သောကငြိမ်းဖို့ ဒေါသထိန်းစို့

လူအများသည် အခါအားလျော်စွာ အခက် အခဲများနှင့် ရင်ဆိုင်တတ်ကြရာ မိမိတစ်ယောက် တည်း ဖြေရှင်းရန် မလွယ်သောအခက်အခဲကို မြို သိပ်ထားရပြန်၊ ဝေဖန်တတ်သူ၊ မကူညီနိုင်သူကို ဖွင့်ပြောမိတော့လည်း ကိုယ့်အထုပ် ကိုယ်ဖြည်၊ ကိုယ့်ပေါင်ကိုကိုယ်လှန်ထောင်းဟူသကဲ့သို့ အသရေ ပျက်ရသည့်ဆိုးကျိုးက ပို၍ပင် တိုးလာတတ်ချေ၏။

ဤအချိန်မျိုး၌ အလိုအပ်ဆုံးအရာကား သူ တော်ကောင်း ပညာရှိများနှင့် ထိုသူတို့၏ အားပေး စကား၊ အကြံဥာဏ်ကောင်းများပင်ဖြစ်ပေသည်။

သူတော်ကောင်းပညာရှိသူများထံမှ အကြံဥာဏ်ကောင်းများကို မရယူမိဘဲ ဒေါသအလျောက်ပြု မိ၍ အမှားကြီးမှားခဲ့ပုံနှင့် သူတော်ကောင်းပညာရှိထံမှ အကြံဥာဏ်ကောင်းများကိုရယူကာ ဒေါသကို ထိန်း သိမ်းနိုင်ခဲ့သဖြင့် အမှားအယွင်းကင်းခဲ့ပုံကို တင်ပြ ပါမည်။

စာရေးသူသည် ၂၀ဝ၅ ခုနှစ်၊ မေလ ၃ ရက် နေ့လယ်အချိန်က သီရိလင်္ကာနိုင်ငံ အင်နာမာလုဝ အပိုင် မန်ဒလေ့ဒိစရိတ်၌ တည်ရှိသည့်ဒမ္ဘူလမှ ၁၂ မိုင် ဝေးကွာသော ဆိဂိရိယသို့ ရောက်ခဲ့၏။ ဆင်ဟာဠီ ဘာသာဖြင့် ဆိဂိရိသည် ပါဠိဘာသာဖြင့် သီဟဂိရိ ဖြစ်၏။ ခြင်္သေ့တောင်ဟု အဓိပ္ပာယ်ရ၏။ အဝေးမှ ကြည့်လျှင် ခြင်္သေ့တစ်ကောင်ဝပ်ကာ ဦးခေါင်းမော့ နေသည်နှင့် တူ၏။ ထိုဆိဂိရိယတောင်ထိပ်ဝယ် ကဿပဘုရင်သည် နန်းစိုက်ခဲ့၏။ ထိုတောင်နောက် ခံ သမိုင်းကြောင်းက သူတော်ကောင်းပညာရှိများ ထံမှ အကြံဥာဏ်ကိုမရယူဘဲ ဒေါသကို အလျင်စလို ထွက်စေကာ ဒေါသအလျောက်ပြုမိ၍ အမှားကြီး မှားခဲ့ပုံကို သင်ခန်းစာပေးနေ၏။

အေဒီ ၅၀၉ ခုနှစ်၊ သီဟိုဠ်ကျွန်း(သီရိလင်္ကာ) နိုင်ငံ၌ ဓာတုသေနမင်းသည် အနုရာဓမြို့တော်ဝယ် ထီးနန်းစိုးစံ၍နေ၏။ ထိုမင်း၌ ကဿပနှင့် မောဂ္ဂလာန် ဟူသော သားတော်နှစ်ပါးနှင့် သမီးတော်တစ်ပါးရှိ၏။ မောဂ္ဂလာန်သည် မိဖုရားခေါင်ကြီး၏သားတော်ဖြစ်ပြီး ကဿပသည် အဆင့်နိမ့်မိဖုရား၏သားတော် ဖြစ် သည်။ သဿပက မင်းကြီးသည် သားတော်အငယ် ဖြစ်သော မိဖုရားခေါင်းကြီး၏သား မောဂ္ဂလာန်အား အထူးအခွင့်အရေးပေး ဆက်ဆံပြီး သားတော်အကြီး ဖြစ်သော အဆင့်နိမ့် မိဖုရား၏သား သူ့ကိုမူ နှိမ်၍ ဆက်ဆံသည်ဟု ထင်မြင်ယူဆကာ သူ၏ခမည်း တော်အပေါ် မကျေမနပ်ဖြစ်ပြီး အခွင့်အရေးရမည့် အချိန်ကို အမြဲစောင့်မျှော်၍ နေခဲ့သည်။

