အလုပ်ကြမ်းသမား ကိုကျော်မောင်အတွက် ကပ္ပိယကြီးပြောပြတဲ့ လိပ်ခေါင်းရောဂါကုထုံး

ကျွန်ုပ်သည် ကပ္ပိယကြီး ဦးဖြူသီးဟူသော ဇာတ်ကောင်ကိုအခြေခံ၍ တိုင်းရင်းဆေးကုထုံး ဆောင်းပါးများကို ဂျာနယ်များတွင်ရေးသားတင်ပြခဲ့ပါ သည်။ ကျွန်ုပ်နှင့် ရင်းနှီးသော စာဖတ်ပရိသတ်များမှာ ကျွန်ုပ်၏ ကိပ္ပီယကြီးနှင့် ရင်းနှီးနေကြကြောင်း တွေ့ ရပါသည်။ ဦးဖြူသီးအမည်နှင့် ဆောင်းပါးများပါလာလျှင် “ဆရာရေ … မနောမယဂျာနယ်မှ ဆရာရဲ့ ကပ္ပိယကြီးကတော့ …..ရောဂါကို ကုသ ပေးတဲ့အကြောင်းပါ လာတယ်ဗျို့” စသည်ဖြင့် ဝေဖန်ခြင်း၊ အားပေးခြင်း၊ အသိပေး ဆွေးနွေးခြင်းများ ပြုကြပါသည်။ သို့ဖြစ်ပါ၍ ကပ္ပိယကြီးဦးဖြူသီးဆိုသောအမည်သည် စာဖတ်သူများနှင့် အထိုက် အလျောက် ရင်းနှီးမှုရှိနေကြောင်း သတိပြုမိပါသည်။ ထိုသို့သော အခြေအနေတွင် တစ်နေ့သောအခါ –

ကျွန်ုပ်ထံသို့ ရန်ကုန်မြို့မှ ရင်းနှီးသော စာရေးဆရာ မိတ်ဆွေတစ်ဦးက ဖုန်းဆက်၍ ကပ္ပိယကြီး ဦးဖြူသီးဟူသောအမည်နှင့် ပတ်သက်ပြီး ဆွေးနွေးအကြံပေးလားပါသည်။ လိုရင်းကိုတင်ပြရသော် –

 

ကပ္ပိယကြီး ဦးဖြူသီး အမည်ပြောင်းခြင်း

ကျွန်ုပ်၏ဇာတ်လိုက်ကြီး ဦးဖြူသီး၏အမည်မှာ တစ်ခါက နိုင်ငံကျော်စာရေးဆရာကြီး တင့်ဆန်း၏ “ကပ္ပိယစုံထောက်ကြီးဦးဖြူသီး”၏အမည်နှင့် တူနေ ခြင်းဖြစ်ပါသည်။ စာရေးဆရာမိတ်ဆွေက ထိုအချက် ကိုပင် ကျွန်ုပ်အား စေတနာနှင့် သတိပေးခဲ့ခြင်းဖြစ်ပါ သည်။

“ ဆရာရဲ့ ကပ္ပိယကြီးဦးဖြူသီးနဲ့ ကပ္ပိယ စုံထောက်ကြီးဦးဖြူသီး နာမည်ချင်းအတူတူဖြစ်နေ တယ်ဗျ။ အဲ့ဒါကို နာမည်ပြောင်းရင်ကောင်းမယ်”

“ဘာကြောင့်လဲဗျာ …ကျွန်တော် အဲဒီ ကပ္ပိယ စုံထောက်ကြီး ဦးဖြူသီးကို သဘောကျပြီး ကျွန် တော်ရဲ့ကပ္ပိယကြီးကိုလည်း ဦးဖြူသီးလို့နာမည်ပေး ခဲ့တာပါ”ဟု ပြောပြလိုက်ရာ –

“ဆရာက ဒီနေ့ခေတ်နဲ့ မျက်ခြည်ပြတ်နေ ပြီနဲ့တူတယ်ဗျ၊ “ငါက ဗိုလ်အောင်ဒင်”ဆိုတဲ့ ဒီနေ့ ခေတ်စားနေတဲ့ သီချင်းရှိတယ်မဟုတ်လား၊ စစ်ကြို ခေတ်က ထင်ရှားခဲ့တဲ့ ဗိုလ်အောင်ဒင်ကို ဖန်တီးသူ မိသားစုများက တေးရေးဆရာကို “ဗိုလ်အောင်ဒင်” နာမည်နဲ့ ပတ်သက်ပြီး အမှုဖွင့်ထားတယ်လေ။ ခင် ဗျားရဲ့ ကပ္ပိယကြီးဦးဖြူသီး အဲ့ဒီလိုမတော်တဆဖြစ်ခဲ့ ရင် အလကား ခေါင်းစားနေရပါဦးမယ်ဗျာ၊ အဲဒါ ကြောင့် သတိပေးရတာပါ”ဟုပြောပြပါသည်။

