သိုက်ကလာတဲ့ လူဝင်စား

စာရေးသူသည် မိမိအချိန်ပေးနိုင်သည့် အခါများတွင် မှော်ဘီမြို့ရှိ အသောကကျောင်းတိုက်  မြေဇင်းတောရတရားစခန်းတွင် တစ်လခွဲ(သို့မဟုတ်) နှစ်လခန့်ကြာသည်အထိ သွားရောက်တရားအား ထုတ်လေ့ရှိပါသည်။ ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် စာရေးသူသည် အဆိုပါတရားစခန်းတွင် တရားအား ထုတ်နေစဉ် ဦးမောင်မောင် အမည်ရှိသော ယောဂီ ပုဂ္ဂိုလ်တစ်ဦးနှင့် သိကျွမ်း ခင်မင်ရင်းနှီးခဲ့ရပါသည်။ ဦးမောင်မောင်သည် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့ နယ်၊ ရန်ကင်းတောင်ခြေရှိ ရန်ကင်းအေးငြိမ်း ရိပ် သာ၊ မြေဇင်းတောရတရားစခန်းတွင် ဝင်ရောက် တရားအားထုတ်ခဲ့ရာ ရာသီဥတုပူပြင်းမှုကြောင့် ကျန်း မာရေး ချို့တဲ့ပြီး တရားစခန်းပြီးစီးသည့်တိုင်အောင် အားမထုတ်နိုင်ဘဲ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း ကျန်းမာရေး ကောင်းလာသည့်အခါ မှော်ဘီမြို့၊ အသောကကျောင်းတိုက်၊ မြေဇင်းတောရ ဓမ္မရိပ်သာ တွင် လာရောက် တရားအားထုတ်ခြင်းဖြစ်ပါသည်။

စာရေးသူသည် နောက်ပိုင်းကာလများတွင် ဦးမောင်မောင်နှင့်အတူ တရားစခန်းများတွင် အတူ တကွ ဝင်ရောက်အားထုတ်ခြင်း၊ တရားဓမ္မများ ဆွေးနွေးခြင်းနှင့် ရံဖန်ရံခါ ပရလောကအကြောင်း အရာများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ ထိုကဲ့သို့ ဆွေးနွေးခဲ့ကြရာမှ ဦးမောင်မောင်သည် သူ၏ဘဝ ဖြစ်စဉ်ကို အားလပ်သောတစ်ရက်တွင် ပြောပြခဲ့ရာ များစွာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။

စာရေးသူ – ဦးမောင်မောင်မှာ ထူးဆန်းတဲ့ ဘဝ အတွေ့အကြုံတွေ အများကြီးရှိတယ်လို့ ပြောဖူး တယ်ဗျာ၊ ပြောပြစမ်းပါဦး …။

ဦးမောင်မောင် – ဟုတ်ပါတယ်၊ တချို့ အကြောင်း အရာတွေဟာ ထူးဆန်းပါတယ်၊ အထူး သဖြင့် ပရလောကနဲ့ ပတ်သက်တဲ့ကိစ္စှတွေပေါ့၊ သိပံ္ပပညာရပ်နှင့် ဆက်စပ်ကြည့်ရင် မဖြစ်နိုင်ဘူး ပေါ့ဗျာ …။

