မြေမထိ မိုးမထိရွာနှင့် မောင်းတီးသိုက်

စာရေးသူသည် ဓမ္မမိတ်ဆွေတစ်ဦးဖြစ်သော ဦးမောင်မောင်နှင့် တရားဓမ္မနှင့် ပတ်သက်၍လည်း ကောင်း၊ ပရလောကနှင့် ပတ်သက်၍လည်းကောင်း စကားစမြည်ပြောဆိုရာမှ ဦးမောင်မောင်သည် သူ၏ ထူးခြားသော ဘဝအတွေ့အကြုံတို့ကို စာရေးသူအား ပြောပြခဲ့ရာ စိတ်ဝင်စားဖွယ်ရာကောင်းသဖြင့် စာဖတ် သူများကို မျှဝေနိုင်ရန် ဆောင်းပါးအဖြစ် ရေးသား ဖော်ပြခဲ့ပါသည်။ ဦးမောင်မောင်က ပြောပြသော ဇာတ်လမ်းမှာ မဆုံးသေးပါ။ နောက်ဆက်တွဲ ဇာတ် လမ်းမှာလည်း စိတ်ဝင်စားဖွယ် ကောင်းလှသဖြင့် အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

စာရေးသူ         ဦးမောင်မောင်က ပြောပြတဲ့ ဇာတ်လမ်းလေးက တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ နောက်ပြီးတော့ ဇာတ်လမ်းက မဆုံးသေးဘူးလို့လည် သိရပါတယ်။ ဒါကြောင့် ဇာတ်လမ်းလေးကို ဆက်ပြောပြပေးပါဦး …၊

ဦးမောင်မောင်။ ။ ဟုတ်ပါတယ်၊ ဇာတ်လမ်း လေးက မပြီးဆုံးသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်ရဲ့ဇနီး ရောဂါကတော့ ပျောက်သွား ပါတယ်။ နောက်ထပ် မဖြစ် တော့ပါဘူး။ သိုက်ကလည်း မနှောင့်ယှက်တော့ပါဘူး။ နောက်ပြီး တော့ ယခင်ဖြစ်ခဲ့တာတွေလည်း မမှတ်မိတော့ ဘူး၊ မသိဘူးလို့ ပြောတယ်၊

စာရေးသူ။       ။ အရင်တစ်ခါ ပြောတုန်းက တော့ ဘိုးတော်တစ်ပါးလို့ ပြောလို့ရတဲ့ ဦးတိုင်း ကျော်က မကြာခင် ပြန်လာမယ်လို့ ဆိုပါတယ်။ အမှန်တကယ်ရော လာပြီး တွေ့သေးလား။

ဦးမောင်မောင် ။ ။ ဒီလိုပါဗျာ …၊ ဦးတိုင်းကျော်ဟာ ကျွန်တော့်ဇနီးကို ကုသပေးပြီး တဲ့နောက် မြို့မှာ မရှိတော့ဘူး။ သူအမြဲတမ်းနေခဲ့တဲ့ ဇရပ်ကလေးမှာလည်း မတွေ့တော့ဘူး၊ ပျောက်သွား တာ တစ်လကျော်လောက်ကြာတယ်။ ဒီကြားထဲမှာ ဘာအဆက်အသွယ်မှလည်း မရှိဘူး၊ ဒီလိုနဲ့ တစ်လ ကျော်လောက် အကြာမှာ ညနေစောင်း နေဝင်ရီ လောက် အချိန်ပေါ့။ ဦးတိုင်းကျော် ကျွန်တော့်အိမ်ကို ရောက်လာပါတယ်။ ပြီးတော့ ကျွန်တော့်ကို ခရီး ထွက်မယ်၊ တစ်ခါတည်းသူနဲ့ လိုက်ခဲ့ဖို့ပြောပါတယ်။ ဒီတော့ ကျွန်တော်က ဘယ်ကိုသွားမှာလဲ၊ ဘယ်နှစ် ရက်လောက်ကြာမလဲမေးတော့ ခရီးက နည်းနည်း တော့ ဝေးပါတယ်။ ကြာမယ့်အချိန် နေ့ရက်ကတော့ တိတိကျကျ မပြောနိုင်ဘူး။ အနည်းဆုံး တစ်လ/ နှစ်လလောက်တော့ ကြာလိမ့်မယ်။ ဒီထက်လည်း ပိုနိုင်တယ်လို့ ပြောပါတယ်။ ဒီတော့ ကျွန်တော်က လည်း လိုက်နိုင်ပါတယ်။ အခက်အခဲ မရှိပါဘူး၊ ဒါပေမဲ့ မိသားစု ပြဿနာတော့ရှိတယ်လို့ ပြောလိုက် ပါတယ်။ ဒါကတော့ တခြားမဟုတ်ပါဘူး၊ ကျွန်တော့် မိသားစုကို ကျွန်တော်က ရှာဖွေ ကျွေးနေရတာ၊ ကလေး နှစ်ယောက်ကလည်း ရှိသေးတယ်၊ ကျွန်တော် မရှိရင် သူတို့ စားဝတ်နေရေးအတွက် အခက် အခဲ ရှိနိုင်တယ်။

