ဝိသာခါ၏ ဒုက္ခ

ကျောင်းအမကြီး ဝိသာခါဟုဆိုလျှင် ဗုဒ္ဓ ဘာသာဝင်များအနေဖြင့် မကြားဖူးသူမရှိသလောက် ဖြစ်ပေသည်။ ဝိသာခါသည် ထိမ်းမြားလက်ထပ်ပြီး နောက် ခင်ပွန်းဖြစ်သူ ပုဏ္ဏဝဍ္ဎကာ သူဋ္ဌေးသား နေထိုင်ရာ သာဝတ္ထိပြည်သို့ လိုက်ပါခဲ့ရသည်။ ထိုသို့ လိုက်ပါခါနီးတွင် ဖခင်ဖြစ်သူ ဓနဉ္စယသူဋ္ဌေးကြီးက လင့်အိမ်သို့ လိုက်ပါနေထိုင်ရမည့် သတို့သမီးတစ် ယောက် လိုက်နာကျင့်ကြံရမည့် အချက် ၁၀ ချက်ကို ဆိုဆုံးမလိုက်လေသည်။ ယင်းအချက် ၁၀ ချက်မှာ အိမ်ထောင်ရှင် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီး များလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအဖြစ် မြန်မာမှုနယ်ပယ်တွင် ထင်ရှားခဲ့သည်။

ထို့အပြင် ဝိသာခါကျောင်းအမကြီးမှာ အလှူ ဒါနပြုရာ၌ ရက်ရောလှသည်။ မြန်မာ့ယဉ်ကျေးမှု နယ်ပယ်၊ ဗုဒ္ဓဘာသာဝင်တို့၏ နယ်ပယ်တွင် အလှူ ဒါနပြုရာ၌ ရက်ရောသူ၊ ဂုဏ်သတင်းကြီးသူ အမျိုး သမီးများကို ဝိသာခါကျောင်းအမကြီးနှင့် နှိုင်းယှဉ် ပြောဆိုလေ့ရှိလေသည်။

“လိမ္မာသောပန်းသည်သည် ပန်းစုပန်းပုံတို့မှ ကောင်းမြတ်သော ပန်းတို့ကို ရွေးချယ်သီကုံးသကဲ့သို့  သတ္တဝါများသည် မိမိဥစ္စာအစုထဲမှ ဒါနပန်းကုံးတို့ ကို သီကုံးပြုလုပ်သင့်လှ၏”

အထက်ဖော်ပြပါ ဒေသနာမှာ သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်ကြီး၌ ကျောင်းအမကြီး ဝိသာခါ ကို အကြောင်းပြု၍ ဟောကြားတော်မူခဲ့ခြင်းဖြစ်ပေ သည်။

ဝိသာခါသည် မေဏ္ဍက သူဋ္ဌေး၏သား ဓနဉ္ဇယ သူဋ္ဌေးနှင့် ဇနီး သုမနဒေဝီတို့မှ မွေးဖွားခဲ့သူဖြစ် သည်။ ငယ်ရွယ်စဉ်မှစ၍ ဘုန်းကံပါရမီနှင့် ပြည့်စုံ သူဖြစ်ခဲ့သည်။ ဝိသာခါ ခုနစ်နှစ်သမီးအရွယ်တွင် ဗုဒ္ဓရှင်တော်ဘုရားသည် ဘဒ္ဒီယမြို့သို့ ကြွရာက်လာ ရာ အဘိုးသူဋ္ဌေးကြီး၏ တာဝန်ပေးချက်အရ ဝိသာခါ နှင့် သတိုးသမီးငယ် ငါးရာတို့သည် ဗုဒ္ဓရှင်တော်အား ကြိုဆိုဂါရဝပြုကြရလေသည်။ ခရီးရောက်မဆိုက် မှာပင် ဗုဒ္ဓ၏ တရားတော်ကို နာကြားလိုက်ရလေ ရာ ဝိသာခါနှင့် အဖော်ငါးရာတို့သည် သောတာ ပတ္တိဖိုလ်သို့ ဆိုက်ရောက်ကြလေသည်။ ခုနစ်နှစ် သမီးအရွယ်တွင် သောတာပန်ဖြစ်ခဲ့လေသည်။

ယောက္ခမဖြစ်သူ၊ မိဂါရသူဋ္ဌေးကြီးကပင် မိခင်သဖွယ် လေးစားလာရသဖြင့် “မိဂါရမာတာ ဝိသာခါ”ဟူ၍လည်း ဗုဒ္ဓစာပေနယ်ပယ်တွင် ဂုဏ်သတင်းကြီးမားခဲ့သူ ဖြစ်သည်။

