ရိုစီမပြောပြတဲ့ ရေရှူနည်း

တစ်နေ့သ၌ လှိုင်မြို့နယ် ဘူတာရုံလမ်း မှတ်တိုင်အနီးရှိ အေးရိပ်မွန်၁လမ်း၊ တိုက် ၁၅၊ အခန်း ဝ၀၄ တွင်ရှိသော ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းကလေးအတွင်းဝယ် ကျွန်ုပ်သည် ဂျာနယ် တစ်စောင်အတွက် စာမူတစ်ပုဒ်ကို အသည်းအသန် ရေးသားနေရလေ၏။

အဘယ်ကြောင့်စာမူကို အေးအေးလူလူမ ရေးဘဲ အသည်းအသန်ရေးနေရသနည်းဟု မေးဖွယ်ရာ ရှိပေသည်။

ကျွန်ုပ်၏ဆရာကြီး အဘမင်းသိင်္ခသည် စာ ရေးသောအခါ၌ ပါးစပ်မှ ခေါ်ပေးလေ့ရှိ၏။ လက် ရေးလက်သား သွက်လက် သပ်ရပ်သော တပည့်တစ် ဦးဦးက နောက်မှလိုက်ပြီး ရေးပေးရ၏။ ကျွန်ုပ်သည် အဘရေးခဲ့သော စာမူပေါင်းများစွာကို လိုက်ရေးပေး ခဲ့ရသော အတွေ့အကြုံရှိ၏။ သို့ဖြစ်ရာ အဘရေး သော ဟန်၊ အဘ၏လေသည် ကျွန်ုပ်၏ နားစည်မှ သည် နှလုံးအိမ်သို့တိုင် စွဲထင်လျက် ရှိလေတော့၏။ အဘ၏ တွေးပုံတွေးနည်း အငွေ့အသက်တို့သည် လည်း ကျွန်ုပ်၌ မသိမသာဆိုသလို စွဲငြိလာရလေ တော့၏။

ပမာဆိုရလျှင် အဘသည် သင်းပျံ့မွှေးကြိုင် သော တောင်ဇလပ်ပန်းဖြစ်၏။ ကျွန်ုပ်ကမူ ပန်းကို ထုပ်သော ဖက်မျှသာ ဖြစ်၏။ ဖက်သည် မမွှေးပေ။ သို့ရာတွင်ပန်းကို ထုပ်ထားလိုက်သောအခါ၌ ဖက် တွင် ပန်း၏ ရနံ့လေးသည် မသိမသာကလေး စွဲ ကပ်သွားလေတော့၏။ ကျွန်ုပ်သည်လည်း အဘ မင်းသိင်္ခကို ကိုယ်ရောစိတ်ပါ တွယ်ဖက် မှီခိုထား သူတစ်ဦးဖြစ်သောကြောင့် နဂိုမူလက ဘာရနံ့မျှ မရှိခဲ့သော ကျွန်ုပ်သည် ကာလအတန်ကြာသောအ ခါ၌ အဘ၏ ရနံ့ကလေး မသိမသာ စွဲကပ်လာရ လေတော့၏။

ထို့ကြောင့် ကျွန်ုပ်စာရေးသောအခါ၌လည်း လက်ဖြင့် ချရေးရခြင်းကို အားမရချင်တော့ပေ။ ကလေး တစ်ယောက်ယောက်ကို မုန့်ဖိုးပေး၍ နောက်မှ လိုက်အရေးခိုင်းရလေ၏။ ထို့နောက်တွင် မှ ကွန်ပျူတာဆိုသော ပစ္စည်း တွင်တွင်ကျယ်ကျယ် ဖြစ်လာသောအခါ ကျွန်ုပ်သည် ပေါချောင်ကောင်း ရသည့် ကွန်ပျူတာလေးတစ်လုံးကို ဝယ်ယူလိုက် လေ၏။ ပေါချောင်ကောင်းဟုသာ ဆိုရသော်ငြား လည်း ကျွန်ုပ်သည် ကွန်ပျူတာဆိုသောအရာကို နာမည်ကလေး ခေါ်တတ်ရုံမျှလွဲ၍ ဘာမျှမသိရှာပါ။  အထဲတွင် ဘာတွေပါသနည်း၊ အဟောင်းလော၊ အသစ်လော၊ အကောင်းလော၊ အဆိုးလော ကျွန်ုပ် လုံးဝမသိနိုင်ပါ။ ထို့ကြောင့် ပေါချောင်ကောင်း မဟုတ်ဘဲ ပေါချောင်ဆိုးကြီးလည်း ဖြစ်နေနိုင်ပေ သည်။ ကလေးများ ပြောသလိုဆိုလျှင် အမှန်အကန် မဟုတ်ဘဲ အင်မှန်အင်ကန်ကြီးဖြစ်နေနိုင်ပေသည်။

