သဘောလည်း မြတ်စေ၊ အပြောလည်း တတ်စေ

မြတ်စွာဘုရားရှင်က- စကားပြောသည့်အခါ အင်္ဂါ လေးတန်နှင့် ပြည့်စုံအောင် ပြောဆိုရမည် ဖြစ်ကြောင်း သုဘာသိတသုတ် သဂါထာဝဂ္ဂ သံယုတ် ပါဠိတော်၌ ဟောကြားတော်မူသည်။

အင်္ဂါ လေးပါးဟူသည် –

သုဘာသိတဝါစာ- ကောင်းစွာ ပြောဆိုအပ် သောစကား၊ ဓမ္မဝါစာ- တရားတော်နှင့် ညီညွတ် သောစကား၊ ပိယဝါစာ- ချစ်ဖွယ်သောစကားနှင့် သစ္စဝါစာ- မှန်သောစကားတို့ ဖြစ်ကြ၏။

လောက၌ စကားခြောက်ခွန်းရှိ၏။ စကား ခြောက်ခွန်း ဟူသည် –

(၁)       ဟုတ်မှန်၍ အကျိုးရှိပြီး သူလည်း နာ ကြားလိုသောစကား။

(၂)       ဟုတ်မှန်၍ အကျိုးရှိပြီး သူလည်း မနာကြားလိုသောစကား။

(၃) ဟုတ်မှန်၍ အကျိုးမရှိ၊ သူလည်း မနာ ကြားလိုသောစကား။

(၄) မဟုတ်မမှန်အကျိုးရှိ၍ သူလည်း နာ ကြားလိုသောစကား။

(၅) မဟုတ်မမှန် အကျိုးမရှိ၍ သူလည်း နာကြားလိုသောစကား။

(၆) မဟုတ်မမှန်အကျိုးမရှိ၍ သူလည်း မနာ ကြားလိုသော စကားတို့ဖြစ်ကြ၏။

ဘုရားရှင်တို့သည်  ဤစကား ခြောက်ခွန်း အနက် ပထမစကားနှင့် ဒုတိယစကား နှစ်ခွန်းကိုသာ သင့်လျော်သလို သုံးစွဲတော်မူကြပြီး နောက်လေးခွန်း ကိုမူကား လုံးဝသုံးစွဲ ပြောဆိုတော်မမူကြချေ။

စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကို ပယ်၊ နှစ်ခွန်း တွယ် ဟုပညာရှိများ မှတ်တမ်းပြုထား ကြ၏။

စကားပြောရာ တိုက်တွန်းရာ၌ ကောင်းမွန် သည်ပင် ဖြစ်စေကာမူ နားထောင်သူ၏ စရိုက်၊ အကြိုက်နှင့် မကိုက်ညီပါက မကောင်းသောစကား ဟု အထင်ခံရပြန်သည်။

သဒ္ဓါတရားမရှိသူအတွက် သဒ္ဓါတရားနှင့် စပ်သော စကားသည် မကောင်းသော စကားဖြစ်၏။

သီလမရှိသူအတွက် သီလနှင့်စပ်သော စကား သည် မကောင်းသော စကားဖြစ်၏။

အကြားအမြင်သုတ နည်းသူအတွက် ဗဟု သုတ ဖြစ်ဖွယ်စကားသည် မကောင်းသောစကား ဖြစ်၏။

ဝန်တိုသူအတွက် ပေးလှူကြောင်း စာဂနှင့် စပ်သော စကားသည် မကောင်းသောစကားဖြစ်၏။

ပညာမရှိသူအတွက် ပညာနှင့်စပ်သော စကားသည် မကောင်းသော စကားသာဖြစ်၏ဟု ဟောတော်မူ၏။

စကားကား လူမှုဆက်ဆံရေး နယ်ပယ်၌ အသုံးအဝင်ဆုံးအရာဟု ဆိုက မှားအံ့မထင်။

စကားကို နားထောင်သူများထဲတွင် အမှန်ကို ပြောမှ သဘောကျသူများကို မြှောက်ပင့် ညာဖြန်း၍ မရနိုင်။ သဘာဝကျအောင်ပြောမှ ကြိုက်သူကို လည်း သဘာဝနှင့် အလှမ်းဝေးသော စကားကို ပြော၍ အဆင်ပြေလိမ့်မည် မဟုတ်ချေ။