ကျွန်ုပ်သည် ကျွန်ုပ်၏ကပ္ပိယကြီးကို ဤ အထိ မတွက်ထားပါဘူး။ ယနေ့ခေတ် ဗိုလ်အောင်ဒင် သီချင်းမှာ သိပ်ပေါက်နေပြီ၊ တစ်နိုင်ငံလုံး “ငါက ဗိုလ်အောင်ဒင်” ဖြစ်နေတယ် မဟုတ်ပါလား။ ကျွန်တော်က လျှော့တွက်ထားသော်လည်း မိတ် ဆွေက လျှော့မတွက်ထားခဲ့ပါ။ သို့ဖြစ်ပါ၍ မိတ်ဆွေစာရေးဆရာ ၏ စေတနာစကားကို ကျွန်ုပ် လေးစားစွာ စဉ်းစားခဲ့ရပေသည်။ ကျွန်ုပ် သံယောဇဉ်တွယ်တာ လျက်ရှိပါသော ကပ္ပိယကြီး၏ ဦးဖြူသီးအမည်ကို ပြောင်းလိုက်မှ သင့်တော်ပေတော့မည်။

ဤသို့ဖြင့် ကျွန်ုပ်သည် ဝါဆိုဦးကာလ၏ တစ်နေ့သော အချိန်တွင် ကပ္ပိယကြီး၏ တဲ ကျောင်းကလေးတည်ရှိရာအောင် ဗောဓိဘုန်းတော်ကြီးကျောင်းသို့ သွားခဲ့ပါသည်။ ပဲပလာတာ နှစ် ထုပ်၊ လက်ဖက်ရည်အချို ပါ ဆယ်နှစ်ထုပ်ကိုလည်း ယူသွားခဲ့ ပါသည်။ ထို့ပြင် ကိတ်မုန့်တစ်လုံး နှင့် အိုဗာတင်းပုလင်း တစ်လုံး လည်း ပါသွားပါသည်။

ကပ္ပိယကြီးကို ထန်းပလပ် ကုလားထိုင်၌ အကျအနထိုင်လျက် ပုတီးတဂျောက်ဂျောက်စိပ်နေ သည်ကို တွေ့ရပါသည်။

“ဟေ့ ကျောင်းဆရာ… စားနပ်ရိက္ခာတွေနဲ့ ပါလားဗျ။ ဘာအစီအစဉ်များ ရှိလို့လဲ”ဟု ခရီးဦးကြို ဆိုရင်း မေးမြန်းလေသည်။ ကျွန်ုပ်က –

“ကပ္ပိယကြီးကို ဝါဝင်ချိန်ကန်တော့ဖို့နဲ့၊ နာ မည်ပြောင်းတဲ့ အခမ်းအနားကလေး လုပ်ချင်လို့ပါ ခင်ဗျာ”ဟု ပြန်ဖြေလိုက်လေသည်။

ကပ္ပိကြီးက နှဖူးကြောကိုတွန့်ကာ သူ၏ မှေးစင်းနေသော မျက်လုံးကိုပြူးလိုက်ပြီး –

“ဝါဝင် ကန်တော့တာကတော့ ဟုတ်ပါပြီ။ ဘာကိစ္စနဲ့ဘယ်သူ့ကို နာမည်ပြောင်းမှာလဲဗျ”ဟုမေး ပါသည်။ ကျွန်ုပ်လည်း လိုရင်းကိုရှင်းပြပြီး လှူဖွယ် ပစ္စည်းများကို လင်ပန်းတစ်ချပ်တွင်ထည့်၍ ကပ္ပိယ ကြီးရှေ့တွင်ချကာ ရိုသေစွာ ကန်တော့ခဲ့ပါသည်။ ပြီးသော် လက်ဖက်ရည်ချိုဆိမ့် နှစ်ခွက်ကို လက်ကိုင် ကွင်းပါသော ဖန်ခွက်ထူကြီး နှစ်လုံးတွင်ထည့်၍ ပဲ ပလာတာနှင့် မြိန်ရှက်စွာ စားသောက်ကြပါတော့ သည်။

“အေးဗျာ …ခင်ဗျားက စာရေးဆရာဆို တော့ လိုအပ်လို့ ကျုပ်အမည်ကို ပြောင်းတာကတော့ ဟုတ်ပါပြီ။ ဘယ်လိုပြောင်းမှာလဲဗျ …ဟဲ ဟဲ”

“ဦးဖြူသီးကို ‘ကိုညိုသီး’လို့ပြောင်းမယ် ဗျာ။ ညိုသီးဆိုတော့ နာမည်ဆင်တူ မရှိလောက်ပါ ဘူး။ ပြီးတော့ ‘နဝင်း’ဓာတ်လည်း မိတာပေါ့ဗျာ ကြိုက်ရဲ့လားဗျ”