စာရေးသူ – ဟုတ်တာပေါ့၊ ပရလောကမှာ ထူးခြားဆန်းကြယ်တဲ့ အကြောင်းအရာတွေ ဖြစ်ကြ ပါတယ်။

ဦးမောင်မောင် – ကျွန်တော့် ဇာတိက ငါးသိုင်းချောင်းမြို့ကပါ။ မြို့လေးက သိပ်တော့ မကြီး ပါဘူး။ ငဝန်မြစ်ကမ်းဘေးမှာ ရှိပါတယ်။ ဧရာဝတီ တိုင်း၊ ရေကြည်မြို့နယ်ထဲမှာပေါ့။ စီးပွားရေး ကောင်း တော့ မြို့လေးက စည်ကားပါတယ်။ ပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကပေါ့၊ ၁၉၈၅ ခုနှစ် ကလောက်ပါ။ ကျွန်တော်နဲ့ ကျွန်တော် မိသားစု အဲဒီမြို့လေးမှာ နေပါတယ်။ ကျွန်တော့်ဇနီးအမည်က မလှလှမြင့် ဖြစ်ပါတယ်။ သားတစ်ယောက်၊ သမီး တစ်ယောက်ရှိပါတယ်။ ဖြစ်စဉ်ကတော့ ဒီလိုပါ။ အဲဒီ ၁၉၈၅ ခုနှစ် နှစ်ဦးပိုင်းလောက်မှာ ကျွန်တော်ဇနီးရဲ့ အမူအရာတွေဟာ တစ်မျိုး ဖြစ်နေတယ်။ တစ် ယောက်တည်းလည်း ပါးစပ်က တတွတ်တွတ်နဲ့ စကားပြောနေတယ်။ တစ်ခါတလေ ငေးငိုင်နေ တယ်။ တစ်ခါတလေလည်း မလိုအပ်ဘဲ ဒေါသကြီး နေတတ်တယ်။ သာမန်ပုံစံမဟုတ်ဘူးပေါ့ဗျာ။ ဒီလိုနဲ့ ရက်တွေ၊ လတွေ တဖြည်းဖြည်း ကြာလာတဲ့အခါ ပိုဆိုးလာတယ်။ ကျွန်တော်တို့ မြို့မှာရှိတဲ့ ဆရာဝန် တွေနဲ့ တွေ့ပြီး စမ်းသပ်တဲ့အခါ ဘာရောဂါမှ မရှိဘူး။ လူကောင်းတစ်ယောက်ပဲ။ ပုံမှန်ပါပဲ။ အဲဒါနဲ့ ကျွန်တော်လည်း ရန်ကုန်ကိုလာပြီး စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ပြပါတယ်။ ဆရာဝန်ကလည်း တတ်နိုင် သလောက် ကုသပါတယ်။ အခြေအနေက မထူး ပါဘူး၊ ဆေးတခြား ရောဂါတခြား ဖြစ်နေတာပေါ့။

စာရေးသူ –       ဦးမောင်မောင်က တိုင်းရင်း ဆေးဆရာတစ်ယောက်ပဲလေ။ ကိုယ်ကိုယ်တိုင် ဆေး ကုသမှုရော လုပ်ဆောင်မကြည့်ဘူးလား၊

ဦးမောင်မောင် – ကျွန်တော်လည်း ကုသ ကြည့်ပါတယ်။ မရပါဘူး။ မပျောက်ဘူးပေါ့ဗျာ။

စာရေးသူ – ဆက်ပြောပါဦး။ နောက်ကော ဘယ်လို ဖြစ်သွားသလဲ။

ဦးမောင်မောင် – ပြောပြပါ့မယ်ဗျာ၊ ကျွန် တော်က တစ်နေ့တော့ မြို့ထဲက လက်ဖက်ရည်ဆိုင် မှာ လက်ဖက်ရည်သောက်နေတုန်း ကျွန်တော့်ဘေး ကို လူတစ်ယောက်လာရပ်ပြီး ထမင်းဆာတယ်လို့ ပြောပါတယ်။ ဒါနဲ့ ကျွန်တော်ကြည့်လိုက်တော့ ဦး တိုင်းကျော်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့ရပါတယ်။ အဝတ်အစားတွေက ခပ်နွမ်းနွမ်းပါပဲ။ အသက်က တော့ ၅၀ ကျော် ၅၅ နှစ်လောက်တော့ ရှိမယ်၊ လွယ်အိတ် တစ်လုံးလွယ်ထားတယ်၊ ဦးတိုင်းကျော် ကို ကျွန်တော်တို့ တစ်မြို့လုံးက စိတ်မနှံဘူးလို့ သတ်မှတ်ထားတယ်။ တစ်ခါတလေ ပါးစပ်က ဘာ တွေပြောမှန်း မသိဘူး ပြောနေတာပဲ။ တစ်မြို့လုံး အနှံ့ လျှောက်သွားနေတယ်။ ကြုံသလိုစားတယ်။ သူများ ကျွေးတာစားတယ်။ ကျွေးတဲ့သူမရှိရင် ရေ သောက် ဗိုက်မှောက်ပေါ့ဗျာ။ သူများကိုတော့ ဒုက္ခ မပေးဘူး။ ကလေးတွေနဲ့တော့ ခင်ခင်မင်မင် နေ တတ်တယ်။ ဒီတော့ ကျွန်တော်ကလည်း ကုသိုလ် ရတယ်ဆိုပြီး ခေါက်ဆွဲကြော် တစ်ထုပ်ဝယ်ပြီး သူ့ကို ပေးလိုက်တယ်။ လက်ဖက်ရည်ဆိုင်က ခေါက်ဆွဲ ကြော်တို့၊ ထမင်းတို့လည်းရောင်းတယ်လေ၊