“မှန်တာပြော သစ္စာ”ဟူသော စကားနှင့် အညီ အမှန်ပြောသည်ကိုသာ ကြိုက်သော ကြာပန်း များ ဖူးပွင့်နေသည့် ကြာကန်ကို စောင့်နေသူထံ ကြာပန်းတောင်းကြသူ သုံးဦးအကြောင်း ဇာတက တိက နိပါတ် ပဒုမဇာတ်၌ ဤသို့လာရှိပါသည်။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်းမင်းပြုစဉ် ဘုရားလောင်းသည် သူဌေး သား ဖြစ်ခဲ့၏။ ထိုအခါ မြို့အတွင်းရှိ ရေကန်ကြီး တစ်ခုဝယ် ပဒုမ္မာကြာပန်းများ ဖူးပွင့်နေကြ၏။ ထို ရေကန်ကြီး၌ နှာခေါင်းပြတ်နေသော ယောကျာ်း တစ်ယောက်သည် အမြဲစောင့်နေ၏။

တစ်နေ့ ဗာရာဏသီပြည်၌ ပွဲတော်ကြီး ကျင်းပနေကြောင်း အုတ်အုတ်ကျက်ကျက် ပြောဆို နေကြ၏။ ထိုပွဲတော်၌ ကြာပန်းပန်ကာ ပျော်ပွဲဆင် လိုကြသည့် သူဌေးသား သုံးယောက်တို့သည် နှာ ခေါင်းပြတ်နေသော ယောကျာ်းအား မဟုတ်မမှန် ချီးမွမ်းကာ ကြာပန်းတို့ကို တောင်းယူမည်ဟု ကြံ စည်ပြီး ရေကန်ကြီးတွင် ကြာပန်းခူးနေသော နှာ ခေါင်းပြတ် ယောကျာ်းအနီးသွားကာ သူဌေးသား တစ်ယောက်သည် ရေကန်စောင့်ကို ခေါ်၍ –

“အဆွေ …မုတ်ဆိတ်ဆံပင်တွေဟာ ရိတ် တိုင်း ရိတ်တိုင်း ပြန်ပြန်ပေါက်သလို ခင်ဗျားရဲ့ နှာ ခေါင်းဟာလည်း တစ်ဖန် ပြန်ပေါက်ပါစေ …၊ ခင်ဗျားဟာ ကျွန်တော့်ကို ကြာပန်းပေးပါတော့”ဟု တောင်းလေ၏။

ရေကန်စောင့်က ထိုသူဌေးသား၏ စကား ကိုကြားသောအခါ စိတ်ဆိုးပြီး ကြာပန်းတို့ကို မပေး ခဲ့ချေ။

ထိုအခါ ရေကန်စောင့်အား နှစ်ယောက် မြောက်သော သူဌေးသားက “မိတ်ဆွေ … တန်ဆောင်မုန်းလမှာ ယူထားတဲ့ လယ်မှာစိုက်ပျိုးတဲ့ မျိုးစေ့ဟာ အပင်ပေါက်သလို ခင်ဗျားရဲ့ နှာခေါင်းဟာ လည်း တစ်ဖန်ပြန်ပေါက်ပါစေ။ သင်ဟာ ငါ့ကို ကြာ ပန်းပေးပါတော့”ဟု တောင်းပြန်၏။

ရေကန်စောင့်သည် ထိုသူဌေးသား၏ စကား ကို ကြားသောအခါ အမျက်ထွက်၍ ကြာပန်းကို မပေးချေ။

ထိုအခါ ရေကန်စောင့်အား သုံးယောက် မြောက်သော ဘုရားလောင်းသူဌေးသားက “မိတ် ဆွေ …ဒီသူဌေးသားနှစ်ယောက်ဟာ ကြာပန်း တို့ကို ပေးလိမ့်မယ်ထင်ပြီး တောင်းကြတယ်။ သူတို့ ဘယ်လိုပြောပြော ပြတ်ပြီးတဲ့ နှာခေါင်းဟာ ပြန် ပေါက်တယ်ဆိုတာ မရှိပါဘူး။ ခင်ဗျား ကျွန်တော့်ကို ကြာပန်းပေးပါတော့” ဟု တောင်းပြန်၏။

