တရားနာခြင်း၏ အကျိုးကျေးဇူးများ

မင်္ဂလသုတ်တွင် “ကာလေန၊ ဓမ္မဿဝနံ၊ ဧတံမင်္ဂလမုတ္တမံ”ဟူ၍ မြတ်စွာဘုရားက ဟောကြား ခဲ့ပေသည်။ သင့်တော်သော အချိန်ကာလ၌ တရား နာခြင်းသည် မြတ်သော မင်္ဂလာဖြစ်သည်ဟူ၍ ဟောကြားခဲ့ခြင်း ဖြစ်ပေသည်။

ဤသည်ကို အကြောင်းပြု၍ အခြေပြု မင်္ဂ လသုတ်တွင် “ချိန်တန်လျှင် နာတရားရယ်နှင့် ငါး ပါးစုံ မင်္ဂလာပွားရအောင် မင်းသတိထား”ဟူ၍ ကလေးသူငယ်များကို အရှင်ဇနကာဘိဝံသ ဆရာ တော်ဘုရားက ဆောင်ပုဒ်ပြုလုပ်ကာ ဆုံးမသတိပေး ခဲ့ကြလေသည်။

ဒဂုန်ဦးထွန်းမြင့်ကလည်း ၄င်း၏ မင်္ဂလာကဗျာတွင် “ကောင်းကျိုးဆင့်ပွား မြတ်တရား နာ ကြားမပြတ်ပေ၊ အဲဒါမှ ဗုဒ္ဓဝါဒကမ္ဘာ့မင်္ဂလာတွေ”ဟု  သာယာနာပျော်ဖွယ်ဖြစ်အောင် ရေးသားရင်း ကလေး ငယ်များကို ဆုံးမစကားပြောကြားခဲ့ပေသည်။

တရားနာခြင်း၏ အကျိုးကျေးဇူးများကို အင်္ဂုတ္တိုရ်၊ ဓမ္မသာဝနသုတ်တွင် အောက်ပါအတိုင်း ဖော်ပြထားပေသည်။

၁။ မိမိမကြားဖူးသေးသော ထုံးဟောင်း ပုံပြင်နည်းနာ အသစ်အဆန်းတရားထူးကို နာကြားရခြင်း၊

၂။ နာကြားဖူးပြီးသော တရားကို ရှင်းလင်း  ပြတ်သားပိုင်နိုင်စွာ သိရှိနားလည်မှတ်သားနိုင်ခြင်း။

၃။ ယုံမှားသံသယကို ပယ်ပျောက်နိုင်ခြင်း၊

၎။ အယူဝါဒကို ဖြောင့်မတ်မှန်ကန်အောင်  ပြုနိုင်ခြင်း

၅။ တရားနာသူ၏ စိတ်သည်ကြည်လင်ခြင်း၊

တရားနာသည့်အခါ မသင့်သည်တို့ကို နှလုံး မသွင်းမိစေရန် အရေးကြီးပေသည်။ မသင့်သည် များကို နှလုံးသွင်းနေခြင်းသည် အရိယာမဂ်ကိုမရစေ နိုင်သည့်အပြင် အကုသိုလ်ကိုပင် ဖြစ်စေနိုင်ပေ သည်။

တရားနာခြင်း၏ အကျိုးကျေးဇူးနှင့် စပ်လျဉ်း ပြီး သာဓကအချို့ကို တင်ပြလိုပေသည်။

ကဿပဘုရားရှင်လက်ထပ်တော်က လင်းနို့ သားငါးရာတို့သည် လိုဏ်ဂူအတွင်း၌ နေကြသည်။ ထိုလိုဏ်ဂူအတွင်း၌ ရဟန်းတစ်ပါးသည် နေ့စဉ် အဘိဓမ္မာတရားတော်ကို ရွတ်ဖတ်၊ သရဇ္ဈာယ်လေ သည်။ လင်းနို့များသည် ထိုရဟန်း၏ တရားသံကို ကြည်ညိုစိတ်ဖြင့် နာကြားလေ့ရှိရာ လင်းနို့များသေ ဆုံးကြသောအခါ ထိုကုသိုလ်ကြောင့် နတ်ပြည်သို့ ရောက်ကြလေသည်။ ဂေါတမဘုရားရှင်လက်ထက် တွင် အဘိဓမ္မာတရားတော်ကို ကျွမ်းကျင်သောအရှင် သာရိပုတ္တရာ၏ တပည့်ရဟန္တာငါးရာတို့ဖြစ်လာကြ ပေသည်။ တိရစ္ဆာန်ပင်ဖြစ်လင့်ကစား တရားသံကို ကြည်ညိုစိတ်ဖြင့် နာကြားရုံမျှဖြင့် နတ်ပြည်သို့ ရောက်ခဲ့ရသော သာဓကပင်ဖြစ်သည်။

