ကြမ်းတမ်းတဲ့ အမျိုးသမီး

“ချမ်းသာခြင်းကို ဖြစ်စေ”ဟူသော အသံရှင်မှာကား တောင်ပေါ် ဝါးကျောင်းလေးတွင် သီတင်းသုံးနေသော ရသေ့ကြီးတစ်ပါး၏ အသံပင်ဖြစ်လေ၏။ထိုရသေ့ကြီးကား တောင်ပေါ်ဝါးကျောင်းလေးမှ ငါးရက်တစ်ကြိမ် ရွာစဉ်ရွာရိုးကိုးပေါက် အလှူခံထွက်တိုင်း လွန်စွာမှ ကြီးမားသော လွယ်အိတ်ကြီးတစ်လုံးကိုလွယ်ကာ ကြေးစည်လေးကို ထု၍ အထက်ပါအတိုင်း -“ချမ်းသာခြင်းကို ဖြစ်စေ”ဟူသော ဆုကိုပေး၍ အလှူခံထွက်လေ့ရှိလေ၏။

တစ်နေ့သ၌ ရသေ့ကြီးသည် ရွာထဲသို့ အလှူခံထွက်လာစဉ် အိမ်တစ်အိမ်မှ လွန်စွာမှရုပ်ညံ့ပြီး အဆင့်အတန်းမရှိသော အမျိုးသမီးတစ်ယောက်၏ ဆူသံပူသံကို ကြားလိုက်ရလေတော့၏။

ထိုအခါ ရသေ့ကြီးမှာ ထိုအိမ်မှ အလှူခံသော်လည်း လွန်စွာမှ စိတ်မချမ်းသာသောစကားများကို ကြားလိုက်ရသဖြင့် အလှူမခံတော့ဘဲ ရှေ့သို့ဆက်သွားရာ –

“ရသေ့ကြီး ရသေ့ကြီး”ဟု အမျိုးသမီးတစ်ယောက်၏ အသံကို ကြားလိုက်ရသဖြင့် ရသေ့ကြီးမှာ နောက်သို့လှည့်ကြည့်လိုက်ရာ –

“ရသေ့ကြီးက ကျွန်မအိမ်ကို အလှူမခံဘဲ ဘာကြောင့်ကျော်သွားရတာလဲ”ဟု အမျိုးသမီးက မေးလိုက်သည့်အခါ ရသေ့ကြီးက တစ်စုံတစ်ရာပြန်ပြောခြင်းမရှိဘဲ ထိုအမျိုးသမီးအိမ်သို့ ပြန်သွားခဲ့လေ၏။

ထိုအိမ်ရှေ့သို့ ရောက်သည့်အခါ အမျိုးသမီးက ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်အစရှိသော ကုန်ခြောက်အနည်းငယ်စီ လောင်းလှူလိုက်လေ၏။

“ချမ်းသာခြင်းကို ဖြစ်စေ”ဟူသော ဆုကိုပေးကာ ကြေးစည်လေးကို ထုလိုက်လေ၏။

“တပည့်တော်မ ရသေ့ကြီးကို လောင်းလှူဖို့စောင့်နေတာ အိမ်ကဟာမကို ဆူနေရတာနဲ့ ရသေ့ကြီးက တပည့်တော်မအိမ်ကိုကျော်သွားတာ မသိလိုက်ဘူး”ဟု အမျိုးသမီးက ပြောလိုက်ရာ

ရသေ့ကြီး က – “အိမ်က ဟာမဆိုတာ ဘယ်သူလဲ”ဟုမေးရာ အမျိုးသမီးက – “အိမ်က ဟာမဆိုတာ တပည့်တော်မရဲ့ သမီးကိုပြောတာပါ။ ရွာတောင်ပိုင်းက မသန်းရွှေအိမ်မှာ အကြွေးသွားတောင်းခိုင်းတာ မသွားချင်ဘူးဆိုပြီး ပေကပ်ကပ် လုပ်နေလို့ ဆဲနေတာပါ”ဟု ပြောလိုက်ရာ ရသေ့ကြီးလည်း ရှေ့ဆက်အလှူခံ မသွားသေးဘဲ အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် ထိုင်ကာ အောက်ပါ “ဧကနိပါတ်၊ နန္ဒိဝိသာလ”ဇာတ်မှ “ကြမ်းတမ်းသောစကား နွားတောင်မှမကြိုက်”ဟူသော အကြောင်းကို ပြောလိုက်လေ၏။

