ပူတာအိုမှ ထူးဆန်းသော နဂါးကြီးများ

ဒီတစ်ပတ်တော့ ကချင်ပြည်နယ် ပူတာအိုမှ ထူးဆန်းတဲ့ နဂါးကြီးများအကြောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နဂါးတွေက အဲဒီမှာပဲ ရှိတာလား၊ ဒီပြင်နေရာမှာရော မရှိဘူးလားလို့ မေးကောင်းမေးနိုင်ကြမလားပဲ။ တကယ် သက်ရှိ နဂါးတွေဟုတ်ရဲ့လား စတဲ့ မေးခွန်းတွေ မေးချင်ကြလိမ့်မယ်ထင်ပါတယ်။ တကယ်တော့ သက်ရှိ နဂါးတွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ နဂါးကြီးတွေနဲ့ ပတ်သက်တဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ အစဉ်အဆက် ယုံကြည်မှုက ထူးဆန်းအံ့ဩစရာ ကောင်းလွန်းပါတယ်။
ပထမဆုံး ပြောပြချင်တဲ့ နဂါးကြီးကတော့ ပူတောင်းရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းက သက်ရှိနဂါးရုပ်တုပါပဲ။ ရုပ်တုဆိုပေမယ့် အနုပညာ လက်ရာမြောက်လွန်းနေပြီး သက်ဝင်လှုပ်ရှားမှုရှိတယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။ ဒီနဂါး ရုပ်တုဟာလည်း အသက်ရှိနေပါတယ်။ ဒေသခံတွေ ယုံကြည်ပြီး လက်ဆင့်ကမ်း ပြောကြတာကတော့ နဂါးကြီးဟာ ရုပ်တုဘဝကနေ အသက်ဝင်ပြီး ညညတွေ ရောက်တဲ့အခါ ရေထဲဆင်းပြီး ဆော့ကစားပါတယ်။ နဂါးရုပ်ကနေ တကယ့်နဂါးအဖြစ်နဲ့ ရေထဲ ဆင်းသွားတာပါတဲ့။ ဒီအဖြစ်ကို မျက်မြင်တွေ့တဲ့သူတွေကလည်းတွေ့ကြပါတယ်။ လူပြောသူပြောများလာတဲ့အခါမှာတော့ အချို့တွေက အန္တရာယ်ပြုမှာကို စိုးရိမ်ပြီး နဂါးရုပ်တုကို သုံးပိုင်းဖြစ်အောင် ဖြတ်တောက်ပစ်လိုက်ကြပါတယ်။ နဂါးရုပ်တုကို သုံးပိုင်းဖြတ်လိုက်ရင် သူ့အလိုလို အသက်မဲ့သွားပြီး တကယ့် နဂါးအသွင် ပြောင်းလဲတော့မှာမဟုတ်ဘူးလို့ အထင် ရှိပြီး သုံးပိုင်းဖြတ်လိုက်ကြတာပါ။ ဒီလို သုံးပိုင်းဖြတ်ပြီး ဖျက်လိုဖျက်ဆီးလုပ်လိုက်ပေမယ့် လူအချို့ရဲ့ စိုးရိမ်မှုတွေဟာ အေးငြိမ်းသွားခြင်း မရှိပါဘူး။ သုံးပိုင်းဖြတ်ထားတဲ့ နဂါးရုပ်ဟာ သူ့အလိုလို ပြန်ဆက်သွား ပြီး ညညတွေမှာ အရင်အတိုင်းပဲ ရေထဲဆင်းပြီး ဆော့ကစားပြန်ပါတယ်။ ဒါကြောင့်မို့ ပိုစိုးရိမ်ပြီး အမြီး ပိုင်းနဲ့ ခေါင်းပိုင်းပဲ ချန်ထားပြီး နဂါးရဲ့ ခန္ဓာကိုယ် အလယ်ပိုင်းကို မီးရှို့ဖျက်ဆီးလိုက်ကြပါတော့တယ်။ ဒီအခါမှာတော့ နဂါးကြီးက ကြမ်းလာပါတော့တယ်။ ညညဆို ကျောင်းဆောင်တစ်ခုလုံး တုန်ခါအောင် လူးလိမ့်စေပါသတဲ့။ တစ်ရက်မှာတော့ နဂါးကြီးက အိပ်မက်ပေးပါတယ်။ သူ့ရဲ့ ကိုယ်ထည်ပိုင်းကို ပြန် ဆက်ပေးပြီး ကောင်းမွန်စွာ ပြန်ထားပေးဖို့ နဂါးကြီးက မေတ္တာရပ်ခံပါတယ်။ နောက်ဆုံးမှာတော့ နဂါး ရုပ်တုနဲ့ ရေကန်တစ်ကန်ကို ဆောက်လုပ်ကြရပါတော့တယ်။ ပုံတွေမှာ မြင်ရတဲ့အတိုင်း ပူတောင်ရွာမှာ အသက်ဝင်လွန်းလှတဲ့ နဂါးကြီးရဲ့ ဦးခေါင်းပိုင်းနဲ့ အမြီးပိုင်း ရှိနေပါသေးတယ်။
နောက်နဂါးကြီးကတော့ ပူတာအို မချမ်းဘောမှာ ကျောက်ဖြစ်ရုပ်ြွကင်းအဖြစ် သဘာဝအတိုင်း ရှိနေတဲ့ ထူးဆန်းလွန်းတဲ့ ကျောက်နဂါးကြီး အကြောင်းပဲဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ဒဏ္ဍာရီ ဆန်ဆန် ပြောစကားတွေအရတော့ ကျိန်စာသင့်ပြီး ကျောက်ဖြစ်သွားပါသတဲ့။ ကျောက်နဂါးကြီး အဖြစ်နဲ့ ဒေသခံတွေကို စောင့်ရှောက်မှုတွေ ပေးပါတယ်။ ကျောက်နဂါးကြီးရဲ့ အမြီးကတော့ မလိခမြစ်အတွင်း ထိ ရှည်လျားစွာ ရှိနေတယ်လို့ဆိုကြပါတယ်။ ကျောက်နဂါးကြီးဟာ မလိခမြစ်နံဘေးမှာ ရှိနေပါ တယ်။ ကျောက်နဂါး စေတီလည်း တည်ထားပါ တယ်။ ဒီကျောက်နဂါးကြီးဟာ ကောင်းမှုလုံစေတီ တော်မြတ်ကြီးရဲ့ အစောင့်အရှောက် နဂါးကြီးလည်း ဖြစ်ပါတယ်။ နဂါးကြီးရဲ့ စောင့်ရှောက်ပေးမှု တာဝန်ဟာ နှစ် ၂၀ဝ၀ အထိ ဖြစ်ပြီး နဂါးပြည်သို့ ပြန် ခွင့်ရမှာပါ။ ဒီလို နဂါးပြည်ပြန်ခါနီးမှာ လူသားစားချင်တဲ့ ရမ္မက်ဆန္ဒကြောင့်ပဲ နတ်မင်းကြီးတွေထံ ခွင့်တောင်းခဲ့ပါတယ်။ ငါးပါးသီလ မလုံခြုံသူကိုသာ စားခွင့်ပြုလိုက်တဲ့အခါမှာတော့အစာရှာဖွေထွက်ပါတော့တယ်။ မလိခမြစ်ရိုးတစ်လျှောက်မှာ ငါးဖမ်းနေတဲ့ တံငါသည် လင်မယားကိုတွေ့ပြီး ဖမ်းဆီးစားသောက်ဖို့ ကြိုးစားပါတယ်။ တံငါသည် ယောကျာ်းကတော့ လွတ်မြောက်ခဲ့ပြီး ဇနီးသည်ကတော့ ဖမ်းဆီး