ဈာပနယပ်တောင်များပေါ်မှ သံဝေဂလင်္ကာ ကဗျာများ

“မသာတစ်ခေါက်၊ ကျောင်းဆယ်ခေါက်” ဟူသော မြန်မာ့ဆိုရိုးစကားတစ်ခု ရှိပါသည်။ ဘုန်း ကြီးကျောင်းသို့ ဆယ်ခေါက်သွားသည်ထက် အသုဘ တစ်ခေါက်၊ မသာတစ်ခေါက် သွားလိုက်ရခြင်းသည် ပို၍ တရားသံဝေဂ ရနိုင်ကြောင်းကို ဖော်ပြသော စကားဖြစ်ပါသည်။ ထို့ကြောင့် မြန်မာလူမျိုးတို့သည် သာရေးထက် နာရေးကို ပို၍ ဂရုစိုက်ကြသည်။ သာရေးကို သွားရန် ပျက်ကွက်သည့်တိုင်အောင် နာရေးကိုမူ မပျက်မကွက်သွားကြသည်။ ဆွေမျိုး တစ်ဦး၊ ချစ်ခင် ရင်းနှီးသော မိတ်ဆွေတစ် ဦး၏နောက်ဆုံးသော ဘဝ ခရီးကို မပျက်မကွက် ပို့ ဆောင် ကြလေ့ရှိသည်။ ခင်မင်မှု၊ ရင်းနှီးမှု၊ လူမှု ရေးတာဝန် ကျေပွန်မှုကို ပြ လေ့ရှိကြသည်။ ဤကဲ့သို့သော သူမျိုး များထဲတွင် ကျွန်တော်သည်လည်း တစ် ဦးအပါအဝင် ဖြစ်ပါသည်။

ကျွန်တော်သည် ဆွေမျိုးများ၊ မိတ်ဆွေ များ၊  လုပ်ဖော်ကိုင်ဖက်များ၊ ငယ်သူငယ်ချင်းများ၊ ကြီးမှ ခင်ကြရသော်လည်း အလွန်တွယ်တာရသော သူငယ်ချင်းများ၏ ဈာပနများကို မပျက်မကွက် လိုက်လံပို့ဆောင်ခဲ့ပါသည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတို့ကို ဆင်ခြင်ခဲ့ပါသည်။ ရုပ်တရား၊ နာမ် တရားတို့သည် မမြဲခြင်းတရား၊ ဆင်းရဲခြင်းတရား၊ ငါမဟုတ်ပါတကားဟူသော တရားတို့ကို လေးလေး နက်နက် နှလုံးသွင်းခဲ့သည်။ ထိုမျှမက ဈာပနအခမ်း အနားများတွင် လှူဒါန်းလေ့ရှိသော ယပ်တောင်များ ပေါ်မှ တရားသံဝေဂများကိုလည်း မပြတ်ဖတ်ရှု၍ လေးနက်စွာ တွေးတောခဲ့ပါသည်။ မှတ်သားသိမ်း ဆည်းခဲ့ပါသည်။ ယင်းသံဝေဂ လင်္ကာများတွင် ရေးသူ အမည်ပါသည်လည်းရှိ၍ မပါသည်လည်း ရှိပါသည်။

ကျွန်တော်၏ နှလုံးသားတွင် စွဲကျန် ရစ်ခဲ့သော သံဝေဂဓမ္မလင်္ကာတစ်ခုမှာ မင်း ကွန်း တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာ တော်ဘုရားကြီး ရေးသားခဲ့သော လင်္ကာဖြစ် ပါသည်။ တပည့်သံဃာတော်များနှင့် ဒကာ၊ ဒကာမအပေါင်း သူတော်ကောင်းတို့အား ဓမ္မ လက်ဆောင်အဖြစ် ချီးမြှင့်တော်မူသော ဓမ္မ လင်္ကာဖြစ်ပါသည်။

“ရုပ်နာမ်ဓမ္မ၊ သင်္ခါရတို့၊ ကိုယ်က ဤပုံ၊ ဖြစ်လိုတုံလည်း၊ တစ်ဖုံဆင်ကွဲ၊ သူတစ်နဲဖြင့်၊ ဖောက် လွဲတတ်စွာ၊ ဓမ္မတာကို၊ ပညာစက္ခု၊ မျှော်ထောက် ရှု၍ –

ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။

ယခုပင်လျှင် မနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။

ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။

ရတုချိန်ထောက်၊ ဤခါရောက်မှ၊ ချုပ် ပျောက်ခန္ဓာ၊ သေစိမ့်ငှာဟု၊ သတ္တဝါခပင်း၊ ရှင် သေမင်းနှင့်၊ မိတ်သင်းဖွဲ့လျက်၊ ချိန်းအချက်လျှင်၊  တစ်စက်ကမှ၊ မရှိကြဘူး။ အပ္ပမာဒေန၊ ဘိက္ခဝေ၊ သမ္ပာဒေထ၊ ဘုရာ့စကား၊ လိုက်နာပွားကာ၊ တရား လက်မလွတ်စေနှင့်”

ဤရုပ်၊ ဤနာမ်တို့ကို ကိုယ်က ပိုင်သည် မဟုတ်။ ကိုယ်ဖြစ်ချင်သလို ဖြစ်လေမည်မဟုတ်။ ဓမ္မတာအတိုင်း သူဖြစ်ချင်သလို ဖြစ်သွားပေမည်။ “ငါသည် မည်သည့်အချိန်တွင်မှ သေမည်”ဟု လည်း သေမင်းနှင့် ကတိ ပဋိညာဉ် ချုပ်ဆိုထားခြင်း၊ မိတ်ဆွေအချင်းချင်းသဖွယ် ကတိကဝတ်ထားထား ခြင်းလည်း မရှိ။ အချိန်မရွေး သေနိုင်သည်သာဖြစ်သည်။ ထို့ကြောင့် ဤရုပ်နာမ်ဓမ္မ သင်္ခါရကို နှလုံး သွင်းပြီး ယခုပင်လျှင် မအိုခင်၊ မနာခင်၊ မသေခင် ကောင်းမှုကုသိုလ်ကို ကြိုတင်ပြုကြပါဟု ဆရာတော် ဘုရားကြီးက ဆုံးမထားခြင်းဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟတရားများ လောကီအာရုံ၊ ကာမဂုဏ် များနှင့် ပျော်မွေ့နေကြသော ကျွန်တော်တို့ လူသား များအဖို့ သတိတရားရဖွယ်၊ ထိတ်လန့်ဖွယ်ဖြစ်ပေ သည်။ ဘုရားသခင် ဟောကြားခဲ့သည့်အတိုင်း အပ္ပမာဒတရားကို လက်ကိုင်ထားကြရန် ဆရာတော် ဘုရားက မှာကြားခဲ့ခြင်းဖြစ်ပေသည်။

ကျွန်တော့်ရင်ဝယ် စွဲကျန်ရစ်ခဲ့သော ဒုတိယ ကဗျာလင်္ကာတစ်ခုမှာ ဧည့်သည် ဟူသော ကဗျာဖြစ်ပါသည်။ ရိုးသားစွာ ဝန်ခံရလျှင် စာရေးသူကို ကျွန်တော်မသိပါ။ သို့ရာတွင် ယင်းစာ ရေးသူအား ကျွန်တော်သည် လေးစား၍မဆုံးပါ။

“မင်းတို့လာလည်း ငါ့မှာတားခွင့်မရှိပါ။

မင်းတို့သွားလည်း ဟန့်တားပိုင်ခွင့်မရှိပါ။

ငါသည်ပင်မူ

ခေါ်သူမရှိ၊ ရောက်လာမိစဉ်

နှင်သူမရှိ၊ ပြန်ဖို့ရှိ၏။

ငါနေသည့်အိမ်၊ ငါ၏အိမ်ဟု

ငါ့အိမ်မှာထား၊ ငါ့မယားနှင့်

ငါ့သားသမီး၊ ငါ့ပစ္စည်းဟု

ယူသည်းစိတ်စွဲ၊ အမှတ်လွဲခဲ့။

အမှန်မှာမူ

ငါလာသောအခါ လက်ဗလာတည့်

ပြန်ပါရလျှင် လက်ချည်းပင်တည်း

ငါ့တွင်ကိုယ်ပိုင် မရှိတကား

လာသူလာလည်း၊ လာစမ်းပါစေ၊ မဆီးလေ နှင့်။

သွားသူသွားလည်း သွားစမ်းပါစေ၊ မတား လေနှင့်၊

တို့တစ်တွေမှာ

သဘာဝလျှင်၊ အမိရင်ဝယ်

ထွက်ဝင်ခိုနား၊ ခရီးသွားသည့်

အားလုံးဧည့်သည်ချည်းပါတကား”

