တစ်လုတ်စားဖူး၊ သူ့ကျေးဇူး

မြန်မာလူမျိုးများအကြား တစ်လုတ်စားဖူး သူ့ကျေးဇူးဟူသော စကားမှာ ထင်ရှားသောဆိုရိုး စကားတစ်ခုဖြစ်ပေသည်။ မိဘများက သားသမီး များကို ဆုံးမရာ၌လည်းကောင်း ဆရာသမားများက တပည့်ကျောင်းသား၊ ကျောင်းသူများကို ဆုံးမရာ၌ လည်းကောင်း၊ ရဟန်းသံဃာတော်များက တပည့်၊ ဒကာ၊ ဒကာမများကို ဆုံးမရာ၌လည်းကောင်း ပြော ဆိုလေ့ရှိသော စကားပုံတစ်ခုပင်ဖြစ်ပေသည်။

ပြီးခဲ့သော ဝါတွင်းကာလအတွင်း၌ ရန်ကုန် တက္ကသိုလ်သမိုင်းဌာနတွင် ဝါဆိုသင်္ကန်းကပ်လှူပွဲ တစ်ရပ်ကို ကျင်းပခဲ့သည်။ ပါမောက္ခ၊ ဌာနမှူးကြီး မှူးသော ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်း သူများ သမိုင်းဌာန၏ အာစရိယပူဇော်ပွဲဖြစ်မြောက် ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ တရားဟောကြားသောဆရာတော်မှာ ဆရာတော် အရှင်ဆေကိန္ဒဖြစ်ပေသည်။ ဆရာတော်သည် မိဘ၊ ဆရာသမားတို့၏ ကျေးဇူးတရားကို သားသမီးများ၊ တပည့်များက သိရှိကြရန် ထည့်သွင်းဟောပြောခဲ့ သည်။ ဤကဲ့သို့ ထည့်သွင်းဟောပြောရင်း တစ်လုတ်စားဖူး သူ့ကျေးဇူးကို သိတတ်သော မြန်မာ့ သမိုင်းမှ ငခင်ညိုအကြောင်းကို ထည့်သွင်း၍ သာဓကအဖြစ်ဟောပြောခဲ့လေသည်။
မြန်မာ့သမိုင်းတွင် မြန်မာလူမျိုးတို့၏ ရွှေ ခေတ်ဟူ၍ စာတမ်းမှတ်တမ်းတင်ရမည့် ခေတ်မှာ ပုဂံခေတ်ပင်ဖြစ်သည်။ ပုဂံခေတ်နေဝင်ချိန်တွင်မူ၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝတို့သည် မြို့ပြနိုင်ငံများ အဖြစ် အပြိုင်အဆိုင်ထင်ရှားလာခဲ့ကြသည်။

