သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်

ကုန်းဘောင်မင်းဆက် ရှစ်ဆက်မြောက် သာယာဝတီမင်းလက်ထက်တွင် မိဖုရားခေါင်ကြီး မယ်နုနှင့် စလင်းမင်းသား မောင်အိုတို့သည် ကွက် မျက်ခံကြရသည်။ မယ်နုမှာ နန်းမတော်မယ်နုဟူ၍ သမိုင်းတွင် ထင်ရှားပြီး မယ်နုအုတ်ကျောင်း၏ ကျောင်းအစ်မကြီးလည်းဖြစ်သည်။ မဟာအောင်မြေ ဘုံစံအုတ်ကျောင်းတိုက်တွင် သီတင်းသုံးနေသော  ဆရာတော်မှာ ဆရာတော်ဦးဗုစ်ဖြစ်သည်။ နောင်တွင် အမရပူရမြို့ အရှေ့မြောက်ဘက်ရှိ မင်္ဂလာဘုံကျော်  ညောင်ကန်ကျောင်းတိုက်တွင် ပြောင်းရွှေ့သီတင်းသုံး ရသည်။

မယ်နုအား ကွက်မျက်ခါနီးတွင် ဆရာတော် ဦးဗုစ်ကို ဖူးမြော်ကန်တော့ခွင့်တောင်းသည်။ မင်္ဂလာ ဘုံကျော် ညောင်ကန်ကျောင်းတိုက်ရှိ ဆရာတော် ဦးဗုစ်ကို ဖူးမြော်ကန်တော့သောအခါ “ဆရာတော် ဘုရားအား နောက်ဆုံးဖူးမြော်ကန်တော့ခြင်းဖြစ်ပါ သည်ဘုရား” ဟု လျှောက်ထားလေသည်။ ဆရာ တော် ဦးဗုစ်သည် စာကြည့်ရပ်ပြီး –

“မိနု သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်”ဟု အမိန့်ရှိလိုက်လေသည်။ တရားနှင့်ယှဉ်တွဲကာ ပြော လိုက်ခြင်းပင်ဖြစ်သည်။ ကျောင်းအစ်မကြီးကိုယ်တိုင်   မင်းပြစ်မင်းဒဏ်ကို ခံနေရသော်လည်း ပြည်ထဲ ရေးနှင့် နိုင်ငံရေးတို့တွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုချေ။ ရှေးခေတ် ကျမ်းတတ်ပေတတ်၊ ပညာရှိ ဆရာတော်ကြီးများအနေဖြင့် နန်းတွင်းရေး ပြည်ထဲ ရေး နိုင်ငံရေးတို့နှင့် ကင်းကင်းရှင်းရှင်း နေသော သာဓကတစ်ရပ်ပင်ဖြစ်သည်။ မယ်နုကိုယ်တိုင်က လည်း ဆရာတော်က သူ့နာမည်အားခေါ်ပြီး တရား စကားပြောကြားသွားသည်ကို ကျေနပ်သွားသည်ဟု ဆိုသည်။

