ပူဇော်ထိုက်တဲ့ကံ ရှိပါတယ်

ငါးနှစ်တာကာလ၏ ကုန်ဆုံးပုံလျှင်မြန်လှသည်ကို ငါးနှစ်စာချုပ်ဖြင့် အိမ်/မြေ ငှားရမ်းထားသူတို့ အသိဆုံးဖြစ်ပေလိမ့်မည်။

တစ်နှစ်တာကာလ၏ ကုန်ဆုံးပုံ လျှင်မြန် လှသည်ကို ဆယ်တန်းစာမေးပွဲ ဖြေဆိုရန် ကြိုးစား နေကြသော ကျောင်းသားတို့ အသိဆုံးဖြစ်ပေလိမ့် မည်။

တစ်လတာကာလ၏ ကုန်ဆုံးပုံ လျှင်မြန်လှ သည်ကို ငွေအကြေမပေးဆပ်နိုင်သဖြင့် တစ်လ တစ်ခါ အတိုးသတ်နေရသော ငွေချေးငှားထားသူတို့ အသိဆုံး ဖြစ်ပေလိမ့်မည်။

ရက်သတ္တတစ်ပတ်တာကာလ ကုန်ဆုံးပုံ လျှင်မြန်လှသည်ကို တစ်ပတ်တစ်ခါထွက် ဂျာနယ် စီစဉ်သူ ရေးသားသူတို့ အသိဆုံးဖြစ်ပေလိမ့်မည်။

နှစ်နာရီ သုံးနာရီတာ အချိန်ကာလ၏ ကုန် ဆုံးပုံ လျှင်မြန်လှသည်ကို စာမေးပွဲခန်းထဲရောက်  ရှိ စာဖြေနေကြသော ကျောင်းသား/ကျောင်းသူတို့ အသိဆုံးဖြစ်ပေလိမ့်မည် . . . ဆိုသော စကားကဲ့ သို့ပင် တစ်ပတ်တစ်ခါထုတ် ဂျာနယ်၌ စာရေးနေ သော ဤအရှင်အတွက် တစ်ပတ်တာကာလ၏ ကုန်ဆုံးပုံ လျှင်မြန်လှသည်ကို တစ်ပတ်တစ်ခါ သတိထားနေမိသည်။

ကြိုးစားရေးပါသော်လည်း တစ်ဖက်က မဖြစ်မနေ ထမ်းဆောင်နေရသော သာသနာ့တာဝန် များကြောင့် တချို့အပတ်များ မရေးနိုင်အောင် ဖြစ်ခဲ့ရသည်။

xxxxxxx

တစ်ချိန်က “ဖူးမဝနိုင်ပြီ” ဟူသော တေးထပ် ကဗျာတစ်ပုဒ်ကို ရေးစပ်ဖြစ်ခဲ့သည်။ ထို တေးထပ်သည် ဤအရှင်၏ ဘဝတစ်စိတ် တစ် ဒေသနှင့်လည်း ဆက်စပ်ပတ်သက်နေသည်။

လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်၊ ၁၉၇၅/ ၇၆ ခုနှစ်ခန့် ဤအရှင် ရဟန်းမဖြစ်ခင် လူဘဝက ဣစ္ဆာသယ မဟိဒ္ဓိစေဂိုဏ်း ပညာစဉ်များ ရယူပြီး ပယောဂဟု သတ်မှတ်သော ရောဂါများကို ပျောက် ကင်းအောင် ကုသပေးခဲ့ဖူး၏။

ထိုအချိန်က ပလတ်စတစ်ပုံးများကို ပြုလုပ် သည့် စက်ရုံကို ပိုင်ဆိုင်သော လုပ်ငန်းရှင် တရုတ် အမျိုးသား တစ်ယောက်သည် နှလုံးရောဂါသည်များ ခံစားရသော ဝေဒနာမျိုး ခံစားရသဖြင့် နှလုံးရောဂါ အထူးကုဆရာဝန်ကြီးနှင့် ပြသကြည့်ရာ ဆရာဝန် ကြီးက နှလုံးရောဂါမဟုတ်ဟု ဆုံးဖြတ်ခဲ့သည်။