ပင်းယခေတ်တွင် ငါးစီးရှင်ကျော်စွာ အမည် ဖြင့် ရှင်ဘုရင်တစ်ပါးအထင်အရှားရှိခဲ့သည်။ ၄င်း၏ သူရဲကောင်းတစ်ဦးမှာ ငခင်ညိုဖြစ်ပေသည်။ ငါးစီး ရှင်ကျော်စွာသည် စစ်ကိုင်းစားအသင်္ခယာ စောယွမ်းကို လုပ်ကြံရန် ငခင်ညိုကို တာဝန်ပေးခဲ့သည်။ ငခင်ညိုသည် အင်္သခယာစောယွမ်းကို လုပ်ကြံရန် စစ်ကိုင်းသို့သွားခဲ့သည်။ သို့ရာတွင် အခွင့်မသာ၊ အခြေအနေမပေးသဖြင့် တောတွင်း၌ ပုန်းခိုနေခဲ့ရ သည်။ ရက်အတော်ကြာမျှ ထမင်းမစားဘဲ နေခဲ့ရ သည်။ အခွင့်သာသောနေ့၌ ညဥ့်ဖက်တွင် နန်းတော် ပေါ်သို့တက်ခဲ့ရာ အသင်္ခယာစောယွမ်း နတ်တင်ထား သော ထမင်းနှင့် အမဲသားကိုစားလိုက်မိတော့သည်။
ငခင်ညိုသည် နတ်တင်ထားသော ထမင်းနှင့် အမဲသားကိုစားပြီးနောက် ထမင်းသခင်ဖြစ်သော အသင်္ခယာစောယွမ်းအပေါ် ရက်ရက်စက်စက်သတ် လိုစိတ်မရှိတော့ချေ။ တစ်လုတ်စားဖူးသူ့ကျေးဇူးကို တွေးတောသတိရနေမိတော့သည်။ ဆင်ခြင်စဉ်းစား မိတော့သည်။ ထို့ကြောင့် ထမင်းရှင်ကို မသတ်ရက် တော့ဘဲ အိပ်စက်ရာဘေးရှိ ပတ္တမြားဓားကိုယူ၍ နန်း တော်ပေါ်မှ ပြန်ဆင်းခဲ့လေတော့သည်။
ငါးစီးရှင်ကျော်စွာကလည်း ငခင်ညိုအပေါ် အပြစ်မယူသည့်အပြင် ကျေးဇူးသိတတ်သူအဖြစ် ဆက်လက်၍ချီးမြှင့်မြှောက်စားခဲ့လေသည်။ မြန်မာ မင်းများခေတ်က တစ်လုတ်စားဖူးသူ့ကျေးဇူးကို သိတတ်သော သာဓကတစ်ရပ်ပင်ဖြစ်သည်။
ငါးရာ့ငါးဆယ်ဇာတော်လာ ရှေးဟောင်းဝတ္ထု တစ်ခုကို တင်ပြလိုပေသည်။ ဘုရားအလောင်း သည် ဗာရာဏသီပြည်၌ မင်းပြုနေချိန်ဖြစ်သည်။ နယ်စပ်ဒေသ၌ ဆူပူသဖြင့် နောက်လိုက်နောက်ပါ စစ်သည်များဖြင့် သွားရောက်နှိမ်နင်းလေရာ ဘုရင်မင်းမြတ်သည် နောက်လိုက်နောက်ပါများနှင့် တကွဲတပြားဖြစ်ပြီး မြင်းစီးလျက် တစ်ပါးတည်း ရွာတစ်ရွာသို့ ရောက်သွားလေတော့သည်။
စစ်ဖြစ်နေသဖြင့် ရွာသားများသည် ကြောက် ရွံ့ထွက်ပြေးကြသော်လည်း ရွာသားတစ်ဦးကမူ ဘုရင်ကို ဘုရင်မှန်းမသိဘဲ သာမန်မြင်းသည်တော် တစ်ဦးဟုသာ ထင်မှတ်ခဲ့သည်။ မိမိ၏အိမ်၌ ဘုရင် အားသုံးလေးရက်မျှ ကျွေးမွေးစောင့်ရှောက်ထား၏။ ဘုရင်ကြီးကလည်း မိမိသည် ဘုရင်ဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆိုခြင်းမပြုချေ။
အခြေအနေငြိမ်သက်သွား၍ ဘုရင်ကြီးသည် မြို့တော်သို့ ပြန်လာခဲ့သည်။ အိမ်ရှင်ယောကျာ်းကို မြို့တော်သို့လိုက်ခဲ့ရန် မှာ၍ မြို့တော်၏တံခါးစောင့် နှင့်တွေ့လျှင် “မြင်းသည်တော်၏နေအိမ်” ဟု မေး မြန်းစုံစမ်းရန်မှာကြားခဲ့သည်။ မြို့တော်၏ တံခါး မှူးအားလည်း အကျိုးအကြောင်းပြောပြကာ မှာကြား ထားခဲ့သည်။
