ပိုလတာဂျိုက်စ်လား၊ Poltergeist လား၊ ပြိတ္တာခြောက်တာလား၊ ပုဏ္ဏကတိုက်တာလား

ကျွန်တော်တို့ တောင်ဥက္ကလာမှာ ၇-၈-၂၀၁၈ ရက်က အစပြုခဲ့ပြီး ရှစ်လေးလုံးနှစ်ပတ်လည် နေ့မှာ ပြင်းထန်လာလို့ လူတွေ အုတ်အော်သောင်း တင်းနဲ့ ရဲစခန်းက ရဲတွေ အရပ်လူကြီးတွေ၊ အိမ်နား နီးခြင်းတွေ မအိပ်ရတဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်း တစ်ခု (၁၀)ရပ်ကွက်၊ ၂၆ လမ်းမှာ ဖြစ်ပွားခဲ့ပါတယ်၊ ဖြစ်ပုံကတော့ ည ၇ နာရီ လောက်မှာ သွပ်ပြားပေါ်ကို ‘အုန်း’ခနဲ ကျတဲ့ အသံကြီးတစ်ခုထွက်လာပြီး အခင်းဖြစ် ဆောက်လက်စ အထပ်မြင့်တိုက် လုပ်ငန်း ခွင်က အစောင့်တဲထဲမှာရှိတဲ့ အလုပ်သမား လေးငါးဦး ရှိနေစဉ်ဖြစ်တာဆိုတော့ “ဒါတော့ လွန်လာပြီဟေ့ ခဏခဏ ဖြစ်လာပြီ။ ဘယ်သူလဲ၊ ဘယ်ဝါလဲ” မေးသံ ကြားရပါတယ်။ ပထမတော့ အနီးအနားကလူ တွေ နောက်ပြောင်တာလား ထင်ကြပုံပါ။ အိမ်နီး နားချင်းတွေကလည်း ထွက်ကြည့်ကြပါတယ်။

အားလုံး လမ်းပေါ်က ဝိုင်းကြည့်နေစဉ်မှာပဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းက အစောင့်တဲနဲ့ ပစ္စည်းထားတဲ့ ဂိုထောင်လို အခန်းငယ်ပေါ်ကို ခဲတွေ ကျသံကြားရပြီး ဘယ်က ပစ်မှန်းမသိဘူး၊ ဝိုင်းကြည့် ကြတဲ့ လူတွေများလာပြီး ကျလာတဲ့ ခဲတွေအပြင် (၃ x ၁) သစ်သားဖြတ်ပိုင်းတွေနဲ့ပါ ပစ်ခတ်လာ ပါတယ်။ ဝင်းအတွင်းမှာပဲ ကျရောက်နေပြီး ထိခိုက် ဒဏ်ရာတော့ မရကြပါဘူး။ အလုပ်သမားတွေက ဆောက်နေဆဲ ပထမထပ်ကို တက်ပြီး မီးထိုးကြည့် တော့ အောက်ထပ်ကနေ ခဲနဲ့ပစ်တယ်။ အောက် ဆင်းလာတော့ အပေါ်ထပ်ကနေ ပစ်ချပြန်ရောဗျာ။ တက်ကြည့်သူတွေက သူတို့အနီးနားက ပစ်နေတယ် လို့ ခံစားရကြောင်း ပြောကြပါတယ်။ ဒါနဲ့ပဲ တစ်ဆင့် စကား တစ်ဆင့်နားကြားပြီး အနီးအနား ရပ်ကွက်က လူတွေပါ လာကြည့်ကြတော့ တရုန်း ရုန်းဖြစ်နေလို့ ရဲတွေက ပြဿနာမဖြစ်အောင် မေတ္တာရပ်ခံရပါတယ်။ မူးမူးရူးရူးနဲ့ အတင်းဝင် အတင်းကြည့်ချင်တဲ့ သူတွေလည်း ပါတာကိုးဗျာ။

