လောကီမင်္ဂလာတစ်ဆယ့်သုံးပါး

“မြန်မာပြည်သည် တို့ပြည်၊ မြန်မာစာသည် တို့စာ၊ မြန်မာစကားသည် တို့စကား” ဟုဆိုကြ သော်လည်း မျက်မှောက်ခေတ်တွင် လူငယ်များ သည် မြန်မာ့ယဉ်ကျေးမှုကို လေ့လာမှု၌ အားနည်း ကြပေသည်။ တေးဂီတတွင်လည်းကောင်း၊ အက အခုန်တို့တွင်လည်းကောင်း၊ အနောက်တိုင်း တေး ဂီတ၊ အနောက်တိုင်း အကအခုန်တို့ကို အတုယူ လာကြ၊ အားကျလာတတ်ကြသည်။ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ သီရိလင်္ကာ စသော အရှေ့တိုင်း နိုင်ငံတို့ သည် မည်မျှပင် ခေတ်မီတိုးတက်နေကြသော်လည်း ၄င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုကိုကား ထိန်းသိမ်း ထားကြဆဲဖြစ်သည်။ ၄င်းတို့၏ အမျိုးသားနေ့ကဲ့သို့ သော အခါကြီး ရက်ကြီးများတွင်လည်းကောင်း၊ နိုင်ငံတကာ ပွဲတော်များတွင်လည်းကောင်း ၄င်းတို့၏ ရိုးရာယဉ်ကျေးမှု အက၊ အလှများအား တင်ဆက် လေ့ရှိခြင်းက ထင်ရှားသော သာဓကများပင် ဖြစ် သည်။

၃၈ ဖြာ မင်္ဂလာတရားတော်ကို လူအတော် အသင့် သိကြသည်။ ရဟန်း သံဃာများ၏ ဟော ပြောပို့ချမှု၊ မင်္ဂလာစာမေးပွဲများ ကျင်းပပေးမှု၊ မင်္ဂလာဗျူဟာအသင်း ကဲသို့သော အသင်းများ၊ ဝိုင်အမ်ဘီအေ ကဲ့သို့သော ဗုဒ္ဓဘာသာအသင်းများ တည်ရှိနေမှု၊ ထိန်းသိမ်းပေးနေမှုတို့ကြောင့် ဖြစ် သည်။ ရွှေဟင်္သာဆရာတော်၊ မဟာဂန္ဓာရုံဆရာ တော်နှင့် မောင်အံ့(မဟာဝိဇ္ဇာ၊ ဘုံဘေ)ကဲ့သို့သော  ထေရ်ကြီးဝါကြီး၊ ပုဂ္ဂိုလ်ကြီးတို့ ရေးသားသော မင်္ဂလာ တရားတော်နှင့် စပ်လျဉ်းသည့်စာအုပ်များ၊ ဒဂုန် ဦးထွန်းမြင့်တို့၏ မင်္ဂလာကဗျာတို့၏ ကျေးဇူးကား ကြီးမားလှပေသည်။

၃၈ ဖြာ မင်္ဂလာတရားတော်ကို အတော် အသင့် သိကြသော်လည်း လောကီမင်္ဂလာ ၁၃ ပါး ရှိသေးသည်ကို   လူတိုင်း မသိကြပေ။ ဖေဖော်ဝါရီ လ ၁၄ ရက်သည် ချစ်သူများနေ့ Valentine’s Day ကို ယခုခေတ်လူငယ်များ သိကြသော်လည်း အာဝါဟ မင်္ဂလာ ဝိဝါဟ မင်္ဂလာကို လူငယ်များ မသိကြပေ။ ထို့ကြောင့် အရိုးကို အရွက်မဖုံးရေးအတွက် ဤ ဆောင်းပါးကို ရေးသားရခြင်း ဖြစ်လေသည်။

ဤလောကီ မင်္ဂလာ ၁၃ ပါးအကြောင်းကို ရှေးကျမ်းတစ်ကျမ်းဖြစ်သည့် ဓမ္မာလင်္ကာရဟူသော ကျမ်းတွင် ပါရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ခန့်ကလည်း မြန်မာပညာရှိကြီးတစ်ဦးဖြစ် သည့် ဟံသာဝတီဦးဘရင်က ရေးသားခဲ့ဖူးပေသည်။ ယခုအခါ ယင်းစာအုပ်များမှာ ရှားပါးနေပြီဖြစ်သဖြင့် ပြန်လည် ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပေသည်။

 

(၁) ပုတ္တဝိဇယနမင်္ဂလာ

မိခင်သည် အချိန်၊ လ၊ ရက် စေ့ရောက် သဖြင့် ပရိသန္ဓေမှ ကောင်းမွန်စွာ ဖွားမြင်သော ကြောင့် မိဘနှစ်ပါးတို့က မိမိတို့မှာ သားကောင်း ရတနာ၊ သမီးကောင်း ရတနာတို့ကို  ရရှိကြောင်း ကြွေးကြော်သည့် မင်္ဂလာဖြစ်သည်။

