သိရသ္မိံဂါထာတော်ကြီးနှင့် ကျွန်တော်

ဤအဖြစ်အပျက်ဖြစ်ပွားခဲ့သော အချိန်မှာ ၁၉၅၂ ခုနှစ် ဆောင်းရာသီကာလတွင် ဖြစ်ပေသည်။ လွန်ခဲ့သော ၆၆ နှစ်ခန့်ကာလကဖြစ်၍ ဤစာရေးသူသည်ပင် ကျောင်းသားအရွယ်သာ ရှိပေသေးသည်။ သမိုင်းကြောင်းအရကြည့်လျှင် မြန်မာပြည် လွတ်လပ်ရေးရပြီးစအချိန်ဖြစ်၍ တစ်တိုင်းပြည်လုံးတွင် လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်နေကြချိန်ဖြစ်သည်။ ထိုစဉ်အခါက အစိုးရနှင့် တပ်မတော်တို့သည် မြန်မာပြည်ကြီး ချောက်ထဲသို့ ကျမသွားရန်အတွက် အပြင်းအထန် ကယ်တင်နေရသော ကာလဖြစ်ပေသည်။ ဖြစ်ပွားခဲ့သာ နေရာကား ထိုစဉ်အခါက တနင်္သာရီတိုင်း၊ ယခုအခါ မွန်ပြည်နယ်တွင် ပါဝင်သည့် ရေးမြို့နယ် အစင်ရွာနှင့် ဘုရားတောင်ရွာအကြားတွင် ဖြစ်ခဲ့လေသည်။

ကျွန်တော်၏ ဇာတိကား ရေးမြို့နယ်၊ အစင်ကျေးရွာ ဖြစ်ပေသည်။ မိဘများမှာ တောင်သူလယ်သမားများ ဖြစ်ကြသည်။ ကျွန်တော်၏ မိဘများလုပ်သောလယ်မှာ အစင်ရွာနှင့် ဘုရားတောင်ရွာအကြားတွင် တည်ရှိသည်။ လယ်ယာမြေအနီးရှိ ကုန်းပေါ်တွင် ထန်းပင်များရှိ၍ ယင်းလယ်ကို ထန်းတောလယ်ဟု ခေါ်ကြပြီး ယင်းကုန်းကိုလည်း ထန်းတောကုန်းဟု ခေါ်လိုက်ကြသည်။ ကျွန်တော်တို့၏ လယ်တဲသည် ယင်းထန်းတောကုန်းပေါ်တွင် တည်ရှိ၍ အစင်ကျေးရွာမှ ဘုရားတောင် ကျေးရွာသို့ သွားလာကြသည့် ရွာလမ်း မှာလည်း ယင်းကုန်းပေါ်သို့ ကျွန်တော်တို့၏ လယ်ထဲဘေးမှပင် ဖြတ်သွားခြင်းဖြစ်ပေသည်။

