ကျေးဇူးသိတတ်သူနှင့် ကျေးဇူးကန်းတတ်သူ

ဤလောက၌ ကျေးဇူးသိတတ်သူများလည်း ရှိတတ်သည်။ ကျေးဇူးမသိတတ်သူ(ကျေးဇူးကန်း တတ်သူ)များလည်း ရှိတတ်သည်။ မိဘ၏ ကျေးဇူး၊     ဆရာသမား၏ကျေးဇူး၊ ဆွေမျိုးညီကိုမောင်နှမများ ၏ ကျေးဇူး၊ မိတ်ဆွေသင်္ဂဟများ၏ ကျေးဇူးများကို     သိတတ်သူများလည်း ရှိကြသည်။ ထိုသူများကား မင်္ဂလတရားတော်နှင့်အညီ ကျင့်ကြံနေထိုင်ကြသူများ ဖြစ်ကြသည်။

မိဘများ၏ ကျေးဇူးတရား၊ ဆရာ သမားများ၏ ကျေးဇူးတရား၊ ဆွေမျိုးညီ အစ်ကိုမောင်နှမများ၏ ကျေးဇူးတရား၊ မိတ်ဆွေသင်္ဂဟများ၏ ကျေးဇူးတရား ကို မသိသူများလည်း အလွန်များကြ သည်။

ထိုသူများကား မိမိ၏ အောင်မြင်မှုများအပေါ် ယစ်မူးနေ တတ်ကြသည်။ ငါနှင့်ငါသာ နှိုင်း စရာဟု ထင်မှတ်နေတတ်ကြ သည်။ မာန်ထရှေးရှေး၊ တသွေး သွေးနှင့် နွားချေးထက်ဝယ် ဖား သူငယ်သို့ဟူသော  ဘလ္လာတိယ မြို့တွင် ထွင်းသင်းမင်းကြီး တင် စားပြောဆိုထားသော စကား အတိုင်း မိမိကိုယ်ကို ထင်မှတ် နေတတ်ကြသည်။

နွားချေးပုံထက် တွင် ထိုင်နေသော ဖားသူငယ်သည် မိမိကိုယ်ကို ကေသ ရာဇာ ခြင်္သေ့မင်း အဖြစ် ထင်နေသ ကဲ့သို့ ထင်တတ်ကြသည်။ နွားချေးပုံသည် သဘာဝ အလျောက် ပျော့နေသည်ကိုပင် မိမိ၏ဘုန်းကံ ဒဏ်ကို မခံနိုင်၍ ပျော့ပျောင်းသွားရလေသည်ဟု ထင်မှတ်လျက်ရှိသည်။

ဤနေရာတွင် သူတစ်ပါး၏ကျေးဇူးကိုသိ တတ်သော ပုံပြင်ဝတ္ထုတစ်ခုနှင့် သူတစ်ပါး၏ ကျေးဇူးကို သိရန်မဆိုထားဘိ၊ ထုတ်ဖော်ပြောဆိုရန် ပင် ခဲယဉ်းနေသည့် ကျေးဇူးကန်းတတ်သော သူ တစ်ဦး၏ ပုံဝတ္ထုတစ်ခုတို့ကို နှိုင်းယှဉ် ဖော်ပြလိုပေသည်။

အချိန်အခါကား ဘုရားအလောင်း တော်သည်  ခြင်္သေ့မင်းဖြစ်နေသော အချိန်ဖြစ်သည်။ အလောင်းတော်ခြင်္သေ့ မင်းသည် တောင်ခြေရှိသမင်ကို ဖမ်းရန် အရှိန်ပြင်းစွာဖြင့် ခုန်အုပ်လိုက်သည်။ သမင်က တိမ်းရှောင်ထွက်ပြေးသွားလေ တော့သည်။ ခြင်္သေ့မင်းသည် အရှိန်လွန် ၍ ရွှံ့နွံအတွင်းနစ်သွားရာ နွံအတွင်းမှ ပြန်၍ မတက်နိုင်ဘဲ ခုနစ်ရက်လုံးလုံး အစာရေစာ ငတ်ပြတ်ခဲ့သည်။

