ရှောင်မရတဲ့ ဘေး

မှုံပြာငယ်ရီ
ကုမ်ရာသီ တပို့တွဲမှာလ
ပေါက်လဲငယ်ထိန်
အဝါရောင်တောက်ချိန်မို့
ထောင်မြောက်လေနှော။
ညီးလို့ရယ်ဝါ
မီးရှို့ကာ ဘယ်သူထိုက်ခဲ့ပါလိမ့်
ပူလိုက်လေအကျိုး ဘာမှမနပ်ခဲ့ပါကလား။
လူမိုက်တွေ ပိုးသတ္တဝါ သတ်ရောထင်
(အိုကွယ်) စိုးပြတ်လယ်တော ။ ။
အကျွန်ုပ်တို့၏ကျောင်းသို့ ရောက်ရှိနေသော အာဂန္တုဆရာတော်ကြီးသည် အကျွန်ုပ် အပါအဝင် ဦးပဉ္ဇင်း၊ ကိုရင်၊ ကျောင်းသားများအား ရက်သတ္တ တစ်ပတ်လျှင် မှတ်သားလောက်သော ကဗျာတစ် ပုဒ်ကျ သင်ပေးနေကျအတိုင်း ယခု ကဗျာအသစ် တစ်ပုဒ်ကို နှုတ်တိုက်ချ သင်ပေးတော်မူနေ၏။ထိုအသစ်သင်ပေးသော ကဗျာကို တစ်ပတ်လုံးလုံး ညဘုရားရှိခိုးဝတ်တက်ပြီးတိုင်း ဆိုရမည်ဖြစ်၏။
ကဗျာတစ်ပုဒ်ကို တစ်ပတ်တိတိ ညတိုင်း ရွတ်ဆိုရသဖြင့် ဥာဏ်ကောင်းသူအတွက် နှစ်ရက်ခန့် နေလျှင် အလွတ်ရပြီး ဥာဏ်သင့်တင့်သူအတွက် လေးရက်ခန့်ကြာလျှင် ရလုနီးပါး နှုတ်တက်တော့၏။ ဥာဏ်ထိုင်းသူပင် တစ်ပတ်ကြာသောအခါ ရလုနီးပါး နှုတ်တက်နေတော့၏။
ဆရာတော်ကြီးက ကဗျာအဓိပ္ပာယ်ကိုလည်း ရှင်းပြ၏။ မြူပင်းလွင့်တို့ကြောင့် မှုံမှိုင်းပြာရီနေတတ် သော ကုမ်ရာသီတပို့တွဲလ၌ ပေါက်ပင်လဲပင်၊ ပေါက် လဲပင်တို့ အချို့က ဝါ၊ အချို့က နီဖြင့် အရောင် တောက်နေတတ်ကြောင်း၊ ဆောင်းမှနွေသို့အကူး နွေဦးရာသီ ရောက်စဖြစ်၍ တပေါင်းလကဲ့သို့ပင် လေရူးမွှေတတ်ကြောင်း၊ ထိုအခါမျိုးဝယ် မသိနား မလည်သူအချို့က ရိုးပြတ်များကို မီးရှို့တိုက်လေ့ ရှိကြောင်း၊ ထိုသို့ ရိုးပြတ်များကို မီးရှို့ မီးတိုက် ခြင်းသည် ရိုးပြတ်အတွင်း နေထိုင်သော ပိုးသတ္တဝါ အများအပြားကို သေအောင် သတ်ခြင်းဖြစ်သဖြင့် ဘာ အကျိုးမျှ မရှိသော လူမိုက်များ၏ အလုပ် သာဖြစ်ကြောင်းလည်း ရှင်းပြတော်မူသည်။
ထိုဆရာတော်ကြီးသည် အကျွန်ုပ်တို့၏ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ကြီး၏ ဆရာ ဖြစ်သည်ဟုလည်း သိရ၏။ အကျွန်ုပ်၏ဆရာတော် ကြီးသည် ကျောင်းကြီးအပေါ်ထပ် သီတင်းသုံးမြဲ ဖြစ်သော အိပ်ခန်း၌ သီတင်းသုံးကျိန်းစက်ပြီး အာဂန္တု ဆရာတော်ကြီးက သီးခြားအခန်းတစ်ခု၌ သီတင်းသုံး ကျိန်းစက်တော်မူသည်။