ကျွန်တော်တို့ မိဘများ၏ အလေ့အထမှာ အခြားသော အချိန်များတွင် အစင်ရွာတွင် နေကြ၍ စပါးသိမ်းသော ဆောင်းရာသီတွင် ကျွန်တော်တို့ ကလေးများ အပါအဝင် မိသားစုအားလုံးသည် လယ်ထဲတွင် ပြောင်းရွှေ့နေကြရသည်။ စပါးသိမ်းသောရာသီရောက်လျှင် စပါးပင်များကို ရိတ်သိမ်းရသည်။ ရိတ်သိမ်းပြီး စပါးပင်များကို ကောက်လှိုင်းစည်းပြီး လယ်တလင်းသို့ ပို့ရသည်။ စပါးများကို နယ်ရသည်။ လှေ့ရသည်။ ထို့နောက် စပါးကျီသို့ သွင်းကြရသည်။ ထို့အပြင် လွှတ်ထား၊ ကျောင်းထားသော နွားများကိုလည်း ညနေကျလျှင် နွားတင်းကုတ်သို့ သွင်းကြရသည်။ နွားချည်တိုင်တွင် ချည်ထားကြရသည်။ ဤသို့အလုပ်များသောကြောင့် ထင်သည်။ စပါးသိမ်းသော ဆောင်းရာသီတွင် ရွာတွင်မနေကြရဘဲ ကျွန်တော်တို့ လယ်ထဲတွင် ပြောင်းရွှေ့နေထိုင်ကြရသည်။ ညနေခင်း နွားများအား တင်းကုပ်သို့ သွင်းချိန်တွင် ကျွန်တော်တို့ ညီအစ်ကိုများသည် နွားများကိုမောင်းရင်း၊ နွားများနှင့်အတူ အပြိုင်ပြေးရင်း၊ တစ်ခါတစ်ရံ နွားပေါက်ကလေးများကို စီးကြရင်း လယ်ကွင်းအတွင်း ပြေးလွှားဆော့ကစားခဲ့ကြရသည် များကို မြင်ယောင်လျက် သတိရ အောက်မေ့လျက် ရှိတော့သည်။

ကျွန်တော်တို့နေရသော လယ်တဲသည် ထန်းတောကုန်းတွင်ရှိပြီး ရွာနှစ်ရွာအကြား သွားလာသည့် လမ်းဘေးတွင် တည်ရှိသည်။ သွားလာနေကြသူများသည် ကျွန်တော်တို့မိသားစုနှင့် သိကျွမ်းသူများ ပါသကဲ့သို့ မသိကျွမ်းသော လူစိမ်းများလည်း ရှိတတ်သည်။ နေ့သွားသွား၊ ညသွားသွား ကျေးရွာသူ ကျေးရွာသားတို့၏ သဘာဝ၊ သိကျွမ်းသူများက ကျွန်တော်တို့၏ မိဘများကို နှုတ်ဆက်သွားတတ်ကြသည်။ မသိကျွမ်းသူများဖြစ်လျှင်ကား အမှတ်မထင် သတိထားရ၊ မှတ်ထားရသည်။ လူကောင်းများလည်း ရှိနိုင်သလို လူဆိုးများလည်း ဖြစ်တတ်သည်။ စပါးသိမ်းသောရာသီ လယ်သမားတို့၏ လက်ထဲတွင် ပိုက်ဆံရွှင်သော ရာသီဖြစ်၍ သူခိုး၊ ဓားပြများလည်း ပေါတတ်သည်။ တောင်သူလယ်သမားတို့၏ ဘဝကား သနားစရာကောင်းလှသည်။ သူခိုး၊ ဓားပြထ သော ဒေသများတွင် နေ့အခါ တစ်ရေးတမော အိပ်ကြရပြီး ညအခါ မအိပ်စက်ဘဲ သတိနှင့်နေကြရသည်။ မြို့ပြဒေသနှင့် ကွာခြားလှပါဘိ။ မရှိတောင့်တ ရှိကြောင့်ကြဟူသော စကားမှာ တောသူတောင်သားတို့အတွက် မှန်လှဘိ၏။

ကျွန်တော် ပြောပြလိုသော အဖြစ်အပျက်မှာ ကျွန်တော်တို့ မိသားစု ကြုံတွေ့ခဲ့ရသော ကိုယ်တွေ့ အဖြစ်အပျက်သည်ကား ဤကဲ့သို့ စပါးသိမ်းသော ရာသီ၊ ထန်းတောကုန်းထဲတွင် နေခဲ့ကြရသော အချိန်အခါတွင် ဖြစ်ပေသည်။ အချိန်ကာလကား လက်နက်ကိုင် အဖွဲ့အစည်းများ ထကြွကြချိန်။ ပြည်သူလူထု ဒုက္ခဝေခဲ့ကြရသော အချိန်ကာလဖြစ်ပေသည်။ တောမီးလောင်တော့ တောကြောင်လက်ခမောင်းခတ် ဟူသကဲ့သို့ ရောင်စုံလက်နက်ကိုင် အဖွဲ့များ ထကြွချိန်၊ တိုင်းပြည် မငြိမ်းချမ်းချိန်ဖြစ်၍ သူခိုး၊ ဓားပြများ ပြန်ပေးများလည်း ပေါများလှသော အချိန် ဖြစ်သည်။