စား သောက်ခြင်းခံရပါတယ်။ နဂါးကြီး ကံဆိုးသွားတာက တံငါသည် အမျိုးသမီးမှာ ကိုယ်ဝန်ကြီးလွယ်ထား ပါတယ်။ သန္ဓေသားကိုယ်ဝန်ဟာ ငါးပါးသီလ လုံပါတယ်။ ဒါကြောင့်ပဲ စည်းမစောင့်တဲ့ နဂါးကြီးကို အပြစ်ပေးဖို့ နတ်မင်းများက ဖမ်းဆီးပါတယ်။ နဂါးကြီးက အလွယ်တကူ အဖမ်းမခံဘဲ မလိခမြစ်ရိုးတ လျှောက်မှာ စုန်ဆန်ထွက်ပြေးပါတယ်။ နောက်ဆုံးမှာတော့ သိကြားမင်းကိုယ်တိုင် ဝရဇိန်လက်နက်နဲ့ ပစ်ဖမ်းခဲ့ပြီး ကျောက်အဖြစ် ကြွင်းကျန်ရစ်ခဲ့တာ ဖြစ်ကြောင်း ပါးစပ်ရာဇဝင်အဖြစ် တွင်ကျန်ရစ်ပါတော့တယ်။ ကျောက်နဂါးနဲ့ ပတ်သက်တဲ့ ပါးစပ်ရာဇဝင် နောက်တစ်ခုလည်း ရှိပါသေးတယ်။ နဂါးဖိုနဲ့ နဂါးမတို့ဟာ ဒီနယ်တဝိုက်မှာ ကျင်လည် ကျက်စားပါတယ်။ နဂါးဖိုကြီးဟာ သိကြားမင်းတားမြစ် ထားတာကို မစောင့်စည်းနိုင်ဘဲ ကျွဲကျောင်းသားလေးကို ဖမ်းဆီးပြီး စားသောက်လိုက်ပါတယ်။ သိကြားမင်းရဲ့ ဒေါသကျိန်စာကြောင့်ပဲ နဂါးဖိုကြီးဟာ ကျောက်ရုပ်ဖြစ်သွားခဲ့ပါတယ်။ နဂါးမဟာ သူ့လင်ယောကျာ်း ပြန်လည်နိုးထလာစေဖို့ဆေးမြစ်တွေ ရှာကြံယူလာပြီး နဂါးဖိုကြီးရဲ့ ခံတွင်းထဲထည့် ကာ ဆေးကုသပေးပါတယ်။ နဂါးဖိုကြီးရဲ့ အမြီးပိုင်းဟာ ပြန်လည် အသက်ဝင်လာတယ်လို့ ဆိုပါတယ်။ ခေါင်းပိုင်းကတော့ ကျောက်ဖြစ်ပြီး မြေကြီးထဲ စိုက်ဝင်နေပါတယ်။ အခုချိန်ထိအောင် နဂါးမကြီးက သူ့ ယောကျာ်းဖြစ်သူ နဂါးဖိုကြီး ပြန်လည် အသက်ရှင်လာဖို့ ဆေးမြစ်တွေရှာပြီး လာရောက်ခွံ့ကျွေးနေဆဲပဲလို့ ယုံကြည်နေကြပါတယ်။ ဒီအကြောင်းအရာတွေကတော့ ကျောက်နဂါးကြီးနဲ့ ပတ်သက်တဲ့ အဖြစ် အပျက်တွေပဲ ဖြစ်ပါတယ်။
ပူတာအိုရောက်ခဲ့မယ်ဆိုရင် မြစ်ဆုံအလှကို ခံစားပြီး ပူတောင်းရွာက အသက်ဝင်လှတဲ့ အင်္ဂါမစုံတဲ့ နဂါးရုပ်ရယ်၊ ပြီးတော့ မလိခမြစ်နံဘေးမှာ သဘာဝအတိုင်း ကျောက်သားအဖြစ် ရှိနေပြီး ထူးဆန်းလွန်းတဲ့ ကျောက်နဂါးကြီးကို ခရီးသွားဧည့် သည်တိုင်း ထူးဆန်းအံ့ဩစွာ မဖြစ်မနေ သွားရောက် ကြည့်ရှုလေ့ရှိကြပါတယ်။

နေလရောင်

Comments

comments

Post Author: manawmaya