စာရေးသူ။       ။ အဲဒါတော့ ဟုတ်တာပေါ့၊ ကိုယ့်မိသားစု ဒုက္ခရောက်နိုင်တာပေါ့။ ဇနီးသည်က မလုပ်တတ် မကိုင်တတ်ရင် ပိုဆိုးသွားမယ်။

ဦးမောင်မောင်။ ။ ဦးတိုင်းကျော်က ပြော တာတော့ အဲဒီကိစ္စအတွက် မပူပါနဲ့၊ အဆင်ပြေသွား လိမ့်မယ်လို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော် လည်း အဝတ်အစား တစ်စုံလောက်နဲ့ လွယ်အိတ် တစ်လုံး ယူပြီး သူ့နောက်က လိုက်ခဲ့တယ်။ တခြား ဘာမှ မပါဘူး၊ သူကလည်း အဝတ်တစ်ထည် ကိုယ် တစ်ခုပဲ။ လွယ်အိတ်ကလေး တစ်လုံးပဲပါတယ်။

စာရေးသူ။       ။ နောက်တော့ ဘယ်ကို သွား ကြသလဲ။

ဦးမောင်မောင် ။ ။ ကျွန်တော်တို့ မြို့လေးက ငဝန်မြစ် အရှေ့ဘက်ကမ်းမှာ ရှိပါတယ်။ တိုတိုပြော ရရင်တော့ မြစ်အနောက်ဘက်ကမ်းကို လှေနဲ့ ကူး ကြတယ်။ ပြီးတော့ မြောက်ဘက်ကို လမ်းလျှောက် သွားကြတယ်။ ကားနဲ့ ခရီးသွားတာ မဟုတ်ဘူး။ လမ်းလျှောက်သွားရတာ၊ ပြီးတော့ အလင်းရောင် လည်း မရှိတော့ဘူး၊ ကြယ်ရောင် လရောင်ပဲပေါ့။ တောထဲတောင်ထဲက ဖြတ်သွားရတာပါ။ လူသွား လမ်းကလေးအတိုင်းပဲ ဟိုခြုံတိုး ဒီခြုံတိုးပေါ့။ ဦးတိုင်းကျော်က လမ်းလျှောက်တာ တော်တော် မြန် တယ်။ မီအောင် မနည်းလိုက်ရတယ်။ ဒါပေမဲ့ ထူးခြားတာက တစ်ညလုံး လမ်းလျှောက်သွားတာ မမောဘူးဗျ။ သက်သောင့်သက်သာပဲ။ နောက် တစ်နေ့ မိုးလင်းတော့လည်း တောထဲမှာ သွားနေ ရတုန်းပဲ။ တောထဲတောင်ထဲမှာဆိုတော့ လူအသွား အလာ နည်းပါတယ်။ တောကောင်တွေ ဘာတွေ လည်း သိပ်မတွေ့ရဘူး။ နေ့လယ်လောက်မှာတော့ တောင်ပေါ် တောတွင်း စခန်းလေးတစ်ခု ရောက်ပါ တယ်။ ဒီစခန်းမှာ စခန်းချပါတယ်။ လူပုဂ္ဂိုလ်တွေ နည်းနည်းပါးပါး တွေ့ရတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောကြဘူး။ ဒီစခန်းမှာ သဘာဝ လိုဏ်ဂူကလေးတွေ ရှိတယ်။ ထူးခြားတာ ကတော့ ဂူတွေ အားလုံးဟာ အရှေ့ဘက်ကို လှည့် နေတာ တွေ့ရတယ်။ ဂူတွေက သိပ်မကြီးပါဘူး၊ လူနည်းနည်းပဲ နေလို့ရပါတယ်။ ဒီနေရာက ဘိုးတော် တွေ၊ ဝိဇ္ဇာတွေရဲ့ ယာယီစခန်းလို့ ပြောပါတယ်။ ဝိဇ္ဇာတွေ ဘိုးတော်တွေ အဆင့်မြှင့်တင်ဖို့ သို့မဟုတ် ထုံကူးတဲ့အခါ ဒီနေရာမှာလာပြီး ထုံကူးကြတာလို့ သိရပါတယ်။

