ဆားပုလင်းနှင်းမောင်နှင့် ဂျူးမျက်လှည့်ဆရာသတ်မှု

ကျွန်ုပ်သည် မျက်နှာဖြူအစိုးရလက်ထက် တွင် အမှုလိုက်ရာတွင် အလွန်အမင်းကျွမ်းကျင်လှ သော ဆားပုလင်းနှင်းမောင်နှင့် တွဲဖက်ကာ အမှု ပေါင်းများစွာ လိုက်ခဲ့ဖူးပါသည်။

ထိုမြောက်မြားစွာသော အမှုများအနက်မှ သူနှင့်ကျွန်ုပ် ပထမဆုံးတွဲဖက်၍လိုက်ခဲ့ရသော ဂျူး မျက်လှည့်ဆရာသတ်မှုကို စာဖတ်သူတို့အနေဖြင့် ကျွန်ုပ်၏ မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင်၏ အရည်အသွေးကို စာမြည်းကြည့်နိုင်ရုံမျှ ရေးသား တင်ပြလိုက်ရပါသည်။

ပုလစ်ကိုပုလိပ်၊ ဆာဂျင်ကို ဆာသင်ကြီး၊ ဆက်မွန်ကို သဗ္ဗာန်စာဟူ၍ အင်္ဂလိပ်ဝေါဟာရအား ရောင်ပေစူးထုံးပေးပြီး မြန်မာရုပ်ဖန်တီး၍ မွေးစား တတ်သော ကျွန်ုပ်တို့၏ မြန်မာလူမျိုးများပါးစပ်တွင် ဆားပုလင်းဟု မွေးစားတတ်သဖြင့် ကျွန်ုပ်၏မိတ် ဆွေကြီး လူဆိုးထိန်းစုံထောက်ကျော်ဖြစ်သော ကိုနှင်း မောင်ခဗျာ ထိုခေတ်ပုလိပ်အဖွဲ့နှင့် ဒီခေတ် လူဆိုး လောကတွင် ဆားပုလင်းနှင်းမောင်ဟု ကျော်ကြားခဲ့ ရပါတော့သည်။

 

စတင်တွေ့ဆုံခြင်း

ရေနံတွင်းများကြောင့် မျက်နှာဖြူတို့ အ ရောက်အပေါက်အနေအထိုင်များလှသော ချောက် မြို့ဂါတ်တဲသို့ ကျွန်ုပ်အား ပြောင်းရွှေ့အမှုထမ်းစေခဲ့ ၏။

ထိုသို့ပြောင်းရွှေ့ရသည့်အကြောင်းများတွင် ချောက်မြို့ ပတ်ဝန်းကျင်ရှိ စလေ၊ ဆိတ်ဖြူ၊ ဂွေးချို စသော ဒေသများ၌ ရာဇဝတ်မှုများ တစ်လထက် တစ်လ ပိုမိုဖြစ်ပွားလျက်ရှိသောကြောင့် ပုလိပ်ဘက် တွင် နာမည်ကောင်းလက်မှတ်များကို မကြာခဏဆို သလို ချီးမြှင့်ခံရသော ကျွန်ုပ်အား အိုင်ပီခေါ် ပုလိပ် အရာရှိ အမြောက်အမြားထဲမှ ခေါင်းခေါက်၍ ရွေး ချယ် ပို့လွှတ်လိုက်ခြင်းဖြစ်သည်ဟု ကျွန်ုပ် နား လည်ခဲ့ပါသည်။

အကယ်၍ ကျွန်ုပ်ရောက်ရှိသွားသည့်တိုင် အောင် ရာဇဝတ်မှုများမှာ အထက်ကမျှော်လင့်သကဲ့ သို့ မကျဆင်းခဲ့ပါလျှင် ကျွန်ုပ်၏ ဧည့်ခန်းတွင်မှန် ပေါင်သွင်း၍ ချိတ်ဆွဲထားသော ထိုနာမည်ကောင်း လက်မှတ်များကို ကျွန်ုပ်ကိုယ်တိုင် ဖြုတ်ချ၍ လွှင့် ပစ်ရန်မှတစ်ပါး အခြားလုပ်စရာမရှိတော့ပေ။

 

“ဒါ မောင်ရထားတဲ့ ဂုဏ်ထူးဆောင်လက် မှတ်တွေပေါ့။ ဝန်မင်းကဆိုရင် မောင့်ကိုသိပ်အား ကိုးရှာတာ”ဟု သာလိကာမလေး စကားသင်ထား သည့်အတိုင်း လာလူတိုင်းပင် ကြွားလုံးထုတ်တတ် သော ကျွန်ုပ်၏ ချစ်ဇနီးမင်းကတော် ဒေါ်ခင်ခင်ကြီး လည်း တစ်ခါတည်း အာစေးထည့်ပြီးသား ဖြစ်ပေ လိမ့်မည်။

ထို့ကြောင့်ပင် ချောက်မြို့ဂါတ်တဲသို့ ရောက် လျှင်ရောက်ချင်း ရာဇဝတ်မှုကျဆင်းရေးအတွက် ကျွန်ုပ်သည် အစွမ်းကုန်ဆောင်ရွက်ရပါတော့သည်။

အိတ်ချ အက်စ်ခေါ် ရာဇဝင်လူဆိုးများအား မျက်ခြည်မပျက်စောင့်ကြည့်စေခဲ့ခြင်း၊ ပတ္တရောင် ခေါ် လှည့်ကင်းများ တိုးချဲ့ခြင်း၊ ဓားပြမှုဖြစ်ပွားနိုင် သောအိမ်များသို့ သတိစကားပြောခြင်း၊ အစောင့်ချ ပေးခြင်းစသည့် ရာဇဝတ်မှုနောက်မြီးဆွဲလုပ်ငန်းများ ကို မိုက်မဲစွာ ပြုလုပ်ခဲ့၏။

ထိုသို့ဆောင်ရွက်နေသည့်ကြားကပင် ဓားပြ မှု၊ ခိုးမှု၊ လုယက်မှုစသည်များ တစ်နေ့တခြားတိုးပွား လာခဲ့၏။

အဆိုးဆုံးမှာ ကျွန်ုပ်၏ ဂါတ်တဲနှင့် များစွာ မဝေးလွန်းလှသော တမာအိုင်ဆိုသည့်ရပ်ကွက်တွင် လူသတ်မှု ပူပူနွေးနွေးတစ်ခုဖြစ်ပွားခဲ့၏။