စာရေးသူ – ဦးမောင်မောင်ဇာတ်လမ်းလေး က တော်တော် စိတ်ဝင်စားဖို့ ကောင်းနေပြီ။

ဦးမောင်မောင် – ဟုတ်ပါတယ်၊ နောက်ပိုင်း ဇာတ်လမ်းလေးတွေက ပိုပြီး စိတ်ဝင်စားဖို့ ကောင်း လာပါတယ်။ ကျွန်တော်လည်း နောက်တော့ ဦးတိုင်း ကျော် ဘာလုပ်မယ်ဆိုပြီး နောက်က လိုက်ကြည့်ပါ တယ်။ ကျွန်တော်တို့ မြို့ပြင်မှာရှိတဲ့ ဇရပ်ကလေး ရောက်တော့ ဦးတိုင်းကျော်ဟာ ခေါက်ဆွဲကြော်ထုပ် ကလေးဖြည်ပြီးတော့ အထုပ်လိုက်ပဲ ဇရပ်ထဲမှာရှိတဲ့ ဘုရားစင်မှာ ဆွမ်းကပ်ပါတယ်။ ဘုရားကန်တော့ ပါတယ်၊ ဒီနောက် ခဏလေးစောင့်ပြီး ဆွမ်းတော် စွန့်ပါတယ်။ ပြီးတော့ ခေါက်ဆွဲတွေစားတော့တာပဲ။ သူ့ဘေးမှာ သောက်ရေအိုးလေး တစ်အိုးတွေ့ရ တယ်။ သောက်ရေအိုးထဲက ရေကို ခပ်ပြီး ဘုရား သောက်တော်ရေ ကပ်တယ်။ နောက်ပြီး အဲဒီ သောက်ရေခွက်နဲ့ပဲ သူ ရေသောက်တယ်။ ကျွန် တော်လည်း သူ လုပ်ပုံကိုင်ပုံတွေကို ကြည့်ပြီး ထူးခြားတဲ့ သူဖြစ်မယ်လို့ တွေးမိတယ်။ အများသူငါ ပြောနေကြတဲ့ ရူးနေတဲ့သူတော့ မဖြစ်နိုင်ဘူးလို့ ယူဆမိတယ်။

စာရေးသူ – သူ့ကိုကြည့်ရတာ ပုံမှန် အနေ အထားကို တွေ့နေရတဲ့ သဘောပေါ့၊

ဦးမောင်မောင် – ဟုတ်ပါတယ်၊ နောက် တော့ ကျွန်တော်လည်း ဘာမှမထူးတော့ အိမ်ပြန်ခဲ့ ပါတယ်။ ဒီလိုနဲ့ နေလာတာ ရက်အတော်ကြာပြီး တဲ့ တစ်နေ့မှာတော့ ဆံပင်ညှပ်ဆိုင် တစ်ဆိုင်မှာ ကျွန်တော် ဆံပင်ညှပ်နေတုန်း ဦးတိုင်းကျော် ဆံပင် ညှပ်ဆိုင်ထဲ ဝင်လာပါတယ်။ ပြီးတော့ ကျွန်တော့်ကို ကြည့်ပြီး လူတစ်ယောက် လာတွေ့လိမ့်မယ်။ မြတ်စွာ ဘုရား၏ ပရိတ်တရားတော်ထဲက အပိုဒ်တစ်ပိုဒ်ကို သူမသိလို့ လာမေးလိမ့်မယ်။ အဖြေပေးလိုက်ပါလို့ ပြောပါတယ်။ ကျွန်တော်ကလည်း သူမေးတဲ့ အပိုဒ် ကို မသိရင် ဘယ်လိုလုပ်မလဲလို့ ပြန်မေးရာ ဦးတိုင်း ကျော်က ဖြေနိုင်ပါတယ်လို့ ပြောပါတယ်။