ဒီစခန်းရောက်တော့ ဦးတိုင်းကျော်က ကျွန် တော်ကို ဂူတစ်ခုထဲမှာ နေရာပေးပါတယ်။ အဲဒီ နောက်တော့ အဓိဋ္ဌာန်နှင့် ပုတီးစိပ်ခိုင်းပါတယ်။ ဘုရား ဂုဏ်တော်၊ ပရိတ်တော်နှင့် သူစိပ်ခိုင်းတဲ့ ဂုဏ်တော်တွေပဲပေါ့။ တစ်နေကုန် စိပ်ရပါတယ်။ အစားအသောက်ကတော့ ထမင်းနဲ့ ဆားပဲရှိတယ်။ အခြားဘာမှ စားစရာ မရှိဘူး။ နေ့တိုင်း ဒါပဲ စားရ တယ်။ ဒါပေမဲ့ ထူးဆန်းတာတစ်ခု ပြောပြဦးမယ်၊ ဒီစခန်းပတ်ဝန်းကျင်မှာ စပါးတစ်မျိုးရှိတယ်။ ရသေ့ စပါးလို့ခေါ်တယ်။ တောထဲမှာ အလေ့ကျပေါက် တယ်။ စပါးအခွံက သိပ်မထူဘူး စပါးက ရင့်သွားရင် စပါးအခွံက နည်းနည်းဟသွားတယ်၊ ဒါကြောင့် လက်နဲ့ အသာအယာ ပွတ်ချေရင် ဆန်ရလာတာ ပေါ့။ ရသေ့ဆန်လို့ ခေါ်တယ်။ အဲဒီရသေ့ဆန်ကို စားရတယ်၊ မြို့ထဲ ရွာထဲမှာတော့ ဒီဆန်မျိုးမရှိ ပါဘူး။

ကျွန်တော်လည်း ဒီစခန်းမှာ အဓိဋ္ဌာန်ပုတီး စိပ်ရတာ သုံးလကြာပါတယ်။ ပုတီးစိပ်ရင် တခြား အာရုံရောက်လို့ မရဘူး။ တစ်ခါတလေ တခြားကို အာရုံရောက်သွားရင် နားထဲမှာ ဦးတိုင်းကျော် အသံ ကြားရတယ်။ တခြားအာရုံကို ရောက်နေတယ်။ သတိ ထားပါ။ ဂရုစိုက်ပြီး အာရုံစူးစိုက်ပြီး ပုတီးစိပ်ပါ …ဆိုတဲ့ သတိပေးသံ ကြားရတယ်။ ဒီဝိဇ္ဇာစခန်းသို့ ဘိုးတော်ဇာလီတောင် ဆရာတော်နှင့် ဘိုးတော် သိပ္ပံ ပညာတို့သည် ရံဖန်ရံခါ လာရောက်လေ့ရှိပြီး ဝိဇ္ဇာ လမ်းစဉ်နှင့် ပတ်သက်ပြီး ပညာပေးခြင်း၊ လမ်း ညွန်ခြင်းများ ပြုလုပ်လေ့ရှိပါတယ်၊ ထို့ပြင် တခြား သော မိမိ မသိရှိသော ဝိဇ္ဇာများလည်း လာရောက် လေ့ရှိပါတယ်။