ဓာတုသေနမင်းသည် သူ၏သမီးတော်ကို ညီမတော်၏သား မိဂါရစစ်သူကြီးနှင့် လက်ထပ်ပေး ခဲ့၏။ မိဂါရက ဇနီးဖြစ်သူ မင်းသမီးကို မတရားနှိပ် စက်သဖြင့် ဘုရင်က မိဂါရ၏မိခင်ဖြစ်သူ သူ၏နှမ၌ အပြစ်ရှိသည် ဟုယူဆကာ မိဂါရ၏မိခင်ကို ထောင် သွင်း အကျဉ်းချထား လိုက်သည်။ နောက်၌ ဓာတု သေနမင်း၏ အမိန့်အရ ညီမတော်ကို အရှင်လတ် လတ် မီးရှို့သတ်ခဲ့၏။

မိဂရသည် မိခင် မီးရှို့သတ်ခံရသဖြင့် ယောက္ခမဖြစ်သူ ဓာတုသေနမင်းအား အကြီးအကျယ် စိတ်ဆိုးကာ လက်စားချေရန် အခါအခွင့်ကို စောင့် နေ၏။ ကဿပသည် မိဂါရစစ်သူကြီးနှင့် ပူးပေါင်း ကာ ခမည်းတော် ဓာတုသေနမင်းကို နန်းချပြီး ဘုရင်အဖြစ် ကြေညာခဲ့၏။ ကဿပသည် အေဒီ ၅၂၇ ၌ နန်းတတ်ခဲ့၏။ မိဂါရကို စစ်သူကြီးပြန်ခန့် သည်။ မိဂါရ၏ပြောဆိုချက်အရ ဓာတု သေနဘုရင် သည် ရတနာများကို မောဂ္ဂလာန်အား ပေးရန် အတွက် ဝှက်ထားသည်ဟု ကဿပသိရသဖြင့် ခမည်းတော် နန်းကျဘုရင်အား မြှုပ်နှံထားသော ရတနာများကို ဖော်ထုတ်ပေးရန် အတင်းအကျပ် စေခိုင်း၏။ ကာလရေကန်သို့ ခေါ်သွားရန် ဓာတု သေန ပြောသဖြင့် ခေါ်သွား၍ ရောက်သောအခါ ရေကန်ထဲမှ ရေလက် တစ်ခုကို ယူ၍ ဒါဟာ ငါ့ရဲ့ ရတနာတွေပဲ”…ဟု ဓာတုသေနမင်းက ပြောသော ကြောင့် သဿပသည် အကြီးအကျယ် စိတ်ဆိုးပြီး မိဂါရကို ဓာတုသေနမင်းအား သတ်ခိုင်းရာ မိဂါရ သည် ဓာတုသေန နန်းကျဘုရင်အား အရှင် လတ် လတ် တိုက်ပိတ်၍ခဲ့သည်။