ထိုလုပ်ငန်းရှင်၏ မန်နေဂျာက ထိုလူနာအား ကျွန်ုပ်ကိုသိသော သူ၏ သူငယ်ချင်း လမ်းညွှန်ချက် အရ ကျွန်ုပ်ထံသို့ ခေါ်ဆောင်လာခဲ့၏။ ထိုအခါ ကျွန်ုပ်သည် လူနာများ စမ်းသပ်ကုသရာဌာနကို မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်တောင်ပိုင်း ဦးသန်းရွှေ (ကိုချို) ဒေါ်အုန်းရှိန်တို့ နေအိမ်၌ သတ် မှတ်ဖွင့်လှစ်ထား၏။

ထိုအိမ်သို့ လူနာကို ချိန်းလိုက်ပြီး လူနာ အား ဂိုဏ်းမှ သတ်မှတ်ထားသော နည်းလမ်းများ အတိုင်း အထပ်ထပ် စမ်းသပ်စစ်ဆေးကြည့်ရာ ရိုးရိုး ရောဂါမဟုတ်ဘဲ ပယောဂရောဂါ ဖြစ်နေသည်ဟု စမ်းသပ်တွေ့ရှိရ၏။ ကုသ၍ ပျောက်နိုင် မပျောက် နိုင်ကို စစ်ဆေးကြည့်ပြန်ရာ ပျောက်ကင်းမည် ဟူ သော အဖြေကို ရရှိခဲ့၏။

ထိုလူနာကို လေ့လာကြည့်သောအခါ ဘာ သာရေးယုံကြည်မှု၊ ဗဟုသုတအား နည်းသူဖြစ် သည်ကိုလည်း တွေ့ရ၏။

ဆေးကုသရာ၌ ဩဠာရိက သုခုမ၊ အာယု ဗ္ဗေဒ၊ ဒေသနာနယ၊ ဝိဇ္ဇာနယ စသည်ရှိကြရာ ထို ပညာရပ်များအပေါ်လည်း ယုံကြည်မှု ရှိဟန်မတူ၊ ယခုကုသရမည့်နည်းက ဝိဇ္ဇာနယဖြစ်ရာ အကယ်၍ ပျောက်ကင်းသည့်တိုင် ကုသ၍ ပျောက်ကင်းသည် မဟုတ်၊ သူ့ဘာသာ ပျောက်ချိန်တန်၍ ပျောက်ပါ သည်ဟု ဆိုလျှင်လည်း ဆိုနိုင်သည်။

သို့ဖြစ်၍ ပညာစဉ်များ၏ တန်ဖိုးကိုမသိ၊ ပညာရပ်များ၏ ပိုင်ရှင် ဆရာများ၏ ကျေးဇူးကို မသိက ခေတ္တခဏတာပျောက်ပြီး စည်း၊စောင်၊ရမ်း အကာအရံ မရှိသော ခြံဝင်းအတွင်း နှင်ထုတ်ထား သော နွား၊ ခွေး စသော သတ္တဝါများ ပြန်ဝင်လာ နိုင်သကဲ့သို့ ရောဂါပြန်ဖြစ်နိုင်သဖြင့် သူ့ကို သစ္စာ ကတိ တစ်ခုပြုစေပြီးမှ ကုသပေးရသော် ကောင်း မည်ဟု သတိဝင်မိသည်။

ထိုအချိန်က ဤအရှင်သည် အသက် (၂၂) နှစ်ခန့်သာ ရှိဦးမည်။ သို့ဖြစ်၍ သူ့အား ဤရောဂါ ကို ပျောက်ကင်းအောင် ကုသပေးမည်။ ယခု ဆေးဖိုး ဝါးခ၊ ခြွေက၊ ဆရာခ (ပညာပူဇော်ခ) လုံးဝ ပေးစရာ မလို။

အကယ်၍ ဆေးကုသပေးပြီး ရောဂါ ပျောက် ကင်းသော် ဘယ်လောက်ကြာအောင် ပြန်ဖြစ် မဖြစ် စောင့်ကြည့်ချင်သလဲ။

စောင့်ကြည့်ပြီး ကျေနပ်လောက်သော အချိန် ရောက်လျှင် ဤဌာန၌ ရတနာသုံးပါး၊ ပညာပိုင်ရှင် မဟိဒ္ဓိ ဆရာကြီးများအား ပူဇော်သောအားဖြင့် ငှက် ပျော သုံးဖီး၊ အုန်း တစ်လုံးနှင့် ကန်တော့ပွဲ ငါးပွဲ ပူဇော်ရမည်။