မြတ်စွာဘုရားရှင်သည် သိမ်မွေ့နူးညံ့သော စကား၊ ပိယဝါစာ သာယာချိုမြသော စကားကို သတ္တဝါများ နှစ်သက်ကြောင်း၊ ကြမ်းတမ်းသော စကားကို နွားတောင်မှ မနှစ်သက်ကြောင်း ရှေးကဖြစ်ရပ်တစ်ခုကို သက်သေထား၍ မိန့်ကြားတော်မူလေ၏။

ဂန္ဓာရတိုင်း၊ တက္ကသီလာမြို့၌ ဗြဟ္မဏတစ်ဦးတွင် ငယ်စဉ်ကတည်းကစပြီး စားကောင်းသောက်ဖွယ်များကျွေးလျက် လက်သပ်မွေးထား သည့်အတွက် သူမတူအောင် လွန်စွာမှခွန်အားကောင်းသည့် နွားထီးကြီးတစ်ကောင်ရှိရာ ထိုနွားထီးကြီးကို နန္ဒိဝိသာလဟူသော အမည်ကို ပေးထား လေ၏။

တစ်နေ့သ၌ ဗြဟ္မဏကြီးသည် နွားသူဋ္ဌေးတစ်ဦးနှင့် နွားကောင်းပြိုင်ရာမှ ရှေ့နောက်စဉ်း၍ ကြိုးဖြင့် ဆက်စပ်ချည်နှောင်ထားသော လှည်း ၅၀ဝ ကို ၎င်း၏ နွားကြီးတစ်ကောင်တည်းဖြင့် ဆွဲနိုင်ကြာင်း ကြွားဝါလိုက်လေ၏။ နောက်တစ်နေ့၌ သဲများ၊ ကျောက်များ၊ အပြည့်တင်ထားပြီး အချင်းချင်း ဆက်စပ်ချည်နှောင်ထားသည့် လှည်း ၅၀ဝ ၏ ရှေ့ဆုံးလှည်းတွင် ပန်း၊ ပန်းပွား၊ ခြူး စသည်တို့ဖြင့် လွန်စွာမှ လှလှပပ ဆင်မြန်းထားသော နွားထီးကြီး နန္ဒိဝိသာလကို တပ်ဆင်လိုက်ပြီးလျှင် ဗြဟ္မဏကြီးက တံဖျားကို ကိုင်ကာ လှည်းပေါ်တွင် အခန့်ထားထိုင်၍ -“ဟဲ့ကောက်ကျစ်တဲ့နွားကြီး သွားဟ၊ ဟဲ့ စဉ်းလည်းတဲ့နွားကြီး ဆွဲဟ”ဟုဆိုကာ တံဖျာကို မြှောက်ကာမြှောက်ကာ မောင်းနှင်သော်လည်း နွားကြီးက လှုပ်ရုံမျှပင် မလှုပ်သဖြင့် လောင်းကြေးရှုံးကာ နွားသူဋ္ဌေးအား ဗြဟ္မဏကြီးက ငွေတစ်ထောင် ပေးလိုက်ရလေတော့၏။

ဗြဟ္မဏကြီးမှာ ငွေတစ်ထောင်ရှုံးလိုက်ရသဖြင့် လွန်စွာမှ စိတ်ဓာတ်ကျပြီး မှိုင်ကာ တွေးတောစဉ်းစားနေ၏။