ထိုအမှုနှင့်ပတ်သက်၍ ဘီအိုစီ မျက်နှာဖြူ အရာရှိတစ်ဦးကမြန်မာအမျိုးသားရဲဝန်ထံသို့ ချောက် မြို့ပတ်ဝန်းကျင်၌ ရာဇဝတ်မှုများဖြစ်ပွားနေကြောင်း ယခုတစ်ဖန် မြို့လယ်ကောင်၌ လူသတ်မှုဖြစ်ပွား ပြန်ပြီဟု သိရကြောင်း၊ ၄င်းဖြစ်ရပ်များကြောင့် ဘီအိုစီ မျက်နှာဖြူအရာရှိများအတွက် လုံခြုံရေးကို ရှေးကထက် ပိုမိုဂရုစိုက်ပေးရန် လိုအပ်ကြောင်း စသည်ဖြင့် တယ်လီဖုန်းနှင့် အမိန့်တော်မှတ်လိုက်ရာ ကျွန်ုပ်၏ ဦးခေါင်းအား စာပို့ရထားကြီးအတိုက်ခံရ သည်ထက်ပင် ကျိန်းရပါတော့သည်။

တစ်နာရီအတွင်းအထက်မှ တယ်လီဖုန်းဖြင့် ရှစ်ခါတိတိ ထုချေလွှာတောင်းနေ၏။

မိန်းမဖျင်းလျှင် ကွိတ်၊ ယောကျာ်းဖျင်းလျှင် ပုလိပ်ဟူသော ထိုခေတ်စကားပုံကို ယခုပင်ကြားနေ မိပါသည်။

ရှက်လည်းအလွန်ရှက်၍ စိတ်လည်းအလွန်  ညစ်မိ၏။

 

အညာသား ကိုလူကြွား

ကျွန်ုပ်လည်း စိတ်ညစ်၍ အလုပ်အကြောင်း ဘာမျှမစဉ်းစားတော့ဘဲ အကျောက်ဟိုတယ်သို့သွား ရောက်ကာ ပျားအုံတံဆိပ် ဘရန်ဒီနှင့်စိတ်ညစ်မှု အပေါင်းကိုဆေးကြော၍ ထွက်ပေါက်ရှာရတော့၏။

အကျောက်ဟိုတယ်နှင့်ပတ်သက်၍ အနည်း ငယ်ရှင်းပြရပေမည်။

အကျောက်ဟူသော တရုတ်သူဋ္ဌေးတစ်ဦး နှင့်မလှဆိုသည့် ဆိတ်ဖြူသူ မြန်မာအမျိုးသမီးမိန်းမ ချော တစ်ခုလပ်မလေးနှင့် အကြောင်းဆက်ပေါင်း ဖက်ကာ ချောက်မြို့ဈေးအနီးတွင် ဖွင့်လှစ်သော ဟိုတယ်ကြီးဖြစ်၏။

ချောက်မြို့တွင် မျက်နှာဖြူအတွက် ကလပ် တစ်ခု၊ စာရေးများအတွက် ကလပ်တစ်ခုနှင့် အရပ် သား အပြင်လူများအတွက် အကျောက်ဟိုတယ် တစ်ခု စုစုပေါင်း သေရည်ဘုံနန်းသုံးခုရှိခဲ့၏။

လူဆိုးလူမိုက်များ ငွေစပေါလျှင် စာရေးက လပ်နှင့် မျက်နှာဖြူကလပ်များသို့ သွားခွင့်မရှိရကား အကျောက်၊ မလှထံသာလျှင် ဦးတိုက်ရောက်ရှိလာ တတ်သည်။

“ဂွတ်အီးဗနင်း မစ္စတာအောင်သင်း”

တမာချဉ်နှင့် ပုန်းရည်ကြီးနံ့များ များစွာမ ကင်းသည့် အသံထွက်ဖြင့် ကျွန်ုပ်အမည်ကိုထည့် ခေါ်ကာ နှုတ်ဆက်လာသူအား ဖျတ်ခနဲမော့ကြည့် လိုက်ပြီးနောက် ဖြဲပြထားသော ထိုသူ၏သွားများ ကို အားနာလှသဖြင့် အောင့်သက်သက်နှင့် –

“မိတ်ဆွေထိုင်ပါ။ ကောင်းသောညနေခင်း ပါပဲ”

ပဋိသန္ဓာရစကားကို ကျွန်ုပ်လည်း အင်္ဂလိပ် ဘာသာဖြင့် ရေရွတ်လိုက်ရ၏။

ထိုသူကလည်း ကျွန်ုပ်၏ဖိတ်ခေါ်ချက်ကိုပင် မစောင့်နိုင်ဘဲ ကျွန်ုပ်၏ စားပွဲမှာပင်ဝင်ထိုင်ပြီးနောက် စားပွဲထိုးအား အရက်နှင့် စားသောက်ဖွယ်ရာများကို မှာကြားပါတော့သည်။

ထိုသူအရက်မှာပုံ၊ အမြည်းမှာပုံကြည့်ရုံနှင့်  ပင် ဟိုတယ်သို့ ညနေတိုင်းမဟုတ်သည့်တိုင်အောင် မကြာခဏ လာလေ့ရှိသူတစ်ဦးဟု ခန့်မှန်းနိုင်ပါသည်။

သူသည် ရောက်လာသော အရက်နှင့် အမြည်းများကို အားရပါးရစားသောက်ရင်း အင်္ဂလိပ် စကားကို ခြေတစ်ပေါင်ကျိုးပြောဆိုပါတော့သည်။

ဝါကျတစ်ခုလျှင်အိုင်ဆေးပေါင်း အလုံးနှစ် ဆယ်ထက်မနည်းလှပါလေ့ရှိပြီး နားကလောဖွယ် ကောင်းလောက်အောင် အထစ် အထစ်နှင့် ပြောဆို နေတော့၏။

မိမိလည်းမသိ၊ များစွာလည်းမယဉ်ကျေး၊ မိမိ မကျွမ်းသော ဘာသာစကားကိုလည်း ကျွမ်း ကျင်သယောင်ပြ၍ ပြောနေသော ထိုအညာသားကို လူကြွား၏စကားကို ကျွန်ုပ်အနေနှင့် သည်းခံ၍ နားထောင်နေရသည့်အကြောင်းကို စာဖတ်သူတို့ ရိပ်စားမိပေလိမ့်မည်။

ထိုသူပြောသော ထော့နင်းထော့နင်း အင်္ဂ လိပ်စကားကို မှတ်မိသလောက် ချောမောအောင် ပြောဆိုရေးပြရမည်ဆိုလျှင်

“အိုင်ဆေး ဆားပုလင်းနှင်းမောင်ကို ခင်ဗျား ဘယ်လိုပဲဖြစ်ဖြစ်ပြန်သုံးရမယ်။ ဘုရားသခင်တောင် မှ အိုင်ဆေးကို အခုနေမှာ မကယ်နိုင်တော့ဘူး။ ဘီအိုစီမျက်နှာဖြူတွေကလည်း အိုင်ဆေးကို မဆီ မဆိုင် ချောက်တွန်းနေကြပြီ မဟုတ်လား”

