ငခွေး

(၁)

“ဟဲ့ …သမီး၊ နေ့ခင်းကြောင်တောင်ကြီး ရွာထဲမှာ ခွေးတွေ အူလိုက်တာမှ ညံနေရောပဲအေ့”

“ဟိုအကောင်လေ …ဟိုအကောင်ပေါ့”

“အိုအေ …နေ့ခင်းကြီးကိုပဲ၊ ဘယ်လို လုပ် နာနာဘာဝတွေ ဖြစ်နိုင်မှာတုန်း …”

“မဟုတ်ဘူး အမေရဲ့…”

“ဘာမဟုတ်တာတုန်းအေ့ …ပြောစမ်းပါ ဟဲ့ မြန်မြန် …”

ဒေါ်မြရီက စိတ်မရှည်တော့သလိုဟန်နဲ့ သမီးဖြစ်သူ မလှရီလေးကို မေးလိုက်တယ်။ အမှန် က ဒေါ်မြရီတစ်ယောက် စိတ်ဝင်စားလွန်းလို့ အလောကြီးနေတာပါ။

“အူ …အူ …အူ …အူ …”

ကဲကြည့်ဦး။ တစ်ရွာလုံးက ခွေးတွေ တ ကယ့်ကို ဆွဲဆွဲငင်ငင်ကြီးနဲ့ အူနေကြတာလေ။

“ဟိုမှာလေ …ဦးခွေးကြီး ရွာထဲ လျှောက် လာတာ မတွေ့ဘူးလား အမေရဲ့ …”

မလှရီက ဗန်းထဲက ဆေးလိပ်ကို ခပ်သွက် သွက်လေး ခေါင်းချိုးလိုက်ပြီး အိမ်ရှေ့ဆီ မေးငေါ့ပြ လိုက်တယ်။

“ဒီကောင့်မလဲ အကုသိုလ်ကြီးလိုက်ပုံက မသေခင်ကတည်းက သူလာရင် ခွေးက အူနေပြီ၊ အော် …ဒုက္ခ၊ ဒုက္ခ …”

“တိုးတိုးလုပ်ပါ အမေရဲ့၊ တော်ကြာ ကြားသွားဦးမယ်တော့ …”

အကျီကျွတ်နဲ့ ပုဆိုးနံငယ်ပိုင်းအစုတ်လေးကို ဝတ်ပြီး သူ့အိမ်ရှေ့ကနေ ဖြတ်ပြီး ရွာထဲဘက် လျှောက်သွားတဲ့ “ငခွေး …” ကို ကြည့်ရင်း ဒေါ်မြရီ သက်ပြင်းချမိတယ်။ အသားကလည်း မည်း တဲ့အပြင် အဆီတဝင်းဝင်းနဲ့ ပြောင်နေတယ်။ မျက်နှာ လေးထောင့်၊ မျက်လုံးက ပြူးပြူးနဲ့ အစကတည်းက ခက်ထန်နေရတဲ့အထဲ မျက်မှောင်ကြီးက အမြဲကုတ် လို့ပေါ့။ ခါးမှာကလည်း ဓားမတို တစ်ချောင်းကို အမြဲထိုးထည့်ပြီး ပုဆိုးနဲ့ လိမ်ထားသေးတယ်။

“အမယ်လေး …ညည်းမပြောနဲ့၊ ကျုပ် တောင် သူ့ပုံကို ကြည့်ပြီး ကြက်သီးတွေထတယ် လှရီရေ့ …”

 

(၂)

တကယ်တော့ ကျုပ်တို့ ရွာမှာ “ငခွေး …” က နာမည်ကြီးပေါ့။ သူက ရွာထဲမှာလည်း မနေဘူး။ ရွာအပြင် ပဲခူးရိုးမ တောအစပ်နားက တောင်ကမူ လေးပေါ်မှာ သူ့ဘာသာ တဲထိုးပြီးနေတယ်။ အလုပ် ကတော့ မုဆိုးပေါ့။ သားကောင်ရလာရင် အမဲဖျက်ပြီး ရွာထဲမှာ လှည့်ရောင်းတော့တာပဲ။