မည်သို့ပင်ဖြစ်စေကာမူ ကျွန်ုပ်သည် ကွန် ပျူတာဆိုသော ပစ္စည်းတစ်ခုကို စွန့်စွန့်စားစား၊ သို့မဟုတ် မိုက်မိုက်မဲမဲ ဝယ်ယူခဲ့ပြီဖြစ်၏။ ရှေးလူကြီး သူမတို့က “မြင်းစီးပြီး အထီးမှန်း အမမှန်းမသိ” ဟု ဆိုမိန့်ခဲ့ကြဖူး၏။ ကျွန်ုပ်၏ အဖြစ်ကား ထိုထက် ပင်ဆိုးပေတော့မည်။ ကွန်ပျူတာဆိုသည်မှာ အထီး လော၊ အမလော ကျွန်ုပ်မသိပါ။ ရေသတ္တဝါလော၊ ကုန်းသတ္တဝါလော ကျွန်ုပ်မသိပါ။ အရွက်စား သတ္တ ဝါလော၊ အသီးစားသတ္တဝါလော ကျွန်ုပ်မသိပါ။

ကျွန်ုပ် ဘာမျှ မသိတတ်သောကြောင့် ကျွန်ုပ် ၏ ညီတော်မောင်တစ်ဦးက လာ၍ ကူညီပေး၏။ ကျွန်ုပ်က စာရေးသောအခါ ပါးစပ်မှခေါ်ပေး၏။ ၄င်း က ကွန်ပျူတာဖြင့် နောက်မှလိုက်၍ ရိုက်၏။ တော် တော်တော့ ဟုတ်နေပေပြီ။ သို့ရာတွင် မဟုတ်သော ကိစ္စများလည်း တအုပ်တမကြီးပင်။

မမ်မိုရီက ဘာဖြစ်လို့တဲ့၊ စီဒီရိုက်ဒါက ဘာ ဖြစ်ပြန်ပြီတဲ့၊ ဟတ်ဒစ် ဘာဖြစ်သွားလို့တဲ့၊ မောက်စ် မကောင်းဘူး။ ကီးဘုတ်က ကြောင်နေပြီတဲ့။ မော်နီ တာ လဲရမယ်တဲ့၊ ဝမ်းတူးအိတ်နဲ့ တူးဖိုက်စစ် တော် တော်ကွာတယ်တဲ့၊ ပြီးတော့ရှိသေးတယ်။ ပီသရီးတဲ့၊ ပီဖိုးတဲ့ ဘာတစ်ခုမျှ ကျွန်ုပ်မသိ ရိုးအမှန် ဖြစ်ပေ တော့၏။