နေ့စဉ် နံနက် ၄ နာရီခန့် ကျိန်းစက်ရာမှ ထတော်မူသည်။ ကျောင်းထိုင်ဆရာတော် ကျိန်းစက် ရာမှ မထသေးပါက ကျောင်းတိုက်အပေါ်ထပ်၌ ထောင့်ဖြတ် စကြံကြွတ်ာမူကာ –
စောစောစီးစီးနိုးမှ
ဘုရားပုထိုးရှိခိုးမှ
သူတော်ကောင်းလည်းကိုးမှ
ဗူးပင်ခြံစပျိုးမှ
စည်းပွားချမ်းသာ တိုးကြမည် …
ဟု ရှင်းလင်းပြတ်သားစွာ အများကြား အောင် နုတ်မှ တွတ်တွတ်ရွတ်ဆိုတော်မူသည်။
အာဂန္တုဆရာတော်ကြီးသည် ညဘက်၌လည်း ဦးပဉ္ဇင်း၊ သာမဏေများအား “ဦးပဉ္ဇင်း၊ ကိုရင်တို့ …တောနေရဟန်းများကား နက္ခတ်၊ တာရာများကို သိနေရမယ်၊ နက္ခတ်တာရာများရဲ့ တောက်ပမှု၊ ညှိုးမှုဟာ သက်ဆိုင်ရာ ပုဂ္ဂိုလ်များနဲ့ တိုင်းပြည်များရဲ့ ကောင်းကျိုး၊ ဆိုးပြစ်ကို ကြိုတင် ပြောပြနေတတ်တယ်၊ ဒါ့ကြောင့် ဦးပဉ္ဇင်း၊ ကိုရင် တို့ကို အခုကောင်းကင်မှာ တွေ့မြင်နေရတဲ့ ကြယ် တာရာများရဲ့ အမည် အနေအထားကို ဒီနေ့ကစပြီး သင်ပြပေးမယ်” ဟု မိန့်တော်မူကာ ကောင်းကင်ရှိ ခုနှစ်စင်ကြယ်ကို စတင် ညွှန်ပြကာ သင်ပေးတော် မူသည်။

အကျွန်ုပ်တို့၏ ကျောင်းထိုင်ဆရာတော် ဘုရား၏ မိန့်တော်မူချက်အရ ဤအာဂန္တုဆရာတော် ကြီးသည် နက္ခတ်၊ ဗေဒင် အလွန်တတ်ကျွမ်းတော်မူ ကြောင်း သိရ၏။

တစ်နေ့၊ ဆရာတ်ာကြီးနဲ့ သူရဲ့ မိတ်ဆွေ ဆရာတော်ဘုရား နှစ်ပါးတို့ဟာ သူတို့ကိုယ်တိုင် သူတို့ နှစ်ပါးရဲ့ ဇာတာများကို စစ်ဆေးတော်မူတယ်၊ အခု ကျောင်းမှာ ကြွရောက်သီတင်းသုံးတော်မူနေတဲ့ တို့ရဲ့ဆရာ၊ ဆရာတော်ကြီးက မကြာသော ကာလ၊ လပိုင်းအတွင်းမှာပဲ လူကြီးရောဂါနဲ့ ပျံလွန်တော်မူ ရမှာဖြစ်ပြီး သူ့မိတ်ဆွေဆရာတော်က ဒီထက် စောစော ပျံလွန်တော်မူမယ်၊ ဘယ်လိုပျံလွန်တော်မူ မလဲဆိုတော့ တနင်္ဂနွေထောင့် အရပ်က အဆိပ်ရှိတဲ့ သတ္တဝါကိုက်ခဲပြီး ပျံလွန်တော်မူရမယ်လို့ ဟောကိန်း ထွက်နေတယ်။ ဒီအကြောင်းကို ဆရာတော်ကြီးက သူ့ဒကာအရင်းတွေကို ပြောပြတော့ သူ့ဒကာအရင်း တွေက ဆရာတော်ကြီး ဗေဒင် အလွန်မှန်ကြောင်း သိတဲ့ အတွက် ဆရာတော်ကြီးအတွက် စိုးရိမ်လို့ ယတြာကျေပြီး ဖြစ်အောင် သူ့ရဲ့ကျောင်းပေါ်က ဆင်းတဲ့အနေနဲ့ တို့ရဲ့ကျောင်းမှာ ခေတ္တသီတင်းသုံး တော်မူဖို့ အတင်းတိုက်တွန်းတယ်။

