ကြွက်သေတစ်ခု အရင်းပြု၍ သူဌေးဖြစ်အောင် လုပ်နည်း

“ကြွက်သေတစ်ခု အရင်းပြု၍  ကြွယ်ဝမှု ဇာတ်ဆုံး၊ သူဋ္ဌေးထုံးကို နှလုံးမူလျက် ကြံစည်နက်၍ သူ့ထက်လွန်ကုံ၊ ကြွယ်စေမင်း”

အထက်ဖော်ပြပါ ပျို့လင်္ကာမှာ ကန်တော် မင်ကျောင်း ဆရာတော်၏ လောကသာရပျို့မှ ကောက်နုတ်ချက်ဟု ထင်ပါသည်။ အလယ်တန်း ကျောင်းသားအရွယ်ခန့်က ကျက်မှတ်ခဲ့ရသော ပျို့ ကဗျာ၊ လင်္ကာများဖြစ်၍ အတိအကျ မမှတ်မိတော့ ပါ။ ကြွက်သေတစ်ခုကို အရင်းပြုလျှင်ပင် ချမ်းသာ နိုင်ကြောင်း ဆိုဆုံးမထားခြင်း ဖြစ်ပေသည်။ ယခု ခေတ်စာဖတ်သူများ ယုံချင်မှယုံပေမည်။ ယုံသည် မယုံသည်မှာ စာဖတ်သူ၏ အလိုဆန္ဒအတိုင်းသာ ဖြစ်ပါသည်။ Believe it or not ဟူသော အင်္ဂလိပ် စကားအတိုင်း ယုံချင်လည်း ယုံနိုင်ပေသည်။ မယုံ လျှင်လည်း ပုံပြင်ဟုသာ မှတ်ယူကြရန်ဖြစ်ပေသည်။  အဖြစ်အပျက်ကတော့ အမှန်ပင် ရှိခဲ့၍ အရင်းအနှီး မရှိ၍ စိတ်ညစ်နေသူများ၊ စိတ်ပျက်နေသူများအ တွက် စိတ်ဓာတ်မကျကြစေရန် ရေးသားတင်ပြ လိုက်ရပေသည်။

အချိန်မှာ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုနေသော အချိန်ဖြစ်ပေသည်။ ဘုရားအလောင်း သည်မင်းနှင့် အကျွမ်းဝင်သော စူဠသူဋ္ဌေးဖြစ်သည်။   နေ့ရက် နက္ခတ်ကောင်းသည်။ မကောင်းသည်ကို လည်းကောင်း၊ နိမိတ်အတိတ်၊ တဘောင်တို့ကို လည်းကောင်း ကျွမ်းကျင်သိရှိသူဖြစ်သည်။ တစ်နေ့ တွင် အိမ်အနီးတွင်ရှိသော လူငယ်တစ်ဦးကို ခေါ်ယူ ၍ မင်းအိမ်သို့ သွားလေရာ လမ်းခရီး၌ ကြွက်သေ တစ်ကောင်ကို တွေ့လိုက်ရသည်။ နေ့ရက် နက္ခတ် ကို ဆင်ခြင်လိုက်သောအခါ ကောင်းကျိုးပေးနိုင် သည်ကို တွေ့မြင်လိုက်ရသည်။ နောက်လိုက် လူငယ် အား ဤကြွက်သေကို ယူ၍ ကူးသန်းရောင်းဝယ် လျှင် ကြီးပွားမည်ဟုပြောကြားပြီး ထိုကြွက်သေကို ပေးလိုက်လေသည်။