ထိုရေကန်စောင့်သည် ထိုသူဌေးသား၏ စကားကို ကြားသောအခါ –

“သူဌေးသား နှစ်ယောက်ဟာ မဟုတ်မမှန် တဲ့ စကားကိုဆိုပြီး တောင်းကြတယ် …၊ ခင်ဗျားက တော့ အဟုတ်အမှန်ကိုသာ ပြောဆိုပြီး တောင်းပေ တယ် …၊ ခင်ဗျားကို ပဒုမ္မာ ကြာပန်းပေးဖို့ သင့် လျော်တယ် …”ဟု ပြောဆိုချီးကျူးကာ ပဒုမ္မာ ကြာပန်းစည်းကြီးကို ယူ၍ပေးပြီး မိမိနေရာ ကြာကန် သို့ ပြန်သွားခဲ့သည်။

သူတစ်ပါး မကြိုက်သော စကားကို ပြော ခြင်းသည် ရန်စသကဲ့သို့ ဖြစ်၏။ သူ့မှာ နှာခေါင်း ပြတ်နေသည်ကို သူကိုယ်တိုင်သိသော်လည်း သူတစ် ပါးက အားနည်းချက်ကို ပြောလာသည်ကိုမူ သူ မကြားလိုချေ။ မဖြစ်နိုင်သည်ကို ပြောလာသောအခါ မကြားချင်ရသည့်အထဲ စိတ်ထဲက မျက်မိလာဟန် တူသည်။ သို့ဖြစ်၍ သူတစ်ပါး မကြားလိုသော အရာ ကို မပြောမိအောင် စောင့်စည်းသင့်ကြောင်းနှင့် မှန်ရာ ကိုသာ ပြောသင့်ကြောင်း ဤဇာတကက သင်ခန်း စာပေး၏။

စကားကို သဘာဝကျအောင် ပြောတတ် လျှင် ပညာရှိတို့ နှစ်သက် သဘောကျကြောင်း ဇာတက၊ စတုက္က နိပါတ် သဗ္ဗမံသလာဘဇာတ်ကို တင်ပြချင်သည်။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားလောင်းသည် သူဌေး သား ဖြစ်ခဲ့၏။ တစ်နေ့ မုဆိုးတစ်ယောက်သည် အမဲသား အများအပြား လှည်းယာဉ်ပြည့် တင်ကာ ရောင်းမည်ဟု မြို့သို့လာ၏။

ထိုအခါ ဗာရာဏသီမြို့၌နေသော သူဌေး သားလေးယောက်တို့သည် မြို့မှထွက်၍ လမ်းတစ် လမ်းအနီး စုရုံးကာ မိမိတို့ မြင်ဖူးတွေ့ဖူးရာကို ပြော ဆိုနေကြ၏။

ထိုသူဌေးလေးယောက်တို့တွင်  သူဌေးသား တစ်ယောက်က အမဲသား အပြည့်တင်လာသော လှည်းကို မြင်သောအခါ “ငါ အမဲသားရအောင် သွားပြီး မုဆိုးဆီ တောင်းမယ်”ဟုပြောကာ မုဆိုး ထံကပ်၍ “ဟယ်မုဆိုး …ငါ့ကို အမဲသားပေးပါ” ဟုဆို၍တောင်း၏။ ထိုအခါ မုဆိုးက “မိတ်ဆွေ …မင်းဟာ တောင်းသူဖြစ်ပါလျက် မင်းရဲ့စကား ဟာ  ကြမ်းတမ်းလှတယ်၊ မင်းရဲ့စကားဟာ အမြှေးနဲ့ တူတယ်။ ဒါ့ကြောင့် မင်းကို အမြှေးကို ပေးမယ်” ဟုဆို၍ အသား အသွေးမရှိသော အမြှေးကို ပေး လေ၏။

ထို့နောက် သူဌေးသားတစ်ယောက်သည် “မင်း ဘယ်လိုဆိုပြီး တောင်းသလဲ”ဟု မေး၏။ ဟယ် …ဟုဆိုကာ တောင်းကြောင်းပြန်ပြောပြ၏။

ထိုအခါ သူဌေးသားက “ငါလည်း တောင်း ဦးမယ်”ဟု ဆိုကာ မုဆိုးထံကပ်၍ “အစ်ကိုကြီး … ကျွန်တော့်ကို အမဲသားပေးပါ”ဟုဆို၍ တောင်း ပြန်၏။ မုဆိုးက “မိတ်ဆွေ … လောကမှာ လူ တွေဟာ ကိုယ်အင်္ဂါကို စွဲပြီး အစ်ကိုလို့ခေါ်ကြတယ်။ မင်းရဲ့ စကားဟာ ကိုယ်နဲ့တူတယ်၊ ဒါကြောင့် မင်းကို ကိုယ်သားပေးမယ်”ဟုဆိုကာ ကိုယ်သားကို ပေး၏။

