မနောမယ ထမင်းဝိုင်း – ပဲကြီးဟင်းချိုနှင့် ခံတက်ချဉ်သုပ်

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ရန်ကုန်မြို့တွင် နေထိုင်သော ကျွန်ုပ်၏ မိတ်ဆွေများသည် အလည်အပတ်ရောက်ရှိလာကြလေ၏။

၎င်းတို့သည် ကျွန်ုပ်၏ ခြံအတွင်း၌ ကားဆိုက်လိုက်သည်နှင့် တစ်ပြိုင်နက် အော်ဟစ်၍ ဆင်းလာကြသည်။ ၎င်းတို့အနက်မှ ဒေါ်ကြင်ဟုန် ဆိုသော တရုတ်ကပြား အမျိုးသမီးကြီးက –
“ဆရာ့ခြံထဲလည်း လူတွေ မနည်းပါလား။ ယတြာတောင်းကြဖို့နဲ့တူတယ်။ ကျွန်မတို့လို့ ဗေဒင်မယုံတဲ့လူတွေချည်းပဲဆိုရင်တော့ ဆရာတို့လိုလူတွေ ဒုက္ခပဲ …”
ဟု ခရီးရောက်မဆိုက် စကားဖြင့် စော်ကားလေတော့၏။

“ဒီလိုရှိပါတယ် ဒေါ်ကြင်ဟုန်ရယ် .. ကျုပ်ကဗေဒင်ပညာနဲ့ ထမင်းစားတာတော့ မဟုတ်ပါဘူး။ အခြားအသက်မွေးဝမ်းကျောင်းအလုပ်တွေ ရှိပါသေး တယ်။ ဗေဒင်က ဝါသနာကိုပါတာ။ တစ်ခု စဉ်းစားကြည့်လေ။ ခင်ဗျားတို့တွေ ကျုပ်ဆီကိုလာတယ်။ ယတြာတွေ မေးသွားကြတယ်။ လက်ဖက်ရည် သောက်သွားကြတယ်။ ထမင်းတွေ စားသွားကြတယ်။ ကျုပ်ဘာများရလို့လဲ။ တစ်ခုတော့ ရှိတာပေါ့ ဗျာ ဗေဒင်ကို သိပ်ကိုယုံပြီး သိပ်ကိုဝါသနာပါတဲ့ လူတစ်ယောက်ဆီကို ရန်ကုန်ကနေ တကူးတကလာပြီး ဗေဒင်မယုံဘူးလို့ ပြောတာတော့ ရိုင်းတာပေါ့ ဗျာ …”
ဟု ကျွန်ုပ်က ပြောလိုက်လျှင် ဒေါ်ကြင်ဟုန်သည် လွန်စွာ ဒေါပွသွား၏။

“ကျွန်မ ဒီကိုလာတာ ဆရာ့ကို လေးစားလို့လည်း မဟုတ်ဘူး။ ဗေဒင်ကို ယုံလို့လည်း မဟုတ်ဘူး။ ဗေဒင်မေးဖို့ ယတြာချေဖို့လည်း မဟုတ်ဘူး။ ဟောဒီ ကိုမောင်မောင်ကြီးက လိုက်ခဲ့ပါလားဆိုလို့ သူ့ကိုအားနာလို့ လိုက်လာခဲ့တယ်။ ကဲ ရှင်းပြီလား …”
ဟု ဒေါ်ကြင်ဟုန်က ပြောလေ၏။