တစ်ရံသောအခါက ဗုဒ္ဓဘုရားရှင်သည် စမ္ပာ ပြည်ရှိ ဂဂ္ဂရာ ရေကန်အနီးဝယ် သီတင်းသုံးလျက် ရှင်လူအများအား တရားဟောတော်မူသည်။ ထိုစဉ် ကန်အတွင်း၌ နေသော ဖားငယ်တစ်ကောင်သည် ရေကန်ထဲမှ ထွက်လာလေသည်။ ပရိသတ် အစွန် တစ်နေရာ၌ ဝပ်လျက် တရားကိုနာယူလေသည်။ ထိုအခိုက် နွားကျောင်းသားတစ်ယောက်သည်လည်း ထိုနေရာသို့ ရောက်လာလေသည်။ ငြိမ်သက်စွာဖြင့်   ပရိသတ်များ တရားနာနေကြသည်ကို မြင်ရသော အခါ ကြည်ညိုစိတ်ဖြစ်ပေါ်လာသည်။ ဝင်ရောက်၍ တရားနာလိုက်လေသည်။ တရားနာနေစဉ် နွားမောင်း သည့် နှင်တံတုတ်ကိုထောက်လျက် တရားနာမိ သည်။ သူ၏ နှင်တံတုတ်သည် တရားနာနေသော ဖားငယ်၏ ဦးခေါင်းပေါ်သို့ မတော်တဆထောက်မိ သွားသည်။ ဖားငယ်ခဗျာ ထိုနှင်တံထောက်မိသဖြင့် ထိခိုက်ဒဏ်ရာရကာ ထိုနေရာ၌ပင် သေဆုံးသွား တော့သည်။

ဖားငယ်သည် တရားတော်၏ အနက် အဓိပ္ပာယ်ကို မသိပေ၊ သို့ရာတွင် တရားတော်ကို အာရုံပြုလျက် သေဆုံးသွားသဖြင့် တာဝတိံသာ နတ်ပြည်ဝယ် နတ်သားဖြစ်သွားလေသည်။ အလွန် တင့်တယ်သော ရွှေဗိမာန်၌ နတ်သမီးအခြံအရံပေါင်း များစွာဖြင့် ခံစားရလေသည်။ မဏ္ဍုကဒေဝပုတ္တ (ဖားနတ်သား)ဟူ၍ အမည်ရရှိလေသည်။

သင့်တော်သောအခါ တရားနာကြခြင်းသည် မည်မျှအထိ အကျိုးကျေးဇူးကြီးမားကြောင်း၊ ရုပ်မြင်  သံကြား တီဗွီကို ဖွင့်လှစ်လိုက်ရုံဖြင့် တရားတော်များ အားနာကြားနိုင်သောခေတ်တွင် မပျက်မကွက်တရား နာသင့်ကြကြောင်း မေတ္တာတရားရှေ့ထား၍ ရေးသား တင်ပြအပ်ပေသည်။

မောင်ဥာဏ်စိန်

ရည်ညွှန်းစာအုပ်များ

၁။ အခြေပြုမင်္ဂလသုတ်(အရှင်ဇနကာ ဘိဝံသ)

၂။ မင်္ဂလာနိဒါန်း (ဦးအံ့မောင်၊ မဟာဝိဇ္ဇာ၊ ဘုံဘေ)

၃။ ၃၈ ဖြာ မင်္ဂလာပုံပြင်များ(မင်းယုဝေ)။

Comments

comments

Post Author: manawmaya