ထိုလူငယ်သည် ကြွက်သေကိုယူပြီး အိမ်သို့ ပြန်လာခဲ့သည်။ ထို့နောက် ကြွက်သေအား ကြောင် စာအဖြစ်ရောင်းလိုက်ရာ နှစ်ရွေးမျှရသည်။ နှစ်ရွေး သည် ပဲဝက်မျှသာရှိသော ငွေကြေးဖြစ်ပေသည်။ ယင်းနှစ်ရွေးဖြင့် တင်လဲကို ဝယ်၍ အရည်ကျိုလိုက် သည်။ ပန်းသည် မိန်းမများအား တင်လဲဖျော်ရည် ကို တစ်ခွက်စီတိုက်လေရာ ပန်းသည်များက ပန်း များကို လက်ဆောင်ပေးကြသည်။ ထိုပန်းများကို ရောင်းလိုက်ပြန်ရာ ငွေကြေးမှာ တစ်မတ်အထိ ရ ရှိသွားလေသည်။ ယင်းငွေတစ်မတ်ဖြင့် တင်လဲကို ဝယ်၍ ဖျော်ရည်ဖျော်ပြီး ပန်းဥယျာဉ်များသို့ လိုက်၍ တိုက်ပြန်သည်။ ပန်းဥယျာဉ်များမှ ကျန်သော ပန်း များကို ထပ်ရ၍ ရောင်းလိုက်ပြန်ရာ ငွေကြေးထပ် ၍ ရပြန်သည်။ စုစုပေါင်း ရှစ်အသပြာဖြစ်သွားပေ သည်။

တစ်နေ့သောအခါ မုန်တိုင်းကျလာလေသည်။ ရှင်ဘုရင်၏ ဥယျာဉ်တွင် သစ်ပင်များ၊ သစ်ကိုင်း၊ သစ်ခက်များ ကျိုးကုန်ကြသည်။ စိတ်ညစ်နေသော ဥယျာဉ်မှူးအား လူငယ်က တာဝန်ယူလိုက်သည်။ ရှင်းခအဖြစ် သစ်ပင်သစ်ကိုင်းတို့အား ပေးရန် ကတိကိုရရှိသည်။ ကစားနေကြသော ကလေး ငယ်များအား တင်လဲရည်ကိုတိုက်၍ သစ်ကိုင်း သစ် ခက်တို့ကို ရှင်းလိုက်သည်။ ရသော သစ်ကိုင်း၊ သစ်ခက်တို့ကို ထင်းအဖြစ် အိုးလုပ်သူတို့အား ရောင်းချလိုက်သည်။ စာရင်းရှင်းလိုက်သောအခါ ထင်းဖိုး တစ်ဆယ့်ခြောက်အသပြာနှင့် အိုးငါးလုံးကို ရလိုက်သည်။ ယခင် ပန်းရောင်းရငွေများနှင့်  ပေါင်း လိုက်သောအခါ နှစ်ဆယ့်လေးပြားသော အသပြာကို စုမိလေတော့သည်။

ထိုအသပြာများဖြင့်ပင်၊ တင်လဲဖျော်ရည်ကို    ဖျော်ခဲ့သည်။ အိုးစရည်းများတွင် ဖျော်ရည်များကို ထည့်ပြီး ငါးရာသော မြက်ရိတ်သမားတို့ကိုလည်း ကောင်း၊ ကြည်းကြောင်း၊ ရေကြောင်းကုန်သည်တို့ ကို လည်းကောင်း တိုက်ကျွေးပြန်သည်။ ကုန်သည် များထံမှ အရောင်းအဝယ်သတင်းများကို နားထောင် သည်။ “နက်ဖြန် မြင်းငါးရာတို့ ရောက်လာအံ့” ဟု ကုန်သည်များထံမှ သတင်းရသည်။ ထို့နောက် မြက် ရိတ်သမားများအား နောက်တစ်နေ့တွင် မြက်များ ကို ၄င်းကိုသာ ရောင်းချကြရန်နှင့် တစ်ယောက်တစ် စီးစီလည်း လက်ဆောင်ပေးကြပါဟု မေတ္တာရပ်ခံ လိုက်သည်။ နောက်တစ်နေ့တွင် မြင်းကုန်သည်များ   ရောက်လာကြသည်။ မြက်ရှာမရသဖြင့် ဖော်ပြပါ လူငယ်ထံမှသာ မြက်များကို ဝယ်ကြရသည်။ စာရင်း ရှင်းလိုက်သောအခါ ကြွက်သေတစ်ခုကို အရင်းပြု ခဲ့သော ထိုလူငယ်တွင် အသပြာတစ်ထောင်အထိ စုမိသွားတော့သည်။