“ရှင်းပါပြီဗျာ ရှင်းပါပြီ …ဒီလိုဆိုတော့လည်း ခင်ဗျားနဲ့ စကားပြောစရာ မလိုပါဘူး။ အဲဒီ ကိုမောင်မောင်နဲ့ပဲ ပြောရမှာပေါ့ …”
ဟုဆိုကာ ကျွန်ုပ်၏မိတ်ဆွေ ကိုမောင်မောင် ဆိုသူ၏ မျက်နှာကို လှမ်းကြည့်လိုက်ရာ ၎င်းသည် လွန်စွာမှ အားနာနေပုံရ၏။ မျက်နှာလည်း ပူနေပုံရ၏။ ထို့နောက်မှ –
“ကျွန်တော် ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူးဗျာ …”
ဟု ပြောလိုက်လျှင် ကျွန်ုပ်လည်း ကိုမောင်မောင်၏ အကျပ်အတည်းကို စာနာမိလေတော့၏။ ထို့နောက် ကျွန်ုပ်သည် ဂျုံများကိုနယ်၍ လုပ်လက်စပူရီကို ဆက်၍လုပ်ပြီးလျှင် ဆီ၌ကြော်လေ၏။ အာလူးဟင်းပျစ်ပျစ်ကိုလည်း မီးဖိုပေါ်တွင် တည်ထားပြီဖြစ်ရာ အာလူးပူရီနှင့် လက်ဖက်ရည်အချိုကို ဧည့်သည်များအား တိုက်ကျွေးရလေ၏။ ကျွန်ုပ်တည်ခင်းကျွေးမွေးသော အာလူးပူရီနှင့် လက်ဖက်ရည်ကို ရောက်လာကြသောသူ အားလုံးစားသောက်ကြသော်လည်း ဒေါ်ကြင်ဟုန်မှာ စားသောက်ခြင်းမရှိ။ ကိုမောင်မောင်က စားရန်တိုက်တွန်းသော်လည်း ၎င်းက မျက်နှာကိုမဲ့၏။ ခေါင်းကို တွင်တွင်ယမ်း၏။ ၎င်း၏ အမူအရာမှာ –
“ကြင်ဟုန်တို့က ဒါမျိုးမစားဘူး …”
ဟု ပြောနေသည့်အလား ရှိလေတော့၏။ စားသောက်ပြီးသောအခါ၌ ၎င်းကိုမောင်မောင် က –
“ဆရာ ကျွန်တော်က ဗေဒင်လည်းယုံတယ်။ ယတြာလည်းယုံတယ်။ အကုန်ယုံတယ် ဆရာ။ ကျွန်တော့်တော့ တွက်ပေးပါဦး …”
ဟုပြောလေ၏။

“မဟုတ်ပါဘူးဗျာ … လူတိုင်းကို တွက်ပေးနေတာပါ ကိုမောင်မောင်ရယ်။ ကျုပ်အသက်လည်းမေးပါဦး ကလေးမှ မဟုတ်တော့တာ။ အဘိုးကြီးဖြစ်နေပါပြီ။ လူတွေကို ခွင့်လွှတ်နားလည်တတ်နေပါပြီ။ ဦးချိုရှိတဲ့သူနဲ့တွေ့ရင် ဦးချိုဝှေ့ပြမယ်။ အမောက်ရှိတဲ့သူနဲ့တွေ့ရင် အမောက်ထောင်ပြမယ်ဆိုတာ နားလည်ပြီးသားပါ။ ဒီအတွက် ဘာမှစိတ်မှာ မလှုပ်ရှားပါဘူး။ လောကကြီးမှာ ကိုယ်အလိုကျ ဘာမှမဖြစ်နိုင်ဘူးဆိုတာလည်း ဒီအသက်အရွယ်မှာ သိပြီလေ အဲဒီတော့ လူတွေ၊ အရာဝတ္ထုတွေနဲ့ ဘယ်လိုကိုက်ညီအောင် နေရမလဲဆိုတာကို စဉ်းစားရမယ့် အရွယ်ရောက်နေပါပြီ ကဲ … ဆို ဘာလုပ်ပေးရမလဲ …”
ဟု ကျွန်ုပ်က မေးလိုက်လျှင် ၎င်း ကိုမောင်မောင်က –
“ဒီလိုဆရာရဲ့ … ကျွန်တော် လူတစ်ယောက်နဲ့ လုပ်ငန်းတစ်ခု စပ်တူလုပ်နေတယ်။ လုပ်ငန်းက တော်တော်ကြီးပါတယ်။ ငွေရင်းလည်း တော်တော် ဝင်နေပြီ။ စားသောက်ဆိုင်ကြီးတစ်ခု ဆောက်မယ်။ အပန်းဖြေလို့လည်းရတဲ့ စားသောက်ဆိုင်ကြီးပေါ့ဗျာ။
ပထမ ကျွန်တော်ထင်တာက သိန်းတစ်ရာကျော်လောက် ထည့်ဝင်လိုက်ရင် အလုပ်ဖြစ်မယ် အောက်မေ့နေတာ။ ကျွန်တော်တတ်နိုင်တာကလည်း အဲသလောက်ပဲလေဗျာ။ ဒါပေမဲ့ တကယ့်တကယ် လုပ်တဲ့အခါကျတော့ သိန်းလေးရာကျော်လောက် ဝင်နေပြီ။ မပြီးသေးဘူးဗျ။
အဲဒီတော့ ကျွန်တော့်မှာတော့ အဲဒီငွေပမာဏ မရှိဘူး။ တခြားက ဆွဲရလွဲရမှာပေါ့ဗျာ။ အဲဒီလို ကိုယ်မနိုင်တဲ့ဝန်ကို ထမ်းရတဲ့အခါမှာ ဖြစ်လာရင် တော်ပါရဲ့။ ဆုံးရှုံးသွားပြီဆိုရင် ကျွန်တော်ဟာ ကြွေးပင်လယ်မှာ နစ်သွားဖို့ပဲရှိတယ်။ အဲဒါကြောင့် ဆက်ပြီး လိုက်သင့်သလား၊ ထည့်ထားတဲ့ငွေကို ပြန်အမ်းပြီး အပြီးထွက်သွားသင့်သလားဆိုတာ ကျွန်တော့်အဖို့ ဘန်းနင်းကွက်ရှင် (ခေါင်းမီးတောက်နေသော ပြဿနာ)ပဲဗျ …”
ဟု ပြောလိုက်လေ၏။