ယခုလည်း ဂျာနယ်အတွက် အရေးကြီး၍ စာရေးနေစဉ် စက်သည် ကောင်းကောင်း အလုပ်မ လုပ်ဘဲ ဖြစ်နေ၏။ စက်လေးသည်ဆိုလား ဘာဆို လားမသိ၊ ဗိုင်းရပ်စ်ဆိုလား ဘာဆိုလားမသိ၊ ကျွန်ုပ် အနေနှင့်သာဆိုလျှင် ကွန်ပျူတာကို ပိုးသတ်ဆေး တိုက်ရန်သာ ရှိပေတော့သည်။ သို့ရာတွင် ထိုသို့ လုပ်၍လည်း မဖြစ်နိုင်ရကား၊ ထိုစက် ထော့နင်း ထော့နင်းနှင့်ပင် စာမူကို မပြီးပြီးအောင် သည်းကြီး မဲကြီး မနည်းသည်းခံ၍ ရေးနေရလေတော့၏။ ထို့ ကြောင့် ကျွန်ုပ် စာရေးသည်မှာ စာရေးသည်နှင့် မတူဘဲ ချွေးတလုံးလုံးနှင့် ရှိလေတော့၏။ အရပ်ထဲ က ကလေးများပြောသလို ပြောရလျှင် နွားသတ် နေသကဲ့သို့ ဖြစ်လေတော့၏။

ဤသို့လျှင် ကျွန်ုပ်သည် နွားသတ်သမားတစ် ဦးပမာ စာမူတစ်ပုဒ်ကို အသည်းအသန်ရေးနေလေ ၏။ ထိုအချိန်၌မှာပင် ရိုစီမဟူသော အူကြောင် ကြောင် ကျပ်မပြည့်သည့် မိန်းကလေးတစ်ဦး ကျွန်ုပ် ထံ ရောက်လာလေတော့၏။ ၄င်း ရိုစီမသည် မျက်နှာ ဖြူမတစ်ဦး ခွေးရူးကိုက်၍ သေလွန်ခဲ့ရာမှ ပြန်ပြီး ဝင်စားသူ လူဝင်စားဟူ၍ ၄င်းကိုယ်၎င်း အထင် ရောက်နေသူတစ်ဦးဖြစ်၏။ ငယ်စဉ်ကပင် အင်္ဂလိပ် အစားအသောက်ကိုသာ စားသောက်၏။ စကားပြော လျှင် အင်္ဂလိပ်လိုညှပ်၍ ပြောလေ့ရှိ၏။ အမှန်မှာ အင်္ဂလိပ်စကားထဲတွင် မြန်မာလိုညှပ်၍ ပြောခြင်း ဖြစ်၏။ ကလေး တွတ်တီးတွတ်တာဘဝက လူကြီး မိဘများက ထိုအပြုအမူများကို သဘောကျနှစ်ခြိုက် ခဲ့သော်လည်း နောက်ပိုင်းတွင်မူ အမြင်ကပ်စရာ ဖြစ်လာလေတော့၏။ ကျောင်းထားသောအခါ၌ လည်း အဆင်မပြေဖြစ်လာ၏။ ထို့ကြောင့် နောက် ဆုံးတွင် နှစ်တန်းနှစ်တန်းလန်း၌ ကျောင်းတော်ကို ကျောခိုင်းခဲ့ရလေတော့၏။

အရပ်တကာ လျှောက်သွားရင်း ကျွန်ုပ်ထံသို့ မကြာမကြာ ရောက်လာခြင်းဖြစ်၏။ ယနေ့ကဲ့သို့ ကျွန်ုပ်၏ ဟောခန်းပိတ်သော တနင်္လာနေ့များ၌ဆို လျှင် ပုံမှန်ဆိုသလို ရောက်လာတတ်လေ၏။ ယခု လည်း ၄င်းရိုစီမသည် ကျွန်ုပ်ထံသို့ ရောက်လာပြန် ပြီဖြစ်၏။ ၄င်းသည် ကျွန်ုပ်အား-

“မာစတာ ဆရာရေ ဂွတ်တမောနင်း မင်္ဂလာပါ …”