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်ရှင် သီတင်းသုံးနေစဉ် ရဟန်းတော် ခုနစ်ပါးသည် ဘုရားရှင်ကို ကန်တော့ရန် လာခဲ့ ကြသည်။ လမ်းခရီးတွင် ကျောင်းတိုက်တစ်ခု၌ တည်းခိုကြရာ အာဂန္တုရဟန်းခုနစ်ပါးအား ကျောင်း တိုက်ကြီးအနီး လိုဏ်ဂူကြီးတစ်ခုအတွင်းတွင် သီတင်းသုံးရန် ကျောင်းစုံ ရဟန်းများက စီစဉ်ပေး ကြသည်။ အာဂန္တု ရဟန်းခုနစ်ပါးသည် လိုဏ်ဂူကြီး အတွင်း သီတင်းသုံးနေခိုက် ညဥ့်အခါတွင် ကျောက် တုံးကြီးတစ်တုံးသည် တောင်ကမ်းပါးယံမှ ပြိုကျ လာပြီး လိုဏ်ဂူအဝမှာ အလိုအလျောက် ပိတ်မိသွား တော့သည်။ ကျောင်းနေရဟန်းများနှင့် ပတ်ဝန်း ကျင်မှ လူအများက ယင်းကျောက်တုံးကို ဖယ်ရှား ရန်ကြိုးစားကြသော်လည်း ကျောက်တုံးကြီးမှာ လုံးဝ မရွေ့ချေ။ အာဂန္တု ရဟန်းခုနစ်ပါးမှာ ခုနစ်ရက် လုံး ဆွမ်းမဘုဉ်းပေးရပေ။ ရေပင်မသောက်ရချေ။ ခုနစ်ရက်စေ့သောအခါ ကျောက်တုံးကြီးသည် အလိုလို ရွေ့သွားပြီး ရဟန်းခုနစ်ပါးမှာလည်း လိုဏ်ဂူ  ပေါက်ဖွင့်ကာ အသက်ချမ်းသာရာရသွားကြတော့ သည်။

ဇေတဝန်ကျောင်းတော်ကြီးသို့ ရောက်ရှိ၍ ဘုရားရှင်ကို ဖူးမြော်ကန်တော့ကြသည်။ ထို့နောက် လမ်းတွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို လျှောက်ထားသောအခါ ဘုရားရှင်၏ ဟောပြချက် အရ အာဂန္တု ရဟန်းခုနစ်ပါး၏ အတိတ်ကံသည်  ပေါ်ပေါက်လာတော့သည်။ သိရှိလာရတော့သည်။

အာဂန္တု ရဟန်းခုနစ်ပါးမှာ အတိတ်ဘဝက  ဗာရာဏသီပြည်အနီးတွင် နွားကျောင်းသားများဖြစ်ခဲ့ ဖူးသည်။ နွားများကို ထိန်းကျောင်းနေစဉ် ဖွတ်ကြီး တစ်ကောင်ကို မြင်တွေ့ကြရာ၊ ဖွတ်ကြီးကို မမိ လိုက်ဘဲ တောင်ပို့တစ်ခုထဲသို့ ဝင်သွားသည်ကို တွေ့ လိုက်ကြရသည်။ နွားကျောင်းသား ခုနစ်ယောက် သည် သဘောတူတိုင်ပင်ကြပြီး တောင်ပို့၏အပေါက် ခုနစ်ပေါက်ကို ပိတ်ထားလိုက်ကြသည်။ ခုနစ်ရက် စေ့ရောက်မှ သတိရကြပြီး ယင်းတောင်ပို့ကို ဖွင့် ပေးလိုက်ကြရာ ခုနစ်ရက်တိုင်တိုင် အစာရေစာ မစား သောက်ရဘဲ ဆာလောင်မွတ်သိပ်ပြီး ပိန်ချုံးနေ သော ဖွတ်ကြီးသည် တုန်တုန်ချည့်ချည့်ဖြင့် ပြန်၍ လွတ်လာလေတော့သည်။ နွားကျောင်းသားများ လည်း သနားစိတ်ဖြစ်ပေါ်ပြီး ဘေးမဲ့လွှတ်ပေးလိုက် ကြတော့သည်။ ဖွတ်ကိုမသတ်ကြ။ ပါဏာတိပါတကံ ကို မကျူးလွန်မိကြသောကြောင့် ငရဲသို့ မရောက် သော်လည်း သံသရာတွင် ကျင်လည်ကြရင်း ယခု ဘဝတွင် ရဟန်းဖြစ်ကြပြီး နောက်မှ၊ ဝဋ်ရှိကြ၍ ခံကြရခြင်းဖြစ်ပေသည်။ အကုသိုလ်ကံတရားသည် မည်မျှ ကြောက်စရာကောင်းသည်ကို သတိသံဝေဂ ရသင့်ကြပေသည်။ ရဟန်းဘဝသို့ ရောက်နေကြ စဉ်မှာပင် အချိန်ကျရောက်လာသောအခါ ဝဋ်ရှိက ခံကြရပေသည်ကို သိရှိထားသင့်ပေသည်။ ရဟန်း ခုနစ်ပါးကိုယ်တိုင် နွားကျောင်းသားဘဝက ပြုခဲ့သည့် ရှေးအကုသိုလ်ကံ၏ အကျိုးတရားများကို ခံစားကြ ရခြင်းပင်ဖြစ်သည်။ ပစ္စုပ္ပန်ကံကို ပြုပြင်ပြောင်းလဲရန် လွယ်ကူသော်လည်း အတိတ်ကံကို ပြောင်းလဲရန် ကား မလွယ်ကူလှပေ။