နောက် သူဌေးသားတစ်ယောက်က “မင်း ဘယ်လိုပြောပြီး တောင်းသလဲ”ဟုမေး၏။ “အစ်ကို လို့ ခေါ်ပြီးတောင်းတယ်”ဟု ပြန်ပြောပြ၏။ ထို သူဌေးသားက “ငါတောင်းဦးမယ်”ဟုဆိုကာ မုဆိုး ထံကပ်၍ “အဘ(အဖေ) …ကျွန်တော့်ကို အမဲသား ပေးပါ”ဟုဆို၍ တောင်းပြန် ၏။ မုဆိုးက “မိတ်ဆွေ …အဘ(အဖေ) ဟူသော စကားကို ဆိုသော သားသည် အဘ(ဖခင်)ရဲ့ နှလုံးကို တုန်လှုပ်စေ တယ်။ မင်းရဲ့စကားဟာ နှလုံးသားနဲ့ တူတယ်။ ဒါကြောင့် မင်းကို နှလုံးသားပေးမယ်”ဟုပြောကာ နှလုံးသားကို ပေးလေ၏။

နောက်ဘုရားလောင်း သူဌေးသားက အမဲ သားတောင်းသော သူဌေးသားကို “မင်း ဘယ်လို ပြောပြီး တောင်းသလဲ”ဟု မေး၏။ “အဘ (အဖေ) ခေါ်၍ တောင်းတယ်” ဟု ပြန်ပြော၏။ ထိုသူဌေး သားက “ငါတောင်းဦးမယ်”ဟု ပြောဆိုကာ မုဆိုးထံကပ်၍ “အဆွေခင်ပွန်း …ကျွန်တော့်ကို အမဲ သားပေးပါ”ဟုဆို၍ တောင်းပြန်၏။ မုဆိုးက “ရွာ ပင်ဖြစ်ပေမယ့် အဆွေခင်ပွန်း မရှိတဲ့ရွာဟာ တောနဲ့ တူတယ်။ ခင်ဗျားရဲ့စကားဟာ ကိုယ်အားလုံးနဲ့ တူ တယ်၊ ဒါ့ကြောင့် ခင်ဗျားကို အမဲသားအားလုံး ပေးပါ မယ်”ဟု ပြောကာ လှည်းယာဉ်၌ ရှိသော အမဲသား အားလုံးကိုပေး၏။

သူဌေးသားသည် မုဆိုးအား လှည်းယာဉ်ကို အိမ်သို့ မောင်းစေ၍ မုဆိုးအား ပေးကမ်းပူဇော်၏။ မုဆိုး၏ သားမယားကိုလည်း ခေါ်စေပြီး မုဆိုး အလုပ် ကို ပယ်စွန့်စေကာ မိမိရဲ့ ဥစ္စာ များအတွင်း၌ နေစေ ပြီး စည်းစိမ်ခံစားကာ မုဆိုးနှင့် အဆွေခင်ပွန်း မပျက် ဘဲ အသက်ထက်ဆုံး သင့်တင့်ပြီး ညီညွတ်စွာ နေကြ လေတော့၏။

ဘုရားရှင် ပွင့်တော်မူသောအခါ ထိုအခါက စကားအတိမ်အနက်ကို သိသော ပညာရှိ မုဆိုးကား အရှင်သာရိပုတ္တရာမထေရ် ဖြစ်လာခဲ့၏။

အလုံးစုံ အမဲသားရသော သူတော်ကောင်း သူဌေးသားကား ဘုရားရှင် ဖြစ်တော်မူလာခဲ့၏။ အမှန်စကားကို ပညာရှိများ နှစ်သက်ကြောင်းနှင့် သူတော်ကောင်းနှင့် တွေ့ဆုံပေါင်းသင်းရခြင်းကား အကျိုးကြီးမားလှကြောင်း မှတ်သားဖွယ်ရာပင် ဖြစ်ပါ သတည်း။  ။

စိရံ တိဋ္ဌတု သဒ္ဓမ္မော

သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်

Comments

comments

Post Author: manawmaya