“ဒီလိုလုပ်ရအောင်ဗျာ၊ ဟောဒီမှာ ငွေကျပ်စေ့ကလေး ခြောက်စေ့ရှိတယ်။ အဲဒါ ခင်ဗျားလက်နဲ့ ခပ်ဖွဖွလေးဆုပ်ပြီး လှုပ်လိုက်၊ ပြီးတော့ ဟောဒီ စားပွဲပေါ်ကို မှောက်ချလိုက်၊ ပြီးရင် အဲဒီကျပ်စေ့ကလေးတွေကို အထက်အောက်ညီအောင် စီလိုက်။ ခြင်္သေ့ဘက်ကျရင် ခေါင်းပေါ့ဗျာ။ ခေါင်းကျရင် အလယ်မှာ ပြတ်နေတဲ့ တုတ်ချောင်းအပြတ် သင်္ကေတလေးတစ်ခု မြေဖြူနဲ့ရေးမယ်။ ပန်းကျရင် အပြတ်မပါတဲ့ သင်္ကေတလေး တစ်ခုရေးမယ်၊ အဲဒီသင်္ကေတကလေးတွေကို ရှေးဟောင်းတရုတ် လူမျိုးတွေက ပါ့ကွာလို့ခေါ်တယ်။ ခြောက်ခုဖော်ပြီးရင် ခင်ဗျားလိုချင်တဲ့ အဖြေတစ်ခုရလိမ့်မယ် …”
ဟု ကျွန်ုပ်က ပြောလိုက်ရာ ကိုမောင်မောင်သည် စားပွဲပေါ်တွင်ရှိသော ကျပ်စေ့ကလေး ခြောက်စေ့ကို လက်တွင်ဆုပ်၍ လှုပ်ပြီးလျှင် စားပွဲပေါ်သို့ ဗြောင်းခနဲ ချလိုက်လေ၏။ ထိုသို့ချလိုက်ရာ ခေါင်းလေးခု အစဉ်အတိုင်းကျ၍ ပန်းတစ်ခုကျပြီးလျှင် နောက်ဆုံး၌ ခေါင်းတစ်ခုကျလေ၏။ ထို့ကြောင့် သင်္ကေတမှာ အထက်ပါအတိုင်း ဖြစ်ပေါ်လာရလေတော့၏။