အချိန်အနည်းငယ် ကြာသွားသောအခါ လူ တစ်ယောက် ဆံပင်ညှပ်ဆိုင်ထဲ ဝင်လာပြီး ဦးမောင် မောင် ရှိပါသလားဟု မေးပါသည်။ ကျွန်တော် ကလည်း ဦးမောင်မောင်ဆိုတာ ကျွန်တော်ပါပဲဟု ပြောရာ ထိုလူက ကျွန်တော်အား သေချာစွာ ကြည့်ပြီး ကျွန်တော် ကိစ္စလေးတခုအတွက် ပရိတ် ဂုဏ်တော်ရွက်ဖို့ စာပိုဒ်တစ်ပိုဒ် လိုနေတယ်။ လူ တစ်ယောက်က ဆံပင်ညှပ်ဆိုင်မှာ ဦးမောင်မောင် ဆိုတဲ့လူ ရောက်နေတယ်။ သိချင်ရင် သွားမေးဆိုလို့ လာတာပါ။ ကျွန်တော်ကို ကူညီပါဦးဟု ပြောပါတယ်။ ကျွန်တော်သည် ထိုလူကို မသိပါ။ မြင်လည်း မမြင် ဘူးပါ။ သို့သော်လည်း မိမိနှုတ်မှ ပရိတ်တော်များ အလိုလို ရွတ်လာပါတယ်။ ထိုသူကလည်း စာဖြင့် ရေးမှတ်ပါတယ်။ ထို့နောက် ကျေးဇူးတင်ကြောင်း ပြော၍ ပြန်ထွက်သွားပါတယ်။

ကျွန်တော်ဆံပင်ညှပ်ပြီး ပြန်ထွက်လာတော့ ဦးတိုင်းကျော်လည်း လိုက်လာပါတယ်။ နောက်တော့ သူက ကျွန်တော့်ဇနီးရောဂါကို ကုသပေးနိုင်ကြောင်း၊ ရောဂါပျောက်ကင်းစေဖို့ တာဝန်ယူကြောင်း ပြောပါ တယ်။ ကျွန်တော်အနေနဲ့ အဲဒီတုန်းက သူ့ကို ယုံကြည်မှု မရှိပါဘူး၊ ဒါကြောင့် တကယ် ပျောက် ကင်းအောင်း ကုသပေးနိုင်လားဆိုတာ ထပ်မေးပါ တယ်။ ဦးတိုင်းကျော်က ပျောက်ကင်းအောင် ကုသ ပေးနိုင်ကြောင်း၊ တာဝန်ယူကြောင်း ထပ်ပြောပါ တယ်။ ထို့ပြင် ကျွန်တော့်ဇနီးရောဂါ ပျောက်ကင်း သွားပါက သူ၏ခိုင်းစေချက်ကို ဆောင်ရွက်ပေးရန် ကတိ တောင်းပါတယ်။ မိမိအနေနှင့်လည်း ရောဂါ ပျောက်ကင်းပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်ပါတယ်။ ထို့နောက် သူလည်း မနက်ဖြန် ညနေအိမ်သို့ လာမည်ဖြစ်ကြောင်းပြောကာ ထွက်ခွာ သွားပါတယ်။

ကျွန်တော်ဇနီးသည်၏ ရောဂါနှင့်ပတ်သက် ၍ ပယောဂဆရာများနှင့် ကုသဖူးပါတယ်။ ဆရာ တစ်ယောက်ကိုဆိုလျှင် အိမ်ထဲဝင်သည်နှင့် ဇနီး သည်က ပန်းကန်ပြားနှင့် လှမ်းပေါက်ပါတယ်။ ထို့ပြင် ဒေါသတကြီးနှင့် ရန်တွေ့ပါတယ်။ ထိုဆရာမှာ ဖျာ ပေါ်တွင် ထိုင်လိုက်သည်နှင့် ဖျာနှင့်တင်ပါးကပ်နေပြီး ခွာ၍ မရတော့ပါ။ ထို့ကြောင့် ဆရာမှလည်း သူမနိုင် လောက်ဘူးဆိုပြီး ထပြန်ပါသည်။ အိမ်ပေါက်ဝ ရောက်မှ ဖျာမှာကွာကျသွားပါသည်။ နောက်ထပ် တစ်ဖန် ဆရာတစ်ယောက်မှာ ဘုန်းကြီးတစ်ပါး ဖြစ် ပါတယ်။ ထို့ဘုန်းကြီးမှာလည်း အိမ်အဝင်တွင် ရေနှင့် အပက်ခံရခြင်း၊ ဘုရားသောက်တော်ရေတိုက်ရာတွင် မသောက်ဘဲ ထို့ရေဖြင့် ဘုန်းကြီး မျက်နာကို ပြန် ပက်သဖြင့် ဘုန်းကြီးမှ ကျွန်ုပ်မနိုင်ဘူးဆိုပြီး ပြန်ကြွ သွားပါတယ်၊ ထိုကဲ့သို့သော အကြောင်းများကြောင့် ယခု ဦးတိုင်းကျော်နှင့်လည်း အဆင်ပြေပါမလားဟု တွေးပူနေမိပါတယ်။