“နေစမ်းပါဦး မိတ်ဆွေရ …ခင်ဗျားပြောတဲ့ ဆားပုလင်းနှင်းမောင်ဆိုတာ ဘယ်ကလဲ”

“အိုင်ဆေးသူ့ကိုမသိဘူးလား အိုင်ဆေးတို့ ဂါတ်ကပဲ”

“ကျုပ်ရောက်တာ မကြာသေးဘူး။ လူ အကုန်ဘယ်သိပါ့မလဲ ကျုပ်သိတာအခု ဆားပုလင်း စိန်လှပဲရှိတယ်”

“အိုင်ဆေးအသုံးမကျတဲ့ စိန်လှကိုထည့်မ ပြောစမ်းပါနဲ့။ နှင်းမောင်ကမှ တကယ့်လူတော်၊ မျက်နှာဖြူတစ်ယောက်ရဲ့ မိန်းမထမင်းချက်နဲ့ လင် ငယ်နေပြီး ထမင်းချက်ကို နောက်ဆုံးနှုတ်ပိတ်လိုက် တဲ့ အမှုမှာ နှင်းမောင်က မျက်နှာဖြူတွေ ခြိမ်းခြောက် နေတဲ့ကြားက အမှုကိုဖွင့်ချလိုက်လို့ သူ့ကိုမျက်မာန် တော်ရှနေကြတာဗျ”

(မှတ်ချက်။ ။ ၄င်းအမှုမှာ ရဲမှတ်တမ်းများ တွင်မမျှော်လင့်သောတရားခံအဖြစ်ပြထားရပါသည်။ ゞင်းမျက်နှာဖြူအမျိုးသမီး အပြစ်ကျခံခဲ့ရ၏။)

“ဪ ကျုပ်သိပြီ ခင်ဗျားပြောတာ ခွင့်ယူ ထားတဲ့ စာသင်ကြီးနှင်းမောင်ဆိုတာ မဟုတ်လား”

“အိုင်ဆေးဟုတ်တယ်။ သူခွင့်ယူထားပေ မယ့် ဘယ်မှသွားတာမဟုတ်ဘူး။ သူ့အိမ်မှာပဲရှိ တယ်ခင်ဗျ။ သူ့ကိုသုံးပါမှ မုချအကျိုးရှိမယ်”

“ဒီလိုဆို အခုခေါ်ခိုင်းလိုက်မယ်လေ”

“အိုင်ဆေး ခင်ဗျားခေါ်လို့ သူဘယ်လာပါ့ မလဲ”

ကျွန်ုပ်သည် စိတ်ထဲ၌အောင့်သက်သက်ဖြစ် သွား၏။ ကျွန်ုပ်က အိုင်ပီ၊ သူကစာသင်မျှဖြစ်သည်။ ရာထူးခြင်းမိုးနဲ့မြေလောက်မကွာခြားသည့်တိုင်အောင် ကျွန်ုပ်၏ ရာထူးသည် နှင်းမောင်၏ရာထူးနှင့်ဆိုလျှင် မော်ကြည့်ရလောက်အောင်တော့ မြင့်မားပေသည်။

“မိတ်ဆွေကျုပ်က သူ့အထက်အရာရှိပဲ ခေါ်ရင် လာရမှာပေါ့”

“အိုင်ဆေး သူခွင့်ယူထားတယ်ဆိုတာလည်း ထည့်ပြီးစဉ်းစားပါဦး။ ပြီးတော့အိုင်ဆေး နှင်းမောင် ကို အထက်အရာရှိပဲဆိုတဲ့နည်းနဲ့တော့ မဆက်ဆံစေ ချင်ဘူး။ ဒီလိုဆိုရင် သူ့အကူအညီကို အိုင်ဆေးရ မှာမဟုတ်တော့ဘူး။ အိုင်ဆေးခိုင်းတာကိုတော့ သူ လုပ်ချင်လုပ်မယ်။ သူ့မှာတကယ်ရှိတဲ့ အရည်အချင်း ကိုတော့ အိုင်ဆေးကို ပြမှာမဟုတ်တော့ဘူး။ ဒါကို တော့ တကယ်ယုံပါ။ နှင်းမောင်ဟာ စုံထောက်လုပ် ဖို့ ဘုရားသခင်က ဒီကမ္ဘာကို လက်ဆောင်ပေးတဲ့လူ ဆိုရင် မမှားဘူးအိုင်ဆေး”

အရက်ဝိုင်းအပြီး၌ ထိုအညာသား ကိုလူကြွားမှာ အရက်ဖိုးကျသင့်သည်များကို ရှင်းပါသည်။

(၄င်းအညာသားမိတ်ဆွေမှာ နောင်တွင် ကျွန်တော်နှင့် ငယ်ပေါင်းကဲ့သို့ခင်မင်သော အဖြစ် သို့ ရောက်ခဲ့၏။ နယ်ချဲ့ဆန့်ကျင်ရေးကာလတွင် မြင်းခြံ၌ကျဆုံးသွားသော ဦးဘထွန်းဖြစ်ပါသည်)

ပြီးနောက်သူနှင့်ပင် သူအလွန်ညွှန်းသော ဆားပုလင်းနှင်းမောင်၏အိမ်သို့ ရောက်ခဲ့၏။ ဆား ပုလင်းနှင်းမောင်သည် သူ့အိမ်အတွင်းမှ ကလေး များနှင့် ပုဏ္ဏားတိုင်ဝှက်ကစားနေသည်ကို စိတ်ဝင် စားစွာဖြင့် ကြည့်နေရာမှ ဦးဘထွန်းအားမြင်လျှင် ပြုံး၍နှုတ်ဆက်ကာ ခရီးဦးကြိုပြုသော်လည်း ဦး ဘထွန်းလောက် ကျွန်ုပ်ကိုမူ လှိုက်လှဲဖော်ရွေမှု မပြခဲ့ပါ။

သို့ရာတွင် ဆားပုလင်းနှင်းမောင်ကိုတွေ့လျှင် တွေ့ချင်း ဦးဘထွန်း ညွှန်းမည်ဆိုကလည်း ညွှန်း လောက်ပါပေသည်ဟု ကျွန်ုပ် စိတ်ထဲတွင်ဖြစ်ပေါ်မိ တော့၏။

ယောကျာ်းပီသသော အရပ်အမောင်း၊ နက် မှောင်သော ဆံပင်နှင့် လှပသည်ဟု မပြောနိုင်သော် လည်း သံမှုန့်ကလေးများကို ဆွဲကပ်နိုင်သော သံ လိုက်ကျောက်ကဲ့သို့ ဆွဲငင်ဓာတ်ရှိသောသူဖြစ် ကြောင်းကိုမူ ဝန်ခံရပေမည်။