မိဖုရားကြီး၏သား မောဂ္ဂလာန်သည် အိန္ဒိယသို့ ထွက်ပြေးခဲ့၏။ ကဿပသည် ဘုရင်ဖြစ်လာ သော်လည်း ပြည်သူတို့ ချစ်ခင်လေးစားခြင်းရှိသော မောဂ္ဂလာန်မင်းသားက ပြန်လည်တော်လှန်မည်ကို အမြဲစိုးရိမ်နေ၏။ ထို့ကြောင့် ကဿပမင်းသည် ဆိဂိရိယတောင် ထိပ်၌ ခိုင်ခန့်သောခံတပ်ကြီး တည် ဆောက်ကာ နေထိုင်၏။ လှပသောဥယျာဉ်၊ ရေကန်၊ ညီလာခံခန်းမ၊ဆေးရေး ပန်းချီကား၊ ရေပေးရေး စနစ်စသော စိတ်ဝင်စားဖွယ်ရာ အဆောက်အအုံ များပြုလုပ်သည်။ လုံခြုံရေးအရ ထောင်ချောက်များ ကိုလည်း ပြုလုပ်ထားသည်။ ကျောက်မောင်းများ လည်း ဆင်ထားသည်။ ဝင်ပေါက်များ၊ ကျုံးများ၊ ကတုတ်များ၊ မြို့ရိုးများ ပြုလုပ်ထား၏။ ကဿပ သည် နတ်ဘုရင်ကဲ့သို့နေရသော်လည်း မောဂ္ဂလာန် ၏ရန်ကို အလွန်စိုးရိမ်နေရ၏။ သူ၏ညီ မောဂ္ဂလာန် သည် အိန္ဒိယ၌ ၁၈ နှစ်မျှ နေထိုင်ကာ လက်နက် လူသူအင်အား စုဆောင်းပြီး ကဿပမင်းကို ပြန်တိုက်၏။ မောဂ္ဂလာန် လာသည်ကိုသိလျှင် ကဿပသည် သူကိုယ်တိုင် ဦးစီး၍ တိုက်ခဲ့သည်။ သူ၏တပ်သားအချို့က မောဂ္ဂလာန်ဘက်သို့ ဝင် ရောက်သွားခဲ့သည်။ မောဂ္ဂလာန်သည် ထီးနန်းကို တရားဝင် ထိုက်တန်သူဖြစ်ကြောင်း အများက ယုံကြည်ခဲ့ကြသည်။ စစ်ပွဲ၌ ထီးနန်းကိုရထိုက်သူ မောဂ္ဂလာန်က နိုင်ခဲ့သည်။ ကဿပသည် မောဂ္ဂလာန် ၏ အဖမ်းအဆီးကိုမခံဘဲ သူ၏စီးသောဆင်အထက်၌ ပင် သံလျက်နှင့် သူ့လည်ပင်းကို ကိုယ်တိုင်ဖြတ်၍ အဆုံးစီရင်လိုက်သည်။

ဤသည်ကား သူတော်ကောင်းပညာရှိများ ထံမှ အကြံဥာဏ်ကောင်းများကို မရယူမိဘဲ ဒေါသ အလျောက်ပြုမိ၍ အမှားကြီးမှားခဲ့ပုံပင်ဖြစ်ပါသည်။

ဘုရားရှင်သည် ခက်ခဲကြမ်းတမ်းသော ခရီး ရှည်ကြီးနှင့်တူသည့် သံသရာမှ လွတ်မြောက်ရန် အတွက်သာ လမ်းညွှန်တော်မူသည်မဟုတ်ဘဲ လက် ရှိ တွေ့ကြုံဆဲ ဖြစ်သော အခက်အခဲမှ ကျော်လွန် နိုင်ရန်လည်း အခါအားလျော်စွာ လမ်းညွန်စောင့် ရှောက်တော်မူ၏။

ဘုရားရှင်တည်းဟူသော အမြတ်ဆုံးသော ဆရာကောင်းကို ရရှိသောသူများသည် တွေ့ကြုံနေရ သော အခက်အခဲများမှ လွတ်မြောက်ခဲ့ကြရဖူး၏။

ဘုရားရှင်လက်ထက်တော်က ဖြစ်၏။ ကော သလတိုင်း၊ သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်း သည် တစ်ချိန်၌ အခက်အခဲတစ်ခုကို တွေ့ကြုံခဲ့ ဖူး၏။ တွေ့ကြုံရသော ဝေခွဲမရဆုံးဖြတ်ရန် ခက်လှ သည့် အခက်အခဲမှာ မိမိအလွန်အားကိုးရသော အမတ် တစ်ယောက်နှင့် မိမိအလွန်ချစ်သည့် နန်းတွင်းသူ တစ်ယောက်တို့ လူမှုရေးဖောက်ပြန်နေ ကြသော ကိစ္စပင် ဖြစ်၏။

ဘုရားရှင်တည်းဟူသော လောက၌ အမြတ် ဆုံးပညာရှိ၏ ဩဝါဒကို ခံယူမှသာ ထိုပြဿနာကို အကောင်းဆုံး ဖြေရှင်းနိုင်မည်ဟု သဘောပေါက် သဖြင့် ဘုရားရှင်သီတင်းသုံးတော်မူရာ ဇေတဝန် ကျောင်းတော်သို့ လာခဲ့၏။