နောက်တစ်နေ့ကျတော့ ဆရာတော်တွေ ပင့် ပြီး ပရိတ်တွေ ဘာတွေရွတ်လို့လား မသိဘူး အသံ ဗလံ သိပ်မကြားရဘူး။ ဒါပေမဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို မရပ်ဘဲ ဆက်လုပ်ရင်း နောက်တစ်နေ့ ၁၀-၈-၂၀၁၈ ရက်ကြတော့လည်း ခဲကျတာတွေ၊ ပစ်ခတ်တာတွေ ထပ်ဖြစ်လို့ လူတွေ လာကြည့်ကြ ပြန်ပါတယ်။ ရဲတွေနဲ့ ရပ်ကွက်လူကြီးတွေ ရောက် လာပြီး ပိုင်ရှင်က ဒီလိုဖြစ်တာ လူတစ်စုံတစ်ဦးက နှောင့်ယှက်တာလို့ ထင်တဲ့အတွက် ရဲက အလုပ် သမားတွေကို မေးဖို့ခေါ်သွားပါတယ်။ ဒီစာရေးနေတဲ့ ၁၁-၈-၂၀၁၈ စနေနေ့မှာတော့ ညဦးပိုင်း ကျွန် တော် အဲဒီအိမ်ရှေ့က ဖြတ်လာတာ လူတွေ တိတ် ဆိတ်လို့။ လမ်းပေါ်မှာလည်းမရှိဘူး၊ ခြံဝင်းထဲမှာ လည်း မတွေ့ဘူး၊ ရပ်သွားပြီလားတော့ မသိဘူး၊ အဲဒီခြံမှာ ညဘက်လူစောင့်မထားတော့ဘူး။ စီစီတီဗွီ ကင်မရာတွေတပ်ပြီး မီးတွေထွန်းထားတော့ ခြောက် လှန့်တဲ့ ပရလောကသားပဲလား၊ ဘာပဲလား အဲဒီ အရာက ခြံထဲမှာ ခြောက်စရာလူ မရှိတော့လို့ အကြံ အိုက်ပြီး ခဏ နားသွားတာလားတော့ မသိဘူး။ နှစ်ရက်သုံးရက်တော့ ခြောက်တာ မကြားရတော့ဘူး။

ဖြစ်တဲ့နေရာက ကျွန်တော့်အိမ်နဲ့ သိပ် မဝေး တော့ အရပ်ထဲကလူတွေ ပြောဆိုကြတဲ့ ရာဇဝင် တွေကို သိနေပါတယ်၊ ဒီအိမ်နေရာမှာ မူလက တစ် ထပ်တိုက်လေးဖြစ်ပြီး အရင့်အရင် အိမ်ရှင်တွေ လက် ထက်ကတည်းက ဒီအိမ်မှာ အစောင့်ရှိတယ်၊ အမဲ သား စားလို့မရဘူး ပြောတာမျိုး ကြား ဖူးနေတယ်ဗျ။

တောင်ဥက္ကလာပမြို့က ၁၉၅၈ ခုနှစ်လောက်က တည်တဲ့ မြို့သစ်ဖြစ်ပြီး အရင်က လယ်ကွင်း တွေ ဆိုတော့ သူ့အိမ်ကိုယ့်အိမ် ဇာတ်လမ်းကို အရင်လူတွေက ပြောကြတာပါပဲ။ ဒီအိမ်နေရာက ကုလားတဲ၊ ကုလားကြီးက မကျွတ်ဘူး။ မကြာမကြာ တွေ့ တယ်။ ဟိုနေရာက ကန်ဟောင်း ကြီး၊ အစောင့်ရှိတယ်။ မြွေတွ ထွက်ထွက်လာတယ် ဆိုတာမျိုး ကြားနေကျဆိုတော့ သိပ်အလေး မထားမိပါဘူး။