စေ့စပ်ပိရိလှသော နှုတ်ခမ်းများကလည်း ပြောသည့်အတိုင်း လုပ်၍ လုပ်သည့်အတိုင်းပြော တတ်သူဖြစ်ကြောင်း သိသာလှ၏။

ဦးဘထွန်း၏ မိတ်ဆွေစေ့စပ်မှုကြောင့် ကျွန်ုပ်နှင့် ကိုနှင်းမောင်တို့ ရင်းနှီးခဲ့ရပါသည်။ ကျွန်ုပ် ကလည်း ဦးဘထွန်း ကြိုတင်ပြောပြထားသည့် အတိုင်း အထက်လူကြီးအဖြစ်နှင့် မဆက်ဆံဘဲ မိတ် ဆွေရင်းချာကဲ့သို့ ဆက်ဆံလိုက်သည်က တစ် ကြောင်း ဦးဘထွန်း၏ စကားထဲတွင် –

“ဒီမှာကိုနှင်းမောင် ကျုပ်တို့ မြန်မာအိုင်ပီ တစ်ယောက်ကိုမျက်နှာဖြူတွေက လူညံ့လို့ထင်သွား ရင် ခင်ဗျားမှာလည်း တာဝန်သိပ်မကင်းလှဘူးဗျာ”

ဟူသော ကိုနှင်းမောင်၏ နှလုံးသားကို တိုက် ရိုက်ထိမှန်နိုင်သော စကားကြောင်းလည်းတစ် ကြောင်း သူသည် နောက်တစ်နေ့၌ ခွင့်မှအလုပ်ပြန် ဝင်ကြောင်း ဂျူတီရပို့ခေါ် အစီရင်ခံစာတစ်စောင်ကို ဂါတ်သို့ တင်ခဲ့လေသည်။

ချောက်မြို့ တမာအိုင်ရပ်ရှိ အသတ်ခံရသော ဂျူးလူမျိုးမျက်လှည့်ဆရာ ဇီရွန်အိမ်သို့ ကိုနှင်းမောင် နှင့်ကျွန်ုပ် ရောက်ကြတော့၏။

အလောင်းတော့ မရှိတော့ပြီ။ ကျွန်ုပ်တို့နှစ် ယောက်အား ဂါတ်မှ ပုလိပ်ကလေးတစ်ယောက်က ခြံဝမှ ဆီးကြိုဆလံပေးရင်း ဆရာနှင်းမောင်ဟု ဝမ်း သာအားရ နှုတ်ဆက်သည်ကိုကြည့်၍ ကိုနှင်းမောင် သည်အထက်လူကြီးက ရွံ့သလောက် အောက် လက်ငယ်သားများက ချစ်ခင်လေးစားလှကြောင်းကို ကျွန်ုပ် ရိပ်စားမိခဲ့၏။

“ဆရာ ဆရာဦးစိန်လှတို့ အခုပဲလာကြည့် သွားကြပြီးပြီ။ သက်သေခံပစ္စည်းတွေလည်း ယူသွား ကြတယ်”

“ကိုနှင်းမောင် ဒီလိုဆိုရင် စိန်လှဆီ ပြန် လိုက်ကြရအောင်။ သူ့ဆီမှာသဲလွန်စတွေ တော် တော် ပါသွားရော့မယ်”

“နေပါစေအိုင်ပီ …သဲလွန်စဆိုတာ တစ် ယောက်နဲ့တစ်ယောက်တူကြတာမှမဟုတ်ဘဲ။ သူ့ ဆီမှာ ထင်ရှားတဲ့ သဲလွန်စတွေပါသွားရင် ကျုပ်တို့က သူသတိလစ်ပြီးကျန်ခဲ့တဲ့ မထင်ရှားတာတွေကိုရှာပြီး အမှုကို ထင်ရှားအောင်လုပ်ရတာဟာ စိတ်ဝင်စား စရာ ပိုပြီးကောင်းပါတယ်ဗျာ။ ကလေးတွေ ပုဏ္ဏား တိုင်ဝှက်တမ်း ကစားသလိုပေါ့။ သူများက မသိ အောင်ဝှက်ပြီး လုပ်တဲ့အလုပ်ကို ကိုယ်က ရအောင် ဖော်ရတာလောက် အပျင်းပြေတဲ့အလုပ် ဘယ်ရှိပါ့ မလဲ။ လာပါအိုင်ပီ အထဲဝင်ကြည့်ရအောင်ပါ”

ကျွန်ုပ်သည် ကိုနှင်းမောင်ကိုများစွာအံ့ဩမိ ၏။ လူသတ်တရားခံ ဖော်ထုတ်ရေးကိစ္စမှာ ကျွန်ုပ် အတွက်သေရေးရှင်ရေးမျှ အရေးကြီးနေ၏။ ကျွန်ုပ် သည် ထိုကိစ္စအတွက် ယောက်ယက်ခတ်နေသည်။ သူ့အနေနှင့်မူ သာမန်ဥာဏ်စမ်းပဟေဠိကလေးတစ် ပုဒ် တွက်ခိုင်းသည်ထက် ပို၍လေးနက်ပုံမရပေ။

မစ္စတာဇီရွန် လဲကျသေဆုံးခဲ့သည့်နေရာကို   ပုလိပ်ကလေးက လာရောက်ပြသဖြင့် ကျွန်ုပ်သိခဲ့ ရသော်လည်း ကျန်သည့်ခြေလက်ရာသဲလွန်စများ ကိုမူ ဘာမျှမရတော့ပေ။ လူဆိုးထိန်း စိန်လှတို့ ရှာ ဖွေသွားသဖြင့် ရှုပ်ပွ၍ ကျန်နေခဲ့သည်။

ကိုနှင်းမောင်ကမူ အခန်းကို အနည်းငယ် လေ့လာလိုက်ပြီးနောက် စာအုပ်ဗီရိုရှိရာသို့ လမ်း လျှောက်သွားပြီး ဗီရိုထဲမှ စာအုပ်တစ်အုပ်ကို ထုတ် ယူကြည့်နေ၏။ သူပြောပြချက်အရ စာအုပ်တော် တော်များများမှာ မျက်လှည့်ပြနည်းစာအုပ်များဖြစ် သည်ဟု သိရ၏။