ကျွန်တော်လည်း စခန်းရောက်ပြီး သုံးလ လောက်အကြာမှာ အိမ်ပြန်ဖို့ ပြောပါတယ်။ ပြီးတော့ အိမ်ရောက်ရင်ဆက်လက်ပြီး ပုတီးစိပ်ဖို့ပြောပါတယ်။ ဒီနေရာမှာ တစ်ခုပြောလိုတာက စခန်းရောက်ပြီး နောက်ပိုင်း ဦးတိုင်းကျော်ကို မတွေ့ရတော့ဘူး။ သူ ပြောစရာရှိရင် နားထဲမှာ အသံကြားနေရတယ်။ ထို့ပြင် ကျွန်တော်ကလည်း ပြောစရာရှိရင် စိတ်ထဲက ပြော လိုက်တာပဲ။ သူ သိသွားပါတယ်။ ကျွန်တော် အိမ် ပြန်တော့ ဒီလိုပဲ တောထဲက လမ်းလျှောက် ပြန်ရ တယ်။ အသွားတုန်းက တစ်ရက်ခရီးပေမယ့် အပြန် ကျတော့ သုံးရက်ကြာအောင် သွားရပါတယ်။

စာရေးသူ။       ။ ဒီဝိဇ္ဇာစခန်းက ဘယ်နေရာ မှာ ရှိတာလဲ၊ ပြောပြနိုင်ပါသလား။

ဦးမောင်မောင်။ ။ ကျွန်တော် သိရ သလောက်တော့ ဒီစခန်းက ယာယီစခန်းလို့ ပြော ပါတယ်။ အင်္ဂပူမြို့နယ်ရဲ့ အနောက်ဘက်ခြမ်းပေါ့။ ရခိုင်ရိုးမ(အနောက်ရိုးမ) တောင်ကြောပေါ်မှာရှိတာပဲ။ ကျွန်တော်လည်း တိတိကျကျတော့ မပြောတတ်ဘူး။ လူသူအရောက်အပေါက်တော့ နည်းတယ်။

စာရေးသူ။ ။ အိမ်ပြန်ရောက်ပြီး နောက် ပိုင်းကော ဘာတွေထူးခြားမှုရှိသေးလဲ။

ဦးမောင်မောင်။ ။ ဦးတိုင်းကျော် ခိုင်းတဲ့ အတိုင်း ပုတီးစိပ်ရပါတယ်။ မပျက်မကွက် စိပ်ရပါ တယ်။ အာရုံထဲ ဖြတ်လို့မရဘူး။ ပုတီးစိပ်နေရင်း တခြားအာရုံရောက်သွားရင် နားထဲမှာ ဦးတိုင်းကျော် အသံကို ကြားရတယ်။ အာရုံတွေ လွင့်နေပြီး သတိ ကပ်ထားပါ စသည့်ဖြင့်ပေါ့။ နောက်ပိုင်းတော့ ဘုရား တွေမှာလိုက်ပြီး ပုတီးစိပ်ရပါတယ်။ တွံတေး ရွှေဆံ တော်ဘုရား၊ ပုသိမ် ရွှေမော်ဓောဘုရား၊ ရန်ကုန် ရွှေတိဂုံဘုရား၊ ပဲခူး ရွှေမော်ဓောဘုရား၊ သံလျင် ကျိုက်ခေါက်ဘုရား စသည့်ဖြင့်ပေါ့။ အဓိဋ္ဌာန် ခုနစ် ရက်၊ ဒါမှမဟုတ် သူသတ်မှတ်ပေးတဲ့ ရက်အတိုင်း ပေါ့။ ဒီလို ပုတီးအမြဲတမ်း စိပ်လာတော့ သမာဓိ လည်း အားကောင်းလာပါတယ်။

စာရေးသူ။       ။ ယခင်တစ်ခါတုန်းက မြေ မထိ၊ မိုးမထိရွာတို့၊ မောင်းတီးသိုက်တို့ကို ရောက်တဲ့ အကြောင်း ပြောဖူးတယ်၊ ဘယ်လိုရောက်သွားတာ လဲ၊ ပြောပြစမ်းပါဦး …၊