“ဟား ဟား ဟား …ခင်ဗျားက ကျုပ်ကို ဇာတ်ကောင်လုပ်ထားတော့ ဇာတ်ဆရာအလိုကျ ကçရမှာပေါ့ဗျာ၊ အမှန်တော့ နာမည်ဆိုတာက ပညတ်ချက်တွေပါ။ ဒါက အရေးမကြီးပါဘူး၊ နာ မည်ရှင်ရဲ့ လုပ်ဆောင်တဲ့ အပြုအမူနဲ့ စိတ်နေ စိတ်ထားမြင့်မြတ်မှုကသာ အရေးကြီးပါတယ်ဗျာ၊ အေး …မသောက်ရတာ ကြာပြီဖြစ်တဲ့ လက်ဖက် ရည်ချို ချိုဆိမ့်ကလေး သောက်ရင်း ခင်ဗျားရဲ့ နာ မည်ပြောင်းခြင်း အခမ်းအနားကို ကြိုဆိုပါတယ်ဗျာ ဟု ပြောဆိုပါသည်။ ကပ္ပိယကြီး၏ သဘောတူညီမှု ကို ရယူခဲ့ပြီးဖြစ်ပါ၍ ကျွန်ုပ်သည် နောင်အခါများ တွင် ကျွန်ုပ် ဇာတ်လိုက်ကြီး ဦးဖြူသီး၏အမည်ကို ‘ဦးညိုသီး’ဟုပြောင်းလဲခေါ်ဝေါ် ရေးသားမည်ဖြစ် ပါကြောင်း ချစ်သော စာဖတ်ပရိသတ်များကို အသိ ပေးလိုက်ရပါသည် ခင်ဗျား။

 

အလုပ်ကြမ်းသမား ကိုကျော်မောင် ရောက်လာခြင်း

ကျွန်ုပ်နှင့် ကပ္ပိယကြီး ဦးညိုသီးတို့ စကား ကောင်းနေခိုက်တွင် ဆိပ်ကမ်းသာရွာ၊ ငွေသောင်ယံ ရပ်ကွက်မှ လူငယ်တစ်ယောက်သည် ကပ္ပိယကြီး၏ တဲကျောင်းကလေးတွင်းသို့ ဝင်လာလေ၏။ ထို လူငယ်၏အမည်ကို ကိုကျော်မောင်ဟုခေါ်သည်။ ကျောက်ကျုံးသောလုပ်ငန်းနှင့် ပင်ပန်းကြီးစွာ အ သက်မွေးဝမ်းကျောင်းပြုနေသူဖြစ်ကြောင်း ကျွန်ုပ် သိနေပါသည်။ ကိုကျော်မောင်သည် ကျောက်ကျုံးရုံ မက စက်လှေမောင်းရန် ငှားသောအခါ စက်လှေကို မောင်းသည်။ တစ်ခါတစ်ရံ ရွှေတွင်းသို့သွား၍ ရွှေ ကျင်သောအလုပ်ကိုလည်း လုပ်ကိုင်လျက် မိသားစု ဘဝကို ဖြေရှင်းနေသူဖြစ်သည်။ ကျွန်ုပ်က –

“လာဗျို့ ကိုကျော်မောင်”ဟု ခင်မင်စွာဖိတ် ခေါ်လျက် ထိုင်ရန်နေရာကို ညွှန်ပြပေးရာ ဖျာကြမ်း ပေါ်တွင်ထိုင်ရင်း မသာယာ မလှပသော မျက်နှာထား ဖြင့် –

“အဘိုး ကပ္ပိယကြီးခင်ဗျာ … ကျွန်တော် လိပ်ခေါင်းရောဂါကိုခံစားနေရလို့ အလုပ်မဆင်းနိုင် တာ သုံးလေးရက်ရှိပါပြီခင်ဗျာ၊ အဲဒါ ကျွန်တော့်ကို ကယ်ပါဦး ခင်ဗျာ”ဟု ပြောလေသည်။

ကပ္ပိယကြီး ဦးညိုသီးသည် သောက်လက်စ ဖြစ်သော လက်ဖက်ရည်အချိုကို အပြီးသတ်မော့ချ လိုက်ပြီး ရေနွေးကြမ်းတစ်ခွက်ကိုငှဲ့ရင်းမှ “ငါ့တူကြီး ရဲ့ရောဂါဖြစ်စဉ်ကို ရာဇဝင်ခင်းပြပါဦးလေ”ဟု ပြော လိုက်သည်။

 