ထိုအထဲတွင် ကော်ပီစာအုပ် ကတ်ထူတစ် အုပ်ကို ကိုနှင်းမောင်သည် ဆွဲထုတ်၍ဖတ်ကြည့်ပြီး နောက် ပြုံးရွှင်စွာနှင့် ကျွန်ုပ်လက်ထဲသို့ ထည့်လိုက် သဖြင့် ဖွင့်ကြည့်ရာ အင်္ဂလိပ်ဘာသာဖြင့် ရေးထား သည့် ရာဇဝင်မှတ်စုတစ်ခုဖြစ်ပြီး စာအုပ်ကြားထဲမှာ အင်္ကျီဒိုဘီပေးထားသည့် လက်မှတ်တစ်စောင်ကို တွေ့ရ၏။

ကျွန်ုပ်အဖို့ ထိုစာအုပ်နှင့် အင်္ကျီဒိုဘီလက် မှတ်သည် တရားခံဖမ်းဆီးရေးအတွက် လုံးဝအသုံး ဝင်လိမ့်မည်ဟု မယူဆခဲ့ပေ။

ကိုနှင်းမောင်သည် နံရံ၌ချိတ်ဆွဲထားသော ပြက္ခဒိန်အား ဖြုတ်ယူကာ သေသေချာချာကြည့် ပြီးနောက် ကျွန်ုပ်အား ပေးလိုက်၏။ တစ်ဖန် အဖုံး ပွင့်နေသော သံသေတ္တာတစ်လုံးအားဖွင့်ကာ အထဲမှ ရှပ်အင်္ကျီတစ်ထည်ကို ထုတ်ယူ၍ –

“ကဲ အိုင်ပီ ပြန်ရအောင်”

ဟုဆိုကာ ကျွန်ုပ်ရှေ့မှ အရင်ဆင်းသွား တော့၏။

“အိုင်ပီ လက်ဖက်ရည်ကြိုက်သလား”

“ကြိုက်လှတယ်တော့ မဟုတ်ပါဘူး။ နေ့စဉ် တော့ သောက်တာပါပဲ”

“ကျုပ်ကတော့ လက်ဖက်ရည် ကြိုက် တယ်။ လက်ဖက်ရည်တောင် ကာကာကုလားဆိုင် ကဆိုရင် ပိုပြီးကြိုက်တယ်။ တောင်ရပ်စာရေးတန်း ထိပ်က ကာကာဆိုင်မှာ လက်ဖက်ရည်သောက်ရ အောင်”

ကာကာဆိုင်သို့လျှင် ကိုနှင်းမောင်ကပင် ကုလားလိုပြော၍ လက်ဖက်ရည်မှာပြီး ကျွန်ုပ်ထံမှ ပြက္ခဒိန်ကို တောင်းယူကာ တစ်ရွက်ချင်း လှန်ကြည့် ပြီးနောက် တချို့နေရာများမှ အမှတ်အသားများကို စာရွက်အလွတ်ပေါ်တွင် ခဲတံနှင့် သေသေချာချာ ရေးကူးနေလေ၏။

“အိုင်ပီ ဒါကလေးသိလား”

ပြက္ခဒိန်တွင် အချို့နေရာများ မီးခြစ်ဆံကဲ့သို့ အလျားလိုက်အချောင်းကလေးများ အသီးသီးရေး ထားသည့် သင်္ကေတအမှတ်အသားလေးများကို ကျွန်ုပ်အား ပြသပေး၏။

“မသိပါဘူး ကိုနှင်းမောင် ဘာလဲဗျ”

“ဒေါ့ဒက်လို့ခေါ်တဲ့ ကြေးနန်း(မော့)သင်္ကေတ လေ …”

ကိုနှင်းမောင်သည် အသင့်ပါလာသော စာ ရွက်အလွတ်ပေါ်တွင် စာတစ်ကြောင်းနှစ်ကြောင်း လောက် ရေးခြစ်၍ အမှတ်အသားလေးများပါကူး ကာ ရေးထည့်ပြီးလျှင် စာအိတ်တွင် ထည့်ပြီးပိတ် လျက် ကာကာကုလားကိုပင် ကုလားလိုပြောပြီး ပေးလိုက်၏။

ကာကာကလည်း ဆိုင်နောက်ဖေးတွင် နို့ ကျိုနေသော ချွတ်ကရားကလေးတစ်ယောက်ကို ခေါ်ကာ စာအိတ်ကို ကုလားလိုပြော၍ ပေးလိုက် ပြန်၏။

“ကဲ အိုင်ပီ လက်ဖက်ရည်သောက်ပါဦး။ အေးကုန်မယ်။ ကျုပ်တော့ လက်ဖက်ရည်သောက် လိုက်ဦးမယ်၊ အဲဒီစာအုပ်ကို ခဏလေးပေးပါဦး”

ရာဇဝင်မှတ်စုစာအုပ်ကို တောင်းယူကာ အ သော့အလျှောက်ဖတ်၏။

အချို့နေရာများတွင် ခဲတံနှင့်တားနေ၏။ အချို့ကို စာရွက်အလွတ်တွင်ကူးနေ၏။

စာမျက်နှာတစ်ရာကျော်မျှရှိသော အင်္ဂလိပ် ဘာသာဖြင့် ရေးမှတ်ထားသော စာအုပ်အား ကိုနှင်းမောင်သည် သူငယ်တန်းစာအုပ်ကို ဖတ်သကဲ့ သို့ ခပ်လွယ်လွယ် ခပ်သော့သော့ ဖတ်သွားပုံကို ထောက်ခြင်းအားဖြင့် သူ၏အင်္ဂလိပ်စာအဆင့်အ တန်းကို ကျွန်ုပ်ခန့်မှန်းမိတော့၏။ တစ်ခုထူးခြားသည် မှာ ကိုနှင်းမောင်သည် ကျွန်ုပ်အား အိုင်ပီဟုခေါ်သ ဖြင့် အသုံးပြုသည့် အိုင်နှင့်ပီမှလွဲ၍ ယခုအချိန်အထိ အင်္ဂလိပ်လို တစ်လုံးတစ်ပါဒမျှ မပြောမိခြင်းကို သတိထားမိသည်။

“အိုင်ပီ ဒီမှာ ရာဇဝင်အထူးအဆန်းတွေ့နေ ရပြီဗျ”

“ဘယ်လိုတွေ့တာလဲ ကိုနှင်းမောင်”

“ငဇင်ကာ ခေါ် ဖီးလစ်ဗရစ်တိုဆိုတဲ့ ပေါ်တူ ဂီရဲ့ အတ္ထုပ္ပတ္တိကို မှတ်မိဦးမှာပေါ့”

“တောင်ငူဘုရင် နတ်သျှင်နောင်နဲ့အတူ ကွပ်မျက်ခံရတဲ့လူ မဟုတ်လား”

