ပြောရမှာပေါ့ မလှရီရေ…

ဇာတ်လိုက်
မလှရီရေ …မင်းသားဖြစ်ဖို့၊ မင်းသမီးဖြစ်ဖို့ဆိုတာ သိပ်မခဲယဉ်းပါဘူး။ သို့သော် ဇာတ်လိုက်ဖြစ်ဖို့ဆိုတာ လွန်စွာမှ ခက်ပါတယ်။
ပရိသတ်တွေရဲ့ ချစ်ခင်လေးစားမှုတွေကို ပြန်ပြီးရနိုင်တဲ့သူက ဇာတ်လိုက်ပါပဲဗျာ။
မင်းသား မင်းသမီးဖြစ်တိုင်း ဇာတ်လိုက် မဟုတ်ဘူးနော်။ ပရိသတ်တွေက ချစ်မှ မေတ္တာရ နေမှ၊ သူတို့ရဲ့နောက်မှာပရိသတ်ထုကြီးရှိနေမှ အဲဒါ ဇာတ်လိုက်ဖြစ်မှာပေါ့ဗျာ။
အင်း အဲ ပြောရမှာပေါ့။ အောက်တိုဘာ အောင်ကြီးတို့ဆီမှာ မင်းသားတွေရော မင်းသမီးတွေ ပါ ပေါမှပေါပဲ။
ဒါပေမဲ့ ဇာတ်လိုက်တော့ ဖြစ်မလာခဲ့ဘူး ပေါ့ဗျာ မလှရီရာ။

ရွှေဘတဲ့ ဟေ့
မလှရီရေ … အောက်တိုဘာအောင်ကြီးတို့ ဆီမှာ တစ်ချိန်တစ်ခါက ရုပ်ရှင်မင်းသားကြီး ဦးရွှေဘဆိုတာ ရှိခဲ့ဖူးပါတယ်။
တစ်ခါက တောမြို့လေးတစ်မြို့မှာပေါ့။ အဲဒီ မှာ ရုပ်ရှင်ရုံလေးတစ်ရုံမှာ ရွှေဘပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားပြနေတယ်။
အဲဒီဇာတ်လမ်းထဲမှာ ရွှေဘကို လူဆိုးတွေက ဝိုင်းပြီး ထိုးကြဖို့ နောက်ကနေပြီး လိုက်လာကြတယ်။
ရွှေဘက မမြင်လို့ မသိ။ လူဆိုးတစ်ယောက် က ရွှေဘနောက်အနားကို တဖြည်းဖြည်းနဲ့ ကပ်လာတယ်။
အဲဒီလူဆိုးက ရွှေဘရဲ့ နောက်နားကို နီးလာ လေလေ ရုပ်ရှင်ကြည့်ပရိသတ်က သည်းထိတ်ရင်ဖိုဖြစ်လာတော့ ကျေးလက်တောရွာမှ တောသားကြီး တစ်ယောက်က ရွှေဘအတွက် လွန်စွာမှ စိုးရိမ်ပြီးတော့ သူ့ပါးစပ်က ယောင်ယမ်းပြီး –
“ကိုရွှေဘ ကိုရွှေဘ”
လို့ အော်ဟစ်ကာ သတိပေးအသံထွက်သွားပါတယ်ဗျာ။
အဲဒီနောက် လူဆိုးဖြစ်သူက ရွှေဘနောက်နားရောက်လာပြီး တုတ်နဲ့ ရိုက်မလို့လည်း ရွယ်လိုက်ရော အဲဒီစိုးရိမ်ပူပန်မှုတွေ များနေကြတဲ့ တောရွာ ပရိသတ်ကလည်း
“ကိုရွှေဘ”
လို့ အသံတွေ ကျယ်လောင်စွာ ထအော်လိုက်ရော အဲဒီအချိန်မှာ ရွှေဘက ချာခနဲ နောက်လှည့်ပြီး သူ့ကိုရိုက်လိုက်တဲ့တုတ်ကို ရှောင်ပြီး လူဆိုး မျက်ခွက်ကို လက်သီးနဲ့ ထိုးချလိုက်တာပါပဲဗျာ။
အဲဒီတော့မှ ရွှေဘရဲ့ ကျေးလက်တောရွာ ပရိသတ်တွေက –
“တော်သေးတာပေါ့ဗျာ။ ကျုပ် အော်လိုက်မိလို့”
ပြောရင်းက စိတ်သက်သာရာ ရသွားပါတယ်ဗျာ။
ရုပ်ရှင်ကြည့်ပရိသတ်တွေက ရုပ်ရှင်မင်းသားကြီးရွှေဘကို အဲဒီလောက် ချစ်ကြတာပါပဲလေ မလှရီရေ။

