သည်းခံခြင်း၏ ပုံရိပ်များ

တစ်ရံသောအခါက တာဝတိံသာ နတ်တို့ နှင့် အသူရာနတ်တို့သည် စစ်ဖြစ်ခဲ့ကြသည်။ အသူရာနတ်တို့ စစ်ရှုံး၍ ဝေပစိတ္တ အသူရာနတ်မင်း ကြီးကို တာဝတိံသာ နတ်တို့က သုဓမ္မာဇရပ်၌ ချုပ် နှောင်ထားကြသည်။ သိကြားမင်း ဝင်သည် ထွက်သည်ကို မြင်တိုင်း အသူရာကြီးက ဆဲဆိုကြိမ်းမောင်း  ခဲ့သည်။ မာတလိနတ်သားက မြင်၍ အောက်ပါအ တိုင်း မေးမြန်းခဲ့ရာ သိကြားမင်းကလည်း ဖြေကြား ခဲ့သည်။

မာတလိ။ ။ အရှင်သိကြားမင်း … အသူရာ ကြီးကို ကြောက်ရွံ့သောကြောင့် သည်းခံနေပါသ လော။

သိကြားမင်း။ ။ မာတလိ … အသူရာကြီး သည် ငါ့လက်တွင်းသို့ ရောက်နေပေပြီ။ ငါပြုတိုင်းခံရ မည့်အခါဖြစ်၍ ငါမကြောက်ပါ။ နိုင်လျက် သည်းခံ ခြင်းမင်္ဂလာအစစ်ကို ဖြစ်စေသောအားဖြင့် သူတော် ကောင်းတို့၏ နှလုံးရည်ဖြင့် ငါသည်းခံပေသည်။ အားရှိလျက် အားမဲ့သူအပေါ်၌ သည်းခံခြင်းမျိုးကို သူတော်ကောင်းများ ချီးမွမ်းကြပေသည်။

သိကြားမင်း၏ သည်းခံနည်းကို အတုယူ ထိုက်ပေသည်။ သိကြားမင်းသည် နတ်ဘုရင်ဖြစ်မှ သာ သည်းခံမှုရှိသည်မဟုတ်ဘဲ မာဃအမည်ဖြင့် လူ့ဘဝ၌ ထင်ရှားရှိစဉ်ကပင် သည်းခံမှုရှိပေသည်။  ကျင့်ဝတ်တရား ခုနစ်ပါးလည်း ရှိပေသည်။ ကျင့်ဝတ် တရားနှင့် သည်းခံမှုတို့ကြောင့် နတ်တို့၏ ဘုရင်ဖြစ် လာခြင်းဖြစ်ပေသည်။ ကျင့်ဝတ် ခုနစ်ပါးဟူသည်မှာ-

၁။ မိဘကို ရိုသေစွာ လုပ်ကျွေးခြင်း

၂။ သက်ကြီးရွယ်ကြီးဆွေမျိုး Óာတိတို့ကို ရိုသေလေးမြတ်ပြုခြင်း

၃။ သာယာပြေပြစ်စွာ ပြောဆိုခြင်း

၎။ ကုန်းတိုက် ပြောဆိုမှုမှရှောင်ကြဉ်ခြင်း

၅။ မပေးကမ်းလိုမှု၊ ဝန်တိုမှုကို ပယ်ဖျောက် ခြင်း

၆။ မှန်ကန်စွာ ပြောဆိုခြင်း

၇။ အမျက်ဒေါသဖြစ်မှုမှ ရှောင်ကြဉ်ခြင်း  တို့ဖြစ်သည်။

ဗာရာဏသီပြည်၏ ကာလာဗုမင်းသည် ဥယျာဉ်တော်သို့ထွက်၍ အရက်သေစာသောက်စား သည်။ မိဖုရား မောင်းမများနှင့် ပျော်မြူးနေသည်။ အပျော်လွန်၍ ခေတ္တခဏအိပ်ပျော်သွားစဉ် အြွေခ အရံ မောင်းမများသည် တစ်ခုသော အင်ကြင်းပင် ရင်း၌ သီတင်းသုံးနေသော ရသေ့တစ်ပါးကို တွေ့ ၍ ဝိုင်းဝန်းခြံရံကာ တရားနာကြသည်။