ဒါပေမဲ့ အဲဒီ ခဲတွေကျတဲ့ အိမ်ကလည်း နှစ်ထပ်ထက် ပိုမြင့်ပြီး ဆောက်လို့ မရဘူးလို့ သတင်း ရှိတယ်။ အရင်က ငှားနေဖူးတဲ့ ဆရာဝန်တစ်ယောက်က အိမ်ထဲ မှာ ကျောင်းဆရာမတစ်ယောက် ကိုယ်ယောင်ပြသလို မြင်ဖူးတယ် လို့ ပြောကြတယ်။ နေတဲ့လူတိုင်း ကို အိပ်မက်ပေးတယ်လို့ ပြော ကြပါတယ်။ အခု အိမ်ရှင်ကတော့ ဝယ်တာ သိပ်မကြာလှသေးပါ ဘူး။ အထပ်မြင့် ဆောက်နေ တာ ပထမထပ် ကြမ်းခင်း လောင်းပြီးသွားလို့ ဒုတိယထပ် (၃-ထပ်)ကို တင်ဖို့ တိုင်တွေ ထောင်တုန်း ဖြစ်တာဆိုတော့ နှစ်ထပ်ထက် ပိုတင်လို့ မရ ဘူးဆိုတဲ့ ရာဇဝင်နဲ့တော့ တိုက်ဆိုင်သလို ရှိပါတယ်။

 

ပြိတ္တာခြောက်ခြင်း၊ ပုဏ္ဏက တိုက်ခြင်း

ဒါမျိုး ဟိုတလောက ရုပ်ရှင်မင်းသား ဝေဠုကျော် အိမ် မှာဖြစ်လို့ တော်တော်ကျော်ကြား သွားတာ မီဒီယာတွေမှာ တွေ့လိုက်ရပါတယ်။ လူ့ပယောဂမပါဘဲ မကျွတ်လွတ်တဲ့ ပရလောကသား ကိုယ်တိုင်က ခြောက်လှန့်တာ၊ တိုက်ခိုက်တာဆိုရင် တော့ သရဲခြောက်တယ်၊ တစ္ဆေခြောက်တယ် ခေါ်ရ မှာပေါ့။ ကျွန်တော်ကတော့ မြိတ်နယ်မှာ ဒါမျိုးတွေ ကြုံဖူး တော့ မြိတ်သားတွေက “သရဲခြောက်တယ်လို့ မခေါ်ဘူး။ ပြိတ္တာခြောက်တယ် ခေါ်ပါတယ်”။ အခေါ်ဆန်းသလို ထင်ရပေမယ့် ဗုဒ္ဓဘာသာမှာ အပါယ်လေးဘုံကို ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူ ရကာယ်ပဲ ခေါ်တော့ ပြိတ္တာ ခြောက်တယ်ဆိုတဲ့ ဝေါဟာရက ပိုသင့်တယ်ထင်လို့ သုံးတာပါ။ “ပုဏ္ဏက တိုက်တယ်ဆိုတာ”က တချို့ကိစ္စမှာ လက်သည်က လူဖြစ်ပြီး လူက မလိုမုန်းထားလို့ ပရလောကကို ဂမ္ဘီရအစီအမံနဲ့ ခိုင်းစေတာမျိုးကိုလည်း ခေါ်တယ် ထင်ပါတယ်။ တိတိကျကျ ဘာက ဘယ်လိုဖြစ် တာလဲ သက်သေပြဖို့ကလည်း ခက်တော့ အဓိပ္ပာယ် ဖွင့်ဆို ပိုင်းခြားဖို့လည်း ခက်တဲ့ အမှုတွေပါဗျာ။

 