ကျွန်တော့်မိဘများနှင့် ကျွန်တော်တို့ မောင်နှမငါးဦးတို့သည် လယ်ထဲတွင် နေကြရသော်လည်း ညဘက်တွင် မအိပ်ရဲကြချေ။ လမ်းဘေးတွင် ဆောက်ထားသောတဲဖြစ်၍ သူခိုး၊ ဓားပြများ၊ ပြန်ပေးများ မျက်စိကျနိုင်သည်။ ခိုးဆိုး၊ လုယက်၊  သတ်ဖြတ်သွားနိုင်သည်။ တဲနှင့် မနီးမဝေးတွင် ချောင်းကလေးတစ်ခု ရှိသည်။ လယ်သမားများ သား၊ ငါးရှာသော ကွန်ပစ်သော ချောင်းကလေးဖြစ်သည်။ ချောင်းဘေးတွင် ဓနိပင်များ၊ ဓနိတောအုပ်ကလေးများ ရှိကြသည်။ ဆောင်းရာသီဖြစ်၍ ဤဓနိ တောအုပ်ကလေးများသည် ခြောက်သွေ့နေကြသည်။ ညရှစ်နာရီ ကိုးနာရီခန့် တစ်လောကလုံး မှောင်မိုက်သွားသည်နှင့် ကျွန်တော်တို့ မိသားစုဝင်များသည် ဖျာများ၊ ခေါင်းအုံးများ၊ စောင်များကို ပွေ့ယူပြီး ယင်းဓနိတောတစ်ခုအတွင်း ပြောင်းရွှေ့ အိပ်ကြရသည်။

တစ်ညတွင် ကျွန်တော်တို့ ပုန်းလျှိုးအိပ်နေ သော ဓနိတောအတွင်း မှောင်နေသော်လည်း ပြင်ပ ချောင်းတစ်ဝိုက်တွင်မူ ကြယ်ရောင်၊ လရောင်ကြောင့် အလင်းရောင် အနည်းငယ်ရှိနေသည်။ ချောင်းအ တွင်း လှေငယ်တစ်စင်းနှင့် လူတစ်စု။ ချောင်း၍ကြည့်လိုက်သောအခါ ၄င်းတို့လက်ထဲတွင် ဓားတို၊ ဓား ရှည်နှင့် လက်နက်များကိုပါ တွေ့ရသည်။ လူကောင်းများမဟုတ်။ လူဆိုးများဖြစ်ကြောင်း သေချာချေပြီ။ ၄င်းတို့၏ တီးတိုးစကားပြောသံကိုလည်း ကြားနေရသည်။ လူဆိုးများပါလာသော လှေငယ်သည် ကျွန်တော်တို့ အိပ်နေသော ဓနိတောအနီးသို့ ပို၍ နီးကပ်လာလေသည်။ ကျွန်တော်တို့၏ မိဘများလည်း ကြောက်နေကြချေပြီ။ ကျွန်တော်တို့ ကလေးငယ်တစ်သိုက်မှာလည်း တုပ်တုပ်မျှ မလှုပ်ခဲ့ကြ။

“သားတို့သမီးတို့၊ သိရသ္မိံဘုရားရှိခိုးကိုရွတ်ကြ”

