သည်းခံခြင်းတရား လက်ကိုင်ထား

 

“ခန္တီ၊ ပရမံ၊ တပေါ၊ တိတိက္ခာ”ဟု ကျမ်းစာ၌ ပါရှိပေသည်။

“တိတိက္ခာ၊ တိတိက္ခာဟု ဆိုအပ် သော ခန္တီသည်းခံခြင်းသည်၊ ပရမံ မြတ်သော တပေါ အကျင့်တည်း”ဟု အနက်ပြန်ဆိုသည်ကို ဖတ်ရှုရဖူးပေသည်။ သည်းခံခြင်းသည် မြတ်သော မင်္ဂလာဖြစ်၏ဟူ၍လည်း မြတ်စွာဘုရားက မင်္ဂလာ တရားတော်တွင် ဟောကြားထားပေသည်။

“မခံသာ ဆဲဆိုရိုက်သော်လည်း သည်းခံလိုက်စေချင်”ဟု ဆရာတော် အရှင်ဇနကာဘိဝံသက အခြေပြု မင်္ဂလသုတ်တွင် ဆောင်ပုဒ်ပြုလုပ်ပေး ထားလေသည်။ ထို့ပြင် လူငယ်များ ကလေးများအား   အောက်ပါအတိုင်း ဆက်၍ ဆုံးမထားပေသည်။

 

“မိမိမခံသာအောင် သူများကပြောသည့်အခါ၊ ဆဲသည့်အခါ၊ ရိုက်နှက်သည့်အခါတို့၌ ပြန်၍မပြော၊  ပြန်၍မဆဲ၊ ပြန်၍ မရိုက်နှက်ဘဲ ခံနေခြင်းကို ခန္တီ သည်းခံခြင်းဟုခေါ်၏။ ဤသည်းခံမှု ခန္တီတရားကား အလွန်အထက်တန်းကျသော တရားဖြစ်၍ ကလေး များမလိုက်နိုင်အောင်ရှိပေလိမ့်မည်။ သို့သော် ကလေး  များသည် ဤခန္တီတရားကို ငယ်ငယ်က အလေ့အ ကျင့်ရအောင် ကြိုးစားသင့်၏။ ငယ်ငယ်က အလေ့ အကျင့်ရမှသာ ကြီးသည့်အခါ သည်းခံလေ့အထုံပါ၍ နေရာတိုင်း အကျိုးရနိုင်မည်”

 

သည်းခံခြင်းဟူသည် မနိုင်၍သည်းခံခြင်းမျိုး၊ ကြောက်၍သည်းခံခြင်းမျိုး၊ ခြောက်၍သည်းခံခြင်း မျိုး၊ မြှောက်၍သည်းခံခြင်းမျိုး မဖြစ်သင့်ချေ။ လောဘကို အလိုမလိုက်ဘဲ ချုပ်တည်း သည်းခံခြင်း  မျိုး၊ ဒေါသကို မလိုမလိုက်ဘဲ ချုပ်တည်း၍ သည်းခံ ခြင်းမျိုးသာ ဖြစ်သင့်ပေသည်။

အာရုံငါးပါးကို အလိုမလိုက်ဘဲ ချုပ်တည်း သည်းခံခြင်းသည် သည်းခံခြင်းမည်ပေသည်။

“စက္ခု ရူပေန၊ သံဝါသံ၊ ရာဂပုတ္တံ၊ ဝိဇာရတိ” ဟူသော ဆိုရိုးစကားတစ်ရပ်ရှိပေသည်။ ရူပါရုံဟူသော ရုပ်အ ဆင်း၊ ပုံသဏ္ဌာန်နှင့် စက္ခုဟူသော မျက်စိတို့ ထိတွေ့ ကြုံဆုံတွေ့ကြရာမှ ရာဂတည်းဟူသော သားသည်  မွေးဖွားလာခြင်းဖြစ်ပေသည်။ ယခုခေတ်တွင် ဆန်း ဆန်းကျယ်ကျယ် ကြည့်စရာ၊ ရှုစရာ အလှအပများ များပြားလှသည်။ ဤသည်တို့ကို မကြည့်ရှုဘဲ ချုပ်တည်းနေထိုင်ရမည့်အစား စိတ်အလိုကိုလိုက် ကာ မိုက်မဲကြရာမှ မုဒိမ်းမှုများ၊ ကာအိနြေ္ဒပျက်စီး မှုများဖြစ်လာကြသည်။ တရားစွဲခံကြရပြီး ထောင်ကျ သည်အထိ ဖြစ်နေကြသည်။

အသံ၏ဆွဲဆောင်မှုနောက်သို့ လိုက်ကြရာမှ ငွေအကုန်အကျများသည့်ဘဝ၊ စီးပွားပျက်တဲ့ဘဝ သို့ရောက်ကြရသည်။ ယခုခေတ်တွင် ကာရာအိုကေ ဆိုင်များ၌ လူစည်ကားနေခြင်း၊ ငွေကြေးများကို ပုံ၍ သုံးနေကြခြင်းမှာ၊ သဒ္ဓါရုံကို အသံ၏ဆွဲဆောင်မှု နောက်သို့ လိုက်နေကြသောကြောင့် ဖြစ်သည်။ အဆိုတော်၏ သာယာသောအသံကို နားမထောင်မိ အောင် ချုပ်တည်းသည်းခံခြင်းဟူသော သည်းခံခြင်း တရားကို လိုက်နာခြင်းမရှိသောကြောင့် ဖြစ်သည်။ အသံအာရုံ၌ သည်းခံမှုမရှိဘဲ အလိုလိုက်မှုကြောင့် အိမ်ထောင်ရေး ပဋိပက္ခများ၊ အိမ်ထောင်ရေးပြိုကွဲ မှုများ၊ နောက်အိမ်ထောင်ပြုမှုများအထိ ပြဿနာများ ကြီးကျယ်လာတတ်ပေသည်။ ကာရာအိုကေဆိုင်၌ ရန်ဖြစ်ကြရာမှ နာကျင်မှု၊ လူသတ်မှုတို့အထိ ဖြစ်ပွား ခဲ့နေသော သတင်းများကို ကြားနေရသည်။