“အစစ်ပေါ့ဗျာ။ ကျုပ်လည်းလေ့လာခဲ့ဖူးသမျှ မှာ ဒီဗရစ်တို ခေါ် ငဇင်ကာဟာ တစ်ယောက်တည်း ပဲ။ ဒီမှတ်စုအရတော့ မဟာဒီဗရစ်တိုနဲ့ စူဠဒီဗရစ်တို လို့ ရေးထားပါကလား။ ရော့ဗျာ …အိမ်ကျတော့ အပျင်းပြေဖတ်ကြည့်ရအောင် ယူသွားပေတော့။ ကျုပ်ကတော့ ညနေမှပဲလာခဲ့တော့မယ်”

ကိုနှင်းမောင်ပြန်သွားပြီးနောက် ကျွန်ုပ်လည်း ဂါတ်တဲဝင်းရှိ ကျွန်ုပ်၏အိမ်ကို ပြန်လာခဲ့ရာ ကျွန်ုပ် အား စောင့်ဆိုင်းနေကြသောပုလိပ်သားနှစ်ယောက် အား အိမ်၌တွေ့ရပေ၏။

တွေ့လျှင်တွေ့ချင်း စိန်လှက –

“ဆရာဦးအောင်သင်း၊ တရားခံမိပါတော့ မယ်။ ဖမ်းဝရမ်းထုတ်ပြီး ဖမ်းရုံပဲရှိပါတော့တယ်”

“တရားခံ ဘယ်သူလဲဗျ”

“ဒီလိုလေဆရာ၊ ဟောဒီမှာ တရားခံအနီး ကရခဲ့တဲ့ ပုဆိန်၊ ပုဆိန်ကိုသုံးလေ့ရှိတာဆိုရင် မီး သတ်သမားပဲ၊ အခုကျွန်တော်တို့ စုံစမ်းကြည့်တော့ လည်း သေဆုံးသူ မစ္စတာဇီရွန်ရဲ့ မိတ်ဆွေတစ် ယောက်ရှိတယ်။ အခုတော့ သူနဲ့ စိတ်ဆိုးပြီး သူ့ဆီ မလာတာကြာပြီတဲ့။ အဲဒီလူက မကွေးမီးသတ်က ဂျူးလူမျိုး ဘင်ဂူးဆိုတာ သိရတယ်။ အဲဒါသူပဲဖြစ် ရမယ်။ ကျွန်တော်တော့ မကွေးဂါတ်ကို အကြောင်း ကြားလိုက်ပြီ။ ဟောဒီမှာ လူသတ်သမားအသုံးပြု ခဲ့တဲ့ ပုဆိန်”

လူဆိုးထိန်းစိန်လှနှင့် ပုလိပ်ကလေးများသည် ကျွန်ုပ်အိမ်မှတိုက်ကျွေးသော ကော်ဖီနှင့်မုန့်များကို စားသောက်ကာ ထွက်သွားကြ၏။

ထိုနေ့ ညနေပိုင်းမှာပင် ကိုနှင်းမောင်ရောက် လာပြီး –

“အိုင်ပီ တရားခံသကို ကိုယ်တိုင်ကိုယ်ကျ ဖမ်းချင်ရင်တော့ အဝတ်အစားလဲပေတော့။ ကုန် ကားတစ်စီး အကြုံရှိတယ်။ သွားကြရအော”

ထိုအချိန်၌ ကျွန်ုပ်၏ဇနီးသည် ခင်ခင်ကြီး ထွက်လာကာ ကိုနှင်းမောင်ကိုမြင်လျှင် အံ့အားသင့် သလိုဖြစ်ပြီးနောက် အကဲခတ်သလို ကြည့်လိုက်ပြီး လျှင် ကျွန်ုပ်၏လက်အောက်ငယ်သားတစ်ယောက် ဖြစ်မှန်း ခန့်မှန်းမိသောအချိန်၌ ကျွန်ုပ်အား ကိုနှင်း မောင် မသိစိမ့်သောငှာ အင်္ဂလိပ်ဘာသာဖြင့် –

“ဒါလင် သူကဘယ်သူလဲ၊ တရားခံကိုဖမ်း ဖို့ကိစ္စကို ဒါလင်ကိုယ်တိုင်လိုက်ဖို့ မလိုပါဘူး။ သူ့ ကိုပဲ လွှတ်လိုက်ပေါ့”

ဟုပြောဆိုသဖြင့် ကျွန်ုပ်မှာ ကိုနှင်းမောင် ကို များစွာအားနာမိပါသည်။

သို့ရာတွင် ကိုနှင်းမောင်သည် ကျွန်ုပ်၏ ဇနီး သည်ပြောသည့်စကားများကို တစ်လုံးမျှနားမလည် သည့်ဟန်နှင့်နေပုံမှာ ချီးမွှမ်းလောက်ပါပေသည်။

ကျွန်ုပ်သည် ခင်ခင်ကြီးအား ဆက်၍မပြော ရန် မျက်စိမှိတ်ပြပြီးနောက် အဝတ်အစားလဲစကာ ကိုနှင်းမောင်ခေါ်ရာသို့ လိုက်ခဲ့ပါသည်။

လမ်းတွင် ကျွန်ုပ်၏ဇနီးသည် ပြောမှားဆို မှားရှိသည်များကို ခွှင့်လွှတ်ရန်တောင်းပန်ရာ –

“ကိစ္စမရှိပါဘူးအိုင်ပီ”ဟုပြုံး၍ ပြောလိုက် ပါသည်။

သူ၏အပြုံးမှာ လေးနက်သော အဓိပ္ပာယ် များပါရှိကြောင်းကို ထိုစဉ်ကပင် ကျွန်ုပ်သိရှိခဲ့ရပါ သည်။

(၄င်းအကြောင်းအရာနှင့်ပတ်သက်၍ နောက် အလျဉ်းသင့်ပါက ဖော်ပြပါဦးမည်)

ကျွန်ုပ်တို့နှစ်ယောက်သည် ကုန်ကားကြုံနှင့် လိုက်သွားရာ ရန်ကုန်သို့ နောက်တစ်နေ့ ၁၀ နာရီ လောက်တွင် ရောက်ပါတော့သည်။

ရန်ကုန်သို့ရောက်လျှင် နိုင်ငံခြားသင်္ဘော ဆိပ်ကမ်းသို့သွားကာ ကိုနှင်းမောင်သည် လူတစ် ယောက်နှစ်ယောက်ကို တွေ့ဆုံမေးမြန်းပြီး လက်ဆွဲ သားရေအိတ်တွင် အသင့်ပါလာသော အဝတ်အစား များကို လဲပါတော့သည်။

ရှပ်အင်္ကျီ၊ ဘောင်းဘီရှည်နှင့် ဝေ့စ်ကုတ်ခေါ်  မျောက်အင်္ကျီတို့ဖြစ်၏။

မစ္စတာဇီရွန်အိမ်မှရရှိခဲ့သော ဒိုဘီလက်မှတ် ဖြင့် ရွေးယူခဲ့သော အဝတ်အစားများဖြစ်ကြောင်း ကိုနှင်းမောင် ပြောပြ၍ သိရှိရပါသည်။