ကျွန်တော်တို့၏ မေမေက ကျွန်တော်တို့ နားဆီသို့ကပ်၍ တိုးတိုးပြောလိုက်သည်။ ကျွန်တော်တို့မိသားစုများမှာ ဘုရားရှိခိုးတိုင်း၊ သိရသ္မိံဂါထာတော်ကြီးကို ရွတ်ကြရသည်။ အငယ်ဆုံးတစ် ယောက်မှလွဲ၍ မောင်နှမလေးဦးလုံး ဤဂါထာကို အလွတ်ရကြသည်။ ကျွန်တော်တို့ မောင်နှမလေး ယောက်သည် တစ်ယောက်မျက်နှာ တစ်ယောက် မျက်နှာငယ်ကလေးများဖြင့် ကြည့်ကြရင်း သိရသ္မိံ ဂါထာတော်ကြီးကို တိုးတိုးတိတ်တိတ် ရွတ်ဆိုကြသည်။ ကျွန်တော်တို့၏ မေမေကလည်း မျက်စိကို မှိတ်၊ လက်အုပ်ကိုချီရင်း ဘုရားကို အာရုံပြုကာ ဤဂါထာကိုပင် ရွတ်နေတော့သည်။ ဂါထာကို တစ်ခေါက်ပြီး တစ်ခေါက်ရွတ်နေသဖြင့်ကြောက် စိတ်များ အနည်းငယ်ပြေသွားသည်။ ဘာဖြစ်လာမည်ကို ကျွန်တော်တို့မသိ။ လူဆိုးများ၊ ချောင်းအတွင်းမှ တိတ်ဆိတ်သွားသည်။ ဓနိတောအတွင်းသို့ ဝင်လာကြ တော့မည်လော။ ပေးစရာမရှိဟု ဆိုလျှင် လူကို မမှတ်မိအောင်၊ အမှုပေါ်အောင် မိသားစုအားလုံးကို သတ်ဖြတ်သွားကြမည်လော။ ကျွန်တော်သည် ကျောင်းသားအရွယ်၊ ကလေးအရွယ်ဖြစ်၍ တွေး တတ်သလောက် တွေးနေမိတော့သည်။ တစ်ဦးမျက်နှာတစ်ဦး ကြည့် လိုက်၊ ခေါင်းချင်းဆိုင်လိုက်၊ ခါးကို ဖက် ထားလိုက်ကြနှင့် ဘုရားကို အာရုံပြုရင်း ငြိမ်သက်နေကြရတော့သည်။

ကျွန်တော်တို့ ငြိမ်နေသကဲ့သို့ ချောင်းအတွင်းတွင်လည်း ငြိမ်သက် လျက်ရှိသည်။ တစ်ချက် တစ်ချက် တွင်မူ ညဘက်တွင် ထွက်တတ်သည့် ငှက်ဆိုးတို့၏အသံများ၊ ထန်းတောရှိ ထန်း ပင်တွင် ခံထားသော ထန်းရည်ခါးကို လာ သောက်ကြသည့် လင်းဆွဲငှက်တို့၏ အသံများ ကိုသာ ကြားနေရသည်။ အကာလ ညအခါကို ငှက်ဆိုးသံနှင့် လင်းဆွဲတို့၏ အသံများက လွှမ်းမိုး လျက်ရှိတော့သည်။ ၄င်းငှက်တို့၏ အသံများသည် မရဏသေမင်း၏ အောင်စည် အောင်မောင်းသံသ ဖွယ်ဖြစ်နေတော့သည်။ ရောင်စုံ သောင်းကျန်းသူများ ဆူပူသောင်းကျန်းခဲ့ကြသည့် မငြိမ်းချမ်းသော ခေတ် ကာလတစ်ခု၏ တောသူတောင်သား လယ်သမား မိသားစုတစ်စု၏ ဘဝတစ်ခုပင်။