ဦးမောင်မောင် ။ ။ ပြောရရင်တော့ဗျာ၊ ကျွန်တော့်ဇနီးနဲ့ ဆက်စပ်နေတာပေါ့။ ကျွန်တော့် ဇနီးက မောင်းတီးသိုက်က ဝင်စားတာလို့ ပြောပါ တယ်။ ဒီတော့ ကျွန်တော်လည်း မောင်းတီးသိုက်ကို စိတ်ဝင်စားတာပေါ့။ မောင်းတီးသိုက် အကြောင်း ကိုလည်း လေ့လာတာပေါ့။ ပုသိမ်ကနေ မော်တင်စွန်း သွားတဲ့ ကားလမ်းနံဘေးမှာ ပျဉ်းမချောင်းဆိုတဲ့ ရွာတစ်ရွာရှိတယ်။ အဲဒီရွာနားမှာ အတွင်းဒီပါရုံတောင် ရှိပါတယ်။ အတွင်းဒီပါရုံတောင်မှာ အတွင်း ဒီပါရုံ ဘုရားရှိပါတယ်။ စေတီတစ်ဆူပေါ့၊ ရွှေရောင် တဝင်း ဝင်းနဲ့ပါ။ မည်သူမဆို သွားရောက်ဖူးမြော်နိုင်ပါတယ်။ အတွင်း ဒီပါရုံဘုရားရဲ့ တောင်ဘက်မှာ မြေမထိ၊ မိုးမထိရွာ ရှိပါတယ်။ ဒီရွာကိုတော့ သာမန်မျက်စိနဲ့ မမြင်ရပါဘူး။ သိုက်ရွာလို့ ခေါ်ရမလား မသိဘူး။ မောင်းတီးသိုက် လို့လည်းခေါ်ပါတယ်။ ရွှေမောင်းတီး လို့လည်း ခေါ်ကြပါတယ်။ သိုက်ကိုအုပ်ချုပ် နေသူ ကတော့ အမေ ဒေါ်ဝါပေါက်လို့ ပြောကြပါတယ်။ ဒေါ်ဝါပေါက်က သိုက်ချုပ်လို့ ပြောကြပါတယ်။ နယ်မြေတာဝန်ခံ သဘောမျိုးပေါ့။ သူ့နယ်မြေထဲမှာ ရှိတဲ့ သိုက်တွေ အားလုံးကို အုပ်ချုပ်နေတဲ့ သဘော မျိုးပေါ့။ အမေဒေါ်ဝါပေါက်က လူ့ဘဝတုန်းက တွံတေးမြို့မှာ နေတယ်လို့ကြားဖူးတယ်။ တွံတေး သူပေါ့ဗျာ …။

စာရေးသူ။       ။ ကျွန်တော်ကြားဖူးတာ တစ်ခုရှိတယ်။ အစ်မတော် မြနန်းနွယ်လည်း သိုက် ချုပ်လို့ ပြောကြတယ်။ ဗိုလ်တထောင်၊ သံလျင်၊ ကျောက်တန်းနယ်မြေတွေက သိုက်တွေရဲ့ အချုပ်လို့ ပြောကြတယ်။ ကျွန်တော်လည်း တိတိကျကျတော့ မသိဘူးပေါ့ဗျာ …။

ဦးမောင်မောင် ။ ။ ဟုတ်ပါတယ်၊ ကျွန်တော်လည်း ကိုယ်သိတာကလေး ပြောပြတာပါ။ ကျွန်တော်လည်း ကျွန်တော်၏ဇနီးက မောင်းတီး သိုက်က လာတာလို့ ကြားတော့ သိုက်ကို သွားပြီး ကြည့်ချင်နေတယ်။ ဒီတော့လည်း ဦးတိုင်းကျော်ကို တောင်းဆိုတာပေါ့ဗျာ။ ဒီလိုနဲ့ နောက်တော့သွား ခိုင်းတာပေါ့။ ကျွန်တော်လည်း အတွင်းဒီပါရုံဘုရား ကို ပထမဦးဆုံးရောက်အောင် သွားရပါတယ်။ ဘုရား ကိုတော့ လူတိုင်းဖူးနိုင်ပါတယ်။ ဘုရားကိုရောက် တော့ တောင်တက်လမ်းကလေးအတိုင်း သွားဖို့ နားထဲမှာ အသံကြားနေရတယ်။ ကျွန်တော်လည်း သွားရင်းနဲ့ ရှေ့ကိုလှမ်းကြည့်လိုက်ရာ ခပ်လှမ်းလှမ်း မှာ ရွာကြီးတစ်ရွာကို လှမ်းမြင်ရတယ်။ ရွာကလည်း သွပ်မိုးအိမ်တွေနဲ့ ရွာကြီးတစ်ရွာအဖြစ် မြင်နေရပါ တယ်။ ထို့နောက် မကြာမီ ရွာထိပ်ရောက်ပြီး ရွာလယ်လမ်းမကြီးအတိုင်း လျှောက်သွားပါတယ်။ ရွာထဲကလူတွေက ဥဒဟို သွားလာနေကြပြီး ကျွန် တော့်ကို လှည့်တောင်မကြည့်ကြပါဘူး။ သူတို့ ကိစ္စနှင့်သူတို့ သွားလာနေကြတယ်။