ပြီးလျှင် သင်္ဘောဆိပ်အနီးရှိ ကုလားထမင်း ဆိုင် တစ်ဆိုင်သို့ နှစ်ယောက်အတူသွားရောက်ကာ ချောင်ဘက်ခပ်ကျကျစားပွဲတွင် ထိုင်၍ ကိုနှင်းမောင် သည် စာရွက်တစ်ရွက်ပေါ်၌ မီးခြစ်ဆံသဏ္ဌာန် အချောင်းကလေးများ အသီးကလေးများရေးခြစ်ကာ စာအိတ်နှင့်ထည့်၍ စာအိတ်ပေါ်တွင် မစ္စတာဒီဗရစ် တိုဟုရေး၍ငွေငါးကျပ်နှင့်အတူ ကုလားတစ်ယောက် ကို သေသေချာချာပြောကြား၍ လွှတ်လိုက်၏။

“အိုင်ပီ ခင်ဗျားသေနတ်တော့ လိုရမယ်ရ ကိုင်ထားပေတော့။ ဒီကောင်မျိုးတွေက ရက်စက် သလောက် လက်လည်းမြန်တယ်ဗျ။ ဒီခုံမှာ အတူ မထိုင်နဲ့ ဟိုဘက်တိုင်အကွယ်က ခုံတစ်ခုံမှာ သွား ထိုင်ချေဗျာ”

ကျွန်ုပ်လည်း သူပြောသည့်အတိုင်းလိုက်၍ တိုင်အကွယ် တစ်နေရာတွင်သွားရောက်ထိုင်နေပါ သည်။ သူကမူ လက်နှစ်ဖက်စလုံးအား စားပွဲပေါ် တင်၍ အေးအေးဆေးဆေးထိုင်နေ၏။

တစ်အောင့်မျှအကြာတွင် လွှတ်လိုက်သော ကုလားလေးနှင့်အတူ ပထန်ကုလားကဲ့သို့ အရပ်မြင့် မြင့် လူတစ်ယောက်ဆိုင်ထဲဝင်လာပြီး နောက်ကျော ခိုင်း၍ ထိုင်နေသော  ကိုနှင်းမောင်ထံသို့ တည့်တည့် မတ်မတ်တန်း၍လျှောက်သွား၏။ အနားရောက်လျှင် ကိုနှင်းမောင်က အင်္ဂလိပ်ဘာသာဖြင့် –

“ဘယ်လိုတုန်း စီနီယာ ဒီဗရစ်တို၊ မြန်မာ ပုလိပ်တွေကို အထင်သေးလှချည်လား။ ဒီလိုလူ သတ်မှုကို ကျူးလွန်ပြီး လွယ်လွယ်ကူကူထွက်သွား လို့ဘယ်ရမလဲဗျာ”

ပြောပြောဆိုဆို မျက်နှာချင်းဆိုင်လိုက်ရာ ထိုသူမှာ အံ့ဩခြင်း၊ ဒေါသဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်း စသော စေတသိတ်များကို သူ၏ မျက်နှာတွင် တစ်ခဏအတွင်းဖော်ပြ၍ ခါးတွင်အသင့်ထိုးထား သော ပုဆိန်ကိုလျင်မြန်စွာ ဆွဲထုတ်၍ကိုနှင်းမောင် အား တအားလွှဲခုတ်လိုက်၏။

သို့ရာတွင် အလွန်တည်ငြိမ်၍ အလွန်လည်း ဖျတ်လတ်သော ကိုနှင်းမောင်လက်တွင် ထိုသူသည်  ကြက်ကလေးငှက်ကလေးပမာ မရုန်းနိုင်မကန်နိုင် အောင် မိနေပါတော့သည်။ ထိုအချိန်ကျမှ ကျွန်ုပ် လည်း ပြေးထွက်သွားပြီး ခြောက်လုံးပြူးဒင်နှင့် ထို သူ၏ဦးခေါင်းကို တအားရိုက်ချပြီး ဖမ်းဆီးခဲ့ရပါ တော့သည်။

ပြီးတော့ ဆိပ်ကမ်းပုလိပ်ဂါတ်သို့ ခေါ်သွား ကာ တရားခံ၏ ဖြောင့်ချက်ကိုယူ၍အမှုဖွင့်ထားပြီး နောက် ကျွန်ုပ်တို့နှစ်ယောက်ချောက်မြို့သို့ ပြန်ခဲ့ ကြပါသည်။

နောက်တစ်နေ့ သတင်းစာတွင် ထိုလူဖမ်းပွဲ ကို စွန့်စားခန်းဆန်ဆန် ရေးသားဖော်ပြခဲ့ပါသည်။

အထူးသဖြင့် မြန်မာ့အလင်းသတင်းစာက မြန်မာပုလိပ်နှစ်ဦးအား အမျိုးသားစိတ်ဓာတ်ဖြင့် ချီး မွမ်းရေးသားခဲ့ကြောင်း မှတ်မိပါသည်။

“ကိုနှင်းမောင် ဒီတရားခံစကို သဲလွန်စ ခင် ဗျား ဘယ်လိုရသလဲဗျ”

“အိုင်ပီနဲ့ ကျွန်တော်မစ္စတာဇီရွန်အိမ်ကို သွားတုန်းက ရခဲ့တဲ့ ရာဇဝင်မှတ်စုနဲ့တူတဲ့ စာအုပ် ရယ်၊ ပြက္ခဒိန်ရယ်က ရတာပဲ။ ရာဇဝင်မှတ်စုထဲမှာ ကြားညှပ်ပြီး စီနီယာနဲ့ ဂျူနီယာဒီဗရစ်တိုရဲ့ အ ကြောင်းတွေကို ရေးမှတ်ထားတာတွေ့ရကတည်း က ကျွန်တော့်အနေနဲ့ ဒီမှတ်စုဟာ ရိုးရိုးရာဇဝင် လေ့လာသူရဲ့ မှတ်စုမဟုတ်ဘဲ ရာဇဝင်မှတ်စုဟန် ဆောင်ထားတဲ့ အခြားလျှို့ဝှက်ကိစ္စမှတ်စု၏ဆိုတာ ရိပ်မိခဲ့ပါတယ်။ တစ်ခါပြက္ခဒိန်မှာတွေ့ရတဲ့ သင်္ကေ တလေးတွေကိုမြင်ပြန်တော့ မစ္စတာဇီရွန်ဟာ တစ် ချိန်က ဆင်ဂနယ်ဆက်သွယ်ရေးအချက်ပြ အလုပ် လုပ်ခဲ့ဖူးသူဖြစ်ရမယ်လို့ ခန့်မှန်းရပြန်တယ်။