ဖော်ပြပါ ကဗျာမှာ နိဗ္ဗိန္ဓတေးသံနှင့် နီးစပ် လှပါသည်။ သို့ရာတွင် ပါဠိစကားတစ်လုံးမျှ မပါပါ။ ခက်ခဲရှုပ်ထွေးသော မြန်မာစကား အသုံးအနှုန်း တစ်လုံးမျှမပါပါ။ သို့ရာတွင် ဖတ်လိုက်သည်နှင့် ရင် ထဲသို့ စွဲမြဲသွားစေသော စကားလုံးများဖြင့် သီကုံး ထားသည်ကို တွေ့ရသည်။ မည်သူ့ကိုမျှ၊ မည်သူက မျှ ဤလောကသို့ မလာနှင့်ဟုလည်း တားခွင့်မရှိ၊ မသွားနှင့်ဟုလည်း ဟန့်တားပိုင်ခွင့်မရှိ။ မိမိကိုယ် တိုင်လည်း မဖိတ်ဘဲ ရောက်လာသော ဧည့်သည် မျှသာ ဖြစ်သည်။ နှင်သူရှိရှိ မရှိရှိ၊ အချိန်တန်လျှင် ပြန်ရမည်သာ၊ သေမင်းခေါ်ရာနောက်သို့ လိုက်ရမည် သာ ဖြစ်သည်။ ငါ့အိမ်၊ ငါ့ခြံ၊ ငါ့ပစ္စည်း၊ ငါ့မယား၊ ငါ့သားသမီး ဟူသည်တို့မှာ “ငါ ငါ ငါ”ဟူသော အစွဲအလမ်းတို့မှာ တရားဓမ္မနှင့် ဆန့်ကျင်ဘက်များ သာ ဖြစ်ကြသည်။ လာသောအခါ ဗလာလက်နှင့် လာ၍ ပြန်သောအခါ ဗလာလက်နှင့် ပြန်ရမည်သာ ဖြစ်ပေသည်။ မိမိနောက်သို့ မည်သည့်သားသမီး၊ မည်သည့်ပစ္စည်းမျှ ပါမည်မဟုတ်။ လာချင်သူလည်း လာကြပါစေ၊ သွားချင်သူလည်း သွားကြပါစေ၊ မတားကြလေနှင့်။ မငိြုွေကးကြလေနှင့်၊ အားလုံး ဧည့်သည်ချည်းပင် မဟုတ်ကြပါလား။ ဤသို့လျှင် ကဗျာဆရာသည် မေ့လျော့နေသော လူသားများ အား နိဗ္ဗိန္ဓတေးဖြင့် ချွေးသိပ်ပေးခဲ့လေသည်။

ဧည့်သည်ဟူသော အမည်ဖြင့်ပင် အခြား ကဗျာတစ်ပုဒ်ကိုလည်း ကျွန်တော် မှတ်သားဖူးပါ သည်။ စာရေးသူ၏အမည် မသိရှိသည်ကို ခွင့်လွှတ် ပါရန် ပန်ကြားပါသည်။