ဤ မင်္ဂလာကို ပြုသောအခါ၌ ပစ္စည်းဥစ္စာ တတ်နိုင်လျှင် တတ်နိုင်သလို ပြုကြသည်။

အနည်းဆုံး အရှေ့၊ အနောက်၊ တောင်၊ မြောက် ခုနစ်ယောက်စီကို ပင့်ဖိတ် ကျွေးမွေးရလေ သည်။ ဝမ်းတွင်းပါ အညစ်အကြေးများ၊ သန့်ရှင်း စင်ကြယ်အောင် ရွှေရည်ငွေရည်တို့ဖြင့် ချိုးပေးရ သည်။

 

(၂) နန္ဒီမုခဒဿနမင်္ဂလာ

ဖွားမြင်ပြီးနောက် ခုနစ်ရက် မြောက်သော အခါ၌ ရတနာသုံးပါးနှင့်တကွ ဘိုးဘွားတို့အား ကလေးကိုပြ၍ လက်အုပ်ချီ၍ ရှိခိုးစေရသည်။ ဤသည်ကား ဘုရား၊ တရား၊ သံဃာ၊ ဤသည်ကား အဘိုး၊ အဘွားဟု ပြောဆိုပြီး ကလေး၏ မျက်နှာကို ပြရသည့် မင်္ဂလာဖြစ်သည်။

 

(၃) ကေသစ္တေဒနမင်္ဂလာ

ကလေးအရွယ်မှ ခုနစ်ရက် မြောက်သော နေ့၌ ဝမ်းတွင်းပါ ဆံပင်များကို ဖယ်ရှားခြင်းပြုသော မင်္ဂလာဖြစ်သည်။ ဤမင်္ဂလာကို ပြုရာတွင်လည်း အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေး မျက်နှာရှိ အိမ်ခုနစ်အိမ်တို့ကို ဖိတ်ကြားကာ တတ် အားသမျှ လှူဒါန်းရလေသည်။

 

(၄) ဒေါလာဥစ္စင်္ဂါကရဏ မင်္ဂလာ

ပုခက်မှ ယာဉ်တင်ခြင်း မင်္ဂလာဖြစ်သည့် ရှေးသူဟောင်းတို့က ကောင်းမြတ်တင့်တယ်သည်ဟု အထိမ်းအမှတ်ထားသောနေ့တွင် ကျင်းပရသည်။ ဥစ္စာ ငွေကြေးတတ်နိုင်လျှင် တတ်နိုင်သလို ပုခက်တို့ အဆင်တန်ဆာတို့ကို ပြုလုပ်ပေးရမည်။ ပုခက်၏ အလွန်လေးထောင့်၌ သပြေခက်များကို ချည်နှောင်၍ ထားအပ်ပေသည်။

 

(၅) တမ္ဗုလပတ္တဟာရမင်္ဂလာ

ကလေး၏ အသက် ၄၅ ရက် မြောက်သော နေ့၌ ကွမ်းဖတ်ဦးကို ခွံရသော မင်္ဂလာဖြစ်သည်။ ပရိသတ်များကို ပင့်ဖိတ်ဧည့်ခံပြီးပေးသော ဆုများကို  လည်း ခံယူရပေသည်။ ကွမ်းရွက်ကိုမူကား လောက နီတိကျမ်းတွင် ပါရှိသည်နှင့်အညီ ကွမ်းရွက်၏ အရင်းနှင့်အဖျားကို ပယ်ရသည်။ ကွမ်းဖက်ဦးကို စတိသဘော ကျွေးမွေးခြင်းဖြစ်ပေသည်။

 

(၆) ရဝိန္ဒုဒဿနမင်္ဂလာ

ကွမ်းဖက်ဦး ခွံ့ကျွေးပြီးနောက် သုံးလ မြောက်သို့ ရောက်သောအခါ၌ နေလနှစ်ပါးတို့ကို ပြသကာ ဤကား နေçဖြစ်သည်။ ဤကား လçဖြစ် သည်ဟူ၍ ပြောဆိုပြသသော မင်္ဂလာဖြစ်သည်။

 

(၇) နာမကရဏမင်္ဂလာ

ရဝိန္ဒုဒဿနမင်္ဂလာကို ဆင်ယင် ကျင်းပပြီး နောက် ကလေး၏ အရွယ်မှာ ရက်ပေါင်း ၁၀ဝ မြောက်သောအခါ၌ အမည်သညာ၊ မှည့်ခေါ်ခြင်းဟု ဆိုအပ်သော မင်္ဂလာသဘင်ကို ဆင်ယင်ကျင်းပ ရသည်။ အမည်ကို စာသုံးလုံး ထက် မနည်းစေဘဲ ဗေဒင်နည်း၊ ဆန်းနည်း၊ အလင်္ကာနည်း၊ သဒ္ဒါနည်း တို့ဖြင့် ရွေးချယ်၍ မှည့်ကြရသည်။

 