ကိုကျော်မောင်၏ လိပ်ခေါင်းရောဂါကို ခေတ်မီ ကုထုံးနှင့် ကုသခဲ့ခြင်း

“ဒီလိုပါခင်ဗျာ ကျွန်တော်ဘယ်လိုက ဘယ် လို ရောဂါရလာတာကိုတော့ မသိပါဘူး။ မိုးလေးများ အုံ့လာပြီဆိုရင်တော့ ညောင်းညာကိုက်ခဲလာပါတယ်။ ဝမ်းလည်း ချုပ်နေတတ်တယ်။ အလုပ်ကနေပူ မိုးရွာ မရှောင် အလုပ်ကြမ်းလုပ်ရတော့ ပင်ပန်းပါတယ်။ လူငယ်သဘာဝ အသောက်အစားလည်း ရှိပါတယ်။ ကပ္ပိယကြီးရယ်”

“ဖြစ်ပုံကတော့ စအိုအထက် ခါးရိုးကစပြီး တအားကို ကိုက်ခဲလာတယ်။ ဒါပေမဲ့ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ဘဝဆိုတော့  ကျွန်တော်အလုပ်မလုပ် နိုင်ရင် မိသားစုထမင်းငတ်ကြမှာဆိုတော့ ပေပေတေ တေနဲ့ အရက်သောက်ပြီး အလုပ်ကိုဆင်းခဲ့ပါတယ်။ နောက်ဆုံးပြောရရင် ကျွန်တော်ရဲ့စက်လှေပိုင်ရှင်က ကျွန်တော့်ကို ငွေထုတ်ချေးပြီး ဆေးခန်းကိုသွားပြခိုင်း တယ် ခင်ဗျ …”

“အေးကွဲ့ …ဒီရောဂါကို ကျုပ်တို့မြန်မာ့ ဆေးကျမ်းတွေမှာ ‘မြင်းသရိုက်နာ’လို့ ခေါ်တယ်။ ဒီနေ့ခေတ်တော့ ဒီနာမည်ကိုသိပ်မသိကြတော့ပါဘူး။ သွေးဒူလာ လိပ်ခေါင်းလို့ပဲ အသိများကြတယ်။ အပူ အပုပ်တွေစုဖွဲ့ပြီး အစားအသောက်က မမှန်၊ အပူ အစပ်တွေကို လိုတာထက်ပိုစား၊ အရက်ကလည်း သောက်တယ်ဆိုတော့ ရောဂါရလာတယ် ဆိုပါတော့ ကွယ် …ကဲ ဆက်ပြောပါဦး”

“ကျွန်တော့်ကို ရွှေရတနာဆိုတဲ့ဆေးခန်းက ဆရာဝန်ကြီးက စစ်ဆေးပြီး ခါးကိုကုန်းခိုင်းတယ်၊ နောက်တော့စအိုပေါက်ထဲကို တစ်စုံတစ်ခုသွင်းလိုက် တယ်။ ပြီးတော့ခြောက်လုံးပူးသေနတ်ပုံစံ ကိရိယာ ကိုသုံးပြီး သားရေကွင်းနဲ့ လိပ်ခေါင်းကို ပစ်သွင်းတော့ တာပါပဲ။ သားရေကွင်းနဲ့ပစ်တာက သိပ်မနာပါဘူး။ ဒါပေမဲ့ ဘာမှန်းမသိဘဲ စအိုထဲသွင်းထားတာကြီးက အခံရ အတော်ခက်ပါတယ်။ သားရေကွင်းနဲ့ သုံးလေး ခါလောက်ပစ်ပြီး ကျွန်တော့်ကို သောက်ဆေးတွေ ပေးရင်း ပြန်လွှတ်လိုက်ပါတယ်။ ကျွန်တော်လည်း အဲဒီဆေးခန်းပြပြီး နှစ်လ သုံးလလောက် ပြန်ကောင်း သွားပါတယ်။ အလုပ်လည်း ပုံမှန်ပြန်ဆင်းပြီး စက် လှေအုံနာ(ပိုင်ရှင်)ကို ချေးထားတဲ့ငွေလည်း ပြန်ဆပ်ခဲ့ ပါတယ်။

 

မရှူနိုင်မရှိုက်နိုင်သူ ဘဝသို့ ပြန်ရောက်ခဲ့ရခြင်း

ကိုကျော်မောင်က ဆက်ပြောသည်မှာ “ကျွန် တော်လည်း ရောဂါပျောက်သွားပြီလို့ထင်တာကြောင့် ခါတိုင်းလိုပဲ ပျော်ပျော်ပါးပါး၊ စားစားသောက်သောက် နဲ့ လုပ်ငန်းခွင်ဝင်နေတုန်း၊ မရှူနိုင် မရှိုက်နိုင်တဲ့ဘဝ ကို ရောက်လာရတာပဲ ခင်ဗျ”