ဤမျှကောင်းသော ဂုဏ်သတင်းတို့ဖြင့် ပေါ ပြည့်လှသော ဝိသာခါကျောင်းအမကြီးတွင် ဒုက္ခ တစ်ခုကို ကြုံတွေ့ခဲ့ရဖူးလေသည်။ ကျောင်းအမကြီး ဝိသာခါသည် သောတာပန်တစ်ဦးပင်ဖြစ်သော်လည်း ဤဒုက္ခတစ်ခုကိုမူ မလွဲမရှောင်သာ ရင်ဆိုင်ခဲ့ရပေ သည်။ တရားသံဝေဂယူနိုင်ကြရန်အတွက် တင်ပြ အပ်ပေသည်။

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံ ကျောင်း၌ သီတင်းသုံးနေစဉ်ဖြစ်ပေသည်။ ဤ ကျောင်းတော်ကြီးမှာ ဝိသာခါကျောင်းအမကြီး လှူ ဒါန်းထားသော ကျောင်းတော်ကြီးပင်ဖြစ်ပေသည်။

တစ်နေ့တွင် ကျောင်းအမကြီး၏ မြေးတစ်ဦး ဖြစ်သူသည် ကွယ်လွန်သွားခဲ့လေသည်။ ကျောင်း အမကြီးသည် သောတာပန် ပုဂ္ဂိုလ်ပင်ဖြစ်သော် လည်း အလွန် ချစ်လှသော မြေးကလေးဆုံးသွား သောအခါ ဖြေမဆည်နိုင်ဖြစ်ရပေသည်။ စိုစွတ်သည့် အဝတ်၊ စိုစွတ်သည့် ဆံပင်တို့ဖြင့် ဗုဒ္ဓထံသို့ ဆိုက် ရောက်လာရတော့သည်။ ဗုဒ္ဓနှင့် တွေ့လျှင် ဖြေဆည် ရာကို ရနိုင်ကောင်း၏ဟူသော အတွေးဖြင့် ရောက် လာခဲ့ခြင်း ဖြစ်ပေသည်။

ဗုဒ္ဓနှင့် ဝိသာခါတို့သည် အောက်ဖော်ပြပါ အတိုင်း အမေးအဖြေ ပြုလုပ်ကြလေသည်။

ဗုဒ္ဓ။ ။ ဝိသာခါ စိုစွတ်တဲ့အဝတ်၊ စိုစွတ်တဲ့ ဆံပင်တွေနဲ့ ဘယ်လိုအကြောင်းကြောင့် ငါ့ထံသို့ ရောက်လာသလဲ။

ဝိသာခါ။ ။ အရှင်ဘုရား တပည့်တော်ရဲ့ ချစ်ခင်နှစ်သက်လှတဲ့ မြေးမလေးကွယ်လွန်ခဲ့ပါတယ်။ ဒါကြောင့် စိုစွတ်တဲ့အဝတ်၊ စိုစွတ်တဲ့ဆံပင်နဲ့ အရှင် ဘုရားထံ ရောက်လာခြင်းဖြစ်ပါတယ်။

ဗုဒ္ဓ။ ။ ဝိသာခါ ဆုံးပါးသွားတဲ့ သင်ချစ်မြတ် နိုးလှတဲ့ မြေးကလေးလို လိမ္မာရေးခြားရှိတဲ့ ချစ် ဖွယ်မြတ်နိုးဖွယ်ကောင်းတဲ့ မြေးကလေးတွေ ဒါမှ မဟုတ် သားကလေးတွေ ရမယ်ဆိုရင် ဘယ်လောက် များ သင်လိုချင်ပါသလဲ။

ဝိသာခါ။ ။ ဒီလိုချစ်မြတ်နိုးဖွယ်ကောင်းတဲ့ မြေးကလေးမျိုးတွေ၊ သားငယ်တွေ ရမယ်ဆိုရင် သာဝတ္ထိပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေလောက် ရယူချင်ပါတယ်ဘုရား။

ဗုဒ္ဓ။ ။ ဝိသာခါ တစ်နေ့တစ်နေ့ သာဝတ္ထိ ပြည်မှာ လူတွေဘယ်လောက်များ ကွယ်လွန်ကြပါ သလဲ။

ဝိသာခါ။ ။ တစ်နေ့တစ်နေ့မှာ ကိုးယောက်မှ ဆယ်ယောက်သေဆုံးကြတယ်လို့ သိရပါတယ် ဘုရား။ လူမသေတဲ့ရက်ရယ်လို့ မရှိဘူးလို့ သိရပါ တယ်ဘုရား။