အရှင်မဟာမောဂ္ဂလာန်မှာ မြတ်စွာဘုရား ၏လက်ဝဲတော်ရံ အဂ္ဂသာဝကကြီး ဖြစ်ပေသည်။  မြေလျှိုးမိုးပျံ၊ ဈာန်အဘိဥာဏ်တန်ခိုးနှင့် စပ်လျဉ်း ပြီး အလွန်ထင်ရှားကျော်ကြားသူ ဖြစ်သည်။ ဗုဒ္ဓ ကိုယ်တိုင်ကပင် ဣဒ္ဓိမန္တဧတဒဂ် ဘွဲ့ထူးဖြင့် ချီးကျူးခြင်းခံရသော ပုဂ္ဂိုလ်ကြီးဖြစ်ပေသည်။ တစ်ခါတစ်ရံ တွင် အထက်နတ်ပြည်သို့ ကြွချီတတ်ပြီး တစ်ခါတစ် ရံ ငရဲပြည်များသို့လည်း ကြွချီတတ်သည်။

နတ်ပြည်များသို့ ရောက်သောအခါ မြတ်စွာ ဘုရား၏ တပည့်များသည် ကြီးကျယ်လှသော စည်း စိမ်ဗိမာန်ဖြင့် ပျော်စံနေရသည်ကို တွေ့ခဲ့ရသည်။ လူ့ပြည်သို့ရောက်သောအခါ ]]မည်သည့် ဥပါသကာ သည် တာဝတိံသာ နတ်ပြည်၌ဖြစ်၏။ မည်သည့်  ဥပါသကာသည် ယာမ၊ တုသိတာနတ်ပြည်၌ ဖြစ်၍   ကြီးကျယ်သော စည်းစိမ်ဥစ္စာကို ခံစားနေရ၏ဟု လူ့ပြည်၌ ပြန်ပြောပြတတ်သည်။

ထို့နည်းတူပင် ငရဲပြည်မှ ပြန်လာသောအခါ တွင်လည်း အညတိတ္ထိယတို့၏ အလုပ်အကျွေးဖြစ် သော မည်သည့်ဒါယိကာသည် သိဉ္ဇိုင်းငရဲ၌ ဆင်း ရဲကြီးစွာခံရသည်ကို ငါမြင်ခဲ့၏ စသည်ဖြင့် လူတို့ အား ပြန်လည်ပြောကြားတတ်လေသည်။

ရှင်မဟာမောဂ္ဂလာန်၏ ပြောစကားများကို ကြားကြရသောအခါ လူတို့သည် ဘုရားရှင်၏ အယူ ဝါဒကိုသာလိုက်၍ တိတ္ထိတို့ကို မကြည်ညိုကြ၊ မလှူ ဒါန်းကြဖြစ်ကုန်ကြသည်။ ဘုရားရှင်၏ တပည့် သံဃာများကို ကြည်ညိုလှူဒါန်းသူပေါများ၍ တိတ္ထိ တို့မှာစားရမဲ့ သောက်ရမဲ့ဖြစ်ကုန်ကြသည်။ ရှင်မဟာ မောဂ္ဂလာန်အပေါ် တိတ္ထိတို့သည် ကြီးစွာ ရန်ညှိုး ထားကြလေတော့သည်။ သမဏဂုတ္ထိက ခေါ်၍ ခိုးသားကို အသပြာတစ်ထောင်ပေး၍ အရှင်မဟာ မောဂ္ဂလာန်ကို သတ်ဖြတ်စေတော့သည်။