များမကြာမီ ရေကြောင်းသွားလာသော မိတ် ဆွေများ၊ ကုန်သည်များ၊ သင်္ဘောများ ရောက်လာ ကြသည်။ လူငယ်သည် တင့်တယ်ကောင်းမွန်သော ရထားကို ရှစ်အသပြာဖြင့် ငှားပြီး အခြံအရံများဖြင့် ဆိပ်ကမ်းကို သွားလေသည်။ သင်္ဘောသူကြီးအား လက်ဆောင်ပဏ္ဏာပေးပြီး သင်္ဘောတွင်ပါသမျှ ကုန် ပစ္စည်းအား မိမိကိုသာရောင်းချရန် စာချုပ်ချုပ်ဆို လိုက်လေသည်။ သင်္ဘောသူကြီးကိုလည်း ခမ်း နားစွာဖြင့် ကျွေးမွေးဧည့်ခံလေသည်။ အခြားကုန် သည်တို့ ရောက်လာသောအခါ သင်္ဘောသူကြီးက   “ငါသည် ဤသူနှင့် စာချုပ်ချုပ်ဆိုပြီးပြီ။ သင်တို့ အား မရောင်းနိုင်တော့”ဟု ပြောဆိုလိုက်တော့ သည်။ ဤသို့ဖြင့် သင်္ဘောတစ်စင်းတွင် အသပြာ တစ်ထောင်ခန့်ရလိုက်ရာ သင်္ဘောခုနစ်စင်းအတွက် အသပြာ ခုနစ်ထောင်ခန့်ရသွားတော့သည်။ ထို လူ ငယ်သည်လည်း စူဠသူဋ္ဌေး၏ ဩဝါဒခံတပည့်ဖြစ်၍ စူဠန္တေဝါသိကဟု အမည်တွင်သွားတော့သည်။

စူဠန္တေဝါသိကသူဋ္ဌေးကလေးသည် ဤကဲ့သို့ ကြိုးစားအားထုတ်ရင်းဖြင့် လေးလမျှကြာသောအခါ အသပြာနှစ်သိန်းလောက်အထိ ရရှိသွားသည်။ ထိုအခါ စူဠသူဋ္ဌေး၏ကျေးဇူးကြောင့် ဤကဲ့သို့ကြီး ပွားချမ်းသာလာသည်ကို တွေးတောသတိရပြီး စူဠ  သူဋ္ဌေးအား တစ်သိန်းသော အသပြာကို ကျေးဇူး ဆပ်လိုက်လေသည်။

စူဠသူဋ္ဌေးက “အဘယ်ကဲ့သို့ ပြု၍ ဤကဲ့သို့ချမ်းသာလာရသနည်း”ဟု မေးမြန်းလေရာြွကက် သေကို ရောင်းသည်ကစ တင်လဲရည်များကို လှူဒါန်း ပေးကမ်းသည်တို့ အပါအဝင်အလုံးစုံကို ပြန်၍ပြောပြ လေသည်။ သူဋ္ဌေးကြီးလည်း “အမောင်လုလင်သည် ဆင်ခြင်နိုင်သော ပညာလည်းရှိ၏။ လွန်စွာ သော လုံ့လနှင့်လည်း ပြည့်စုံ၏။ ကျေးဇူးကိုလည်း အထူးသဖြင့် သိတတ်၏။ အမောင်ကဲ့သို့သောသူ သည် စည်းစိမ်ဥစ္စာရှင် ဖြစ်ထိုက်ပေသည်”ဟု ချီး မွမ်းပြောဆိုပြီး မိမိ၏ သမီးနှင့် စုံဖက်ပေးလိုက် တော့သည်။