ကျွန်ုပ်သည် စားပွဲပေါ်တွင် မြေဖြူခဲနှင့် ရေးထားသော ထိုသင်္ကေတကိုကြည့်ပြီးနောက် –
“ကိုမောင်မောင်ရေ … ဒီသင်္ကေတက အပေါ်က ကောင်းကင်၊ အောက်ကမီးလို့ အဓိပ္ပာယ် ရတယ်ဗျ …”
ဟု ပြောလိုက်လေ၏။ ထိုအချိန်၌ ဈေးဝယ်သွားမည့် မောင်ထွန်းငြိမ်း ရောက်လာပြီးလျှင် –
“ကျွန်တော် မဝယ်ချင်ဘူးအဘ၊ အောင်ညွန့်ကိုပဲ ခိုင်းပါ …”
ဟု ပြောသဖြင့် –
“ဘာဖြစ်လို့ မဝယ်ချင်တာလဲကွ …”
ဟု ကျွန်ုပ်က မေးလိုက်ပြန်ရာ –
“ဖိုကြီးထဲမှာ ဟင်းတွေက ပျောက်ပျောက်သွားတယ်။ အဲဒီကိစ္စ ကျွန်တော့်ခေါင်းပေါ်ပုံလာ လိမ့်မယ်။ ကျွန်တော်မလုပ်ချင်ဘူး …”
ဟု ပြောလေ၏။
“မပုံပါဘူးကွာ လုပ်မှာလုပ်စမ်းပါ။ စားစရာသောက်စရာပဲ ဖြစ်ဖြစ်၊ ငွေပဲဖြစ်ဖြစ် အသုံးဝင်တဲ့ ပစ္စည်းပဲဖြစ်ဖြစ် သူတို့မှာ ခြေထောက်ပါတယ်ကွ။ သူတို့ကို ချစ်ခင်တဲ့သူနဲ့ တွေ့ရင် လိုက်သွားတတ်တယ်။ ချစ်ခင်တဲ့သူရဲ့ ရင်ခွင်မှာ နေတတ်တယ်ဆိုတာ ငါနားလည်ပါတယ်။ အဲဒီတော့ မင်းက သူများထက်ပိုပြီးတော့ ဟင်းတွေကို ချစ်လိုက်ပေါ့ကွာ မင်းဆီမှာရှိနေမှာပေါ့။ ဘာသိဘာသာနေရင်တော့ သူတို့လည်း မင်းကိုမချစ်ဘဲ ထွက်ပြေးမှာပေါ့။ ဒါတွေပြောမနေနဲ့ သွား … သွား …”
ဟုဆိုကာ ကျွန်ုပ်လည်း ၎င်းအား မောင်းထုတ်လိုက်လေ၏။ ထို့နောက် ကိုမောင်မောင်ဘက် သို့လှည့်ကာ –
“အခုကျတော့ သင်္ကေတကို ရှေးဟောင်းတရုတ်လူမျိုးတွေက မိတ်ဆွေကောင်းလို့ အမည်ပေးထားတယ်။ မိတ်ဆွေကောင်းဆိုကတည်းက ကိုယ့် စိတ်ထဲမှာ မျိုသိပ်ထားရတာမျိုးတွေ မရှိစေရဘူး။ ပွင့်ပွင့်လင်းလင်းရှိဖို့လိုတယ်။ ငွေဆက်ပြီး မတတ်နိုင်တော့ရင် မတတ်နိုင်တဲ့အကြောင်း ပြောရမယ်။ ဒါပေမဲ့ စွန့်ခွာမသွားရဘူး။ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး အမြဲတစေ ပွင့်ပွင့်လင်းလင်း ဆက်ဆံပြောဆိုပါ။ မိတ်ဆွေတွေကို စွန့်ခွာမသွားပါနဲ့။ ထည့်နိုင်သလောက်ထည့်ပါ။ မထည့်နိုင်ရင်ရပ်ပါ။ ရပ်ရတဲ့ အကြောင်းကိုလည်း သူတို့နားလည်အောင် ရှင်းပြပါ။ တစ်ခုတော့ရှိတယ်။ ဒီလုပ်ငန်းကြီးဟာ အရမ်းကြီးကောင်းမှာ အကျိုးရှိမှာ။ ခင်ဗျားတို့ မျှော်လင့်ထားတာထက် နှစ်ပြန်လောက်ကောင်းလိမ့်မယ်။ ခင်ဗျားမိတ်ဆွေတွေကိုလည်း အဲဒီအတိုင်းပြောပြလိုက်ပါ …”
ဟု ပြောလိုက်လျှင် ကိုမောင်မောင်၏ မျက်နှာသည် နေရောင်တွင် လက်လိုက်သော မှန်ကဲ့သို့ လင်းခနဲဖြစ်၍ သွားလေတော့၏။