အနောက်တိုင်းက ပိုလတာဂျိုက်စ်

ဒါမျိုးတွေက အာရှမှာရှိသလို အနောက်နိုင်ငံ တွေမှာလည်း ရှိပါတယ်။ ဒီလို ခဲတွေကျ၊ ပစ္စည်းတွေ အလိုလို ရွေ့လျား၊ မီးတွေ ထတောက်၊ တံခါးတွေ လာခေါက် စတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ပိုလတာ ဂျိုက်စ်(Poltergeist)လို့ ခေါ်ပါတယ်။ သူတို့ကတော့ မှတ်တမ်းမှတ်ရာ စနစ်ကောင်းတဲ့လူတွေဆိုတော့ ဖြစ်စဉ်နေရာ၊ ရက်စွဲတွေအပြင် စုံစမ်းစစ်ဆေးရေး အဖွဲ့တွေဖွဲ့ပြီး သုံးသပ်ချက် အစီရင်ခံစာတွေ တင် ခိုင်းပါတယ်။ အတော်များများမှာ လီဆယ်လုပ်ကြံတာ တွေကို ဖော်ထုတ်နိုင်ပြီး မိရင် တရားရုံးတင် အပြစ် ပေးတာကိုလည်း တွေ့ရလို့ စိတ်ဝင်စားစရာ ကောင်း ပါတယ်။ ဒါအနောက်တိုင်း ပုဏ္ဏက တိုက်တာလား ဆိုတော့ လူရဲ့ ပယောဂမပါဘဲ သူ့ဖာသာ တစ္ဆေ၊ သရဲ စတဲ့ ပရလောကသားတွေလုပ်တဲ့ ဖြစ်ရပ်တွေ ကိုလည်း ဒီလိုပဲ ခေါ်တာတွေ့ရပါတယ်။

 

ဘာမင်ဟန်၊ သွန်တန်လမ်းက ခဲမိုးရွာခြောက်လှန့် ခြင်းအမှု

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဟန်အရပ် သွန်တန် လမ်းမှာ အိမ်တွေကို ခဲတွေနဲ့ပစ်လို့ ခေါင်မိုးတွေ ပေါ်ကျ ပြတင်းမှန်တွေကွဲပြီး လက်သည်ရှာမရတဲ့ ဖြစ်ရပ်တစ်ခု ၁၉၈၁ ခုနှစ်က ဖြစ်ခဲ့ပါတယ်၊ ဒီကိစ္စကို စုံထောက်အရာရှိ  လင်တာလေး(Len Turley)ကို စုံစမ်းရန် တာဝန်ပေးခဲ့လို့ သူတို့အဖွဲ့ဟာ ညကြည့် မှန်ပြောင်းတွေ၊ ပုံရိပ်ဖမ်း ကင်မရာတွေ၊ အော်တို ရိုက်တဲ့ ကင်မရာတွေကိုသုံးပြီး အခင်းဖြစ်အရပ် အနီး ဝန်းကျင်နဲ့ တော်တော် ဝေးဝေးနေရာအထိ ကင်းပုန်း တွေချပြီး စောင့်ဖမ်းပေမယ့် လက်သည် ရှာမရခဲ့ ပါဘူး။

ဒါကြောင့် သတင်းသမားတွေက ပရလောက ရဲ့ ခြောက်လှန့်မှုဖြစ်ရပ် (Poltergeist)လို့ သတ်မှတ် ခဲ့ပါတယ်။ ရဲအဖွဲ့ကတော့ ဒါမျိုးကို လက်မခံဘူး။ နောက်ပိုင်းကျမှ တစ်ဦးဦးက ကိုက် ၂၀ဝ လောက် အထိ ရောက်နိုင်တဲ့ လေးခွ(catapult)မျိုး တီထွင်ပြီး ပစ်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ရဲက ခန့်မှန်းပြောဆိုကြောင်း မှတ်တမ်းတင်ထားပါတယ်။တောင်ဥက္ကလာက ဖြစ်ရပ်ကဘာဖြစ်လာနိုင်လဲ

ခုအနောက်တိုင်းက ဖြစ်ရပ်နဲ့ နှိုင်းပြတာက သူတို့ဆီမှာ သရဲခြောက်တာတောင် ဟိုးလွန်ခဲ့တဲ့ ရာစုနှစ်တွေက ဖြစ်ရပ်တွေအထိ ရဲမှတ်တမ်းရှိတယ် (နောင်အလျဉ်းသင့်ရင် တင်ပြပါဦးမယ်) ဟိုလိုလို သည်လိုလိုနဲ့ ပြီးမသွားဘူး။ စုံစမ်း မရရင် မရ ရတာ မှတ်တမ်းတင်တယ်။ လိမ်ပြီး ခြောက်လှန့်တာမိရင် မိတဲ့အတိုင်း အရေးယူတယ်’ လူထုနဲ့ပတ်သက်လာ ရင် အရေးတယူရှိတာ၊ မှတ်တမ်းကောင်းတာ၊ အတု ယူဖို့ ကောင်းပါတယ်။ ဒီမှာတော့ ပုဏ္ဏကတိုက်တာ မျိုးကို ဖော်ထုတ်ဖို့ ပြောရင် ဝိုင်းရယ်ခံရမယ် ထင်ပါတယ်။ ကြာရင် မေ့သွားမှာပါ။