ထိုကန်တော့ပွဲ ငါးပွဲ၌ တစ်ပွဲလျှင် ငွေ ကျပ် ၁၀ဝ စီ၊ ရွှေ ၁၀ဝ ချပ်ဆိုင်း တစ်ဆိုင်းစီ၊ ပိတ်ဖြူ တစ်ကိုက်စ ငါးစ၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ ကွမ်းဆေး လက်ဖက်စုံလင်စွာပါရှိပူဇော်ရမည်။ မပျောက်ကင်းက လုံးဝပူဇော်စရာမလို။

ပျောက်ကင်းပါလျက် မပူဇော်သော် ဧကန် ပြန်ဖြစ်လိမ့်မည်။ ထိုအခါ ကုသပေးတော့မည် မဟုတ်ဟု ကတိကဝတ်ပြုစေရာ ထိုသူက ကျေနပ်စွာ ပြုခဲ့သဖြင့် ဂိုဏ်းပညာစဉ်များအတိုင်း ကုသပေးခဲ့ရာ စွဲကပ်ခံစားနေရသော ဝေဒနာ လုံးဝ ပျောက်ကင်းခဲ့ သည်။

လနှင့်ချီပြီးမှ ထိုသူက ထားရှိသော ကတိ ကဝတ်မျိုးအတိုင်း လာရောက်၍ ဆေးကုသရာ ဌာန ၌ ပူဇော်သည်။

ထိုအချိန်က ရွှေဆိုင်းအချပ် ၁၀ဝ ပါ တစ် ဆိုင်း (ရာဆိုင်းတစ်ဆိုင်း)သည် ငွေကျပ် တစ်ရာ တန်သည်။

ထိုငွေများ၊ ထိုရွှေများကို ပညာပိုင်ရှင် ဆရာ ကြီးများလည်း ကုသိုလ်အကျိုးတိုးပွားစေ၊ မိမိလည်း ပညာပါရမီဖြစ်စေရန် ရည်ရွယ်ပြီး တစ်ကျပ် တစ်ပြား မျှ မသုံးစွဲဘဲ ဘုရားတစ်ဆူထု၍ ပူဇော်ရန် စိတ်ကူး ခဲ့သည်။ ထိုအခါက ရန်ကုန် ရွှေတိဂုံဘုရား အရှေ့မုခ် ကြားတောရလမ်း၌ နေထိုင်ပြီး ဘုရားထုဆစ်သော ဦးကျော်ဇောမှာ လက်ရာကောင်းလှသည်။ ဦးကျော် ဇော ထံသွားကာ Óာဏ်တော်တောင်ဆုပ်ခန့် ဘုရား တစ်ဆူ ထုဆစ်ပေးရန် အပ်နှံသည်။ ဦးကျော်ဇောက လက်ခ ၄၅၀ ကျပ် ကျမည်။ ရွှေ လေးဆိုင်းခန့် ကုန်မည်ဟု ဆိုသဖြင့် သဘောတူပြီး အပ်နှံသည်။

ရွှေဆိုင်းလေးဆိုင်း ပေးသည်။ သစ်သားမှာ သက်နုမဖြစ်လို၊ ရင့်မာပြီး သားကျွန်းသားဖြစ်လို သည်။ မည်သည့်အချိန်ရလိုသည်ဟု အချိန်ကို မသတ်မှတ်၊ ထုဆစ်ရသူ စိတ်အနှောင့်အယှက်ကင်း မှ လက်ရာ စိတ်တိုင်းကျရမည်။ လက်ခဈေးမဆစ်၊ သစ်စေး အကောင်းဆုံး သုံးပေးရန်နှင့် သစ်စေးချပြီး ကျောက်တိုက်မှုကို အကြိမ်အရေအတွက် ကျေနပ် လောက်သည်အထိ ဆောင်ရွက်ပေးရန်။

ဘုရားပုံတော်မှာလည်း ဒက္ခိဏသာခါ ဟု သတ်မှတ်သော ပုအိုင့်အိုင့်ပုံတော်မျိုးကို မကြိုက်၊ ရတနာပုံခေတ် ဆရာတော်ကြီးများ သတ်မှတ်ထား သော ဗောဓိရိုး ပုံတော်ခေါ်သည့် မာရ်နတ်ရန်အောင် ပြီး ဘုရားဖြစ်စ သက်တော် ၃၅ နှစ်အရွယ်ကိုသာ ထုဆစ်စေခဲ့သည်။