ရွာလယ်ရောက်တော့ ဓမ္မာရုံလိုလို တန်ဆောင်း လိုလို အဆောက်အအုံ တစ်လုံးကို တွေ့ရပါတယ်။ အဆောက်အအုံရဲ့ အဝင်ပေါက်နားရောက်တော့ အထဲကို လှမ်းကြည့်တဲ့အခါ တော်တော်ကြီးတဲ့ ဘုရား ဆင်းထုတော်တစ်ဆူကို ဖူးတွေ့ရပါတယ်။ မဟာ မြတ်မုနိပုံတော်နှင့် ပုံသဏ္ဌာန်တူပေမယ့် မင်းဝတ် တန်ဆာပလာတော့ မပါပါဘူး။ ဘုရားရှေ့မှာတော့ ပြိုးပြိုးပြက်ပြက်နဲ့ အရောင်လက်နေတဲ့ ကလပ်ခုံ ကလေးတွေ တွေ့ရပါတယ်။ သပြေပန်းတွေ ထိုး ထားတဲ့ ပန်းအိုးတွေ၊ အခြားပန်းတွေထိုးထားတဲ့ ပန်းအိုးတွေ တော်တော်များများ တွေ့ရပါတယ်။ ကျွန်တော်လည်း အထဲဝင်ဖို့ လုပ်လိုက်တဲ့အခါ အပေါက်ဝမှာ ဘီလူးတစ်ကောင် ပေါ်လာပြီး ကျွန်တော့် ကို တားပါတယ်။ နောက်ပြီးတော့ အပေါက်ဝ အပေါ် ဘက်မှာ မဝင်ရဆိုတဲ့ စာတမ်းလေးလည်း ကျွန်တော် မော်ကြည့်တော့ တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော် အတင်းဝင်မယ်လုပ်တော့ နားထဲမှာ မဝင်ပါနဲ့ဆိုတဲ့ အသံကြားရတယ်။ ဒါနဲ့ ကျွန်တော်လည်း မဝင်ဖြစ် တော့ဘူး၊

ကျွန်တော် ရှေ့ဆက်လျှောက်သွားတော့ အဆောက်အအုံကလေးတစ်ခု ထပ်တွေ့ပါတယ်၊ ထို့အဆောက်အအုံထဲကို ဝင်ကြည့်ပါဆိုတဲ့ အသံ ကြားရပါတယ်။ ကျွန်တော် ဝင်ကြည့်တော့ အလောင်း တွေထားတဲ့ အခန်းဖြစ်နေတယ်။ အလောင်းတွေ ထည့်ထားတဲ့ ခေါင်းတလားတွေကို တန်းစီပြီး ချ ထားတာ တွေ့ရပါတယ်။ ဒါနဲ့ ကျွန်တော်လည်း အလောင်းတွေကိုလိုက်ကြည့်တော့ ကျွန်တော်ဇနီးကို တွေ့ရပါတယ်။ ရုပ်လက္ခဏာတွေ အားလုံးဟာ ကျွန် တော့်ဇနီးကို လက်ရှိမြင်တွေ့ရတဲ့ အတိုင်းပါပဲ၊ အရာ အားလုံး တူညီနေတာတွေရပါတယ်။ ထူးခြားတာက တော့ သူ့လက်ချောင်းမှာ လက်စွပ်ကလေး တစ် ကွင်း ဝတ်ထားတာတွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော့် ဇနီးမှာတော့ လက်ရှိလက်စွပ်ဝတ်ထားတာ မတွေ့ရ ပါဘူး။ မိမိနဲ့ အိမ်ထောင်ပြုတုန်းကလည်း လက်စွပ် ဝတ်ထားတာ မတွေ့ရဘူး။ ဒါနဲ့ ကျွန်တော်လည်း နောက်ထပ်ထူးခြားတာ မတွေ့တော့ လှည့်ပြန်ခဲ့ပါ တယ်။

