ညောင်ရေအိုးမှာ ဒါကိုထိုး၊ လာဘ်ရွှင် ဝင်ငွေတိုး

ဘာလုပ်လုပ်၊ ဘာကိုင်ကိုင် အဆင်မပြေ၊ စီးပွားလာဘ်လာဘ ပိတ်သည်ဆိုလျက် တညည်းညည်း တညူညူ ဖြစ်နေကြကုန်သော လူတော်တော်များများကို ကျွနုပ်တွေ့ဖူး၏။ တချို့က တကယ်ကို ကံမကောင်း အကြောင်းမလှဘဲ ကံမရှိ ဉာဏ်ရှိတိုင်း မွဲနေကြသူတွေဖြစ်၏။ တချို့ကျတော့ ကံလမ်း ပွင့်ပါလျက် ဉာဏ်ကို မသုံး၊ ဝီရိယ မစိုက်ထုတ်သဖြင့် စီးပွားလာဘ်လာဘ ပိတ်ဆို့နေသူများဖြစ်၏။

လူဆိုသည်မှာ သူ့အကြောင်းတရားနှင့်သူသာ ဖြစ်ချေ၏။

စင်စစ် လောက၌ ကြီးပွားရာကြီးပွားကြောင်းအတွက် နည်းလမ်းအသွယ်သွယ် ရှိကြ၏။ ဒါကို သိသူတွေ ဖော်စားကြ၏။ မသိသူတွေ ကျော်လွှား ကြ၏။ တချို့ အချို့သော ကိစ္စရပ်များ၌ မိမိ၏ ကောင်းမွန် မြင့်မြတ်သော လုပ်ရပ်က မသိသာသော် လည်းကောင်း၊ သိသိသာသာသော်လည်းကောင်း၊ အကျိုးပေးတတ်ပါကုန်၏။ ကျွနုပ်၏ မိတ်ဆွေတစ်ယောက်ဖြစ်သော ကိုညွန့်တင်ဆိုလျှင် လူချင်း မတွေ့လိုက်နှင့်၊ တွေ့လိုက်သည်နှင့် ချူသံပါအောင် ညည်းတတ်သူ ဖြစ်သည်။ အဓိက အချက်ကတော့ စီးပွားလာဘ်လာဘတွေ ပိတ်ဆို့၍နေခြင်း ဖြစ်ပေ၏။

“ခင်ဗျား အင်္ဂဝိဇ္ဇာပညာရပ်အပေါ် သက်ဝင်ယုံကြည်မှုရှိမယ်ဆိုရင် နည်းကလေးတစ်ခု ပေးလိုက်မယ်။ လုပ်ရမှာကလည်း ကောင်းမွန်မြင့်မြတ်ပြီး ကုသိုလ်ရတဲ့အလုပ်ပါ”

“ပြောဗျာ လုပ်မယ်။ ဒီအတိုင်း ငေါင်ပြီးနေရတာ ပျင်းတယ်”

“ခင်ဗျားနာမည်က နေ့သင့်နံသင့် မှည့်ထားတာလား”

“ဟုတ်ပါတယ်။ နေ့သင့်နံသင့် မှည့်ထားတာ ပါ”

“ဒါဆိုရင် အင်္ဂါသားဖြစ်တဲ့ ခင်ဗျားအနေနဲ့ ဆပွတ်နဲ့ စတုရန်းနံ သစ်ပင်အညွန့်တွေ အင်ကသစ်ညွန့် … အဲဒီ အင်ကသစ်ညွန့်ကို အရှေ့မြောက်အရပ်မှာရှိတဲ့ ဘုရားတစ်ဆူဆူကိုသွား၊ ပြီးတော့ အရှေ့မြောက်အရပ်မှာ လှူပြီး ညောင်ရေအိုးထဲ ထိုးပေးလိုက်စမ်းပါ။ တစ်ခုခု ထူးခြားမလာလို့ကတော့ ကြိုက်သလိုပြော”

“ကောင်းပြီ။ ဒါဆိုရင် အမှာစကားရှိတဲ့အတိုင်း မြေဝယ်မကျ နားထောင်ပြီး သေသေချာချာ ပီပီပြင်ပြင်ကို လုပ်မယ်ဗျာ”

မိတ်ဆွေကြီး ကိုညွန့်တင်က ရှူးရှူးဒိုင်းဒိုင်း သမားတစ်ယောက်ဖြစ်သည်။ တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီးပါက ဆုံးဖြတ်ချက်နှင့်အညီ ဖြစ်သည်၊ မဖြစ် သည်အပထား စနစ်တကျ သေချာစွာ လုပ်ကိုင်ဆောင်ရွက်တတ်သူဖြစ်၏။ ခုလည်း ကျွနုပ်ပြောသည့် အင်္ဂဝိဇ္ဇာနည်းကလေးကို သေချာကျနစွာ အကောင်အထည်ဖော်ရန်အတွက် အင်ကသစ်ညွန့်ကို မရရအောင်ရှာကာ အရှေ့မြောက်အရပ်ရှိ ဘုရားတစ်ဆူထံ ထွက်သွားလေတော့၏။

သို့ဖြင့် တစ်ပတ်ခန့်ကြာပြီးသည့်နောက် မမျှော်လင့်ဘဲ အရောင်းခန်းမစင်တာတစ်ခုတွင် ကိုညွန့်တင်နှင့် ဆုံမိကြလေ၏။ သူသည် ကျွနုပ်အား  တွေ့လျှင်တွေ့ချင်း ဝမ်းသာအယ်လဲဖြစ်ကာ ကျွနုပ် လေ့လာထားသည့် ပညာရပ်အား ထုတ်ဖော်ချီးကျူးလေတော့၏။ သည်မျှဆိုလျှင်ဖြင့် ကျွနုပ်ပေးလိုက်သော နည်းလမ်းကလေးတစ်ခုက ၎င်း၏ လိုဘတော်တော်များများကို ပြီးမြောက်ပြည့်စုံသွားစေပြီဟု ဆိုနိုင်ကောင်းပါချိမ့်။

“တကယ်ကောင်းတဲ့ နည်းပဲဗျာ။ အကုန်အကျ နည်းနည်းနဲ့ တကယ်ကို တာသွားတဲ့နည်းပဲ။ ဒီတော့ ကျွန်တော့်လို အခက်အခဲတွေ့နေသူတွေ  စီးပွားလာဘ်ရွှင်ဝင်ငွေတိုးစေဖို့ ညောင်ရေအိုးထိုးရမယ့် သစ်ပင်အညွန့်တွေရယ်။ ထိုးရမယ့်အရပ်တွေကိုလည်း ကျေးဇူးပြုလိုက်ပါလားဗျာ”ထိုသို့ ဟင်းစားသာမက ကွန်ချက်ပါပြစေလိုသော ၎င်း၏စေတနာကို ကန့်ကွက်စရာ ဘာမျှမရှိလေရကား ကျွနုပ်လည်း စီးပွားလာဘ်ရွှင်ဝင်ငွေ တိုးစေဖို့ ညောင်ရေအိုး၌ ထိုးရမည့်ကိစ္စအား အောက်ပါအတိုင်း ဇယားရေးချလိုက်ပါတော့သတည်း။

သုတေသီဆရာငြိမ်း

Comments

comments

Post Author: manawmaya