ရှိပါတယ်။ ဒီတော့ကာ ခင်ဗျားတို့ အဆင်ပြေအောင် ဦးဆုံး အမိုးနဲ့ ဖထီးကို အရင်တွေ့ ကြည့်လိုက်လေ”

ကျွန်ုပ်လည်း ဦးဆုံးဖထီးကို ခေါ်ပေးလိုက် ပါတယ်။ ဖထီးက အေးဆေးသူဖြစ်ပြီး မိုင် ၁၈၀ ထိ ကိစ္စအဝ၀ကို အမိုးကသာ ဆောင်ရွက်လေ့ရှိပါတယ်။ ဖထီး ဘုရားဝတ်ပြုလိုက်ပြီးတော့ …

“ဘာကိစ္စလဲ ဆရာ”

“ဒီအင်္ဂါသား ဦးဆောင်ပြီး အမြန်လမ်း တစ် လျှောက် သံဃာတော်အရှင်သူမြတ်တွေ ပရိတ်တရား တော်များ ရွတ်ဖတ်ပူဇော်ကြဖို့ ဖထီးတို့ရဲ့ သဘော ထားကို သိချင်ကြလို့ပါ”

“အေး ငါကဘာပြောရမလဲ။ ညီမသဘော ပေါ့။ သူ့ကို မေးလိုက်လေ”

စကားတိုတိုပြောပြီး ဖထီးတစ်ယောက် ဘုရားကန်တော့ ပြန်ထွက်သွားပါတယ်။ ဒါကြောင့် အမိုးကို ခေါ်လိုက်ရပါတယ်။

“အမိုး ဒီအင်္ဂါသားဦးဆောင်ပြီး “

“ငါသိပါတယ် ဆရာရယ် … နင်တို့ ကောင်းတာလုပ်တာပဲ။ ငါတို့က ဘာပြောစရာလိုလဲ လုပ်ပေါ့”

“မဟုတ်ဘူးလေ အမိုးတို့ဘက်က ဘာလို အပ်ချက်ရှိမလဲ …ဘာဖြစ်စေချင်လဲ ဒါကို သိချင် လို့ လာကြတာပါ …လိုအပ်ချင်ရှိရင်လည်း ပွင့်ပွင့် လင်းလင်း ပြောပါ”

“ငါက နင်တို့ထက်ပွင့်လင်းတယ် မလိုလို့ မလိုဘူးပြောတာလေ … နင်တို့လုပ်တာ ကောင်း တယ်၊ လုပ်ပါ”

အမိုးနဲ့ ဖထီးတို့က ကျေနပ်ကြပုံရပါတယ်။ ဒါကြောင့် မယ်တော်ကြီးစောရှင်ကွမ်းကို ခေါ်လိုက် ပါတယ်။

“အေး ဆရာတို့ပြောတာ ငါ အကုန်ကြား ပြီးပါပြီ …ကောင်းတာလုပ်တာပဲ၊ တို့ ဘာကန့်ကွက် စရာရှိလဲ၊ လုပ်ကြပါ။ ငါတို့လည်း လမ်းတစ်လျှောက် လိုက်ခဲ့မယ်”

“ကျေးဇူးတင်ပါတယ် မယ်တော်ကြီးရယ် တခြား အထူးပြောဖို့များရှိသေးလား”

“မရှိဘူး ကောင်းတာလုပ်ကြ … ကောင်း ကောင်းနေကြ”

မယ်တော်ကြီးပြန်ထွက်သွားတော့ အင်္ဂါ သားလည်း တော်တော် ကျေနပ်သွားပုံရပါတယ်။

“သူတို့က လမ်းကြောင်းလိုက်မယ်ဆိုတော့ ကျွန်တော်တို့ဘက်က ဘာလုပ်ပေးဖို့လိုလဲ ဆရာ”

“မလိုပါဘူး၊ သူတို့လိုက်တာ ခင်ဗျားတို့ ဘယ်လိုလုပ် သိမလဲ၊ သူတို့ကမ္မဇိဒ္ဓိနဲ့လိုက်မှာလေ …ခင်ဗျားတို့တွေ ဘာလိုအပ်သလဲဆိုတာကိုတော့ အဘကို မေးပေးလိုက်မယ်”