ဟု အင်္ဂလိပ်တစ်ပိုင်း မြန်မာတစ်ဝက် လှမ်း ပြီး နှုတ်ဆက်၏။ ကျွန်ုပ်မှာမူ ၄င်းအား အင်္ဂလိပ်လို လည်း မတုန့်ပြန်နိုင်၊ မြန်မာလိုလည်း မတုန့်ပြန်အား ဘဲ စာမူကိုသာလျှင် သည်းကြီးမဲကြီး ဆက်၍ ရေးနေ ရလေ၏။ ကွန်ပျူတာမှာ ကောင်းစွာ အလုပ်မလုပ် သောကြောင့် ကျွန်ုပ်မှာ စိတ်မရှည်နိုင်လောက် အောင် ဖြစ်နေရလေတော့၏။ စာခေါ်ပေးလိုက်၊ တောက်ခေါက်လိုက် ထိုင်လိုက်၊ ထလိုက်၊ ခေါင်းကို တဗျင်းဗျင်းကုတ်လိုက်၊ ညည်းလိုက်၊ မကျေမချမ်း  ရေရွတ်လိုက်ဖြစ်နေရလေ၏။ ဆယ့်ငါးမိနစ်ခန့် ကြာ လတ်သော် ရိုစီမသည် ကျွန်ုပ်၏ အခြေအနေကို ရိပ်စားမိသွားလေ၏။ ထို့ကြောင့် ပြုံး၏။ ထို့နောက် ပါးစပ်ကလေးကို ပိတ်ကာ တခစ်ခစ် ရယ်၏။ ထို့ နောက် မပြုံးဘဲ ဝါးလုံးကွဲ ဟားတိုက်၍ ရယ်ပါ လေတော့၏။

“ဘာသဘောလဲ ရိုစီမ၊ နင် ဘာရယ်တာ လဲ …”ဟု ကျွန်ုပ်က ဒေါသတကြီးဖြင့် မေးလိုက် ၏။ ရိုစီမသည် ဟားတိုက်ရယ်မောနေရာမှ တဖြည်း ဖြည်းလျှော့၍ မျက်နှာ ပိုးသတ်လေ၏။ ထို့နောက်

“ဒီလိုပါ ဆရာရယ် ဆရာဖြစ်နေတာတွေနဲ့ ကျွန်မဖတ်ဖူးတဲ့ ဆရာကြီး ရန်ကုန်ဘဆွေရဲ့ စာလေး တချို့ကို သွားပြီးသတိရမိလို့ပါ။ ဆရာဟာ ကြီး ကြီးကျယ်ကျယ် ကွန်ပျူတာနဲ့ စာရေးတယ်။ တကယ် တမ်းကျတော့ ကွန်ပျူတာအကြောင်းကိုလည်း ကျ ကျနနမသိဘူး။ ကျကျနနမသိတာတောင် မဟုတ် ပါဘူးလေ။ နားစွန်နားဖျားလေးလောက်တောင် မသိတာမျိုးဖြစ်နေတယ်။ အဲဒီ ကိုယ်နားမလည်တဲ့ မကျွမ်းကျင်တဲ့ ကွန်ပျူတာနဲ့ အလုပ်လုပ်ပြီး အလုပ် ကောင်းကောင်း မဖြစ်တော့ စိတ်တွေတို၊ ဒေါသတွေ ထွက်နေတယ်။ အမှန်ကတော့ လက်နဲ့ ရေးလိုက် ရင်ဖြစ်တဲ့ဥစ္စာ၊ အဲဒါ ဘာဖြစ်တာလဲဆိုတော့ အလှမ်း ကျယ်အလယ်လပ်နေတာ။ ဝမရှိဘဲ ဝိလုပ်နေတာ၊ ဆန်မရှိဘဲနဲ့ အစားကြီးနေတာ”ဟု မျက်နှာတည် မျက်နှာထားဖြင့် ပြောပါလေတော့၏။ ကျွန်ုပ်လည်း တွေတွေကြီး ဖြစ်သွားကာ ရိုစီမအား စိမ်းစိမ်းကြီး စိုက်ကြည့်နေမိ၏။ ထိုအခါ ၄င်းက ဆက်လက်၍-