(၈) ပဌမဘတ္တာဟာရမင်္ဂလာ

မွေးဖွားသည်မှ ခြောက်လအရွယ်သို့ ရောက် သောအခါ၌ ထမင်းဦးခွံ့ခြင်းဟူသော မင်္ဂလာအဆင် ဖြစ်သည်။ ကလေးသည် ထမင်းမစားတတ်သေး လျှင် စတိအဖြစ် ထမင်းခုနစ်လုတ်ကို ခံတွင်းသို့ တိုးကပ်၍ ပေးရ၏။

 

(၉) ကေသဗန္ဓနမင်္ဂလာ

သင့်တင့်လျောက်ပတ်သော အချိန်အရွယ်သို့ ရောက်သောအခါ၌ ဥသျှောင်ထုံးခြင်းဟု ဆိုအပ် သော ကေသဗန္ဓန မင်္ဂလာသဘင်ကို ဆင်ယင် ကျင်းပအပ်ပေသည်။

 

(၁၀) ကဏ္ဏဝိဇ္ဈနမင်္ဂလာ

ကလေး၏ အချိန်အရွယ်ကို ချင့်ဖောက်ပြီး နားသ၊ နားထွင်းခြင်းပြုသော နားသမင်္ဂလာကို ဆိုလိုခြင်းဖြစ်ပေသည်။  ဤမင်္ဂလာပွဲသဘင်ကို ဆင်ယင် ကျင်းပရာတွင်လည်း အရှေ့အနောက်၊ တောင် မြောက် ခုနစ်အိမ်တို့ကို ပင့်ဖိတ်ကျွေးမွေး  ခြင်းပြုရပေသည်။ တတ်နိုင်လျှင် ရဟန်း သံဃာတို့ ကိုပါ ပင့်ဖိတ်၍ ဆွမ်းဘောဇဉ်များ၊ ဆက်ကပ် လှူဒါန်းခြင်း၊ ပုဏ္ဏား ပညာရှိ လူပညာရှိတို့ကို ပင့်ဖိတ်၍ ကလေး၏ ကျမ်းမာ ချမ်းသာကြောင်း အတွက်ရွတ်ဖတ်ခြင်းတို့ကို ပြုရပေသည်။

 

(၁၁) သာမဏေရပဗ္ဗဇ္ဇမင်္ဂလာ

သတိုးသား၏ အရွယ်ကို ချင့်ထောက်၍ မြတ်စွာဘုရားသခင်၏ သာသနာတော်အတွင်းသို့ သွတ်သွင်း ချီးမြှင့်သော မင်္ဂလာဖြစ်သည်။ ဤပွဲကိုမူ ရှင်ပြုမင်္ဂလာပွဲအဖြစ် ယနေ့တိုင် ခြိမ့်ခြိမ့်သဲ အထင် အရှား ကျင်းပလျက်ရှိသည်။

 

(၁၂) အာဝါဟမင်္ဂလာ

သတို့သားအရွယ်သို့ ရောက်လျှင် သတို့သမီး ကို ရှာဖွေကြောင်းလမ်းပြီးလျှင် လူကြီးလူကောင်း စုံရာတို့နှင့် အတူ သတို့သမီးထံ လာရောက်၍ စုလျား ရစ်ပတ်၊ လက်ထပ်ခြင်းဟု ဆိုအပ်သော မင်္ဂလာကို ခေါ်ဆိုခြင်းဖြစ်ပေသည်။ ယခုခေတ်တွင် လူတိုင်း လိုလို သိရှိနေကြသည့် ထိမ်းမြားလက်ထပ်ခြင်း မင်္ဂလာပင် ဖြစ်သည်။

 

(၁၃) ဝိဝါဟ မင်္ဂလာ

အာဝါဟ မင်္ဂလာသဘင်ကို ဆင်ယင်ကျင်းပ ပြီးနောက် သတို့သမီး အား မိမိနေရာ အိမ်ဂေဟာသို့ ဆောင်ကြဉ်း၍ လာပြီးလျှင် မိမိသည် သတို့သမီး ကို ရရှိလာပြီဖြစ်ကြောင်း ပရိသတ်တို့အား ကျွေးမွေး လှူဒါန်းခြင်းဖြင့် အသိပေးခြင်းပြုရသော မင်္ဂလာ ဖြစ်ပေသည်။

 

ဤသည်တို့ကား မြန်မာလူမျိုးတိုင်း သိသင့် သိထိုက်ကြသည့် မြန်မာ့ရိုးရာလောကီ မင်္ဂလာ ၁၃ ပါးပင် ဖြစ်ကြသည်။ ဤ မင်္ဂလာအခမ်းအနားများကို စီးပွားဥစ္စာ အခြေအနေ အချိန်အခါကို ထောက်ရှု၍ ခေတ်နှင့်အညီ ဆင်ယင် ကျင်းပသင့်ကြကြောင်း၊ ထိုသို့ ကျင်းပရာတွင် ပကာသနကို အခြေခံပြီး ပြုန်းတီးမှုကို မပြုသင့်ကြကြောင်း စစ်မှန်သော အလှူ ဒါန မင်္ဂလာကိုသာ ဆင်ယင်ကျင်းပသင့်ကြ ကြောင်းတိုက်တွန်း လိုက်ရပေသည်။

 

မောင်ဥာဏ်စိန်

Comments

comments

Post Author: manawmaya