ဘုရင်အိပ်ပျော်ရာမှ နိုးသောအခါ မိဖုရား မောင်းမများအား တရားစကား ဟောပြောနေသော ရသေ့ကို လူယုတ်မာဟု အထင်အမြင်မှားခဲ့ အမျက် ပြင်းစွာထွက်လျက် သံလျက်ကို စွဲကိုင်ပြီး ရသေ့ထံ သို့ သွားခဲ့သည်။ ရသေ့အား “အဘယ်ဝါဒရှိသနည်း” ဟု မေးမြန်းရာ ခန္တီဝါဒ ရှိကြောင်း ရသေ့က  ဖြေကြားသည်။ လက်တွေ့ စမ်းသပ်သည့်အနေဖြင့်  ဆူးတပ်သောကြိမ်ဖြင့် အချက်တစ်ထောင်ရိုက်သည်။  လက်ဖျား၊ ခြေဖျားတို့ကိုဖြတ်သည်။ ဒူးနှင့်လက် မောင်းတို့ကို ဖြတ်ပြန်သည်။ ဤသို့ ဖြတ်ပြီးတိုင်း ခန္တီရှိသေးသလောဟု မေးမြန်းရာ ရှင်ရသေ့ကလည်း ခန္တီရှိပါကြောင်းကိုသာ ဖြေကြားသည်။

ထို့နောက် ကာလာဗုမင်းသည် ရသေ့ကြီး၏ ရင်ဝကို ဖနောင့်ဖြင့်ပေါက်၍ ထွက်ခွာသွားခဲ့ရာ ဥယျာဉ်မှ အထွက်တွင် မြေမြိုခံရ၍ အဝီစိငရဲသို့ အရှင်လတ်လတ် ရောက်သွားတော့သည်။ ရသေ့ သည်လည်း ထိုနေ့၌ပင် ကွယ်လွန်လေသည်။ မင်း ပရိသတ်နှင့် ပြည်သူအပေါင်းက အလောင်းတော် ကို ပန်းနံ့သာ အမွှေးအထုံတို့ဖြင့် ပူဇော်လျက် ရိုသေ စွာ သင်္ဂြိုဟ်ကြကုန်သည်။ ရသေ့သည်ကား ဂေါတမ မြတ်စွာဘုရားအလောင်းအလျာပင် ဖြစ်တော့သည်။

ဆဒ္ဒန်ဆင်မင်းဇာတ်တွင် စူဠသုဘဒ္ဒါသည် စွယ်တော်ကို နားတောင်းအဖြစ် ပန်ဆင်လိုသည်ဟု   မာယာဖြင့်ပူဆာသဖြင့် မင်းကြီးက ဆဒ္ဒန်ဆင်မင်း၏ စွယ်တော်ကို ရအောင်ဖြတ်ခဲ့ရန် သောနုတ္တ မုဆိုးကို  စေခိုင်းလိုက်သည်။ သောနုတ္တရ် မုဆိုး၏ မြားဒဏ်နှင့် အစွယ်ကို လွှဖြင့် တိုက်ဖြတ်ခြင်းခံရသဖြင့် ဆဒ္ဒန် ဆင်မင်းသည် နာကျင်မှုဝေဒနာကို ပြင်းစွာ ခံစားရ ရှာသည်။ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းသည် နာကျင်မှုဝေဒနာကို အောင့်အည်းသည်းခံ၍ သော နုတ္တရ် မုဆိုးအပေါ် အမျက်မထွက်ဘဲ ခွင့်လွှတ်ခဲ့ သည်းခံခဲ့ပေသည်။