အလွန်အချိုးကျ သပ္ပာယ်သော ရွှေပိန်းချ ဗုဒ္ဓဆင်းတုတော်တစ်ဆူ ရရှိခဲ့သည်။

ရွှေပိန်းချရသည်မှာလည်း အကြောင်းရှိ သည်။ အာစရိယဝါဒအရ ပထမံဘိုးဘိုးအောင်သည် ပီတကသိုဏ်းရှုသောအခါ ရွှေပိန်းချ ဗုဒ္ဓရုပ်ပွားတော် ကို ရှုလေ့ရှိသည်ဆိုသောစကားကို ကြားဖူးထားသော ကြောင့်ဖြစ်သည်။

ရွှေဆိုင်း နှစ်ဆိုင်း ပိုနေသေး၍ အဂ္ဂသာဝ က နှစ်ပါးကို ထပ်မံထုလုပ်ကိုးကွယ်ခဲ့သည်။ နောက် ပိုင်း လှူလိုသူများက ဘုရားနှင့် ရဟန္တာ ရှစ်ပါး (ဘုရားကိုးဆူ) ပြည့်အောင် နောက်ထပ် ရဟန္တာ ခြောက်ပါး လှူဒါန်းခဲ့ကြသည်။

ထိုဘုရားရုပ်ပွားတော်ကို ဖူးမြော်ရတိုင်း ပီတိ ဖြစ်လှသဖြင့် ဤအရှင်က အောက်ဖော်ပြပါ တေးထပ်ကို ရေးစပ်ပူဇော်ဖြစ်ခဲ့သည်။

 

ဖူးမဝနိုင်ပြီ တေးထပ်

ဥပဂုတ်တွင် ထူးထေရ်အရှင့်

ဖူးစေချင့် နတ်မာရ်၊

မှူးပရ မေ့သခင့် မြတ်သဏ္ဌာန်ကို

မလပ်မကျန် ဖန်ဆင်း။

ဗာတ္တိံသနဲ့ အသီတိစုံတယ်

ပီတိထုံဖွယ် လက္ခဏာတော်ကရှင်း။

ဝဲယာအဂ္ဂ မလစ်နှစ်သွယ်ပါတယ်

ရှစ်ဆယ်မဟာ သာဝကချဉ်း။

ဖြစ်ဖွယ်သဒ္ဓါ အရဟန္တသနင်းရဲ့

တစ်လံမျှ လင်းရောင်ခြည်။

မထေရ်မြင်သော် သဒ္ဓါရှိန်ြွကလို့

ခါကြိမ်ကြိမ်ပ ဖူးမဝနိုင်ရှာပြီ။

မထေရ်မြတ်အလား ပမာထပ်ညီကာ

သဒ္ဓါဓာတ်ကြည်စွာ Óာဏ်ယှဉ်ပွားလို့။

ကံလျှင်နတ်သား ဖန်ဆင်းထွင်းထုပမာ

လျှံဝင်းဆင်းတုမဟာ။

ပူဇော်ထိုက်တဲ့ ရှိကံပါတယ်

တပည့်ဖန်ခါ ရှိဦးတင်သဘုရာ့လေး ။   ။

 

အထက်ဖော်ပြပါ တေးထပ်၏ အဓိပ္ပာယ်မှာ-

သာသနာတော်နှစ် ၂၃၅ နှစ်၊ ဗုဒ္ဓပရိ နိဗ္ဗာန် စံလွန်တော်မူပြီး ၂၃၅ နှစ်အကြာ၊ သီရိဓမ္မာသောက မင်းကြီးလက်ထက် ပေါ်ထွန်းတော်မူလာသော အရှင် ဥပဂုတ် ရဟန္တာအရှင်မြတ်သည် ဗုဒ္ဓဘုရားရှင်အား မဖူးမြင်ဖူး၍ အလွန်ဖူးမြော်ချင်ရှာသည်။

 