“မရှူနိုင် မကယ်နိုင်ပါ’ ကို ကျော်မောင်ရယ် ဟု ကျွန်ုပ်က ဝင်၍ပြောလိုက်ရာ

“ဒီရောဂါက တော်တော်ဆိုးတယ် လိပ်ခေါင်း ထွက်လာပြီဆိုရင် သွေးတစ်စက်စက်ကျပြီး လူပါပျော့ ခွေသွားတယ်ဆရာရယ်။ အသက်မရှူနိုင် မရှိုက်နိုင် အောင် ဖြစ်ရလို့ ပြောတာပါခင်ဗျာ။ မရှူနိုင်မရှိုက်နိုင် တော့ မရှာနိုင်တဲ့ ဘဝရောက်ပါရောလား။ ကျွန်တော် က မရှူနိုင်မကယ်နိုင်လို့ မပြောဘူးဆိုတာက ကျွန် တော့ကို ကယ်နိုင်မယ့် ကပ္ပိယကြီးအကြောင်း ကြား ဖူးလို့ပါပဲ ခင်ဗျာ”ဟု စကားတောင်စားပမာ စကားကို အဆင်ပြေအောင် ပြောလိုက်လေတော့သည်။

ကပ္ပီယကြီးက “မင်းဆိုတဲ့ကောင် စကားပရိ ယာယ်တော့ တော်တော်ကြွယ်တယ်ကွဲ့။

ပညာလေး တတ်ပြီး ရှေ့နေလုပ်စားရင် ကြီးပွားနိုင်တယ်”ဟု မှတ်ချက်ပေးလေရာ ကျွန်ုပ်က –

“မလုပ်ပါနဲ့ ကပ္ပိယကြီးရယ် … ဒီနေ့ခေတ် မှာ ပြည်သူ့ဘက်က ရပ်တည်တဲ့ရှေ့နေကြီးတွေ၊ ထောင် နှုတ်ခမ်းနင်းပြီး အသက်မွေးနေရတာနဲ့ စာရင် အလုပ်ကြမ်းလုပ်ပြီး လိပ်ခေါင်းထွက်တာကမှ ကုလို့ ပျောက်ဦးမယ်ဗျ”ဟု ဝင်ပြောလိုက်ရာ အားလုံး ရယ် မောကြတော့သည်။ ကိုကျော်မောင်က ဆက်ပြော သည်မှာ –

“ကျွန်တော်က အလုပ်ကလည်း လုပ်ရ၊ ဝမ်း ချုပ်တာ မချုပ်တာလည်း ဂရုမစိုက်ဘဲ အရက်က သောက်မိနေတော့ ပိုပို ဆိုးလာတယ် ထင်ပါရဲ့။ လူလည်း တွေ့တဲ့အတိုင်း ဖြူဖတ်ဖြူရော် ဖြစ်နေပါပြီ ခင်ဗျာ”

 

ကပ္ပိယကြီးပြောပြတဲ့ လိပ်ခေါင်းရောဂါရဲ့နိဒါန်း

“အေးဗျာ ကိုကျော်မောင်ပြောပြလို့ ရောဂါရဲ့ ရာဇဝင်ကိုတော့ သိပါပြီ။ ဒီတစ်ခါ ကျုပ်ပြောရမယ့် အလှည့်ပေါ့နော်။ လိပ်ခေါင်းရောဂါ စဖြစ်ရတဲ့နိဒါန်း ကတော့ အပူအစပ်အပုပ်အခိုးတွေက စတာပါပဲ။ ဝမ်းထဲမှာ ပိတ်လှောင်နေတဲ့ အစာဟောင်းတွေက လူတစ်ယောက်မှာ သုံးပေါင်က ၁၂ ပေါင်အထိရှိနေ တယ်လို့ အနောက်တိုင်းပညာရှင်တွေက ပြောကြ တယ်ဗျ။ အဲ့ဒီအစာပောင်းတွေက စွန့်သင့်တဲ့အချိန် မှာ မစွန့်ရတော့ ရောဂါမျိုးစုံရတော့တာပါပဲ။ ဒီမှာ လိပ်ခေါင်းရောဂါကတော့ ဓာတ်ချုပ်ရာက စတာပဲ၊ စမြင်းခံပြီး ဓာတ်သွားရင် ညှစ်ပြီးသွားရတယ်။ ဒါဟာ လိပ်ခေါင်းဖြစ်စေတဲ့ အကြောင်းတစ်ခုပဲ။ နောက်ပြီး ဝမ်းဗိုက် မကောင်းတဲ့ရောဂါကြောင့် ဓာတ်ခဏခဏ သွားရတယ်။ ဝမ်းပျက် ဝမ်းလျောကြောင့်လည်း လိပ် ခေါင်းဖြစ်ရပြန်တယ်။ အပူအစပ်စာတွေ စားတာများ ရင်လည်း လိပ်ခေါင်းရောဂါဖြစ်ဖို့ အားပေးရာရောက် တယ်။ တောရွာတွေမှာ ခုချိန်ထိ ရေသုံးတဲ့အကျင့်မရှိ ဘူးဗျ။ အိမ်သာတက်ပြီး တွေ့တဲ့အရာနဲ့ သန့်ရှင်း စေတာမျိုး၊ ဥပမာ- တုတ်ချောင်းတွေ၊ ပေရေနေတဲ့ စက္ကူတွေကြောင့်လည်း လိပ်ခေါင်းဖြစ်တတ်တယ်။ စအိုဝမှရှိနေတဲ့ သွေးရည်ဖုကလေးတွေက အခန့် မသင့်ရင် သွေးစိမ့်တာတွေ သွေးယိုတာတွေ ဖြစ် တတ်တယ်။ အဲဒီတော့ အစားအသောက် အနေ အထိုင် သန့်ရှင်းဖို့ လိုတာပေါ့ဗျာ။ သင့်တာကို စား တတ်ဖို့လည်း အကြောင်း တစ်ခုပါပဲ။ တချို့ရဟန်း တော်တွေ(စာသင်သားတွေ)ရုံးဝန်ထမ်းတွေ အထိုင် ဣရိယာပုတ်ကြောင့်လည်း ဒူလာစွဲပြီး လိပ်ခေါင်း ရောဂါရတယ်ဗျ။ ဒီရောဂါကို ကုသနည်းကတော့ ဆေးနည်းတိုရော၊ ဆေးနည်းရှည်ရော အများအပြား ရှိနေပါတယ်။ အဲဒီထဲကမှ ကျုပ်ကိုယ်တိုင် လက် တွေ့အသုံးချခဲ့ဖူးတဲ့ ဒေသနာနယ ခေတ်သစ် ကုထုံး ကျမ်းမှာလာတဲ့ လိပ်ခေါင်းကုထုံးကိုအရင် ပြောပြ မယ်။ သေသေချာချာ မှတ်သားကြပေါ့။ ကျောင်း ဆရာလည်း မှတ်သားထားရင် သူများကို ကူညီနိုင် တာပေါ့ဗျာ”