ထိုအချိန်တွင် မြေခွေးတစ်ကောင်သည် ခြင်္သေ့မင်း၏ အဖြစ်ကိုမြင်၍ ခြင်္သေ့မင်းအား ကယ် တင်ရန် ကြိုးစားအားထုတ်ခဲ့သည်။ ခြင်္သေ့မင်း၏ ခြေလေးချောင်း ဝန်းကျင်မှ နွံများကို ယက်ထုတ် လိုက်သည်။ ခြင်္သေ့မင်း၏ ဗိုက်အောက်သို့ဝင်၍ အစွမ်းကုန် ထမ်းမလေတော့သည်။ ခြင်္သေ့မင်းကိုယ် တိုင်လည်း အားယူ၍ ခုန်ထွက်လိုက်ရာ ကုန်းမြေပေါ် သို့ရောက်ရှိသွားသည်။

ခြင်္သေ့မင်းသည် ကျေးဇူးရှင်ဖြစ်သော မြေ ခွေးနှင့် မြေခွေးမယားကိုခေါ်ဆောင်၍ အနီးအနား ၌ နေစေသည်။ သားကောင်များကို သတ်ဖြတ် ကျွေးမွေးခြင်းဖြင့် အသက်ထက်ဆုံးကျေးဇူးဆပ်  ခဲ့လေသည်။  ဤကား ငါးရာ့ငါးဆယ်ဇာတ်တော်လာ    ဂုဏဇာတ်၌ပါရှိသည့် ကျေးဇူးသိတတ်သော ဇာတ် ဝတ္ထုတစ်ခုဖြစ်ပေသည်။

ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းလက်ထက် တွင် ဘုရားအလောင်းတော်သည် ဒွန်းစဏ္ဍားအမျိုး ၌ လူဖြစ်နေချိန်ဖြစ်သည်။ ဘုရားလောင်းသည် အခါ မဲ့အသီးသီးစေနိုင်သော မန္တန်ကို ရွတ်ဖတ်တတ် သည်။ ထိုမန္တန်ဖြင့်ပင် တောအတွင်း၌ သရက်ပင်    ကိုမန်း၍ သီးစေ၊ မှည့်ကြစေပြီး ယင်းသရက်သီးမှည့် များကို လှည့်လည်ရောင်းချ၍ သားမယားကို လုပ် ကျွေးပြုစုလေသည်။

ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်သားဖြစ်သော  ပုဏ္ဏားလုလင်သည် တက္ကသိုလ်ပြည်မှ ပညာစုံ၍ ပြန်လာခဲ့ချိန်ဖြစ်သည်။ ထိုဒွန်းစဏ္ဍားကို တွေ့မြင် လေသောအခါ ဝတ်ကြီးဝတ်ငယ်ကိုပြုစု၍ အတတ် ပညာကို သင်ယူခဲ့သည်။

ဆရာဖြစ်သူက ထိုလုလင်အား “သင်၏ ဆရာကား အဘယ်သူနည်း” ဟု မေးကြမြန်းကြလျှင် ဒွန်းစဏ္ဍားဖြစ်ကြောင်း ပြောရမည်ကို ရှက်ပြီး လှီး လွှဲ၍ ပြောခဲ့လျှင် ဤမန္တန်သည် အကျိုးသက်ရောက် ခြင်းရှိလိမ့်မည်မဟုတ်ဟုလည်း မှာကြားလိုက်လေ သည်။ လုလင်က အမှန်အတိုင်းပြောပါမည်ဟု ဝန်ခံ ပြီး ဗာရာဏသီမင်းထံ မင်းအခစားအဖြစ် အမှုထမ်း လေသည်။