အလားတူပင် မွှေးကြိုင်သောရနံ့များကို ရှူ ရှိုက်မိကြရာမှ အနံ့၏ဆွဲဆောင်ရာနောက်သို့ တ ကောက်ကောက်လိုက်ပါနေမိတတ်သည်။ ဤကဲ့သို့  လိုက်နာနေမိရာမှ ရာဂစိတ်များကို ဖြစ်ပေါ်စေနိုင် ပေသည်။ ရာဂစိတ်ဖြစ်ပေါ်ခြင်းမရှိသော ကိစ္စများ၌ အခန့်မသင့်သော ရောဂါမျိုးအချိန်မရွေးဖြစ်ပေါ်  လာနိုင်ပေသည်။ ထို့ကြောင့် အနံ့နောက်သို့ မလိုက်ဘဲ အလိုမလိုက်ဘဲ သည်းခံခြင်းတရားကို ထိန်းသိမ်းသင့်ကြသည်။

ထို့နည်းတူပင် ချိုမြိန်သော အရသာ ချို၊ ချဉ်၊ စပ်၊ ငံ၊ ဖန်၊ ခါးဟူသော အရသာအမျိုးမျိုး ၏ အလိုကိုလည်း မလိုက်သင့်ပေ။ ယခုခေတ်တွင်   လျှာ၏အလိုကို လိုက်မိသောကြောင့် ဒုက္ခအမျိုးမျိုး ကို တွေ့နေကြရသည်။ သေဘေးအထိ ကြုံတွေ့ နေကြရသည်။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အသည်းခြောက်၊ ရင်ကျပ်ပန်းနာရောဂါ၊ အသည်း အဆီဖုံးသည့်ရောဂါ၊ သွေးထဲတွင် အဆီများနေသည့် ရောဂါစသည်တို့မှာ အရသာ၌ သည်းခံခြင်း၊ ချုပ် တည်းခြင်းမရှိဘဲ အလိုလိုက်မှုများကြောင့် ဖြစ်တတ် ကြပေသည်။ လျှာ၏အလိုသို့မလိုက်ဘဲ ရသာရုံ၌ သည်းခံလိုက်မည်ဆိုပါက ဤရောဂါမျိုး ဖြစ်ပွားမှု ရာခိုင်နှုန်းများစွာ ကျဆင်းသွားပေမည်။

ထို့နည်းတူပင် ဖောဋ္ဌဗ္ဗာရုံဟူသော အတွေ့အ ထိနှင့် ကြုံတွေ့လာလျှင် လွတ်အောင်ရုန်းနိုင်ရန် ခက်ခဲပင်ပန်းလှသည်။ ကျားမ မရွေး အတွေ့ အာရုံကို ရှောင်နိုင်ခဲလှသည်။ မြန်မာနိုင်ငံအပါအဝင်  ကမ္ဘာတွင် ထင်ရှားသော ပုဂ္ဂိုလ်များ၊ အောင်မြင်နေ သော ပုဂ္ဂိုလ်များကို ကျရှုံးစေသော အရာတစ်ခုမှာ အတွေ့အာရုံပင် ဖြစ်ပေသည်။ သမိုင်းတွင် ဤ အတွေ့အာရုံကို မလွန်ဆန်နိုင်ကြသဖြင့် အောင်မြင် ထင်ရှားနေကြရာမှာ ကျရှုံးသွားသော ခေါင်းဆောင် များမှာ မရေတွက်နိုင်တော့ပေ။ နုနယ် ပျိုမျစ်သော မိန်းကလေးများ၊ ဘဝပျက်ကြ၊ အရှက်ရကြသည် မှာလည်း ဤအတွေ့ကို မရှောင်နိုင်ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် မတွေ့ခင်က ကြိုတင် ရှောင် ကြဉ်သင့်ကြပေသည်။ “မကောင်းမှုတွေ ဟူသမျှကို မတွေ့ခင်က ရှောင်ကြဉ်လေ။ တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့ အထူးသဖြင့် စောင့်စည်းနေ” ဟူသော မင်္ဂလာတရားကို လက်ကိုင်ထားပြီး ဖောဋ္ဌဗ္ဗအာရုံ ကာမဂုဏ်၌လည်း သည်းခံခြင်းတရားကို လက်ကိုင် ထားသင့်ကြပေသည်။

လောဘ၊ ဒေါသ၊ မောဟ အလိုသို့မလိုက် ကြဘဲ အာရုံငါးပါး၌လည်း ချုပ်တည်းလျက် သည်းခံ ခြင်းတရားကို လက်ကိုင်ထားသင့်ကြကြောင်း သတိ ပေး ရေးသားအပ်ပေသည်။

မောင်ဥာဏ်စိန်

ရည်ညွှန်းစာအုပ်များ

၁။ အခြေပြုမင်္ဂလသုတ်(အရှင်ဇနကာဘိဝံ သ)

၂။ မင်္ဂလာနိဒါန်း (မောင်အံ့၊ မဟာဝိဇ္ဇာ၊ ဘုံဘေ)

Comments

comments

Post Author: manawmaya