ပိုက်ဆံနဲ့တော့ မဟုတ်ဘူးပေါ့ …၊ ဆန်နဲ့ လဲတန်လဲ၊ ဆီနဲ့ လှယ်တန်လှယ်၊ အသီးအရွက်လေး တွေ၊ ငါးပိအိုးလေးတွေနဲ့ အပေးအယူလုပ်ကြတာ ပါပဲ။ ခက်တာက ငခွေးက သူ့နာမည်နဲ့ လိုက်အောင် ခွေးသားကို အတော်စုံစုံမက်မက်ကို ကြိုက်တာလေ။

ဒီလောက် ချေ၊ ဆတ်၊ တောဝက်၊ ယုန် စတဲ့ သားကောင်တွေ သူကိုယ်တိုင် အမဲလိုက်ပြီး ရနေပေမဲ့ ငခွေးကတော့ ခွေးသားမှ ခွေးသားပဲ။ ခွေးသားမပါရင် သူထမင်းစားလို့ မရလောက်အောင် ကို ကြိုက်တဲ့သူ။ သူ့တဲမှာ ခွေးသားကို အစို၊ အခြောက် အစုံရအောင် လုပ်ထားတယ်။ ခွေးသား စားလွန်းလို့ သူ့ကိုယ်အနံ့တောင် ခွေးစော်နံတယ် ဆိုပြီး ရွာသားတွေက ကွယ်ရာမှာ နှာခေါင်းရှုံ့ ကြ လေရဲ့။

“သံချောင်း …လခွီးမှပဲ၊ မင်း … စားတုန်းကစားပြီး၊ အသားဖိုးပေးဖို့ကျ ဆန်သုံး ပြည်လောက်လေးကို နေ့ရွှေ့ ညရွှေ့နဲ့။ တဲမှာ ဆန်ပြတ်တော့မယ်ကွ …”

“ပေးမှာပေါ့ ကိုကြီးခွေးရယ် … လော လောဆယ် အိမ်မှာတောင် စားဖို့ ဆန် မရှိသေးလို့ပါ”

“ဘာကွ …၊ ဒီလိုဆို မင်းတို့အိမ်က လူတောင် ထမင်းမစားရသေးတာ၊ မွေးထားတဲ့ ခွေးဆို ဝေးရောပေါ့ကွ၊ ဆန်မပေးနိုင်လည်း ခွေးပဲ ယူရတာပေါ့ သံချောင်းရာ …”

သံချောင်းတို့အိမ်က သုံးနှစ်သား ခွေးလေးက နားလည်လို့လား မသိဘူး။ တအီအီနဲ့ တဲအောက်မှာ ဝပ်နေရာက ထပြီး အပြေးအလွှားနဲ့ တဲပေါ်တက် ပြေးတယ်။ ခွေးလေးမှာ ကြောက်လွန်းလို့ ခေါင်းကို ဖွက်ပြီး သံချောင်းနောက်မှာ ပုန်းနေလေရဲ့။

“ငနီလေးကိုတော့ ချမ်းသာပေးပါ ကိုကြီး ခွေးရယ် …”

သံချောင်းက မရဲတရဲနဲ့ အရေးဆိုလိုက် တယ်။ သံချောင်းတို့က လင်ရယ် မယားရယ်ပဲ ရှိကြ တာဆိုတော့ ငနီ့ကို သူတို့သားသမီးလို သံယောဇဉ် ကြီးကြတာလေ။ သံချောင်းမိန်းမ မိအေးခမျာ မျက် ရည်တွေဝဲပြီး ငနီလေးကို သနားပေမယ့် ငခွေးကို ကြောက်ရတော့ ခေါင်းကိုငုံ့ပြီး ဘာမှဝင်မပြောရဲ ရှာဘူး။

“သံချောင်း …အပိုတွေ လုပ်မနေနဲ့၊ နောက် တစ်ခါ အသားရလာလို့ မင်း မယူတော့ဘူးဆိုရင် ပြီးတာပဲ၊ လိုချင်သေးတယ်ဆိုရင်တော့ မင်းခွေးကို မင်းဘာသာ ကြိုးတုပ်ပြီး ငါ့ကိုပေးလိုက်တော့၊ ကြာ တယ်ကွာ မြန်မြန်လုပ် …”