သာမဏဂုတ္ထိကခိုးသားလည်း အခြံအရံအ ပေါင်းအသင်းများနှင့် တကွ အရှင်မဟာမောဂ္ဂလာန် ရှိရာသို့ သွားလေသည်။ အရှင်မဟာမောဂ္ဂလာန်မှာ ခိုးသားများ သူသတ်များလာကြောင်းကို သိ၍ စတုတ္ထ ဈာန်ကို ဝင်စားလိုက်သည်။ ကောင်းကင်တွင် စင်္ကြံ ကြွ၍ နေထိုင်တော့သည်။ ခိုးသားများမှာ စိတ်ပျက် စွာဖြင့် ပြန်ခဲ့ရသည်။ နောက်ညဥ့် တစ်ဖန်သွားပြန် သောအခါ အရှင်မဟာမောဂ္ဂလာန်သည် ယုဂန္ဓိုရ် တောင်ထိပ်တွင် ခေတ္တပြောင်းရွှေ့နေလိုက်ပြန်သည်။  ခုနစ်ရက်မြောက်သောနေ့တွင်ကား ရှေးအပရာ ပရိယဝေဒနီဃဖြစ်သော ဥပပီဠကကံသည် အခွင့် သာလာပြီး ဖြစ်သဖြင့် မရှောင်ရှားနိုင်တော့ချေ။ ခိုးသား၊ သူသတ်သမားတို့၏ ညှဉ်းဆဲခြင်းကို ခံရ တော့သည်။

အရှင်မဟာမောဂ္ဂလာန်အထေရ်ကြီးသည် အဘယ်ကြောင့် ပရိနိဗ္ဗာန်ပြုခါနီး၌ ဤကဲ့သို့ ညှဉ်း ပန်းနှိပ်စက်ခံရသနည်း။ ဥပပီဠကကံ၏ နှိပ်စက်ခြင်း  ကို ခံရသနည်း။ အရှင်မဟာမောဂ္ဂလာန်၏ အတိတ် ကံကား အဘယ်နည်း။ ၄င်း၏ရှေးဝဋ်က မည်ကဲ့သို့ ရှိလေသနည်း။

ဗာရာဏသီပြည်၌ မျက်မမြင်မိဘနှစ်ပါးကို လုပ်ကျွေးနေသည့် လုလင်ပျို တစ်ယောက်ရှိလေ သည်။ ထိုလုလင်ပျိုသည် အချိန်အရွယ်ရောက်သော် လည်း အိမ်ထောင်မရှိသေးချေ။

သို့ရာတွင် မိဘများက ၄င်းတို့သဘောကျ သော အမျိုးသမီးတစ်ယောက်ကို ရှာ၍ သားနှင့်ပေး စားလိုက်လေသည်။ အိမ်ထောင်ကျသည်မှာ ကြာ လာသောအခါ မယားဖြစ်သူသည် မျက်မမြင် ယောက္ခမကြီးနှစ်ယောက်ကို မကြည်မဖြူဖြစ်လာခဲ့ သည်။ ယောက္ခမများဖြစ်ကြသော မျက်မမြင်မိဘ  များနှင့် တစ်အိမ်တည်း မနေနိုင်ဟုလည်းကောင်း၊ မိဘများကို မပစ်နိုင်လျှင် မိမိ အိမ်ပေါ်က ဆင်း သွားမည်ဖြစ်ကြောင်း ရာဇသံပေးသည် အထိဖြစ်လာ တော့သည်။