“ကျွန်မ ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ဘယ်လို ရေးထားသလဲဆိုတော့ တို့မြန်မာတွေ တော်တော်ညံ့ သွားပြီတဲ့၊ ကားဆိုတာ ပေါ်လာတဲ့ခေတ်ဆိုတော့ ကားကို အထင်ကြီးကြတယ်။ အဲဒီတော့ ကျန်းမာ ကြံ့ခိုင်ခဲ့တဲ့ မြန်မာကြီးတွေဟာ ခြေထောက်ကို အား မကိုးတော့ဘူး။ ဒါပေမဲ့ ကားကလည်း မလုပ်နိုင် ပြန်ဆိုတော့ ကားကိုလည်း တွင်တွင်ကျယ်ကျယ် မသုံးနိုင်၊ ကိုယ့်ရဲ့ မူလစွမ်းရည်လည်း ပျောက်ဆုံး ဖြစ်ကုန်တော့တာပေါ့။ သေနတ်တွေ၊ အမြောက်တွေ တွင်ကျယ်လာတော့ အဲဒါတွေကို အထင်ကြီးတယ်။ ဓားတွေတုတ်တွေနဲ့ အရှေ့တောင်အာရှမှာ အစွမ်း ပြနိုင်ခဲ့တဲ့ တို့မြန်မာကြီးတွေဟာ ဓားတွေ၊ တုတ် တွေကို အထင်သေးပြီး မသုံးကြတော့ဘူး။ ခေတ် ပေါ် လက်နက်တွေကိုကျတော့လည်း တွင်တွင်  ကျယ်ကျယ်မသုံးနိုင်ပြန်ဆိုတော့ ရှေ့ဟာကလည်း ပျက်၊ နောက်ဟာကလည်း မဖြစ် ဖြစ်နေတော့တာ ပေါ့။ နိုင်ငံခြားဆေးကို အထင်ကြီးတယ်။ ကျကျနန မလုပ်နိုင်ဘူး။ တိုင်းရင်းဆေးကိုလည်း အထင်သေး ပြီး ပစ်ပယ်လိုက်ကြပြီ။ အဲဒီတော့ အမြတ်မရတဲ့  အပြင် အရင်းလေးပါ ဆုံးသွားတော့တာပေါ့၊

အဲဒီစာသားတွေအတိုင်းတော့ မဟုတ်ဘူး ပေါ့နော်။ စာရဲ့ သဘောလေးကို ပြောပြတာပါ။ အခုလည်း ဆရာက အဲဒီလိုဖြစ်နေပြီ။ လက်နဲ့ရေး တဲ့ အလေ့အကျင့်လည်းပျောက်၊ ကွန်ပျူတာကိုကျ လည်း ကျကျနနမသုံးနိုင်၊ အလုပ်တွေ အများကြီး အထစ်အငေါ့ဖြစ်နေတာပေါ့။ ကျွန်မတို့ ပတ်ဝန်းကျင် မှာ အဲဒါမျိုးတွေ များနေပြီနော်။ အဲဒါကို ဆရာလည်း သေချာစဉ်းစားပြီး သတိထားပါ။ ဆရာ့ဆွေမျိုးတွေ ကိုလည်း သဘောပေါက်အောင်ပြောပြလိုက်၊ ဆရာ့  သူငယ်ချင်းတွေကိုလည်း ပြောပြလိုက်၊ အနှစ်ချုပ်  လိုက်ရင်တော့ လူညံ့ကြီးတွေ ဖြစ်ကုန်ကြပြီလို့ ပြော ရမှာပေါ ဆရာရယ်။ မြန်မာ့အစွမ်းအစတွေလည်း ပျောက်ကမ္ဘာ့ အဆင့်အတန်းကိုလည်း မမီ၊ အင်မ တန် ကြောက်ဖို့ကောင်းတယ်နော် …၊

ငါတို့မြန်မာဆိုတာ ဘယ်လိုမျိုးကွလို့ ကမ္ဘာ  မှာ လက်မထောင်စရာကိစ္စတွေ တော်တော်နည်းလာ နေပြီ”ဟု လွန်စွာ လေးနက်သော မျက်နှာဖြင့် ပြော ပြန်ပါလေတော့၏။ ကျွန်ုပ်လည်း ကောင်းစွာ ဆင် ခြင်မိသွား၏။ ထို့ကြောင့် သက်ပြင်းရှည်ကြီး နှစ် ကြိမ်တိုင်တိုင် ချလိုက်မိလေ၏။ ရိုစီမလည်း သက် ပြင်းရှည်ကြီးကို လိုက်၍ ချ၏။ ထို့နောက် ကျွန်ုပ်က-