ဒါကတော့ ရွာက လူတွေကို အမြဲအကျပ် ကိုင်ပြီး ခွေးသားရှာတဲ့ ငခွေးရဲ့ လက်သုံးစကားပါပဲ။ ရွာက မြို့နဲ့လည်းဝေးတော့ အသားစားချင်ရင် ငခွေးပဲ မျှော်ရတာ မဟုတ်လား။ လယ်ထဲ ယာထဲကရတဲ့ ငါးကတော့ ဖုတ်ပြီး ငါးပိထဲ ထည့်မွှေရုံပဲ သုံးလို့ရ တယ်။ အဲဒီတော့ ရွာက လူတွေဟာ ငခွေးနဲ့ မကင်း နိုင်ကြဘူး။

ဒီလိုနဲ့ ငခွေးတစ်ယောက် ခွေးကလေးကို ပိုက်ပြီး သံချောင်းတို့အိမ်ကနေ ရွာပြင်ပြန်ထွက်သွား တော့တာပဲ။ ခွေးတွေကတော့ တအူအူနဲ့ တစ်ရွာလုံး ညံပြီး ကျန်နေခဲ့လေရဲ့။

“အူ … အူ …အူ …အူ …”

(၃)

“ဟေ့ကောင်တွေ သောက်ကြစမ်းပါကွ၊ ရော့ …ဒါလေးကိုလည်း မြည်းဗျာ …”

“ဒါက ဘာကြီးတုန်း ကိုကြီးခွေးရဲ့ …”

လှမောင်က ငခွေးရဲ့ လောကွတ်ကို အမေးနဲ့ ပြန်တုံ့ပြန်လိုက်တယ်။ လှမောင်၊ ဖိုးစီ၊ ငပိန်တို့က ငခွေးရဲ့ အထူးဧည့်သည်တော်တွေပေါ့။ လူအလာ ကျဲတဲ့ ငခွေးတဲမှာ လှမောင်တို့ သုံးယောက်ကိုတော့ ညနေတိုင်းလိုလို စားဝိုင်း သောက်ဝိုင်းနဲ့ ခပ်ထွေထွေ ကလေး တွေ့ရမြဲပါပဲ။ ငခွေးအိမ်က အမြည်းကောင်း တယ်မဟုတ်လား။

လှမောင်တို့က ငခွေးလောက် ခွေးသားကို မကြိုက်လှပေမယ့် တကယ့် ဆတ်သားခြောက် မီးဖုတ်၊ ချေသားကင်လေးတွေနဲ့ မြည်းရတာကိုး။ ဒီတော့လည်း ညနေ ရွာဦးကျောင်းက အုံးမောင်း ခေါက်တာနဲ့ လှမောင်တို့သုံးယောက်လည်း ငခွေးအိမ် အရောက်ဆိုသလို အချိန်ကို မှန်လို့ပေါ့။

“ခွေးအူကောက်ညှင်းကြော်ပေါ့ကွာ …၊ သံချောင်းတို့အိမ်က အကောင်လေးပေါ့၊ ၁၀ ရက် လောက် ဘာမှမကျွေးဘဲ ရေပဲတိုက်ပြီး ကြိုးချည် ထားလိုက်တာ၊ ဒီကောင်လေး ပိန်လှီပြီး အတော် ချိနဲ့နဲ့ ဖြစ်သွားတာကွ၊ ဆာလည်း အတော်ဆာရှာမှာ၊ ငါကလည်း သက်သက်ကို အငတ်ထားတာဟေ့၊ ၁၀ ရက်လောက်ကြာမှ ငါက ကောက်ညှင်းကို သေချာ ချက်ပြီး ချကျွေးတာ၊

ဘယ့်နှယ် စားလိုက်တာများကွာ၊ တစ်ပြည်ချက်ကို သုံးခါကျွေးနဲ့ ပြတ်သွားတယ်၊ ဗိုက်ကလေးလည်း လုံးလုံးလေးပြန်ဖြစ်သွားတာပေါ့၊ အဲဒီကျမှ သူ့ကို ညင်ညင်သာသာကလေး ဝဋ်ချွတ်ပေးလိုက်တာပေါ့ကွာ …ဟား  …ဟား … အူနုနုလေး ထဲမှာ ကောက်ညှင်းအစာသွတ်လေးနဲ့ စားလို့ ကောင်း တယ်မဟုတ်လားကွ …”