ကြွက်သေတစ်ခုကို အရင်းပြုသော လူငယ် သည် လုံ့လဝီရိယရှိသည်ကို တွေ့ရပေမည်။   ကလေး ငယ်များမှအစ ဥယျာဉ်မှူးများ၊ ဈေးသည်များ အလယ်၊ ကုန်သည်ကြီးများ၊ သင်္ဘောသူကြီးများ (သင်္ဘောကပ္ပတိန်များ) အဆုံး အားလုံးသော သူများ နှင့် ပေါင်းသင်းဆက်ဆံတတ်သည်ကို တွေ့ရလေ သည်။ ကူးသန်းရောင်းဝယ်တတ်၊ စဉ်းစားဆင်ခြင် တတ်သည်ကို တွေ့ရပေမည်။ လူကြီးသူကြီးများ၏ ပြောစကားများကို ယုံကြည်မှတ်သားလိုက်နာပြီး     ကျေးဇူးတရား သိတတ်သူလည်းဖြစ်ကြောင်းကို တွေ့ရသည်။ လိမ္မာပါးနပ်သကဲ့သို့ ရိုးသားဖြောင့်မတ် မှု ရှိသည်ကိုလည်း တွေ့ရပေမည်။

နေ့စဉ် သတင်းစာများကို ဖတ်ရှုရသောအခါ    ခိုးဝှက်ကြသူများ၊ ခါးပိုက်နှိုက်များ သတင်းများကို ဖတ်ကြရသည်။ လုယက်သူများ၊ ဓားပြတိုက်သူများ သတင်းကို စိတ်မချမ်းသာဖွယ် ကြားသိရသည်။ နေ့ ခင်းကြောင်တောင် အနုကြမ်းစီးသူများ၊ ဘုရားဝတ် ပြုနေသူကိုပင် ရိုက်နှက်လုယက်ကြသူများ၊ ကလေး ငယ်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး ပြန်ပေးဆွဲ ငွေတောင်းသူများ၊ ဘဏ်များကို ဓားပြတိုက်သူများ ၏ သတင်းများကို မပြတ်ကြားသိနေရသည်။   ဤ ခေတ်၊ ဤလောကတွင် ရိုးသားဖြောင့်မတ်သူမျှ ရှိပါ လေစဟု တွေးတော စိုးရိမ်ဖွယ်ရာဖြစ်နေပေသည်။

သို့ရာတွင် နွေရာသီကျောင်းပိတ်ရက်များ၌ ယဉ်ကျေးလိမ္မာ သင်တန်းတက်ရောက်နေကြသော ကျောင်းသား/သူများသတင်း၊ အဘိဓမ္မာ၊ ဋီကာကျော်    ဝိသုဒ္ဓီမဂ် ကဲ့သို့သော စာမေးပွဲများကို ဖြေဆိုကြသူ များ၊ အောင်မြင်ကြသူများသတင်း၊ နွေရာသီ ကျောင်းပိတ်ရက်များ၊ နှစ်သစ်ကူးသင်္ကြန်ပွဲတော်အခါ များတွင် ရှင်ပြုကြ၊ ရဟန်းဝတ်ကြ၊ ဒုလ္လဘရဟန်း ခံကြသော သတင်းသီလရှင်ဝတ်ကြသော သတင်း များ ရိပ်သာဝင်ကြသော သတင်းများကို ဖတ်ရှုရ သောအခါ သာသနာတော်ထွန်းကား၍ လူကောင်း များ လူလိမ္မာများလည်း ရှိကြပါသေးသည်ဟု တွေး တော ဖြေသိမ့်ရပါသည်။ လူမိုက်တို့သည်ကား လူမိုက်တို့ သွားရာလမ်းကိုသာ လျှောက်လှမ်းပြီး ဇာတ်သိမ်းမကောင်းစွာဖြင့် နိဂုံးချုပ်ကြရပေမည်။

ရိုးသားသူများ၊ ကြိုးစားသူများ၊ အရင်းအနှီး မရှိသည်ကို အကြောင်းပြုပြီး စိတ်ပျက်အားငယ်နေ သူများအတွက် နမူနာကောင်းတစ်ရပ်အဖြစ် ရေး သားတင်ပြအပ်ပေသည်။

မောင်ဥာဏ်စိန်

ရည်ညွှန်းစာအုပ် ၁။ ဓမ္မဂန်ဖတ်စာနှင့် ပုရာဏ်ကျမ်း (ကျီးသဲလေးထပ်ဆရာတော်)

Comments

comments

Post Author: manawmaya