ပြီးတော့ မှတ်စာစာအုပ်ကြားထဲကရခဲ့တဲ့ ဒိုဘီလက်မှတ်ပဲ။ ဂျူးများဟာ ကပ်စေးနှဲတဲ့ လူမျိုး ဖြစ်တယ်။ ဒီတော့ အဝတ်အစားကို ဒိုဘီပေးလေ့ သိပ်မရှိဘူး။ တစ်ခါ ဒိုဘီလက်မှတ်နေ့စွဲကလည်း တစ်လလောက် ကြာနေပြီ။ မရွေးရသေးဘူး။ ဒီ တော့ ဒီလက်မှတ်ဟာ ဇီရွန်ရဲ့ အဝတ်အစားမဖြစ် နိုင်ဘူး။ ပိုပြီးသေချာအောင် ဇီရွန်ရဲ့ သေတ္တာထဲက အင်္ကျီ တစ်ထည်ထုတ်ယူလာပြီး ဒိုဘီဆိုင်က လက် မှတ်ပြပြီး ရွေးရတဲ့အင်္ကျီနဲ့ တိုင်းကြည့်တော့ ဆိုင်က အင်္ကျီ အဝတ်အစားတွေနဲ့ အဆမတန်ကြီးနေတာ ကို တွေ့ရတယ်။

တစ်ခါပြက္ခဒိန်က သင်္ကေတတွေရေးပြီး ကြေးနန်းရုံးက အော်ပရေတာကို ကာကာဆိုင်က ချွတ်ကရားလေးလွှတ်ပြီး မေးစမ်းကြည့်တော့ ဒီ အကြီးနဲ့တွေ့၊ ဒီ အငယ်ကိုငွေချေ။ ဒီ အကြီးပြန် ရောက်၊ ဒီ အငယ်အင်္ကျီများကျန်ခဲ့စတဲ့ အဓိပ္ပာယ် ရကြောင်း ပြန်ရေးလိုက်တယ်လေ”

“စိတ်ဝင်စားစရာပဲ ကိုနှင်းမောင် ဆက်စမ်း ပါဦး”

“ဘာဆက်စရာရှိတော့လဲ အိုင်ပီ၊ စီနီယာ ဒီဗရစ်တို ဖြောင့်ချက်ပေးတဲ့အတိုင်းပဲပေါ့။ သူနဲ့ မစ္စတာဇီရွန်ဟာ သင်္ဘောသား အတူလုပ်ခဲ့တယ်။ နောက်တော့ ဇီရွန်ဟာ သင်္ဘောကထွက်ပြီး မြန်မာ ပြည်မှာ မျက်လှည့်ဆရာအဖြစ်နဲ့ နေတယ်။ စီနီယာ  ဒီဗရစ်တိုရဲ့သား ဂျူနီယာဒီဗရစ်တိုက အခြားသ င်္ဘောတစ်စင်းမှာ သင်္ဘောသားလုပ်တယ်။ သူတို့ သားအဖနှစ်ယောက်ဟာ သင်္ဘောခရီးတစ်လျှောက် မှာ ကြုံသလို ဓားပြတိုက်လို့ရတဲ့ ပစ္စည်းတွေကို ဇီရွန်က မြန်မာပြည်ကနေ လျှို့ဝှက်ထုခွဲပေးရတယ်။ အခုကိစ္စက ထုခွဲခိုင်းတဲ့ ပစ္စည်းတွေကို မတန်မဆ ဈေးနှိမ်ပြီး အပျောက်ရိုက်တယ်လို့ ဂျူနီယာဒီဗရစ် တိုက သူ့အဖေစီနီယာကိုတိုင်ထားလို့ အဖေလုပ် သူက သူ့သင်္ဘော မြန်မာပြည်ရောက်တုန်း ဇီရွန်ကို လုပ်ကြံပစ်လိုက်တာပဲ”

“ဒါနဲ့ ခင်ဗျား စီနီယာဒီဗရစ်တိုကိုဖမ်းခါနီး သင်္ကေတလေးတွေ ရေးပေးလိုက်တယ် မဟုတ် လား။ အဲဒါ ဘာရေးပေးလိုက်တာတုန်းဗျ။ ခင်ဗျား ရေးတတ်လို့လား”

“ဒါကလွယ်ပါတယ်။ အေကနေ ဇက်အထိ ရေးနည်းကို ကြေးနန်းအော်ပရေတာလေးဆီက မေးလာခဲ့တယ်။ ရေးလိုက်တဲ့ အဓိပ္ပာယ်ကတော့ အရေးကြီးတယ်။ ကျွန်တော်ရောက်နေပြီ အဖေ လာတွေ့ပါ။ ဂျူနီယာဒီ ပေါ့ဗျာ”

“ဒါကြောင့် ဆားပုလင်းနှင်းမောင်ဆိုတဲ့ နာ မည်ဟာ ကြီးပေတာကိုး ချီးမွမ်းထိုက်ပါပေတယ် ဗျာ”

“ကဲခင်ရေ ကိုနှင်းမောင်ကို ဂုဏ်ပြုညစာ ကျွေးရအောင် မနက်ဖြန်ညနေ ချိန်းလိုက်မယ်ဗျ”

“နေပါစေအိုင်ပီ ကျုပ်အတွက် ဒုက္ခမရှာပါ နဲ့”

ဟုဆိုကာ ကျွန်ုပ်၏ ဂုဏ်ပြုညစာကို ငြင်း ဆန်ခဲ့သဖြင့် ကျွန်ုပ်၏ ဇနီးခင်ခင်ကြီးသည် ညစာ စီမံရေးအတွက် ဒုက္ခမပိုခဲ့သော်လည်း လူဆိုးထိန်း စိန်လှတို့ မှားယွင်းဖမ်းဆီးခဲ့သော အင်္ဂလိပ်စာတတ် မီးသတ်သမား ဘင်ဂူးဆိုသူက မကျေနပ်၍ မျက်နှာ ဖြူများကို စာရေး၍ တိုင်တန်းလုပ်သဖြင့် ကျွန်ုပ်မှ ချော့ရမော့ရနှင့် ဒုက္ခများခဲ့ရသေးသည်။

သို့ရာတွင် မကြာမီ၌ ဇနီးသည်ခင်ခင်ကြီး ကြွားနိုင်ရန်အတွက် ကျွန်ုပ်၏ ဧည့်ခန်းတွင် အမှု ထမ်းကောင်းလက်မှတ်တစ်ခု တိုး၍ချိတ်ဆွဲခဲ့ရ ကြောင်းကိုလည်း မေ့ထား၍မရပေ။    ။

 

မင်းသိင်္ခ

Comments

comments

Post Author: manawmaya