ငခွေးစကားလည်းဆုံးရော …လှမောင်တို့ ပါးစပ်ထဲမှာ ထည့်ပြီး ဝါးထားသမျှ အော်ဂလီဆန် လာတာနဲ့ ကပျာကယာ မျိုချလိုက်ရတယ်။ ဒါတောင် လည်ချောင်းမှာ တစ်ဆို့ကြီးဖြစ်နေလို့ ယမကာ နှစ်ခွက်လောက်ဆင့်သောက်ပြီး မျှောချလိုက်ရတယ်။ ဪ…အတော်ရက်စက်တဲ့ ငခွေးပါပဲလား။

 

(၄)

ငခွေးဟာ သိပ်အကြာကြီး ရက်စက်ခွင့် မရ လိုက်ပါဘူး။ လှမောင်တို့ အုပ်စုလည်း အမြည်း ကောင်းကောင်းနဲ့ အရက်ဝိုင်းကို အကြာကြီး ဖွဲ့ခွင့် မရလိုက်ဘူး။

တစ်နေ့မှာ တောထဲ အမဲလိုက်ရာက ပြန်လာ တဲ့ ငခွေးကို ရွာပြင်စားကျက်ထဲ လှန်ထားတဲ့ ဘကြီး စိုးရဲ့ ကျွဲကြီးက ဘယ်လိုဖြစ်မှန်းမသိဘူး။ တရှူးရှူး တရှားရှားနဲ့ တစ်ဟုန်ထိုး ပြေးပြီး ခတ်လိုက်တာ ငခွေးလည်း ရုတ်တရက်ဆိုတော့ အငိုက်မိပြီး ဗိုက်ပါ ပွင့်သွားတယ်။

ကျွဲကျောင်းသားလည်း ကမန်းကတန်း ရွာ ထဲ အပြေးလာပြီး အော်ပြောတော့ တစ်ရွာလုံး အုတ်အော်သောင်းတင်းနဲ့ ရွာပြင်ကို အပြေးအလွှား ထွက် လာကြတယ်။

“လှမောင် …ကြည့်ပါဦးကွ …ကိုကြီးခွေး အသက်ရော ရှိသေးရဲ့လား …”

ဖိုးစီက စိုးရိမ်တကြီးနဲ့ ငခွေးကို ပွေ့ထားတဲ့ လှမောင်ကို မေးလိုက်တယ်။ လှမောင်က ခေါင်းကို ယမ်းပြတယ်။

“ဒီလောက် ဗိုက်ကြီးပွင့်ပြီး အူတွေပါ ထွက် နေမှ အသက်ရှိတော့မလားဟ ဖိုးစီရ …”

ငပိန်က ဖိုးစီကို ဝင်ဟန့်လိုက်တယ်။ ကျွဲကြီး ကတော့ သူမဟုတ်သလို စားကျက်ထဲမှာ မြက်ကို တောင် ပြန်စားနေလိုက်သေးတယ်။

တစ်ရွာလုံးက စုတ်တသတ်သတ်နဲ့ ငခွေး အဖြစ်ကို သံဝေဂ ယူနေကြတယ်။ လှမောင်တို့ အုပ်စုကတော့ ငခွေး အလောင်းကို သူ့တဲ ပြန်သယ် ဖို့ လုပ်နေကြတာပေါ့။

“ ဟေ့ …နင်တို့အားလုံးအိမ်မှာ ရှိသမျှ ဆားအိုးတွေ ယူလာကြစမ်း၊ မင်းတို့ကလည်း ဒီ လောက် မြင်မကောင်းအောင် ဗိုက်ကြီးပွင့်ပြီး အူတွေ ထွက်နေတာ ဘယ်လိုလုပ်သယ်မလဲဟ …”