ဗုဒ္ဓ။ ။ ဝိသာခါ သင်စဉ်းစားပါ။ ဒီလိုသာဆို ရင် သင်ဟာ တစ်နေ့တလေမျှ မစိုတဲ့အဝတ်၊ မစို တဲ့ ဆံပင် ရှိတဲ့နေ့ ရှိနိုင်ပါတော့မလား။

ဝိသာခါ။ ။ မရှိနိုင်ပါဘုရား။ ဒီလောက် များတဲ့ သားတွေ၊ မြေးတွေနှင့် တပည့်တော်မှာ အကျိုး မရှိတော့ပါဘုရား။

ဝိသာခါတွင် သာဝတ္ထိပြည် တစ်ပြည်လုံး လောက် သားသမီးတွေ မြေးတွေရှိနေခဲ့လျှင် နေ့စဉ် နာရေးဒုက္ခ၊ မရဏဒုက္ခကို ကြုံတွေ့ရမည် ဖြစ်၍ နေ့စဉ် အသုဘချရမယ့်ဒုက္ခ၊ စိုစွတ်တဲ့ အဝတ်ကို ဝတ်ရသည့် ဒုက္ခ၊ စိုစွတ်သည့်ဆံပင်ရှိနေမည့် ဒုက္ခ တို့ကို ကြုံတွေ့နေရပေတော့မည်။ ဤသည်ကို  ဗုဒ္ဓဘုရားရှင်က ဟောပြသသည့်အခါ ကျောင်းအမ ကြီး ဝိသာခါသည် မရဏဒုက္ခအကြောင်းကို ကောင်း စွာ သဘောပေါက်သွားလေတော့သည်။

မွေးဖွားခြင်း၏ ဒုက္ခ၊ အိုခြင်း၏ ဒုက္ခ၊ နာခြင်း ၏ ဒုက္ခ၊ သေခြင်း၏ ဒုက္ခတို့ကို ပုထုဇဉ်တို့ မဆိုထား ဘိ။ ဘုရားရဟန္တာတို့သည်ပင် ရှောင်ရှားခြင်း မပြု နိုင်ကြပေ။

“ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော”ဟူ၍ ဓမ္မ စကြာတရားတော်တွင် မြတ်စွာဘုရားသည် ဟော ကြားထားခဲ့ပေသည်။ ချစ်ခင်နှစ်သက်သူနှင့် အလွန် ချစ်ခင် အလွန်နှစ်သက်သူ၊ အလွန်မြတ်နိုးကြသူတို့ နှင့် ကွေကွင်းရခြင်းတို့သည်လည်း ဒုက္ခဆင်းရဲများ သာ ဖြစ်ကြပေသည်။ များများချစ်လေ၊ များများ ခံစားကြရလေ ဖြစ်ပေသည်။

ဝိသာခါကျောင်းအမကြီးသည် ၄င်းချစ်ခင် သော မြေးဖြစ်သူနှင့် သေကွဲကွဲရသဖြင့် များစွာ ဆင်းရဲဒုက္ခကို ကြုံတွေ့ခဲ့ရသည်။ ဘုရားရှင်နှင့် တွေ့ ကြုံလိုက်ရသဖြင့် ချက်ချင်းပင် တရားရခဲ့။ ဖြေဆည် ရာကို ရှာဖွေတွေ့ရှိခဲ့ပေသည်။

သေခြင်းတရား၊ ချစ်ခင်နှစ်သက်သူနှင့် ကွေ ကွင်းရသော ဆင်းရဲရသောတရားတို့ကို နေ့စဉ် ကြုံတွေ့နိုင်ကြပေသည်။ မမေ့မလျော့သော သတိ တရားကို လက်ကိုင်ထားပြီး တရားဖြင့် ဆင်ခြင်နိုင် ကြရန် ရေးသားတင်ပြအပ်ပေသည်။

မောင်ဥာဏ်စိန်

ရည်ညွှန်းစာအုပ်များ

၁။ လောကဓံတရားတော်(မဟာစည် ဆရာတော်)

၂။ ဗုဒ္ဓ၏ ကိုယ်တွေ့ဝတ္ထုများ(ဓမ္မာစရိယ ဦးမောင်မောင်လေး)

၃။ ဖြေဆည်ရာ(နန္ဒာသိန်းဇံ)

Comments

comments

Post Author: manawmaya