စာရေးသူ။       ။ နောက်တော့ ဘာတွေဖြစ် သေးလဲ၊ ထူးခြားတာလေးတွေရော ရှိသေးလား။

ဦးမောင်မောင်   ။ ။ သိုက်တွေနဲ့ပတ်သက်ပြီး ထွေထွေထူးထူး မရှိပါဘူး။ ပြောစရာရှိတာကတော့ ကျွန်တော်လည်း အိမ်ပြန်ရောက်တော့ လက်စွပ် ကိစ္စကို ကျွန်တော်ဇနီးအား မေးကြည့်ပါတယ်။ သူ့ ပြောပြတာက အပျိုဘဝတုန်းက ကျောင်းသား ကလေး တစ်ယောက်က လက်စွပ်ကလေး တစ်ကွင်း ကိုင်းပြီး သူ့နောက်က လိုက်လာကာ ကောက်ရတဲ့ အကြောင်းနဲ့ သူ့ကိုပေးတဲ့အကြောင်းကို ပြောပြပါ တယ်။ ထိုလက်စွပ်ကလေးကို ဝတ်ကြည့်တဲ့အခါ သူ့လက်နဲ့အနေတော် ဖြစ်နေတာကို တွေ့ရပါတယ်။ ကျောင်းသားလေးကို ပြန်ပေးမယ်လုပ်တော့ ကလေး ကို ရှာမတွေ့တော့ဘူး။ ဒါနဲ့ ဝတ်ထားလိုက်ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ပြုတော့မယ်လည်း လုပ်ရော လက်စွပ်ကျပျောက်သွားပါတယ်။ ဘယ်နေရာမှာ ကျ ပျောက်မှန်း မသိတော့ပါဘူးလို့ အကြောင်းစုံ ပြောပြ ပါတယ်။ နောက်ထပ်တစ်ခုကတော့ ကျွန်တော့်အိမ် ကို ဘယ်သူမှန်းတော့မသိဘူး၊ လစဉ် ဆန်တို့ ငွေတို့ လာလာပို့ကြတယ်။ စာရေးသောက်ရေး အဆင်ပြေ သွားတာပေါ့။

စာရေးသူ။       ။ ဦးမောင်မောင်က တဖြည်း ဖြည်းနဲ့ ဝိဇ္ဇာလိုင်းလမ်းကြောင်းကို ရောက်သွား တာပေါ့။

ဦးမောင်မောင်   ။ ။ အဲဒီသဘောကို ဆောင်သွားတာပေါ့။ ဝိဇ္ဇာလိုင်းမှာ လူတွေကို ကူညီ စောင့်ရှောက်ဖို့နဲ့ သာသနာပြုလုပ်ငန်းတွေ လုပ်ရပါ တယ်။ ဘုရားတည်တာတို့၊ ဘုန်းကြီးကျောင်းတွေ ဆောက်ပေးတာတို့၊ ရှေ့ဟောင်းဘုရားတွေ ပြုပြင် ပေးတာတို့ စသည်ဖြင့် လုပ်ပေးရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ ကျွန်တော်က ဝိပဿနာလုပ်ငန်းကို အားသန်တော့ တရားစခန်းဝင်တာ၊ တရားအားထုတ် တာတွေကို အဓိကထားလုပ် လာတော့ ဘိုးတော် အသံတွေလည်း သိပ်မကြားရတော့ဘူး သိပ်လည်း မခိုင်းတော့ဘူး။ အခုတော့ ကျွန်တော်လည်း သာ သနာရေးကိစ္စတွေလည်း လုပ်ပါတယ်။ ဝိပဿနာ တရားလည်း အားထုတ်နေပါတယ်။

ဦးမောင်မောင်၏ဘဝဖြစ်စဉ်များမှာ သဘာဝ မဟုတ်သော ထူးခြားသော အခြေအနေဖြစ်ပါသည်။ စာဖတ်ရှုသူများ လေ့လာသိရှိနိုင်ရန် ရေးသား ဖော် ပြခြင်း ဖြစ်ပါသည်။

 

မင်းဘုန်းရွှေ

Comments

comments

Post Author: manawmaya