စာရေးသူ – ဦးတိုင်းကျော်က နောက် တစ်နေ့ ညနေလာမယ်ဆိုတာ ဟုတ်ကော ဟုတ်ရဲ့ လား၊

ဦးမောင်မောင် – လာပါတယ်၊ နောက်တစ် နေ့ ညနေကျတော့ ကျွန်တော်လည်း အိမ်ရှေ့မှာ ထွက်စောင့်နေပါတယ်။ ညနေ နေဝင်ရီတရောမှာ ဦးတိုင်းကျော် ရောက်လာပါတယ်။ လွယ်အိတ် ကလေး တစ်လုံးလည်း လွယ်ထားပါတယ်။ ကျွန် တော့်အနားရောက်တော့ ဦးတိုင်းကျော်က ကျွန်တော့် ကိုကျော်ပြီး အိမ်ထဲတန်းဝင်သွားတယ်၊ ကျွန်တော်က သူ့နောက်က လိုက်သွားရတယ်။ အိမ်ထဲလည်း ဝင် သွားရော ကျွန်တော့်ဇနီးက မီးဖို့ချောင်ထဲက ဓား ကိုင်ထွက်လာပြီး အဲဒီဓားနဲ့ ဦးတိုင်းကျော်ကို လှမ်း ပေါက်လိုက်တယ်။ ဦးတိုင်းကျော်က ဘယ်လို လုပ် လိုက်သည်မသိပါ။ ဓားက ဦးတိုင်းကျော်ရဲ့ တစ်လံ လောက်အကွာမှာ တစ်ပတ်ပြန်လည်ပြီး ကျွန်တော့် ဇနီးထံ ပြန်သွားပါတယ်။ ကံကောင်းလို့ပေါ့ဗျာ … ဇနီးက အရှောင်မြန်လို့ ဘေးက နံရံကို ဓားက သွားစိုက်ပါတယ်။

ဦးတိုင်းကျော်က ရှေ့သို့ အနည်းငယ် တိုး သွားပြီး ‘ငါ့ကိုမစမ်းနဲ့၊ ဒီလို စမ်းလို့ဘယ်ရမလဲ’လို့ ကြိမ်းဝါးပါတယ်။ ထို့နောက် လက်ညှိုးကို ကွေးချီ ဆန့်ချီ ပြုလုပ်ကာ ကျွန်တော်၏ဇနီးသည်အား အနီးသို့ ခေါ်ယူပါတယ်။ ဇနီးသည်ကလည်း ဒေါသ တကြီးဖြင့် ရန်တွေ့နေပါတယ်။ ထို့နောက် တစ်စုံ တစ်ဦးက ဆွဲခေါ်လာသကဲ့သို့ ဇနီးသည်မှာ အနီးသို့ ရောက်လာပါတယ်။ ဦးတိုင်းကျော်က အပ်ချည်မျှင် တောင်းသဖြင့် ကျွန်တော်လည်း အပ်ချည်လုံးကို ပေးလိုက်ရာ ၄င်းက အပ်ချည်မျှင်တစ်တောင်ခန့် အား ဖြတ်ပြီး နှစ်ခေါက် ခေါက်ကာ ထိုအပ်ချည်မျှင် ဖြင့် လေထဲတွင် ဘယ်ပြန် ညာပြန် ရိုက်ရာတွင် ကျွန်တော့်ဇနီးသည်၏ မျက်နှာတွင် အရှိုးရာများ ထွက်ပေါ်လာပြီး လူမှာလည်း ထိုင်ကျသွားပါတယ်။ ဦးတိုင်းကျော်ကတော့ အပ်ချည်မျှင်ကလေးနဲ့ လေထဲတွင် လူကိုရိုက်သလို ဆက်ရိုက်နေပါတယ်။ မကြာမီ ကျွန်တော့်ဇနီးသည်ထံမှ ‘တော်ပါတော့ …တော်ပါတော့’ဟူသော အသံထွက်လာပါတယ်၊