အချိန်သည် တစ်နာရီခန့် ကြာသွားသည်။ ကျွန်တော်တို့၏ ဖခင်သည် ဓနိတောအတွင်းမှ အ နည်းငယ်ရွေ့လျားပြီး ပြင်ပသို့ ကြည့်လိုက်သည်။ ထို့နောက် ဝမ်းသာအားရဖြင့် ကျွန်တော်တို့မိသားစု ရှိရာသို့ ပြန်လာခဲ့သည်။

“အပြင်မှာ ဘယ်သူမှ မရှိတော့ဘူး”

“သေချာရဲ့လား”

“သေချာပါတယ်။ ငါသေသေချာချာကြည့် ပြီးပြီ”

အဖေနှင့် အမေတို့သည် အပြန်အလှန်ပြော ဆိုနေကြခြင်း ဖြစ်သည်။

ကျွန်တော်တို့ ကလေးများလည်း ဝမ်းသာ သွားကြသည်။ အားလုံးစောင်ကလေးများကို ခြုံကာ အိပ်လိုက်ကြသည်။ နံနက်လင်းကြက်တွန်သံကြား သည်နှင့် လူလုံးမကွဲမီ လူစိမ်းသူစိမ်းများ အသွားအ လာမရှိသေးသောအချိန်တွင် တဲသို့ပြန်၍ သွားကြရ တော့သည်။ တစ်နေ့တာ လုပ်ငန်းခွင်အတွက် ပြင် ကြရတော့သည်။

နံနက်မိုးလင်းသည်နှင့် ဖခင်က လယ်ယာ လုပ်ငန်းခွင်ရှိရာသို့ သွားရသည်။ စပါးရိတ်ရ၊ ကောက်လှိုင်းစည်းရသည်။ မိခင်က တဲတွင်ရှိသော လုပ်ငန်းများကို လုပ်ရသည်။ ကျွန်တော်တို့ ကလေး ငယ်တစ်သိုက်မှာ နွားကျောင်းသူက ကျောင်း၊ ကြက် မောင်းသူက မောင်းကြရသည်။ ဟင်းသီးဟင်းရွက် ခူးသူက ခူးကြရသည်။ ကျေးရွာ မူလတန်းကျောင်း သို့ သွားသူက သွားကြရသည်။ သုံးမိုင်ခန့်ဝေးသော ခရီးကို ခြေကျင်ဖြင့် သွားကြရပေသည်။

ညနေစာ စားချိန်တွင် ဖခင်၊ မိခင်အပါအဝင် မိသားစုများ ပြန်၍စုဝေးမိကြတော့သည်။ ထမင်းစား ဝိုင်းသည် မိသားစု စကားဝိုင်းလည်း ဖြစ်သည်။

“ငါ ကိုသံခဲတို့ကုန်းကို ရောက်ခဲ့တယ်။ သူတို့ကုန်းကို ညက လူဆိုးတွေ ဖြတ်သွားကြတယ် တဲ့။ လူဆိုးအချင်းချင်းပြောသွားတာ သူတို့ကြား လိုက်ရတယ်တဲ့”

“ဘယ်လိုပြောသွားကြသလဲ”

“လူဆိုးတွေက ငါတို့ကုန်းဘက်ကို ဓားပြ တိုက်ဖို့လာကြတာ။ ငါတို့တဲနဲ့ မနီးမဝေး ဓနိတော နားရောက်တော့ လူသံသူသံတွေ ကြားရတယ်တဲ့။ အဲဒီမှာတင် လူဆိုးတွေက အခြားလူဆိုးတစ်ဖွဲ့လား၊ ငါတို့ကုန်းက ကင်းပုန်းဝပ်တာလား သံသယဖြစ်ပြီး  ဓားပြမတိုက်တော့ဘဲ ပြန်သွားကြရောတဲ့”