မင်းကြီးကလည်း အခါမဟုတ်သည့် သရက် သီးသီးနည်း မှည့်ပုံမှည့်နည်းတို့ကို မေးတော်မူရာ မန္တန်အစွမ်းဖြင့် ရကြောင်း လျှောက်ထားလေသည်။   ဥယျာဉ်တော်သို့ခေါ်ပြီး ပြစေရာ တစ်ခဏချင်းပင်   သရက်သီးများမှာ မှည့်ဝင်းလာပြီး မိုးသီးမိုးပေါက် ပမာ ကြွေသက်လာလေတော့သည်။ မင်းကြီးက လည်း ထိုလုလင်အား ဆုတော် လာဘ်တော်များ ကို ချီးမြှင့်လေသည်။

ထို့နောက် မင်းကြီးက ဤမန္တန်ကို အဘယ် ဆရာထံ၌ သင်ခဲ့သနည်းဟု မေးမြန်းလေရာ ပုရော ဟိတ်၏ သားပုဏ္ဏားလုလင်သည် အမှန်အတိုင်း ဝန်ခံရမည်ကို ရှက်သဖြင့် တက္ကသိုလ်ပြည်၏ ဒိသာ ပါမောက္ခဆရာကြီးထံမှ သင်ယူခဲ့သည်ဟု မုသား   စကားဖြင့် ပြန်၍ လျှောက်ထားလိုက်လေသည်။ တစ်ပြိုင်တည်းမှာပင် အာဂုံရပြီးသော မန္တန်သည် လည်း ကွယ်ပျောက်သွားလေတော့သည်။

များမကြာမီ မင်းကြီးသည် သရက်သီးများ ကို အလိုရှိသဖြင့် မန္တန်ကို ရွတ်စေပြန်သည်။ ပုဏ္ဏား လုလင်သည် မန္တန်၏အစကို ရှာမရတော့ချေ။ နက္ခတ်နှင့် မကိုက်ညီသဖြင့် သရက်သီးများကို မသီး စေနိုင်ပါဟု လျှောက်ထားလေတော့သည်။ မင်းကြီး ကလည်း ယုတ္တိမတန်ဟုဆိုကာ အယုံအကြည်မရှိ သဖြင့် အမှန်အတိုင်း လျှောက်ထားစေသည်။ မင်း လုလင်က အဖြစ်မှန်ကို လျှောက်ထားသောအခါ မင်းကြီးက အောက်ပါအတိုင်း အမိန့်ရှိလေသည်။

“ဤလုလင်သည် လူယုတ်မာဖြစ်သည်။ မန္တရား၏ တန်ဖိုးကို မကြည့်ဘဲ မျိုးနွယ်ကိုသာ ကြည့်သည်။ မြတ်သော မန္တရားကို ရလျှင် မျိုးနွယ် သည် အဘယ်အကျိုးရှိအံ့နည်း”

အထက်ပါအတိုင်း ဗြဟ္မဒတ်မင်းကြီးသည် အမိန့်ရှိပြီးနောက် ပုရောဟိတ်၏ သားပုဏ္ဏားလုလင် အား နန်းတွင်းမှ နှင်ထုတ်လိုက်လေတော့သည်။ မိမိ၏ ပုရောဟိတ်ကြီး၏ သားပင်ဖြစ်သော်လည်း ဆက်လက်၍ စောင့်ရှောက်ခြင်းမပြုတော့ဘူး။ သူ ယုတ်မာတို့၏ အကျင့်ရှိသူ၊ သူတစ်ထူး၏ကျေးဇူး ကို ဖော်ထုတ်မပြောဆိုသူ၊ ဆရာကို ကာပြန်သူသည် ဘေးဒဏ်သင့်တတ်ကြကြောင်း သင်ခန်းစာယူနိုင် ကြရန်အတွက် ရေးသားတင်ပြအပ်ပေသည်။

 

မောင်ဥာဏ်စိန်

ရည်ညွှန်းစာအုပ်

၁။ မင်္ဂလာနိဒါန်း(မောင်အံ့၊ မဟာဝိဇ္ဇာ၊ ဘုံဘေ)

Comments

comments

Post Author: manawmaya