ရွှေမန်းတင်မောင်တဲ့ဟေ့
မလှရီရေ …မြန်မာ့ဇာတ်သဘင် ဇာတ်မင်းသားကြီး ရွှေမန်းတင်မောင်အကြောင်းလေး အောက်တိုဘာအောင်ကြီး ပြောရမှာပေါ့။
ရွှေမန်းတင်မောင်ဟာ ပရိသတ်ကို ဘယ်လောက်လေးစားတဲ့အကြောင်း နေ့လယ် ဇာတ်သူ၊ ဇာတ်သားတွေ အိပ်ပျော်နေချိန်မှာ နေက ပူပူ၊ ဖုန်ကထူထူထနေချိန် ညဘက် ဇာတ်ပွဲကြည့်ဖို့လာကြတဲ့ လှည်းတန်းကြီးကို မြင်လိုက်ရတဲ့ ရွှေမန်းတင်မောင်နဲ့ ဇာတ်မင်းသမီး ဒေါ်အောင်သန်းတင်နဲ့ အတူ ဇာတ်ခုံပေါ်ကနေပြီး လှမ်းကြည့်ကြရင်း ထိုင်ကန်တော့ကြတယ်လို့ ကွယ်လွန်သူ စာရေးဆရာ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ကိုသုမောင်က စာပေဟောပြောပွဲမှာ ပြောခဲ့ဖူးပါတယ်။
ရုပ်ရှင်မင်းသားကြီး အကယ်ဒမီ ဦးညွန့်ဝင်းက ကိုသုမောင်ကို ပြောခဲ့ဖူးတာ ရှိသေးတယ်။
ရုပ်ရှင်မင်းသား ဦးညွန့်ဝင်း စူပါဖြစ်စ လွန်စွာမှ အောင်မြင်နေတဲ့အချိန်မှာ ကျေးလက်တောရွာလေးတစ်ရွာကို ရုပ်ရှင်ရိုက်ဖို့ ရောက်သွားတယ်။
အဲဒီမှာ ဦးညွန့်ဝင်းကို ကျေးလက်ပရိသတ်တွေက ဝိုင်းဝိုင်းလည်ပြီးတော့ နှုတ်ဆက်ကြတယ်။
အဲဒီအချိန်မှာပဲ အသက်အရွယ်အိုမင်းနေတဲ့ အဘွားအိုကြီးတစ်ယောက်က –
“ဘယ်မှာလဲ မင်းသားညွန့်ဝင်း”
ဆိုပြီးတော့ လူအုပ်ထဲ တိုးဝင်လာတယ်။
လူငယ်၊ လူရွယ်၊ လူလတ်ပိုင်း ပရိသတ်တွေကြားထဲမှာ အဘွားအိုကြီးကို လှမ်းမြင်လိုက်ရတော့ မင်းသားညွန့်ဝင်း အံ့ဩဝမ်းသာသွားတယ်။
ဒီအရွယ် အဘွားအိုကြီးတွေလည်း ငါ့ပရိသတ်ထဲမှာရှိတာပါလားလို့ ကြည်နူးသွားတယ်။
“အဘွား ကျွန်တော်ဒီမှာ ဒီမှာ ဒီကိုလာ”
လို့ ဦးညွန့်ဝင်းက ဖော်ဖော်ရွေရွေ အသံပြု ဖိတ်ခေါ်လိုက်ပါတယ်။
အဘွားအိုကြီးကလည်း ဦးညွန့်ဝင်းအနားကို ရောက်လာတယ်။ အနားရောက်တဲ့အခါ အဘွားအိုကြီးက ဦးညွန့်ဝင်းမျက်နှာကို အသေအချာ အနီး ကပ် စူးစိုက်ကြည့်ပြီးတော့ –
“ရွှေမန်းတင်မောင်သားဆိုလို့ မင်းကိုလာ ကြည့်တာပါကွယ်”
လို့ နှုတ်ဆက်ပြီး ပြောလိုက်ပါတယ်ဗျာ။
ဒီတော့မှ ရွှေမန်းတင်မောင်ရဲ့ ပရိသတ်၊ ရွှေမန်းတင်မောင်ကို ချစ်တဲ့စိတ်နဲ့ ရွှေမန်းတင်မောင်ရဲ့ သားဖြစ်နေလို့ သူ့ကိုလာကြည့်တာပါလားလို့ ရုပ်ရှင်မင်းသား ဦးညွန့်ဝင်း သဘောပေါက်သွားပါတော့တယ်။
ဒါကြောင့် အောက်တိုဘာအောင်ကြီး ပြောခဲ့တဲ့ ဦးရွှေဘ၊ ရွှေမန်းဦးတင်မောင်တို့ဟာ ဇာတ်လိုက်တွေပါပဲ။ မင်းသား၊ မင်းသမီးဖြစ်လို့တော့ ရနိုင်ပေမယ့် ဇာတ်လိုက်ဖြစ်ဖို့က ပရိသတ်ချစ်မှ …။
နိုင်ငံရေးသမားပဲဖြစ်ဖြစ်၊ စီးပွားရေး လုပ်ငန်း ရှင်ပဲဖြစ်ဖြစ် ပရိသတ်ချစ်မှ လူထုချစ်မှ ဇာတ်လိုက် ဆိုတာ ဖြစ်မှာပါပဲဗျာ မလှရီရာ။

အောက်တိုဘာအောင်ကြီး

Comments

comments

Post Author: manawmaya