အဘဘိုးမင်းခေါင်ကို အကျိုးအကြောင်း ပြောလိုက်တော့ အဘက “အင်း မင်းတို့လုပ်တာ ကောင်းတယ်ကွ …ဒါပေမဲ့ ပါဝင်ကြတဲ့သူတွေ အသားရှောင်ကြ …ပွဲတွေလည်း ပေးရမယ် … ဘုရားပွဲ၊ ဝိဇ္ဇာပွဲ၊ သိကြားမင်းနဲ့ သာသနာစောင့် နတ်မင်းပွဲ၊ သိုက်ပွဲတွေတော့ ပေးလိုက်ကြ။ အေး မင်းတို့ လုပ်ကြကိုင်ကြသူတွေ အဖြူရောင်ဝတ်တာ အကောင်းဆုံးပဲ”

လို့ ပြောသွားပါတယ်။ လမ်းကြောင်းပေါ်မှာ မယ်တော်ကြီး စောရှင်ကွမ်းနဲ့ အမိုးတို့အတွက်က ပွဲတစ်ပွဲနဲ့ အင်္ဂါသားက ရှမ်းသိုက်ဆက်ဖြစ်နေ တာကြောင့် အင်္ဂါသားအတွက် ရှမ်းသိုက်ပွဲ တစ်ပွဲ ထပ်ထည့်လိုက်ပါတယ်။

“ကျေးဇူးပါပဲ ဆရာရယ် …ဒါပေမဲ့ ပွဲတွေကို ဘယ်မှာပေးရမှာလဲ”

“ခင်ဗျားတို့ စုရပ်မှာ ပေးလို့ရရင် ပေးလိုက် လေ”

“စုရပ်ကတော့ ပြည်သူ့ရင်ပြင်မှာပဲ … ဒါပေမဲ့ ပွဲတွေပေးပြီး ဒီအတိုင်းထားခဲ့ဖို့က အဆင် မပြေနိုင်ဘူး ဆရာ”

“ဒါဆိုရင်လည်း အမြန်လမ်း တိုးဂိတ် အလွန်လေးက သမ္ဗုဒ္ဓေဘုရားမှာ ပွဲပြင်ပြီး အပ်လိုက် ရင်ရော အဆင်ပြေမလား”

“ဟာ ကောင်းတယ်ဆရာ …အဲဒီနေရာ ကောင်းတယ် …ဒါပေမဲ့ ဆရာကိုယ်တိုင်ပဲ ပွဲတွေ လာအပ်ပေးပါလား။ ကျွန်တော် တောင်းဆိုပါတယ်”

“အင်း ကောင်းသားပဲ။ ကျွန်တော်ပွဲတွေ အပ်ပေးပါ့မယ်”

၁၄-၃-၂၀၁၈ ရက် မနက် ၁၁ နာရီ အရောက် အမြန်လမ်း တိုးဂိတ်အလွန်လေးက သမ္ဗုဒ္ဓေဘုရားလေးဆီ သွားခဲ့ပါတယ်။ သတ်မှတ် ထားတဲ့ ပွဲတွေကို သက်ဆိုင်ရာများထံ အပ်နှံလိုက်ပြီး မယ်တော်ကြီး၊ အမိုးနဲ့ ဖထီးတို့ကိုလည်း ပရိတ် ရွတ်မယ့်အဖွဲ့တွေကိုစောင့်ရှောက်ဖို့အပ်နှံလိုက်ပါတယ်။

သူတို့ရဲ့ခရီးစဉ်က ရန်ကုန် ပြည်သူ့ရင်ပြင် ကနေ မန္တလေး မြကျောက်ကျောင်းထိ ကိုးနေရာ အထိုင်ရွတ်မှာ ဖြစ်ပါတယ်။

(၁) ရန်ကုန်ပြည်သူ့ရင်ပြင်။ (၂) အောင် မင်္ဂလာအဝေးပြေးဝင်းရှေ့။ (၃) ရန်ကုန်တိုးဂိတ်။ (၄) ဘုရားကြီးလမ်းဆုံ(၃၉)မိုင်။ (၅) ၁၁၅-မိုင် စားသောက်တန်း (ညအိပ်ရပ်နားပါမည်) (၆) နေပြည် တော်တိုးဂိတ်။ (၇) မိတ္ထီလာ စားသောက်ဆိုင်တန်း။ (၈) မန္တလေးမြို့ဝင် တိုးဂိတ်။ (၉) မြကျောက် ဆရာတော်ကြီးကျောင်း(ညအိပ်ရပ်နားခြင်း) တို့ ဖြစ်ပါတယ်။

ခုနစ်ရက်သားသမီးတွေ ခရီးသွားလာရေး လုံခြုံမှုရှိစေဖို့ ဒီလို ပရိတ်ပူဇော်ပွဲမျိုး မကြာခဏ ပြုလုပ်သင့်ပါတယ်။

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

Comments

comments

Post Author: manawmaya