ဦးတိုင်းကျော်သည် အပ်ချည်မျှင်ဖြင့် ရိုက် နှက်နေခြင်းကို ရပ်လိုက်ပြီး စတင် စကားပြောပါ တယ်။ ထို့ပြင် သူ၏ လွယ်အိတ်ထဲမှ ကြေးမောင်း ကလေးနှင့် တုတ်တံကို ထုတ်ပြီး မောင်း သုံးချက် တီးပါတယ်။

“မင်းအကြောင်းကို ငါသိတယ် …။ ငါ့ အကြောင်းကိုလည်း မင်းသိပါတယ်။ ဒီတော့ ရှည်ရှည်ဝေးဝေး မပြောတော့ဘူး။ မင်းတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ဘဝချင်း ခြားနေပါပြီ။ သူ့ဘဝနဲ့ သူ့မိသားစုနဲ့သူ ရှိပါစေ။ မနှောင့်ယှက် ပါနှင့်တော့” လို့ ပြောပါတယ်။ ထိုအခါ ဇနီးသည်က အချိန်တန်၍ ပြန်ခေါ်ခြင်းဖြစ်ကြောင်း၊ သိုက်သို့ ပြန်လာရန် အချိန်တန်ပြီဖြစ်ကြောင်း ပြောပါတယ်။  ဦးတိုင်းကျော်က ဤစကားကို လက်မခံပါ။ လုံးဝ မနှောင့်ယှက်ရန် ပြောတော့မှ မနှောင့်ယှက်တော့ ပါဘူးဟု ကတိခံပြီး မကြာမီ ဇနီးသည်မှာ မေ့သွား သလို ဖြစ်သွားပါတယ်။ ထို့နောက် ပြန်လည် သတိရလာပါတယ်။ ထို့ပြင် မျက်နှာတွင် ရှိသော အရှိုးရာများလည်း ပျောက်ကွယ်သွားပါတယ်။ ကျွန် တော်လည်း ရေအနည်းငယ်တိုက်ပြီး မေးမြန်းရာ တွင် အစောပိုင်း အဖြစ်အပျက်များကို ဘာမျှ မသိ ကြောင်း ပြောပြပါတယ်။

စာရေးသူ – စိတ်ဝင်စားစရာတော့ ကောင်း ပါတယ်။ နောက်ပိုင်းတော့ ဘယ်လိုဖြစ်သွားသေး သလဲ။

ဦးမောင်မောင် – နောက်ပိုင်းတော့ အဆင် ပြေသွားပါတယ်။ ဘာမှမဖြစ်တော့ဘူး။ ဒါပေမဲ့ အဲဒီ တုန်းမှာပဲ ဦးတိုင်းကျော်က ကျွန်တော့်ကို ခိုင်းစရာ တစ်ခုရှိတယ်၊ အိမ်ကပဲ စောင့်နေပါလို့ပြောပြီး ထွက်သွားပါတယ်။ နောက်ပိုင်း ကျွန်တော် သိရတာ တော့ သူက ဘိုးတော်တစ်ပါးပါပဲ။

စာရေးသူသည် ဦးမောင်မောင်၏ ပြောပြ ချက်များနှင့် ဆက်စပ်ပြီး နောက်ပိုင်း အကြောင်း အရာများကို ဆက်လက်မေးမြန်းခဲ့ရာ ဦးမောင် မောင်က နောက်ပိုင်းတွင် ဘိုးတော် ဦးတိုင်းကျော် ရောက်ရှိလာခြင်းနှင့် သိုက်နန်းရှင်များရှိရာ ရခိုင်ရိုးမ တောင်ကြောပေါ်ရှိ မြင်းမထိတောင်နှင့် မောင်းတီး သိုက်သို့ ရောက်ရှိခဲ့ပုံတို့ကို ပြန်လည် ပြောပြခဲ့ပါ တယ်။ စာရေးသူမှလည်း အထက်ပါ စိတ်ဝင်စား ဖွယ်ရာ ဖြစ်စဉ်တို့ကို ဆက်လက် ရေးသားဖော်ပြ ပေးမည်ဖြစ်ပါတယ်။

 

မင်းဘုန်းရွှေ

Comments

comments

Post Author: manawmaya