တစ်နေ့တွင် တောရွာမှ အိမ်ရှင်ယောကျာ်း သည် မြင်းသည်တော်ကြီးအတွက် လက်ဆောင်အ ဖြစ် အထည်ကြမ်းနှင့် ရိုးရာမုန့်များကို ယူဆောင်ပြီး နေပြည်တော်သို့ လိုက်လာခဲ့သည်။ တံခါးမှူးက လည်းတောသားကြီးကို ဘုရင်ရှေ့တော်မှောက်သို့ ပို့လိုက်သည်။ မင်းကြီးသည် တောသားကြီးယူလာ သော ရိုးရာမုန့်များကို မိမိကိုယ်တိုင်လည်း နှစ်နှစ် ခြိုက်ခြိုက်စားသည်။ မှူးကြီးမတ်ကြီးများကိုလည်း စားစေသည်။ တောသားကြီးယူလာသော အထည်ကြမ်းများကိုလည်း ဘုရင်နှင့် မိဖုရားကိုယ် တိုင် ဝမ်းသာအားရဝတ်ဆင်ကြသည်။
“သဒ္ဓါလို့ ကျွေးလျှင်သေဆေးတောင် သောက်ရတယ်”ဟူသော ဆိုရိုးစကားတစ်ခုရှိပေ သည်။ အမှန်တကယ်မူသေဘေး၊ အဆိပ်တို့ကို မည်သူမျှ သောက်ရန် စားရန်မဟုတ်ပေ။ တိုက်တွန်း ခြင်းမဟုတ်ချေ။ လူတစ်ဦးတစ်ယောက်၏ စေတနာ ကို လေးလေးစားစားအသိအမှတ်ပြုရန် စေတနာ ဖြင့် ပေးကမ်းလာလျှင် တန်ဖိုးမရှိသော ပစ္စည်းပင် ဖြစ်သော်လည်း လေးလေးစားစားတန်ဖိုးထား၍ လက်ခံရန် ဆိုဆုံးမသော စကားပင်ဖြစ်သည်။ ရှေး ဆရာတော်ကြီးများသည် ဒါယိကာ၊ ဒါယိကာမများ လှူဒါန်းကြသော ဆွမ်း၊ ဟင်းအမျိုးမျိုးကို မိမိမကြိုက် နှစ်သက်သော်လည်း လှူဒါန်းသူများ ပီတိဖြစ်ကြရန် စေတနာပွားနိုင်ကြရန် အနည်းငယ်မျှပင်ဖြစ်ဖြစ် စတိ မျှပင်ဖြစ်ဖြစ် ဘုန်းပေးလေ့ရှိသည်ဟု ကြားခဲ့ဖူး သည်။
ယခုလည်း ရှင်ဘုရင်ကြီးသည် တောသား ကြီးယူလာသော ဒေသထွက်မုန့်များကို မိမိရော မှူး မတ်များကိုပါ စားစေပြီး တောထွက်အဝတ်ကြမ်းတို့ ကိုလည်း မိမိရောမိဖုရားကြီးပါ ဝတ်ဆင်စေသည် ဆိုခြင်းမှာ သူတော်ကောင်းတို့၏ ထုံးကိုလိုက်နာကျင့် သုံးခြင်းပင်ဖြစ်သည်။
အထက်ဖော်ပြပါ ဇာတ်လမ်းတွင် ဘုရင်ကြီး သည် မိမိအခက်အခဲဒုက္ခတွေ့ချိန်တွင် ကူညီစောင့် ရှောက်ခဲ့ဖူးသော တောသားကြီးကို ကျေးဇူးဆပ် သည့်အနေဖြင့် ရွာသားကိုသာမက ၄င်း၏ဇနီးသည် ကိုပါ ခေါ်ယူစေပြီး နန်းတော်အနီးတွင် အိမ်သစ် ဆောက်၍ မကြောင့်မကြနေထိုင်စေလိုက်သည်။ မင်းစည်းစိမ်တစ်ဝက်ကိုပါ ခွဲဝေပေးလိုက်လေတော့ သည်။
ယခုသော် လူငယ်လူရွယ်များ လူလတ်၊ လူကြီးများအနေဖြင့် တစ်လုတ်စားဖူး၊ သူ့ကျေးဇူးကို သိတတ်ကြရန် သတိပေးရေးသားလိုက်ရခြင်း ဖြစ် ပေသည်။ ထို့ပြင် တစ်ပါးက သူပြုဖူးသော ကျေးဇူး ကို သိခြင်းသည် ကတညုတ မင်္ဂလာကို လိုက်နာ ကျင့်သုံးခြင်းပင်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပေ သည်။

မောင်ဥာဏ်စိန်

Comments

comments

Post Author: manawmaya