“နင်ပြောတော့လည်း ဟုတ်နေတာပဲ ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူးဟယ်” ဟု ခပ် ညည်းညည်းကလေး ပြောလိုက်လျှင် ရိုစီမက-

“ဘာလုပ်ရမှန်း မသိတိုင်း အဲသလိုသာ အသက်ကို ခပ်ပြင်းပြင်းရှူပြီး သက်ပြင်းချလိုက်ပေ တော့ ဆရာရေ …” ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က –

“ဘာဆိုင်လို့လဲ ရိုစီမရဲ့”ဟု မေးလိုက်လျှင် ၄င်းက-

“အကုန်ဆိုင်တယ်ဆရာရဲ့ ရိုးရိုးသာမာန် အခြေအနေမှာ ဆရာဟာ အသက်ကို ဝ၀မရှူဘူး။ အသက်ဝ၀ရှူဖို့ကို မေ့နေတယ် သက်ပြင်းချလိုက် တော့မှ အသက်ကို တဝကြီးရှူလိုက်တာ၊ အဲဒီ အသက်ရှူတာဟာ အရာအားလုံးအတွက် အရေးကြီး နေတယ်နော်။ လေရှူတယ်လို့တောင် မခေါ်ဘူး။ အသက်ရှူတယ်လို့ ခေါ်တယ်မဟုတ်လား။ အသက် ကို ရှူတာလေ ဆရာရဲ့။ အသက်ကို ရှူနေပါမှ အသက်ရှင်မှာပေါ့။ အသက်မရှူရင် သေသွားမှာ ပေါ့။ သေသွားရင် ထင်းတုံးလိုဖြစ်သွားပြီလေ။ ဘာမှ လုပ်လို့ မရတော့ဘူးလေ။ သေပြီဟေ့ဆိုရင် ချမ်းသာခြင်း၊ အောင်မြင်ခြင်း၊ြွကယ်ဝခြင်း၊ ရာထူး ရာခံ ကြီးမြင့်ခြင်း ဘာမှမဖြစ်နိုင်တော့ဘူး။ ရှင်နေ ရင်တော့ အဲဒါတွေ လုပ်ယူလို့ရတယ်။ အဲဒီတော့ ကိုယ်ဘာဖြစ်ချင်သလဲ အသက်ရှင်နေဖို့ အရေး ကြီးတယ်။ ရှင်ရုံကလေး၊ ဖုတ်လိုက် ဖုတ်လိုက်က  လေးရှင်နေလို့တောင် မဖြစ်သေးဘူး။ အသက်ဓာတ် အားကောင်းကောင်းနဲ့ ရှင်သန်နေမှကို ကိုယ်ဖြစ် ချင်လိုချင်တာတွေ ရနိုင်မှာ

အဲဒီတော့ အသက်ဆိုတာ အင်မတန် အဖိုး ထိုက်တယ်။ ဒါပေမယ့် အသက်ရှင်ဖို့ လိုအပ်တဲ့ လေကတော့ တပြားမှ ပေးစရာမလိုဘူး။ အလကား ရတယ်။ အဲဒါကိုက လောကကြီးရဲ့ သဘာဝတရား ကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဂမ္ဘီရသဘောပဲ၊ အဖိုးအထိုက်တန်ဆုံးအရာကို အလကားရနေတာ လေ ဆရာရဲ့။ အဲဒီအလကားရနေတဲ့လေကို ဆရာတို့က နှမြောနေတယ်။ တွန့်တိုနေတယ်။ြွေခြွေခတာတာလေး သုံးနေတယ်။ လေအရှူနည်း သလောက် အသက်ဓာတ်လည်း အားနည်းနေတော့ တာပေါ့ ဆရာရယ်။ အသက်ဓာတ် မီးမှိန်မှိန်ကလေး  နဲ့ ဘာကိုပဲလုပ်လုပ် ဝိုးတိုးဝါးတားလေးပဲ ဖြစ်နေ တော့မှာပေါ့။