ဆရာတော်ကြီးက ဧကန်သေချိန်ကျရင် ဘယ်ယတြာမှ ကုစားလို့ မရနိုင်ကြောင်း၊ ကမ္မက္ခယ၊ ကံကုန်မှာကို ကံမြင့်အောင်၊ ကံကောင်းအောင်၊ ကု စားနိုင်ကောင်း ကုစားလို့ရမယ်။ အာယုက္ခယ သက်တမ်းကုန်ရင် ကုစားမရနိုင်ကြောင်း၊ ယခုမိမိ သည် သက်တော် (၈၀)ခန့် ရှိနေပြီဖြစ်၍ ယတြာ မချေလိုတော့ကြောင်း မိန့်တော်မူတယ်။

ဒါပေမဲ့ ဒကာအရင်းတွေကို ပြောလို့မရဘူး။ အတင်း ယတြာချေတဲ့အနေနဲ့ ကျောင်းပြောင်း သီတင်းသုံးဖို့သာ လျှောက်ထားကြတဲ့အတွက် သံဃာအား ဘုရားမဆန်သာဆိုတာလို တို့ကျောင်းမှာ ခေတ္တလာပြီး သီတင်းသုံးတာဖြစ်တယ်၊ ဆရာတော် ကြီး ရှိနေခိုက် မငြိုမငြင်ပြုစုကြ၊ သင်ပေးတာ ကိုလည်း မှတ်သားနာယူကြဟု မိန့်တော်မူသည်။

ရက်သတ္တပတ်အနည်းငယ်ကြာသောအခါ အာဂန္တုဆရာတော်ကြီးအား သူ၏ရွာမှ ဒကားရင်းများ က လာရောက်ပင့်တော်မူကြ၏။

အာဂန္တုဆရာတော်ကြီးက “အေးပေါ့ကွာ၊ မင်းတို့ ပြန်ပင့်တော့လည်း ပြန်လိုက်ရသေးတာပေါ့” ကိုယ့်တရားနဲ့ကိုယ် နေသူအတွက်ကတော့ ဘယ် နေရာမှ ပျင်းစရာဆိုတာ မရှိပါဘူး၊ အကောင်းဆုံး အဖော်ကတော့ တရားပါပဲ၊ ဘာဝနာတရားထက် ကောင်းတဲ့ အဖော်ဆိုတာလည်းမရှိပါဘူး၊ စီးပွား ဥစ္စာရဲ့ အနှစ်က ဒါန၊ ခန္ဓာကိုယ်ရဲ့ အနှစ်က သီလ၊ အသက်ရဲ့ အနှစ်က ဘာဝနာမို့ အသက်ရှည်သခိုက်၊ ဘာဝနာအနှစ်ကိုပဲ အရယူကြဖို့ပဲ” ဟု မိန့်ဆိုဆုံးမ တော်မူကာ ဆရာတော်ကြီး သီတင်းသုံးရာ ကျေးရွာ ရှိ ကျောင်းသို့ ပြန်လိုက်ကြွသွားတော်မူသည်။

အာဂန္တုဆရာတော်ကြီး၏ မိတ်ဆွေဆရာ တော်သည်ပင် ဟောကိန်းတွက်ချက်ကို အလေး အနက်ထားကာ “ဇီဝံ ပညာယ ရက္ခေယျ၊ ဓနံ ကမ္မေန ပါလယေ”ဟူသော စကားအားလျော်စွာ အသက်ကို ဥာဏ်ဖြင့် စောင့်ရှောက်ရာရောက်အောင် သူ့ကျောင်းဝန်း၏ တနင်္ဂနွေထောင့်ကို အထူးမြတ်ခြုံ ပိတ်ပေါင်းများ ရှင်းလင်းပြီး တလင်းကဲ့သို့ ပြောင်နေ အောင် ပြင်ဆင်ထား၏။

သို့သော် သတ္တဝါတစ်ယောက်အတွက် ဧကန် တွေ့ရမည့် ကံကြမ္မာကား ရှောင်လွှဲ၍မရချေ။ တစ်နေ့ ညဘက် ထိုအရပ်ဘက်သို့ အမှတ်မထင် သွားမိရာမှာ အဆိပ်ပြင်းသောြွေမတစ်ကောင်၏ ကိုက်ခဲခြင်းကို ခံရကား အကျွန်ုပ်တို့၏ကျောင်းသို့ြွကရောက် သီတင်းသုံးခဲ့သော ဆရာတော်ကြီးထက် စောစွာ ဘဝနတ်ထံပျံလွန်တော်မူရှာသည်။