“ဟုတ်ကဲ့ပါ ခင်ဗျာ”ဟု ကျွန်ုပ်နှင့် ကိုကျော် မောင်တို့က ပြိုင်တူ ပြောလိုက်ကြပါသည်။

 

လိပ်ခေါင်းသွေးကျတာ ရပ်စေတဲ့ဆေးနည်း

တိုင်းရင်းဆေးကျမ်းအလိုအရ သွေးဒူလာ လိပ်ခေါင်းကို သွေးကျတာ ရပ်သွားအောင် ဆေး သုံးလုံး တိုက်ပေးရတယ်။ တတောက်တောက် ကျ နေတဲ့သွေးဟာ ချက်ခြင်းရပ်သွားအောင် အစွမ်းသတ္တိကြီးမားတဲ့ ဆေးကောင်းဝါးကောင်း ရှိတယ်ဗျ။ ဒီလောက်အစွမ်းထက်ပေမယ့် ဖော်စပ်ရတာ လွယ် တယ်ဗျ။ ဆေးနည်းက –

(၁) ကြက်သွန်ဖြူ တစ်ကျပ်သား

(၂) ငရုတ်ကောင်း တစ်ကျပ်သား၊

(၃) ကင်ပွန်းစေ့ ရှစ်ပဲသားပါပဲ။ ဒီသုံးမျိုးကို ပျားရည်နဲ့ ရောကြိတ်ရတယ်။ ဆီးသီးကင်းလောက် လုံးပြီး နေသွေ့အောင် လှန်းထားရမယ်။ တစ်ခါ သောက်ရုံနဲ့ ပျောက်တယ်။ စိတ်ချရအောင် သုံးရက် လောက် ဆက်သောက်ရင်ကောင်းတယ်။ မသောက် ခင် အုန်းစိမ်ရေကို တစ်ရက်ကြိုသောက်ထားရတယ်။

 

လိပ်ခေါင်းထုတ်တဲ့ ဆေး

“ဒီနောက်တော့ လိပ်ခေါင်းကို အပြင်ကို ထုတ်တဲ့ဆေးနဲ့ လိပ်ခေါင်းထွက်လာအောင် ပြုလုပ်ရ မယ်။ လိပ်ခေါင်းထွက်အောင် လုပ်တဲ့ဆေးကိုတော့ ပရဆေးဆိုင်မှာ လွယ်လွယ်ဝယ်လို့ရတယ်။

(၁) ကျောက်ချဉ် တစ်ကျပ်သား

(၂) ဒုတ္ထာ နှစ်ကျပ်သား အဲဒီဆေး နှစ်မျိုး ကို မီးနဲ့ဖုတ်ပြီး ညက်အောင်ထောင်း၊ ပဝါပါးနဲ့ စစ်၊ လေလုံတဲ့ ပုလင်းမှာ ထည့်ရမယ်”