“အင်း ငါ့ စကားကို နားထောင်တဲ့နွားက အခုကျမှ ဘာဖြစ်လို့များ လှုပ်ရုံမျှပင်မလှုပ် ကျောက်ရုပ်လို နေရတာလဲ”ဟု အကြိမ်ကြိမ်အဖန်ဖန် အပြန်ပြန် အလှန်လှန် အကြောင်းရှာကြည့်လေတော့၏။

ဗြဟ္မဏကြီးသည် ၎င်း၏ နွားထီးကြီး၏ ပင်ကိုယ်ရင်းသဘောကို စောကြောစိစစ်ကြည့်မိရာမှ အချက်တစ်ချက်ကို ကွက်ခနဲ ဉာဏ်သက်ဝင်မိရာ ထခုန်ကာ လွန်စွာမှ ဝမ်းသာအားရပျော်ရွှင်သွားပြီးလျှင် နွားသူဋ္ဌေးထံသို့ သွားရောက်ပြီးလျှင် သည်တစ်ကြိမ်တွင် အသပြာနှစ်ထောင်ကြေးလောင်းရန် စိန်ခေါ်လိုက်သည့်အတွက် နွားသူဋ္ဌေးကလည်း နှစ်ထောင်ကြေးလောင်းရန် သဘောတူလိုက်လေတော့၏။

ပထမအကြိမ်တိုင်း အားလုံးပြင်ဆင်ပြီး၍ အဆင့်အသင့်ဖြစ်သောအခါ ဗြဟ္မဏကြီးက တံဖျာမြှောက်လျက် -“ဟေ့ဟေ့ ဖေ့သားကြီး အင်မတန်တော်ပါလားကွ ရုန်းလိုက်ကွ။ ဟေ့ဟေ့ ဖေ့သားကြီး အလွန်တော်သကွ ဆွဲလိုက်ကွ၊ သိပ်တော်တဲ့ဖေ့သားကြီး လိမ္မာလိုက်တဲ့ဖေ့သားကြီးဟုဆိုကာ ဗြဟ္မဏကြီးက နွားထီးကြီးအား အားပေးရင်း မောင်းနှင်ရာ နွားထီးကြီးမှာ လှည်း ၅၀ဝ ကို တစ်ဟုန်တည်း ဆွဲပြီးလျှင် ရှေ့ဆုံးက လှည်းရပ်ခဲ့ရာသို့ နောက်ကလှည်းများကပါ ရပ်လိုက်လေတော့၏။

ဤသို့ဖြင့် ဗြဟ္မဏကြီးက လွန်စွာမှ ပျော်ရွှင်ကာ အသပြာငွေနှစ်ထောင်ကို အနိုင်ရကာ“ဒါမှ ဖေ့သားကြီးကွ”ဟု အော်ဟစ်ပြောလိုက်လေတော့၏။

“ဒကာမကြီးရေ သိမ်မွေ့နူးညံ့ပြီး သာယာချို မြသော စကားကို ပြောဆိုခြင်းကြောင့် ရအပ်သော အကျိုးကျေးဇူးတွေပဲကွယ့်”ဟု ရသေ့ကြီးက ပြောလိုက်ရာ အမျိုးသမီးက -“တပည့်တော်မ နောက်ဆိုရင် စကားပြော ယဉ်ကျေးစွာ ပြောဆိုပါတော့မယ်။ ဘရသေ့ကို ကတိပေးပါတယ်”ဟုဆိုကာ ကန်တော့လေတော့၏။

ထို့နောက် ရသေ့ကြီးက ကြေးစည်လေးကို “နောင် ဝေ ဝေ ဝေ”ဟု တီးလိုက်ပြီး -“ချမ်းသာခြင်းကိုဖြစ်စေ”ဟု ဆုကိုပေးကာ ကွပ်ပျစ်ပေါ်မှဆင်းကာ လွန်စွာမှ ကြီးမားသော လွယ်အိတ်ကြီးကို လွယ်၍ ထိုနေရာမှ ထွက်ခွာလာခဲ့ရလေတော့သတည်း။

လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ် မြဲကြပါစေသော်။

အောက်တိုဘာအောင်ကြီး

Comments

comments

Post Author: manawmaya