ကောသမ္ဗီမြို့တွင် မဂဏ္ဍီမိဖုရားက ငွေအသ ပြာပေးကာ စေခိုင်းထားမှုကြောင့် မြို့သူမြို့သားတို့ သည် ဘုရားအမှူးရှိသော သံဃာတော်များ ဆွမ်းခံ ကြွလာစဉ် ယုတ်မာစွာ ဆဲရေး တိုင်းထွာကြသည်။  ခဲတုတ်တို့ဖြင့် ပစ်ကြသည်။ အရှင်အာနန္ဒာမထေရ်  က ရာဇဂြိုဟ်မြို့သို့ ပြောင်းရွှေ့ကြွသွားရန် ဘုရားရှင် ကို လျှောက်ထားသည်။ ဘုရားရှင်က အာနန္ဒာ၊ ရာဇဂြိုဟ်မြို့သူမြို့သား ဆဲရေးခဲ့သော် အဘယ်အရပ် သို့ ပြောင်းရွှေ့မည်နည်းဟု မေးတော်မူသည်။ ရာဇ ဂြိုဟ်မြို့သူမြို့သားတို့က ဆဲရေးခဲ့သော် သာဝတ္ထိမြို့ သို့ ပြောင်းရွှေ့မည်ဟု ပြန်လည်လျှောက်ထားခဲ့ သည်။ မြတ်စွာဘုရားက အောက်ပါအတိုင်း မိန့်ကြား ခဲ့လေသည်။

“အာနန္ဒာ …ဤကဲ့သို့ စော်ကားသူတွေ့ တိုင်း ပြောင်းရွှေ့နေပါက မဆုံးနိုင်လောက်အောင် ပြောင်းရွှေ့ရမည်။ စစ်မြေပြင်၌ ဆင်ပြောင်ကြီးသည် ရန်သူဘက်မှ ပစ်ခတ်သော ဓား၊ လှံ၊ လေး၊ မြားတို့၏ ဒဏ်ကို ကြံ့ကြံ့ခံသကဲ့သို့ ရိုင်းပျစော်ကားသော စကား များကို ငါဘုရားသည် ရှေ့တန်းမှ နေ၍ ခံယူမည်။ ဤကဲ့သို့သော ကဲ့ရဲ့သင်္ဂြိုဟ်စကားသည် ခုနစ်ရက် စေ့သောအခါ အလိုအလျောက် ပပျောက်သွား လိမ့်မည်”

ထိုကဲ့သို့ မိန့်ဆိုပြီး ဆွမ်းခံကြွမြဲအတိုင်း ကြွလေသည်။ ခုနစ်ရက်ကြာသောအခါ ကဲ့ရဲ့ရှုတ်ချ   ဆဲရေးမှုများသည် အလိုအလျောက် ရပ်စဲသွားလေ သည်။ ထို့ကြောင့် ချီးမွမ်းခုနစ်ရက်၊ ကဲ့ရဲု့ခုနစ်ရက် ဟူသော စကားသည် ယနေ့တိုင်ပင် တွင်ကျန်လျက် ရှိပေသည်။

ဤသည်တို့ကား သူတော်ကောင်းတို့၏ အတုယူဖွယ် သည်းခံမှုပုံရိပ်များပင် ဖြစ်တော့သည်။

မောင်ဥာဏ်စိန်

ရည်ညွှန်းစာအုပ်များ

၁။ မင်္ဂလသုတ်လက်စွဲ (အရှင်ပဏ္ဍိတမထေရ်၊  စစ်ကိုင်းရွှေဟင်္သာတိုက်သစ် ဆရာတော်)

၂။ မင်္ဂလာနိဒါန်း(မောင်အံ့၊ မဟာဝိဇ္ဇာ၊ ဘုံဘေ)

Comments

comments

Post Author: manawmaya