အကောင်းရှာမှ ကောင်းတာရမည်

လောကနိယာမအရ လူအပါအဝင် သတ္တဝါတိုင်း အကောင်းကိုမှ ကြိုက်တတ်ကြပေသည်။ ကောင်းသည့်အရာမှန်သမျှ ပိုင်ဆိုင်လိုခွင့်ရှိက ပိုင်ဆိုင်ချင်ကြသည်။ သို့သော်ငြား သဘာဝက အကောင်းချည်း ပေးလေ့မရှိ။ သည်တော့ အကောင်းကိုရှာမှသာ အကောင်းကို ရပေလိမ့်မည်။

အကောင်းကို နှစ်ခြိုက်၍ အကောင်းရသည့်အခါဝယ် ဝမ်းသာကြည်နူးရသလောက် အကောင်းထဲ၌ အဆိုးညှပ်၍ ပါလာလျှင် စိတ်ထဲ စနိုးစနောင့်  ဖြစ်ရသည်။ မကြည်မလင်၊ မသက်မသာဖြစ်ရသည်။ သည်တော့ လာခြင်းမကောင်းသော အရာမှန်သမျှကို တင်ကြို ပိတ်ဆို့ကာကွယ်ထားခြင်းသည်သာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။ မကောင်းမှုကို တခုတ်တရ သယ်ဆောင်လာတတ်သူများနှင့် အဆက်အဆံမပြုဘဲ ခပ်ကင်းကင်းနေဖို့ လိုပါလိမ့်မည်။ မိမိတို့ ၏ အသိမိတ်ဆွေများအနက် အချို့သည် မကောင်းသောစကားများကို ပြောဆိုတတ်လေ့ရှိကြသည်။ ထိုသူတို့၏ စကားကို နားထောင်ခြင်းထက် တရား တစ်ခွေ၊ စာကောင်းတစ်ပုဒ်ကို နားထောင်ခြင်း၊ ဖတ်ရှုခြင်းက ပို၍ အကျိုးများပေလိမ့်မည်။ ထိုသို့သော အလေ့အကျင့်ရလျှင် မိမိကိုယ်မိမိ ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မည်။

မိမိတို့၏ ပတ်ဝန်းကျင်၌ ထူးချွန်ထက်မြက်သူ၊ အောင်မြင်မှု အပြည့်အဝရနေသူတို့ ရှိနေပါလိမ့် မည်။ ကမ္ဘာအရပ်ရပ်၌လည်း ထိုထိုသော ပုဂ္ဂိုလ်ကျော်တွေ ရှိနေကြသည်။ သူတို့ ဘာကြောင့်အကောင်းကံနှင့် ကြုံတွေ့နေကြရသည်ကို လေ့လာဆန်းစစ်ပါ။

တကယ်တော့ မကောင်းကံကို ဖန်တီးသည်မှာလည်း လူ၊ အကောင်းကံကိုရယူဖန်တီးသည်မှာလည်း လူပဲဖြစ်သည်။ မကောင်းကံ၊ အကောင်းကံသည် အလုပ်ပဲဖြစ်သည်။ မကောင်းသောအလုပ်ကို လုပ်လျှင် မကောင်းကံနှင့် ကြုံတွေ့ရမည်။ ကောင်းသောအလုပ်ကိုလုပ်လျှင် အကောင်းကံနှင့် ကြုံတွေ့ ရမှာပဲဖြစ်သည်။ ကောင်းသည့်အရာကို အလိုရှိလျှင် ကောင်းသောကံကို မျှော်ကိုးလိုလျှင် မိမိလုပ်ဆောင် နေသော အလုပ်သည် မိမိအတွက်ရော လောကကြီးအတွက်ပါ။ အကျိုးရှိစေမည့် အလုပ်မျိုးသာဖြစ်သင့် သည်။ ထိုအလုပ်မျိုးကို မေ့လျော့ပေါ့ဆမှုမရှိဘဲ အားထုတ်လုပ်ကိုင်ရင်း မျှော်လင့်ချက်ထားပါက အကောင်း ကံတို့  ပွင့်လန်းလာမှာပဲဖြစ်သည်။

သတိ၊ ဝီရိယသည် လွန်စွာအရေးကြီး၏။ သတိ၊ ဝီရိယတို့ ထုံနေပြီဆိုပါက အကောင်းနှင့် အဆိုးကို ရွေးချယ်တတ်။ ခွဲခြားတတ်လာမှာဖြစ်၏။ အကောင်းကံတို့ ဝင်ရောက်လာချိန်တွင် အမိအရ ဆုပ်ကိုင်တတ်ဖို့ အရေးကြီးပေသည်။ အလုပ်အပေါ် အာရုံစိုက်နေသူ၌ ပျံ့လွင့်ခြင်းများ နည်းပါးလှသည်။ အလုပ်လုပ်နေသည့်အတွက် အင်အားများ စုစည်းထားသလိုဖြစ်နေသည်။ အောင်မြင်နေသူတို့ကို လေ့ လာကြည့်လျှင် အခွင့်ကောင်းကလေးများကို ဆုပ်ကိုင်မိပြီဆိုသည်နှင့် မိမိ၏ ဝီရိယစွမ်းအားတို့ ပေါင်းစပ်ကာ ဆထက်တိုးပွားအောင် အကောင်းကံ ကို ဖန်တီးနိုင်ခြင်းဖြင့် လူမှန်နေရာမှန်ဖြစ်လာခဲ့ရ ခြင်းပါပေ။

စိတ်ထားတည်ကြည်သူတို့ထံသို့ အကောင်း ကံများ ကိန်းအောင်းလာတတ်စမြဲဖြစ်သည်။ ထိုသူတို့ သည် ထိုမျှလောက်နှင့် ရောင့်ရဲမနေတတ်ကြဘဲ အကောင်းတွေကို တစ်ဆထက်တစ်ဆ ပွားလာအောင် အားထုတ်ကြသည်။ ကောင်းမှုကို မြတ်နိုးကြသည်။ ကောင်းအောင် ကြိုးစားအားထုတ်ကြသည်။ မကောင်းမှုကို ရှောင်လျက် ကောင်းမှုကို ဆောင်တတ်ကြသည်။ ထိုအခါ စိတ်ထားနှလုံးသား သည် ဖြူစင်သန့်ရှင်းနေတော့သည်။ ဤတွင် “စာမဏေန-သမဏော၊ ဂေါဏေန-ဂေါဏော”ဆို သကဲ့သို့ စိတ်ကောင်းမွေးသူ၊ စိတ်ကူးရှိသူထဲသို့ အကောင်းကံများအတိုင်း အဆကြီးမားစွာ ရောက်ရှိသွားလေ့ရှိစမြဲပင်။

အောင်မြင်သူတို့၏ ထုပ္ပတ်ကိုကြည့်လျှင်  ကောင်းသောပြုဗ္ဗတ်၊ လုပ်ရပ်များကို တွေ့နိုင်ပေ သည်။ အရင်းခံကား ကောင်းတာရချင်၊ ပိုင်ဆိုင်ချင်သူအတွက် အဓိက ရှာဖွေရမည်မှာ ကောင်းသော လုပ်ရပ်များမှတစ်ပါး အခြားမရှိပေ။

 

နန္ဒာမိုးကြယ်

Comments

comments

Post Author: manawmaya