အဲဒီတော့ဆရာ ဘယ်လောက် အောင်မြင် ချင်သလဲ ဘယ်လောက်ချမ်းသာချင်သလဲ လေကို အသက်ကို တဝကြီးရှူနေဖို့တော့ လိုတယ်နော်။

အသက်ရှူတိုင်းမှာလည်း ပြီးပြီးရောလေး သဘောမထားရဘူး။ စကြဝဠာကြီးထဲက အင်မတန်  အဖိုးထိုက်တန်တဲ့ အင်မတန် တန်ခိုးစွမ်းရည်ကြီးမား တဲ့ အသက်ဓာတ်ကို ရှူသွင်း နေတာလို့ အလေး အနက် အာရုံပြုရမယ်။ အသက်ကို တဝကြီး ရှူ သွင်းလိုက်၊ တဝကြီး ရှူထုတ်လိုက် လုပ်တာကို သေချာလေ့ကျင့်ယူရမယ်။ ဘယ်လောက်အထိ လေ့ကျင့်ရမလဲဆိုရင် နှာခေါင်း ပေါက်ကတင် လေရှူတာ မဟုတ်တော့ဘဲ တစ်ကိုယ်လုံးမှာရှိတဲ့ မွေးညှင်းပေါက်တိုင်းကနေ လေကိုစုပ်ယူနေတယ်။ ရှူသွင်းနေတယ်လို့ အာရုံပြုတတ်ရမယ်။ နည်းနည်း လေး သတိထားပြီး လေ့ကျင့်လိုက်ရင် တစ်ကိုယ် လုံးကနေ ဆရာ အသက်ရှူတတ်သွားမှာပါ။ ရှူ တိုင်းမှာလည်း ဟောသလို အာရုံပြုရမယ်။ စိတ်ထဲ က ရွတ်ရမယ်”

“ငါဟာ အင်မတန် တန်ခိုးစွမ်းရည်ကြီးမား တဲ့ အသက်ဓာတ်တွေကို ရှူသွင်းနေတယ်။ ငါ့ခန္ဓာ ကိုယ်ထဲမှာ စကြဝဠာ တန်ခိုးသိဒ္ဓိဓာတ်တွေနဲ့ ပြည့် နေပြီ။ ဒါကြောင့် ငါဟာ တန်ခိုးသိဒ္ဓိရှင် ဖြစ်နေ ပြီ။ ဒါကြောင့် ငါလိုချင်တာတွေကို ရယူနိုင်တယ်။ ငါလိုချင်တာတွေကို ဖြစ်အောင်လုပ်နိုင်တယ်။ ငါ လိုချင်တာတွေကို ဖန်တီးနိုင်တယ်။ ငါ့ရဲ့ ရောဂါ ဝေဒနာတွေဟာလည်း သက်သာပျောက်ကင်း သွားကြပြီ။ ငါဟာ အင်မတန် ကျန်းမာ ကြံ့ခိုင်တဲ့ လူတစ်ယောက်ဖြစ်တယ်”

ရိုစီမသည် အထက်ကအတိုင်း တစ်လုံးချင်း  ရွတ်ဆိုပြလေ၏။ ၄င်း၏ စကားများသည် ကျွန်ုပ်၏ နားစည်မှသည် နှလုံးအိမ်သို့တိုင် ထိခတ်သွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် ရွှင်လန်းတက်ကြွနေသော ဖျတ် လတ်နေသော အားမာန်အပြည့်ဖြစ်သော ကျွန်ုပ်၏  သမီးအရွယ် ရိုစီမလေး၏ မျက်နှာအား ငေးကြည့် ရင်း အလိုအလျောက်ဦးညွှတ်မိပြီး ဖြစ်သွားရပါ လေတော့သတည်း။

 

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

Comments

comments

Post Author: manawmaya