“လာတုန်းကလည်း တစ်ယောက်တည်း နော့

လက်တွဲခေါ်ကာ ဖော်မပါဘူး။

ဥစ္စာချည်းနှီး ကိုယ်ထီးတည်း၊

ပြန်သွားတော့လည်း တစ်ယောက်တည်း နော့

အဖော်ခေါ်ကာ ဖော်မပါဘူး

ဥစ္စာချည်းနှီး ကိုယ်ထီးတည်း၊

လာပြီးတော့နား၊ မသွားသေးခင်

ချိန်လေးတွင်မှ

ဝန်းကျင်ခက်နွယ်၊ နှောင်ကြိုးတွယ်ကြ

ပြုံး၊ ရယ်၊ မဲ့၊ ငို၊ ချစ်မှန်းပိုကြ

မလိုဒေါသ၊ လိုလောဘနှင့်

ဘဝရိပ်မြုံ၊ ကကြိုးစုံခဲ့

ကံကုန်မိုးချုပ်၊ လက်တွဲဖြုတ်ကာ

သုတ်သုတ်ဆောလျင်၊ ခရီးနှင်သည်

တို့များ ဧည့်သည်ပါတကား။

ဤဧည့်သည် ကဗျာသည်လည်း အထက် တွင် ဖော်ပြခဲ့ပြီးဖြစ်သည့် ဧည့်သည်ကဗျာကဲ့သို့ပင် ရှင်းလင်းလွယ်ကူလှသော မြန်မာစကားဖြင့် ရေးသား ထားခြင်းပင်ဖြစ်သည်။ ဖတ်ရှုသူတိုင်း နားလည်လွယ် သော ကဗျာဖြစ်သည်။ ဤကဗျာတွင် ကျွန်တော် ပို၍ကြိုက်သော အပိုဒ်လေးများရှိပါသည်။ ဤ လောက၌ ဧည့်သည်အဖြစ် ခိုနားနေစဉ် အချိန်လေး တွင် ဝန်းကျင်ခက်နွယ်၊ နှောင်ကြိုးတွယ်ကြ၊ ပြုံး၊ ရယ်၊ မဲ့၊ ငို၊ ချစ်မုန်းပိုကြ၊ မလိုဒေါသ၊ လိုလောဘ နှင့်၊ ဘဝရိပ်မြုံ၊ ကကြိုးစုံနေကြရသော လူ့ဘဝကို သရော်လှောင်ပြောင်ရင်း သတိသံဝေဂ ပေးနေခြင်း ပင်ဖြစ်သည်။ ကံကုန်၍ မိုးချုပ်သော အခါတွင် လက်တွဲဖြုတ်ကြရပေတော့မည်။ သေမင်းနိုင်ငံ သို့ပင် ခပ်သုတ်သုတ်၊ ခပ်မြန်မြန် ခရီးနှင်နေကြ သည့် အားလုံးဧည့်သည်များချည်းပါတကား၊ မိုက် မလင်းနိုင် ဖြစ်နေကြသည့် ကာမဘုံသား ဆုံလည် နွားတို့အဖို့ တရားရကြရန်ဖြစ်ပေသည်။

နောက်ဆုံးတင်ပြလိုသော ကဗျာတစ်ပုဒ်မှာ တားမရဘူးဟူသော ကဗျာဖြစ်ပါသည်။ (၂၀-၁၁-၂၀၁၇)နေ့တွင် အစ်ကိုကြီးသဖွယ် ချစ်ခင်လေးစား ရသည့် စာပေပညာရှင်၊ ဥပဒေပညာရှင်တစ်ဦး၏ ဈာပနကို လိုက်လံပို့ဆောင်ခဲ့ရာတွင် လှူဒါန်းလိုက် သော ယပ်တောင်လေးပေါ်တွင် ရေးသားထားသော  ကဗျာတိုလေးတစ်ပုဒ်ဖြစ်ပါသည်။ စာရေးသူနာမည် မပါရှိ၍ မဖော်ပြနိုင်သည်ကို ခွင့်လွှတ်ရန်ဖြစ်ပါသည်။

တစ်နေ့ကွယ် သေနယ်သို့ တစ်ခါကူး

မေ့လျော့ကာ မသေဘူးရယ်လို့

မထင်လိုက်ပါနှင့်

နေကွယ်တာ ကြိမ်ဖန်များရင်ဖြင့်

သေနယ်ရွာ အချိန်တန်သွားရလိမ့်မယ်

တားလို့မရဘူး။

တိုတိုနှင့် ထိမိလှသော ကဗျာဖြစ်သည်။ တစ်နေဝင်သွားခြင်းသည် သေမင်းနိုင်ငံသို့ ရောက် ရန် တစ်ရက်ပို၍နီးလာခြင်းပင်ဖြစ်ပေသည်။ မမေ့ မလျော့ကြလေနှင့်။ နေဝင်သောရက်တွေ များလေ သည်နှင့်အမျှ သေခြင်းတရားနှင့် ဆုံတွေ့ကြရန် အချိန်တန်လာပြီကို သတိရကြရန် ဖြစ်ပါသည်။ သေခြင်းတရား မရဏတရားကား ရှောင်လွဲ၍မရ သော တရားပါတကား။

“အပ္ပမာဒေန၊ ဘိက္ခဝေ၊ သမ္ပဒေထ၊ ဘုရား စကားလိုက်နာပွားကာ၊ တရားလက်မလွတ်စေနှင့်”ဟူသော တိပိဋကဆရာတော်ဘုရားကြီး၏ သတိပေး ဆုံးမစကားကို မှတ်သားလိုက်နာကြရန်သာ ရှိပေ သည်။ သို့မဟုတ်လျှင်ကား လယ်တီဆရာတော် ဘုရားကြီး ဆုံးမခဲ့သကဲ့သို့ပင် “အပါယ်ထိုထို ဥဒဟိုသည် နင်လိုလူမိုက်၊ သွားလမ်းတည်း”ဟု မှတ်ယူရန်သာ ရှိတော့၏။

 

မောင်ဥာဏ်စိန်

Comments

comments

Post Author: manawmaya