များမကြာမီ၌ မောင်ထွန်းငြိမ်း ပြန်ရောက်လာသဖြင့် ဈေးခြင်းတောင်း သွန်ချပြီးလျှင် ပဲကြီးဟင်းချို ခပ်ကျဲကျဲကို ဆူးပုပ်ရွက်ခပ်၍ ချက်၏။ ဝက်သားကို သရက်သီးသနပ်နှင့် ဆီပြန်ချက်၏။ ခံတက်ချဉ်ကို ကြက်သွန်ကြော်၊ နှမ်း စသည်တို့ နိုင်နိုင်ဖြူး၍ သုပ်၏။ တို့စရာအစုံနှင့် ငံပြာရည်ကို ငရုတ်သီး စပ်စပ်ထည့်ကာ ဖျော်၏။ ပြီးလျှင် ဧည့်သည်များအား တည်ခင်းကျွေးမွေး၏။

ဒေါ်ကြင်ဟုန်မှာ ကျွန်ုပ်ကို စိတ်ဆိုးမပြေသေးသောကြောင့် ထမင်းမစားဟု ငြင်းဆန်နေလေ၏။ ကျွန်ုပ်က စိတ်မဆိုးရန် တစ်ဦးနှင့်တစ်ဦး ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်းပြောကာ ဆက်ဆံခြင်းသည် ပို၍ကောင်းကြောင်း ပြောပြ၏။ ကျန်လူများကလည်း ဝိုင်းဝန်း၍ ချော့မော့ကြ၏။ ထိုအခါကျမှ ဒေါ်ကြင်ဟုန်လည်း ထမင်းစားရန် လက်ဆေးလေတော့၏။

ထိုသို့ လက်ဆေးရန် ထလိုက်သောအခါကျမှပင် သူ၏ ဖြူဖွေးသောခြေခုံပေါ်တွင် သွေးများ ကျနေသည်ကို တွေ့ရလေ၏။ ကျွန်ုပ်က –
“ဒေါ်ကြင်ဟုန် ခင်ဗျားခြေထောက် ဘာဖြစ်တာလဲ …”
ဟုမေးလိုက်ရာ –

“ကားပေါ်မှအဆင်းတွင် အစထွက်နေသော သံချွန်ဖြင့် ခြစ်မိ၍ ဒူးပြဲသွားကြောင်း …” ပြောလေ၏။

“ဒီအတိုင်းမထားနဲ့လေ အရက်ပြန်ရှိတယ်။ အရက်ပြန်ရှိတယ် …”
ဟုဆိုကာ ကျွန်ုပ်သည် အရက်ပြန်ဖြင့် ဆေးကြောပေး၏။ ထို့နောက် အနာကျက်သော ဆေးမှုန့်တစ်မျိုးကိုဖြူး၍ ဂွမ်းဖြင့်ဖိကာ ပတ်တီးစည်းပေး လိုက်၏။ ထိုသို့ ပတ်တီးစည်းပေးရင်း –
“ခြေထောက်မှာဖြစ်တဲ့ ဒဏ်ရာကို သေးတယ်ဆိုပြီး မပေါ့နဲ့နော်။ ကျုပ်မိတ်ဆွေတစ်ယောက် အဲဒီလို ပေါ့မိလို့ ဘဝဆုံးသွားဖူးတယ်။ လမ်းသွားတဲ့အခါ ထော့နင်းထော့နင်း ဖြစ်နေရင် အားနည်းချက်တစ်ခု ဖြစ်သွားလိမ့်မယ်။ အထူးသဖြင့် ခင်ဗျားလို ခပ်စွာစွာ အမျိုးသမီးတစ်ဦး အဲဒီလို မဖြစ်သင့် ဘူး။ ရော့ ဟောဒီမှာဆေး၊ အိမ်ကျတော့လည်း ထပ်ပြီး ထည့်လိုက်ဦး၊ ကျုပ်ရဲ့ စေတနာကို နားလည်တဲ့နေ့မှာ ခင်ဗျားအနာ သက်သာပါလိမ့်မယ် ကဲ ကဲ ထမင်းစားလိုက်ပါဦး …”
ဟု ကျွန်ုပ်က ပြောလိုက်သည်ဖြစ်ရာ ဒေါ် ကြင်ဟုန်က မဲ့ပြုံးလေးပြုံးကာ –
“လက်ဆေးပြီးမှတော့ စားရတော့မှာပေါ့တော် …”
ဟု ပြောလိုက်လေတော့သတည်း။

သဗ္ဗေသတ္တာကမ္မသကာ
မင်းသိင်္ခ

Comments

comments

Post Author: manawmaya