သူကြီးက လှမောင်တို့ သုံးယောက်ကို ဝင် မာန်လိုက်တယ်။ နောက်ကလေးတွေနဲ့ မိန်းမတွေကို အိမ်ပြန်ခိုင်းပြီး ငခွေးအလောင်းကို လူကြီးတွေက စီမံကြတယ်။ စီမံတယ်ဆိုတာက …ဗိုက်ကြီးပွင့်ပြီး အထွေးလိုက် အပြင်ကို ထွက်နေတဲ့ အူတွေကို ဓားနဲ့ ဖြတ်ပြီး အိတ်ထဲထည့်တယ်။ ဘတ်လက်ကြီး ဖြစ် နေတဲ့ ဗိုက်ခေါင်းပေါက်ထဲကို ဆားတွေ သိပ်ထည့် ကြတယ်။ ပြီးတော့ ငခွေးရဲ့ ဗိုက်ကို စိနေအောင် အပ်နဲ့ ဖြစ်သလို ချုပ်လိုက်ကြတယ်ပေါ့။

(၅)

ငခွေးရဲ့ တဲရှေ့မှာ သူ့အလောင်းကို စင်လေး ထိုးပြီး တင်ထားတယ်။ တဲပေါ်မှာက အသုဘချဖို့ ဆရာတော်က တရားပေးနှင့်နေပြီ။ တစ်ရွာလုံး ဘယ် သူမှ မလာကြပေမယ့် လှမောင်တို့ သုံးယောက် ကတော့ တရားနာပရိသတ်ပေါ့။ သူကြီးကတော့ မကောင်းတတ်လို့တူပါရဲ့။ ဆရာတော့်ကပ္ပိယအဖြစ် လိုက်လာတာပါပဲ။

“ဘဝတစ်ပါးသို့ ပြောင်းရွှေ့သွားသော ကွယ်လွန်သူ ဒကာကြီး မောင်ခွေးနှင့် အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ …”

“ဘုန်း …”

“အူ …အူ …အူ …အူ …”

အမျှဝေလို့ မဆုံးသေးဘူး။ ဘုန်းဆိုတဲ့ မြည် သံကြီးနဲ့ ခွေးအူသံတွေက ဆူညံစွာ ထွက်လာတယ်။ လှမောင်တို့လည်း တဲရှေ့ကို ထွက်ကြည့်လိုက်မှ ပါးစပ် အဟောင်းသားနဲ့ တအံ့တဩဖြစ်သွားတယ်။ အခေါင်း ကြီးက ပွင့်ပြီး မြေကြီးပေါ်မှာ မှောက်လို့ပေါ့။

ငခွေးအလောင်းက မြေကြီးပေါ် မှောက် လျက်ကြီးနဲ့ အဝီစိကို မျက်နှာမူထားသလိုလိုကြီး။ ပိုဆိုးတာက အောက်ကို ပြုတ်ကျလာလို့ ပွင့်သွားတဲ့ အထုပ်ကြီးထဲက ငခွေးရဲ့ အူတွေကို ခွေးတစ်အုပ်က တအူအူနဲ့ ငခွေးအလောင်းဘေးမှာ အလုအယက် စားသောက်နေကြလေရဲ့။

“ငခွေး …ငခွေး တစ်ကောင်ကြွက် ငခွေး၊ ခွေးသားကြိုက်တဲ့ ငခွေး၊ အခုတော့ မင်းက ခွေးစာ ဖြစ်သွားရှာပြီ …”

သူကြီးက သွေးမရှိတော့တဲ့ ဖြူဖတ်ဖတ် မျက်နှာကြီးနဲ့ သံဝေဂ ရသလိုလို ခေါင်းတညိတ် ညိတ်လုပ်ပြီး ပြောတယ်။

အဲဒီအော့နှလုံးနာစရာ မြင်ကွင်းကို ကြည့်ပြီး ဆရာတော်ကလည်း အမျှဆက်မဝေနိုင်ဘဲ ခပ်တိုး တိုးလေး ညည်းတာ လှမောင်တို့ ကြားလိုက်ရတယ်။

“ငရဲက ဘဝကူးမှ ဆိုပေမယ့် ဝဋ်ဆိုတာ …သိပ်ကြောက်ဖို့ကောင်းတယ် …ဒကာတို့ …”

 

နေစကြာနိုင်

Comments

comments

Post Author: manawmaya