“လိပ်ခေါင်းရောဂါရှင်ဟာ ဒီဆေးကို သုံးရင် လက်ကိုစင်အောင်ဆေး၊ ခြောက်သွေ့တဲ့အဝတ်နဲ့ သုတ်ပြီးမှ နည်းနည်းလောက်ပဲ တစ်ခါသုံးဖို့ ဖျော် ထားတဲ့ ဆေးရည်ကိုလက်ညှိုးနဲ့စိုစွတ်အောင်ယူပြီး စအိုပေါက်ထဲကို လက်တစ်ဆစ်လောက် ဝင်အောင် မွှေပေးရမယ်။ ဒါဆိုရင် ဂူအောင်းနေတဲ့ လိပ်ခေါင်း အတွင်းက အပြင်ဘက်ကို ပြူထွက်လာမယ်ဗျ”

 

လိပ်ခေါင်းဖြတ်တဲ့ ဆေး

“ထွက်လာတဲ့ လိပ်ခေါင်းကို သပွတ်ခါးသီး အဆီထုတ်ထားတာနဲ့ နယ်ပေးရမယ်။ သပွတ်ခါးသီး ဆိုတာ တောရွာတွေမှာ အလွန်ပေါပါတယ်။ အဆီကို တော့ သပွတ်ခါးသီး အစေ့ကနေပြီး ထုတ်ယူနိုင်ပါ တယ်။ ဒီဆေးဟာ သိသူအတွက် အလွန်ထိရောက် တဲ့ဆေးပဲ။ အဲဒီဆေးနဲ့ နှစ်ရက်တစ်ကြိမ် လိပ်ခေါင်း ကို ကောင်းကောင်းသုတ်ပေး၊ လိပ်ခေါင်းဟာ အရောင်ပြောင်းပြီး ညိုမည်းလာလိမ့်မယ်။ မြွေက မချင်း ဇွဲကောင်းကောင်းနဲ့ သုတ်လိမ်းပေးရင် နောက် ဆုံး ညိုမည်းလာပြီး ပြတ်ကျသွားပါရော”

 

လိပ်ခေါင်းရောဂါ အပြီးသတ်ချေမှုန်းခြင်း

နောက်ဆုံးလိပ်ခေါင်းကို အပြီးသတ်ချေမှုန်းဖို့ ကန်စွမ်းရွက် (အရိုးနီတဲ့လယ်ကန်စွမ်းရွက်) ၂၅ ကျပ် သားကို သတ္တုရည်ပြုလုပ်ပြီး ကျောက်ချဉ်မှုန့် နှစ် ကျပ်သားကိုထည့်ရမယ်။ အင်တုံတစ်ခုထဲမှာ အဲဒီ ဆေးရည်ကိုထည့်ပြီး လိပ်ခေါင်းနဲ့ ထိအောင်ဖိပြီး ထိုင်ရမယ်။ သုံးရက်လောက် ဆက်တိုက် တစ်နေ့ နှစ်ကြိမ်နှုန်းနဲ့ တတ်နိုင်သလောက် ကြာကြာလေး ထိုင်ပေးပါ။ ဒါဆိုရင် လိပ်ခေါင်းကို နောက်ဆုံး ချေမှုန်းပြီးသား ဖြစ်သွားမယ်။ အဆင့်တွေများ ပေမယ့် ငွေကြေးမကုန်ဘူး။ စိတ်ရှည်ရှည်လုပ်ပေး ရင် ပွဲသိမ်းကောင်းတဲ့ နည်းတွေပဲ။

 

လိပ်ခေါင်းအတွက် ပေါင်းချွေးထုတ်ရန်နည်း

ရောဂါတစ်ခုဖြစ်ရင် ခုချက်ခြင်းကု၊ ချက် ခြင်းပျောက်ချင်လို့တော့ အဆင်မပြေဘူးကွဲ့ စနစ် တကျ စိတ်ရှည်ရှည်ကုရင် အမြစ်ပြတ်တာပေါ့။ နောက်ဆုံးတစ်ဆင့်ကတော့ ပေါင်းချွေးထုတ်ဖို့ပဲ၊ ဆေးတွေကတော့ –