ထို့ကြောင့် လုလင်ပျိုသည် တောရွာတစ်ရွာ မှ ဆွေမျိုးများထံသို့ အလည်အပတ်သွားမည့်ဟန်ဖြင့် မိဘနှစ်ပါးကို လှည်းဖြင့် တင်ဆောင်ကာ ဗာရာဏသီ မြို့မှ ထွက်ခွာခဲ့သည်။ မြို့ပြင်ရှိ တောအုပ်တစ်ခု သို့ ရောက်လျှင် လှည်းပေါ်မှဆင်းပြီး လမ်းဘေးရှိ    တောအုပ်အတွင်းသို့ ဝင်သွားလေသည်။ ထို့နောက် အတန်ကြာသောအခါ အသံကိုဖျက်၍ ခိုးသားဓား ပြဟန်ဆောင်ကာ ထွက်လာပြီး မိဘနှစ်ပါးကို ရိုက် နှက်လေသည်။ မိဘနှစ်ပါးမှာမူ မမြင်မကန်းဖြင့် တကယ့်ခိုးသား ဓားပြဖြစ်သည်ဟု ထင်မှတ်ကာ “သားရေ …လွတ်အောင်ပြေး အမေတို့အဖေတို့ကို ငဲ့မနေနဲ့” ဟု မိဘမေတ္တာဖြင့် အော်ဟစ်ပြောဆိုပြီး သားကိုသာ အလွတ်ပြေးစေသည်။

ထိုအခါမှ ငါ၏မိဘများသည် ဤမျှလောက် နာကျင်သော်ငြားလည်း ငါ၏အလို့ငှာသာ တောင်းပန် ကာ ငိြုွေကးကြကုန်၏။ သို့စင်ချစ်ခင်သော ကျေးဇူး ရှင်နှစ်ပါးတို့အား ငါပြစ်မှားခြင်းသည် မသင့်စွဟု ကြံပြန်ပြီး ခိုးသူတို့သွားဟန်ပြုပြီးမှ မျက်မမြင်မိဘနှစ် ပါးကို သက်သာမှုရစေရန် ခြေဆုပ်လက်နယ်ပြုပြီး မှ လှည်းထက်သို့ တင်၍အိမ်သို့ပြန်ပြီး ခေါ်ခဲ့လေ သည်။

ထိုမကောင်းမှု အကုသိုလ်ကံကို ကျူးလွန် မိသော လုလင်ငယ်မှာ ဤ ပစ္ဆိမဘဝ နောက်ဆုံး ဘဝ၌ အရှင်မဟာမောဂ္ဂလာန်မထေရ်ဖြစ်လာတော့ သည်။ မိဘကို ခိုးသားများဟန်ဆောင်၍ ရိုက်နှက် မှု အကုသိုလ်ကံကြောင့် ပရိနိဗ္ဗာန်ပြုခါနီးသောအခါ ခိုးသူတို့၏ လက်ထဲ၌ ရိုက်နှက်ညဉ်းဆဲခြင်းကို ခံရ တော့သည်။

အရှင်မောဂ္ဂလာန်ကို ရိုက်နှက်သတ်ဖြတ်ကြ သော ခိုးသားတို့သည်လည်း မိမိတို့၏ အိမ်များသို့ ပြန်၍ မရောက်မီပင် အရှင်မြတ်တို့ ပြစ်မှားမိသော    အာနန္တိရယကံကြောင့် တောင်ကမ်းပါးယံကြားတွင် မြေမျို၍ အဝီစိငရဲသို့ ကျရောက်လေတော့သည်။

“သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည်” ဖြစ်သည့် အတွက် မကောင်းမှု အကုသိုလ်ကံ အကုသိုလ်အမှု တို့ကို မပြုမိကြစေရန် မေတ္တာရှေ့ထား၍ ရေးသား တင်ပြအပ်ပေသည်။

 

မောင်ဥာဏ်စိန်

ရည်ညွှန်းစာအုပ်များ

၁။ ဇိနတ္ထပကာသနီ(ကျီးသဲလေးထပ်ဆရာတော်)

၂။ ဗုဒ္ဓ၏ကိုယ်တွေ့ဝတ္ထုများ

(ဓမ္မာစရိယ ဦးမောင်မောင်လေး)

၃။ ပြည်ထောင်စုနီတိ(ဝန်ကြီးချုပ်ဟောင်းဦးနု)

၎။ ဆရာတော်ဦးဗုစ်(သခင်အောင်ဖေ)

Comments

comments

Post Author: manawmaya