(ဇိနတ္ထပကာနီကျမ်း၌ လာရှိသော အကြောင်းအရာကိုယူ၍ တေးထပ် ရေးစပ်ထားခြင်း သာ ဖြစ်ပါသည်။ အရှင်ဥပဂုတ် ရှိ မရှိ စိစစ်ရမည့် သုတေသနအရ မဟုတ်ပါ၊ ကြည်ညိုဖွယ် သဒ္ဓါတရား အရသာ ဖြစ်ပါသည်။ ဤကား စကားချပ်)

မြတ်စွာဘုရားရှင်ကို မာရ်နတ်ကကောင်း စွာမီလိုက်သည်။ သို့ဖြစ်၍ အရှင်ဥပဂုတ် ဆုံးမပြီး၍ ယဉ်ကျေးနေပြီဖြစ်သော မာရ်နတ်အား လက္ခဏာ တော်ကြီးငယ်နှင့်တကွသော ဘုရားရှင် သဏ္ဌာန် တော်ကို သာဝကအခြံအရံနှင့်တကွ ဖန်ဆင်းပြပါရန် အရှင်ဥပဂုတ်က မာရ်နတ်အား တောင်းပန်သည်။

မာရ်နတ်က အရှင်မြတ် မိန့်တော်မူသည့် အတိုင်း ဖန်ဆင်းပြပါမည်။ ရှိခိုး ဦးချခြင်း ပြုတော် မမူပါရန်တောင်းပန်ပြီး မာရ်နတ်ကဘုရားရှင်သဏ္ဌာန် တော်ကို ၃၂ ပါးသော (ဗာတိံ္တသ မဟာပုရိသ လက္ခဏ) အပါး ၈၀ သော လက္ခဏာတော်ငယ်များ ပြည့်စုံစေလျက် အဂ္ဂသာဝက နှစ်ပါး မဟာသာဝက အပါး ၈၀ တို့ ခြံရံလျက် ဖန်ဆင်းပြတော်မူ၏။

သပ္ပာယ်တော်မူလှသော နိမ္မိတ မြတ်စွာ ဘုရားရှင်ကို ဖူးမြင်ရသော အရှင်ဥပဂုတ် မထေရ် မြတ်သည် ဦးချကန်တော့မှုမပြုပါဟု ပေးထားသော  ကတိစကားကို မေ့လျော့တော်မူကာ အကြိမ်ကြိမ် အခါခါ ဦးချကန်တော့မိရှာ၏။

ထိုသို့ပင် ဤအရှင်လည်း အလွန်သပ္ပာယ် သော ဘုရားရှင် ဆင်းတုတော်ကို စီမံပူဇော်ထိုက် သည့်ကံပါရှိ၍ ပူဇော်ခွင့်ရသည့်အတွက် အခါခါ ဖူး မြော်မဝဘဲ ဗုဒ္ဓါနုဿတိကြောင့် ဝမ်းသာပီတိ ဖြစ်ရ ကြောင်း ဖူးမဝနိုင်ပြီတေးထပ်ကို ရေးစပ်ပူဇော်ခဲ့ပါ သည်။ ထိုဘုရားရှင်ရုပ်ပွားတော်သည် ယခုအခါ ရန် ကုန် သဒ္ဓမ္မမဏ္ဍိုင်ကျောင်းတိုက် အာရာမ်မြေ အလှူ ရှင် (ဦးတင်မောင်)+ဒေါ်စိန်စိန် မိသားစုတို့ အိမ်တွင် ကိန်းဝပ်လျက်ရှိ၏။

ဤဗုဒ္ဓဘုရား ဆင်းတုတော်တန်ခိုးတော် ကြောင့် ဦးတင်မောင် ဒေါ်စိန်စိန်၊ သမီး ဒေါ်ညွန့်ညွန့် စိန် မိသားစုတို့သည် ဘုရားဒကာ ဒကာမ၊ ကျောင်း ဒကာ ဒကာမ၊ ရဟန်း ဒကာ ဒကာမများ ဖြစ်ခဲ့ ရသကဲ့သို့ ဤအရှင်လည်း သဒ္ဓမ္မမဏ္ဍိုင်ကျောင်း တိုက် အာရာမိဿရိယ၊ ပဓာနနာယက ကျောင်းပိုင် ကျောင်းထိုင်အဖြစ် ချမ်းသာစွာ သာသနာပြုလျက် ရှိပါသတည်း။   ။

စိရံ တိဋ္ဌတု သဒ္ဓမ္မော

သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်

Comments

comments

Post Author: manawmaya