(၁) သနပ်ရွက် လက်တွင်းတစ်ဆုပ်

(၂) ထိကရုံးရွက် လက်တွင်းတစ်ဆုပ်

(၃) ဝါးရွက် လက်တွင်းတစ်ဆုပ်

(၄) ဆင်ငိုမြက် လက်တွင်းတစ်ဆုပ်

(၅) သက်ရင်းကြီးရွက် လက်တွင်းတစ်ဆုပ်

အဲဒီ ငါးမျိုးကို ဆန်တစ်ပြည်ဝင်တဲ့အိုးမှာ ရေနဲ့ ပြုတ်ပေါ့ ရေပွက်ပွက်ဆူရင် အိုးကိုချပြီး၊ မြန်မာ ကန်ဆေး၊ ငန်းနီကျော်လိုဆေး ပူပူတစ်ခွက်ကို သောက်ပြီးတော့ ပေါင်းချွေးထုတ်ရတယ်။ ဒီနေ့  ခေတ်မှာတော့ ဒီနည်းကိုမသုံးကြဘူး။ အင်္ဂလိပ်ဆေး ပြင်းတွေသောက်ပြီး အိပ်ရာထဲမှာ စောင်ခြုံနေလိုက် ကြတာ များတယ်။ ပေါင်းချွေးထုတ်တာကို နည်းနည်း ပြောဦးမှရမယ်။ အိုးကို အလယ်မှာထားပြီး ဖျာနဲ့ယိုင် ပတ်ကာသလိုကာ အပေါ်က စောင်တစ်ထည်အုပ်ပြီး ပူနေတဲ့ ဆေးအိုးကိုကိုယ်ခံနှိုင်ရုံ အဖုံးဖွင့်ပေး၊ ကုလားထိုင်နဲ့ ထိုင်ချင်လည်း ထိုင်လို့ရတယ်။ ပေါင်း ဆေးငွေ့တွေက အပူအပုပ်အခိုးအကင်းတွေကို ချွေး အဖြစ်နဲ့ ထုတ်ဆောင်ပေးလိမ့်မယ်။ ခန္ဓာထဲက အဆိပ်အတောက်တွေ လျော့ကျလာပြီး လူပါ လန်း ဆန်းလာမယ်။ ဒါကို လက်တွေ့လုပ်ကြည့် ကိုယ် တိုင်သိမယ်ဗျ

 

ဓာတ်စာစားဖို့ ညွှန်ပြချက်

“ဆေးလည်း အစာ အစာလည်း ဆေးဆိုတဲ့ စကားအတိုင်း ဓာတ်စာစားနည်းပါ ပြောပြမယ်။ ဘူးသီး၊ ကျောက်ဖရုံသီး၊ မုံညင်း၊ မုန်လာ၊ ဟင်းနု နွယ်ကြော် ချက်၊ ငါးခူ၊ ငါးရံ့၊ ငါးကြင်းနဲ့ ငါးမြင်း သားတွေ စားနိုင်တယ်။ အပူစာ၊ အစပ်စာတွေကို ရှောင်ပါ။ ဓာတ်ချုပ်နေရင် သပွတ်ခါးသီးအဆီနဲ့ ငရုတ်ကောင်း နှစ်စေ့ကို အိပ်ရာဝင်ချိန်မှာ သောက် ပေး၊ ဒီနည်းဟာ သဘာဝ ဓမ္မဆရာကြီး ဦးသန်း ကိုယ်တိုင် အသုံးပြုပြီး လိပ်ခေါင်းဝေဒနာရှင်တွေ ကိုကယ်တင်ခဲ့တဲ့ သဘာဝကုထုံးနည်းပဲဗျ။ အမြစ် လုံးဝပြတ်စေတဲ့ နည်းမို့ အလွယ် ဆေးနည်းတို တွေထက် များစွာပဲ အားထားထိုက်တယ်။ ကဲ … ကိုကျော်မောင်ရေ စိတ်ကူးမမှားနဲ့။ ရောဂါ ဖြစ်ရင် တော့ အမြစ်ပြတ်အောင်ကုမှ တော်ပါလိမ့်မယ်ဗျ”

ကပ္ပိယကြီး ဦးညိုသီးက စိပ်ပါလက်ပါအား တက်သရော ရှင်းပြခဲ့သောကြောင့် ကျွန်ုပ်တို့ နှစ် ယောက်သား မှတ်စုများလိုက်ကာ မှတ်သားခဲ့ကြပါ သည်။

ရောဂါရှင် ကိုကျော်မောင်သည် ကပ္ပိယကြီး ကို လက်အုပ်ချီပြီးကန်တော့ကာ ကပ္ပိယ တဲကလေး အတွင်းမှ တရွေ့ရွေ့ ထွက်ခွာသွားပါတော့သည်။ ကျွန်ုပ်လည်း ကိုကျော်မောင်အတွက် ကပ္ပိယကြီး ပြောပြသော လိပ်ခေါင်းရောဂါကုထုံးအကြောင်းကို ဆောင်းပါးတစ်စောင်ရေးရန် တွေးတောနေမိပါသ တည်း။

 

မတ္တာရည်လျက်

မျိုးတင့်(ညောင်လေးပင်)

စာကိုး။  ။ ဒေသနာနယ ခေတ်သစ်ကုထုံး ကျမ်း (အရှင်လင်္ကာရာ ဘိဝံသ၊ ဓမ္မာစရိယ)

Comments

comments

Post Author: manawmaya