အာဂန္တုအဖြစ် သီတင်းသုံးသွားသော ဆရာ တော်ကြီးသည် သူ့မိတ်ဆွေပျံလွန်တော်မူပြီးနောက် သူလည်း မကြာမီပျံလွန်တော်မူမည်ဟု ဧကန် သိတော်မူ၏၊ တစတစ ဆွမ်းအဝင်နည်းလာသည် ဆွမ်းတစ်ပန်းကန်ပြားခန့်မှ ဆွမ်းတစ်ကော်ခန့်၊ ထိုမှ ဆွမ်းခတ်ဇွန်းတစ်ဝက်၊ ထိုမှ ဆွမ်းဆန်ပြုတ်ကြဲ၊ ထိုမှ ဆွမ်းလုံးဝမဝင်တော့။ ထို့မှနောက် ရေ အနည်းငယ်သာ သောက်သုံးဘုန်းပေးသည်။ ထိုမှ နောက် နှုတ်ခမ်းတော်တွင်း ရေစက်ချပေးရသည်။ ထိုမှနောက် နှုတ်ခမ်းတော်ကို ရေစွတ်ပေးရပြီး မည်သို့မျှ နာကျင်မှုမရှိ၊ ဝေဒနာဆိုးများမခံစားရဘဲ အိပ်ပျော်တော်မူသွားသကဲ့သို့ ဘဝနတ်ထံ ပျံလွန် တော်မူခဲ့သည်။ ဆရာတော်ကြီး ပျံလွန်တော်မူသွား သောအခါ အခါမဲ့ ပန်းများ ပွင့်တော်မူကြ၏။

“ယတြာက၊ ဂါထာမန်းမှုတ်၊ အစုတ်အနှံ၊ ကာယံကိုယ်တွင်း၊ ဖောက်ကာထွင်း၍ သွင်းသော် လည်းကောင်း၊ လွှတ်ကြောင်းသေဘေး၊ မထင် ဝေးခဲ့”။
“အာဒိကပ္ပ၊ ကမ္ဘာကစ၊ ကာလခုတောင်၊ ပြည်ကျိုးဆောင်သည်၊ ဘုန်းခေါင်မဟာ၊ ကြီးတေ ဇာနှင့်၊ စကြာအစိုးရ၊ မင်းထိုမျှက၊ ဗုဒ္ဓပစ္စေကဗုဒ္ဓါ၊ ရဟန္တာဟု၊ ခီဏာသဝ၊ ဝိသုဒ္ဓဖြား၊ အရှင်များလည်း၊ တစ်ပါးမျှတိ၊ မြဲမရှိဘူး” ဟူသော မကာရလောပ အကျော် မန်လည်ဆရာတော်ဘုရားကြီး ရေးဆက် တော်မူသည့် မဃဒေဝလင်္ကာသစ်၌ လာရှိသည် အတိုင်းပင် နက္ခတ္တဗေဒပညာရှင်ကြီးလည်း သေ ဘေးကို မရှောင်နိုင်ခဲ့။ ဆရာတော်ကြီးကား ပညာရှိ သူတော်ကောင်းပီသစွာ သေဘေးကို တရားနှင့် ရင်ဆိုင်တော်မူခဲ့သည်။ အသက်တမ်းနှင့်အမျှ အနှစ် သာရကို ရအောင်ယူတော်မူခဲ့ပြီး မြေအိုးနှင့်တူသော တန်ဖိုးမဲ့စွာ ပျက်လွယ်လှသော လူ့ခန္ဓာကိုစွန့်ကာ နတ်ခန္ဓာ နတ်တို့၏ အသိဥာဏ်ဖြင့် ဘာဝနာတရား တို့ကို ဆက်လက် ပွားများနေပေရော့မည်။
အများသူငါလည်း ဆရာတော်ကြီးကို အတု ယူကာ မေ့လျှင် သုသာန်၊ မမေ့လျှင် နိဗ္ဗာန် ဟူ သော စကားအတိုင်း ကုသိုလ်ကို မေ့လျော့တတ် သူတို့ အကြိမ်များစွာ သွားရာဖြစ်သော သုသာန်ကို ရှောင်လွှဲကာ ကုသိုလ်မမေ့သူတို့ သွားရာဖြစ်သော နိဗ္ဗာန်သို့ မမေ့မလျော့ သွားသင့်ကြပါသတည်း။

ဝေါမြို့နယ်၊ အုတ်ဖိုကျေးရွာမှ ဆရာတော် ကြီး ဦးစန္ဒိမာမှ ပြောပြသည့် ကဝမြို့နယ်၊ ဖိုးရိုးစု ဆရာတော်ကြီး၏ ကြည်ညိုဖွယ်ရာ ဂုဏ်တော်ကို စာပန်းချီ ခြယ်မှုန်းပါသည်။

စိရံ တိဋ္ဌတု သဒ္ဓမ္မော
သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်

Comments

comments

Post Author: manawmaya