ဘာလို့ မေ့သွားမယ် ပြောရလဲဆိုတော့ ယခုဖြစ်တဲ့ အိမ်နဲ့ မနီးမဝေး ကျွန်တော့်အိမ်နားမှာပဲ ‘ခုထက် အုတ်အော်သောင်းတင်း ဖြစ်သွားတဲ့ ခုလို ဖြစ်စဉ်မျိုး’ လွန်ခဲတဲ့ ဆယ်နှစ်ကျော်က ဖြစ်ဖူးပါ တယ်။ (၁၃)ရပ်ကွက် (၅)လမ်းက အိမ်တစ်လုံးမှာ လင်မယား ကတောက်ကဆဖြစ်ရာက ဇနီးဖြစ်သူ ဟာ ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့ သတ်သေ သွားပါတယ်။ ထူးဆန်းတာက အဲဒီမိန်ကလေးဟာ ဘာသာတရား အလွန်ကိုင်းရှိုင်းပြီး ခုခေတ် အတိုင်း အတာနဲ့ဆိုရင် အလွန်ယဉ်ကျေးသိမ်မွေ့တဲ့ မိန်း ကလေးပါ။ ကျွန်တော်နဲ့ မိသားတစ်စုလုံး ခင်မင်ပါ တယ်။ ဒီမိန်းကလေးဟာ အိမ်အဆင့်ဆင့် ရောင်း သွားသော်လည်း မကျွတ်လွတ်ဘဲ ရှိနေတယ်လို့ ပြောတဲ့သူက ပြောပါတယ်။ ဒါကို မကြောက်လို့ အိမ်ငှားနေတဲ့မိသားစုဟာ ကင်းသမားတွေရှေ့မှာ ညဥ့်နက်သန်းခေါင် အိမ်ထဲကနေ တစ်အိမ်လုံး အော်ဟစ် ထွက်ပြေးလာလို့ တစ်ရပ်ကွက်လုံး ဝိုင်း လာပါတယ်။ မိန်းကလေးက ကိုယ်ထင်ပြတယ်။ ပစ္စည်းတွေ ပေါက်ခွဲတယ်လို့ပြောကြပါတယ်။ လူ အများ ရှေ့ကျတော့လည်း မလုပ်ပြန်ဘူးဗျ။

အဲဒီအိမ်ငှားတွေ မိသားစုလိုက် အိမ်က ထွက်ပြေး ပြောင်းရွှေ့သွားကြလို့ လမ်းနဲ့အပြည့် လူ တွေ ညတိုင်း လာကြည့်ကြပါတယ်။ ရက်သတ္တပတ် ကြာအထိ နယ်ကလူတွေတောင် လာကြည့်လို့ ရဲက ရက်အကြာကြီး စောင့်ပြီး မောင်းထုတ်ခဲ့ရပါတယ်၊ သို့သော် ဖြစ်ရပ်မှန်၊ မမှန်နဲ့ ဘယ်လိုဖြစ်တယ် ဆိုတာ ဖော်ထုတ်နိုင်ခြင်းလည်း မရှိ၊ လူလည်း မနေ အိမ်ရှင်လည်း အိမ်ရောင်း မရတော့ဘဲ တဖြည်းဖြည်း မေ့လျော့သွားကြပါပြီ။ ဒါကြောင့် “ကြာတော့လည်း ပါးစပ်ရာဇဝင်ပဲကျန်ပြီး မေ့သွားမှာပါ” လို့ပဲ ပြောချင် ပါတယ်ဗျာ။

ဇေယျမင်းမင်းဝင်း

Comments

comments

Post Author: manawmaya