ဘုရားရှင်ရှေ့တော်သို့ ရောက်သော်အပြစ် ခြောက်ပါး လွတ်ကင်းသော နေရာ၌ထိုင်ကာ ရှိခိုးပြီး နောက်…”အရှင်ဘုရား…ဘုရားတပည့်တော်ရဲ့ နန်းတွင်းသူ တစ်ယောက်ဟာ အမတ်တစ်ယောက်နဲ့ မှားယွင်းဖောက်ပြန်နေပါတယ်၊ ဒီအမတ်နဲ့ နန်း တွင်းသူတို့ကို ဘယ်လိုပြုသင့်ပါသလဲဘုရား” ဟု လျှောက်ထား၏။

ထိုအခါ ကောသလမင်းအား မြတ်စွာဘုရား ရှင်က –

“မင်းမြတ် …အဲဒီအမတ်ဟာ သင့်ကို ကျေးဇူးပြုနေတဲ့ အမတ်လား၊ အဲဒီနန်းတွင်းသူကို ရော မင်းကြီးဟာ ချစ်မြတ်နိုးသလား” ဟုမေးတော် မူ၏။

မင်းကြီးက …”မှန်ပါ အရှင်ဘုရား၊ ဟုတ် ပါတယ်၊ အဲဒီအမတ်ဟာ တပည့်တော်နဲ့ တပည့် တော်ရဲ့ တော်ဝင်မိသားစုအပေါ် ကျေးဇူးလည်း များ ပါတယ်၊ အလွန်လည်း အကျိုးဆောင်ပါတယ်ဘုရား၊ အဲဒီမိန်းမဟာလည်း ဘုရားတပည့်တော် ချစ်ခင် မြတ်နိုးရတဲ့ မိန်းမ ဖြစ်ပါတယ်ဘုရား” ဟု နား တော်လျှောက်၏။

ထိုအခါ ဘုရားရှင်က … “မင်းမြတ် … ကိုယ့်ကို ကျေးဇူးပြုလျက် ခစားနေတဲ့သူများနဲ့ ကိုယ်က ချစ်မြတ်နိုးရတဲ့ မိန်းမများကို မဖျက်ဆီး (မသတ်ဖြတ်)သင့်ဘူး၊ ရှေးကလည်း မင်းများဟာ ပညာရှိတို့ရဲ့ စကားကို နာကြားပြီး သူတို့ရဲ့အပြစ်ကို လျစ်လျူရှုခဲ့ကြဖူးတယ်”ဟု မိန့်တော်မူ၏။

ကောသလမင်းသည် တောင်းပန်သည့်အတွက် လွန်လေပြီးသော အတိတ်အကြောင်းကို ဟောပြတော်မူ၏။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုသောအခါ ဘုရားလောင်းသည် အမတ်မျိုး၌ဖြစ်၍ အရွယ်ရောက်သည့်အခါ ထိုဗြဟ္မ ဒတ်မင်းအား အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ် ဖြစ်ခဲ့၏။ ထိုမင်း၏အမတ်တစ်ယောက်သည် နန်းတွင်းသူ မင်းမောင်းမတစ်ယောက်နှင့် မှားယွင်း မိကြ၏။ အမတ်သည်လည်း မင်း၏အကျိုးကို အလွန် ဆောင်၏။ ကျေးဇူးလည်းများ၏။ မောင်းမငယ်သည် လည်း အလွန်ချစ်ရသူ ဖြစ်နေ၏။ ထိုသူနှစ်ယောက် တို့ကို မပျက်စီးစေလို၊ ပညာရှိ အမတ်အားမေးပြီး သည်းခံသင့်က သည်းခံမည်။ သည်းမခံသင့်က သည်း မခံ…ဤသို့နှလုံးသွင်းကာ ဘုရားလောင်းပညာရှိ အမတ်ကို ခေါ်စေပြီး ဤသို့မေး၏။