ကျွန်တော်သည် မိဘနှစ်ပါးပြောနေကြသည် များကို သေချာစွာ နားထောင်နေမိသည်။ ကျွန်တော် တို့ဓားပြတိုက်မခံရတာ၊ မိသားစုတစ်စုလုံး အသတ် မခံရတာ ကံကောင်းလေစွတကား။ ဓားပြများသည် ကျွန်တော်၏ မိသားစုအချင်းချင်း တိုးတိုးတိတ်တိတ် ပြောကြသောအသံ၊ သိရသိံ္မဂါထာကိုရွတ်ကြရန် မိခင်က ကျွန်တော်တို့အား ပြောဆိုသံများကို ကြား သွားကြကြောင်း၊ လူသံ၊ သူသံကြားပြီး ဓနိတော အတွင်း လူဆိုးတစ်ဖွဲ့ သို့မဟုတ် ကင်းပုန်းတစ်ဖွဲ့ရှိ နေနိုင်ကြောင်း မှတ်ယူသွားကြကြောင်းမှာ ထင်ရှား ပေသည်။ ကျွန်တော်တို့ မိသားစုအားလုံး အသတ်ခံ ရမည့်ဘေးမှ လွတ်မြောက်သွားကြတော့သည်။

“အင်း …ငါတို့မိသားစုအားလုံးကို သေဘေး က ကာကွယ်ပေးလိုက်တာကတော့ သိရသ္မိံဂါထာတော် ကြီးပဲ။ ဒီဂါထာဟာ အန္တရာယ်အမျိုးမျိုးကို အကာ အကွယ်ပေးတဲ့ ဂါထာကြီးလို့ အမေတို့ရဲ့ ဘိုးတွေ ဘွားတွေ၊ အဖေ၊ အမေတွေ လက်ထက်ကတည်းက ပြောဆိုခဲ့ကြ ရွတ်ဆိုခဲ့ကြတာ။ သားတို့သမီးတို့လည်း လက်တွေ့ သိပြီမဟုတ်လား။ အဲဒီတော့ သားစဉ် မြေးဆက်အထိ ဆက်ပြီး ရွတ်ဆိုကြတော့။ ယုံယုံ ကြည်ကြည် ရွတ်ကြဖို့ လိုတယ်ကွယ့်”

ကျွန်တော်သည် ထိုနေ့မှစ၍ ယနေ့အသက် (၆၆)နှစ်ကျော်သည့်တိုင်အောင် သိရသ္မိံဂါထာတော် ကြီးကို တစ်နေ့လျှင် ခုနစ်ကြိမ်ရွတ်ဆိုမြဲ၊ ယုံယုံ ကြည်ကြည် ရွတ်ဆိုလျက်ရှိပေသည်။ အသက်အရွယ် ကြီးရင့်လာသောအခါ သမ္ဗုဒ္ဓေါဂါထာတော်၊ ဇလွန် ပြည်တော်ပြန် ဘုရားကြီးအား ပူဇော်သော ဂါထာ တော်၊ ရွှေကျင် သာသနာပိုင် သက်တော်ရှည် စံကင်း ဆရာတော် ရွတ်ဆိုလေ့ရှိသော “အဋ္ဌာနမေတံ၊ ဘိက္ခဝေ”အစချီသော ဂါထာတို့ကိုလည်း အမြဲမပြတ် ကျွန်တော် ရွတ်ဆိုလေ့ရှိပါသည်။ သို့ရာတွင် မည်မျှ ပင် အခြားဂါထာများကို ရွတ်သည်ဖြစ်စေ၊ မည်မျှပင် အလုပ်များပြားသည်ဖြစ်စေ သိရသ္မိံဂါထာတော်ကြီး ကိုမူ ခုနစ်ခေါက်တိတိ ရွတ်ဆိုပြီးမှသာ အိပ်လေ့ရှိ ကြောင်း၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လေ့ရှိကြောင်း ရေးသားအပ်ပါသည်။

 

(ဆက်လက်ဖော်ပြပါမည်)

မောင်ဥာဏ်စိန်   

Comments

comments

Post Author: manawmaya