“ပညာရှိ မွေ့လျော်ဖွယ်ရှိတဲ့ ဟိမဝန္တာ တောင်ခြေရင်း ပြန့်ပြူးတည်ရှိတဲ့ မြေပြင်မှာ ချမ်း အေး ချိုမြိန်တဲ့ ရေနဲ့ပြည့်စုံတဲ့ ရေကန်(ဒါမှမဟုတ်) ကြာတို့နဲ့ ဖုံးလွှမ်းနေတဲ့ မြစ်ရှိတယ်၊ အဲဒီရေကန် (ဒါမှမဟုတ်)မြစ်ကိုခြင်္သေဟာ စောင့်ရှောက်ထား တယ်လို့ သိပါလျက်နဲ့ မြေခွေးဟာ သောက်ကောင်း သလား” မင်းကြီးက ဤသို့ ပညာသားပါပါ၊ အလင်္ကာမြောက်မြောက် မေးလိုက်သောမေးခွန်းကို ဘုရားလောင်းပညာရှိအမတ် ကြားသိသောအခါ ဧကန်ပင် နန်းတွင်း၌ နန်းတွင်းသူနှင့် အမတ်တစ် ယောက်တို့မှာ မှားယွင်းနေသည်ဖြစ်လိမ့်မည်ဟု သိရှိကာ … “မင်းမြတ် … ကြာဖြင့် ဖုံးလွှမ်း အပ်တဲ့အတွက် ပေါက္ခရဏီအမည်ရှိတဲ့ မြတ်ကြီးကို ငှက်၊ ခွေး၊ ယုန်၊ ကြောင်၊ သမင် စတဲ့ သားမျိုး တွေဟာ သောက်ကြပေမယ့် ဒီလိုသောက်တဲ့ အ တွက် ဒီမြစ်ကြီးဟာ မြစ်မဟုတ်ဘူးလို့မပြောနိုင်ပါ ဘူး၊ မြစ်ဟာမြစ်ပါပဲ။ “အဲဒီမိန်းမကို အကယ်၍ ချစ်မြတ်နိုးတော်မူရင် သည်းခံတော်မူပါတော့” ဤ သို့ ဘုရားလောင်းသည် မင်းအား ဆုံးမတော်မူ၏။ မင်းသည် ဘုရားလောင်း၏ အဆုံးအမကို နာယူကာ မှားယွင်းကြသူ နှစ်ယောက်ခေါ်ကာ ဒီလိုယုတ်မာတဲ့ အလုပ်ကို မလုပ်ကြနဲ့ဟု ဆုံးမ၏။ ထိုအချိန်ကစပြီး ထိုသူနှစ်ယောက်တို့လည်း ဖောက်ပြန်မှုမှ ရှောင်ကြဉ် ခဲ့ကြ၏။ မင်းအတွက်းလည်း အမတ်နှင့် နန်းတွင်းသူ တို့ မဆုံးရှုံးတော့ပေ။

ဘုရားရှင်၏ အဆုံးအမစကားကို နာကြားရ သော ကောသလမင်းလည်း အမတ်နှင့် နန်းတွင်း သူတို့၏ မှားယွင်းမှုကို သည်းခံကာ လျစ်လျူရှုခဲ့ သဖြင့် အမတ်နှင့် နန်းတွင်းသူတို့ မဆုံးရှုံးတော့ပေ။ ဤသည်ကား သူတော်ကောင်းပညာရှိများထံမှ အကြံÓာဏ်ကောင်းများကို ရယူကာ ဒေါသကို ထိန်းသိမ်းနိုင်ခဲ့သဖြင့် အမှားအယွင်း ကင်းခဲ့ပုံဖြစ် ပါ၏။

သူတော်ကောင်းပညာရှိ၏ အဆုံးအမကို ရယူနိုင်ခဲ့၍ မိမိအား အကျိုးဆောင်နေသော အမတ် နှင့် မိမိချစ်ရသော မောင်းမတို့ဆုံးရှုံးမှု မရှိခဲ့တော့ပေ။ ဒေါသကို အလျင်စလို မထွက်စေသင့်ကြောင်းနှင့် ပညာရှိ စကား မှတ်သားလိုက်နာသင့်ကြောင်း ဒုကနိ ပါတ်၊ ပဗ္ဗတူ ပတ္ထရဇာတ်တော်က သင်ခန်းစာပေး ထား၏။

စိရံ တိဋ္ဌတု သဒ္ဓမ္မော

သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်

Comments

comments

Post Author: manawmaya