ဇရာအို၏ဒုက္ခ

ကျွန်တော်၏ အသက်အရွယ်သည် ၇၅ နှစ် အတွင်းသို့ ရောက်ရှိနေပေပြီ။ လာမည့် အောက်တို ဘာလသို့ ရောက်ခဲ့လျှင် ၇၅ နှစ်ပင် တင်းတင်းပြည့် သွားတော့မည်ဖြစ်သည်။ ၇၅ နှစ်ဟူသည်မှာငယ်ရွယ် သော အသက်အရွယ် မဟုတ်ပေ။ ၇၅ နှစ်အထိ အသက်ရှင်ခွင့်ရနေခြင်းသည်ပင် ကျေနပ်ဖွယ်တစ် ရပ် ဖြစ်ပေသည်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့ အခမ်းအနားတွင် ပြောကြားသည့် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းအရ ယနေ့ မျှော်မှန်းထားသော မြန်မာအမျိုး သားတို့၏အသက်သည် ၆၁ ဒသမ ၂ ဖြစ်ပြီး မြန်မာ အမျိုးသမီးတို့၏ အသက်မှာ ၆၉ ဒသမ ၃ ဟုဆိုထား သည်။ ယင်းမျှော်မှန်းသက်တမ်း နှစ်ရပ်လုံးထက် ကျွန်တော်၏ အသက်သည် ပို၍ရှည်နေသဖြင့် ကျေ နပ်ဖွယ်ရှိသည်ဟု ဆိုရပေမည်။

သို့ရာတွင် “သေချင်ပြီလော”ဟုမေးလျှင် ကျွန်တော် မသေချင်သေးပါ၊ “သေတာတစ်ခုမှလွဲ လျှင် ဘယ်ဟာမှ နောက်မကျသင့်ဘူး”ဟူသော ဆိုစကားတစ်ခုရှိပေသည်။ “သေတာကတော့ နောက်ကျနိုင်လေ ကောင်းလေ” ဟု ဆိုခြင်းဖြစ်ပေ သည်။ ပညာရှင်ကြီး အိုင်းစတိုင်းကလည်း “သေတယ်ဆိုတာ လူ့ဘဝမှာ နောက်ဆုံးလုပ်ရမယ့် အလုပ်တစ်ခုပါပဲ”ဟု ပြောဆိုခဲ့ဖူးသည်။ နောက်ဆုံး လုပ်ရမည့် အလုပ်တစ်ခုဖြစ်သော်လည်း ”ဝေးလေ ကြာနိုင်လေ၊ ကောင်းလေ”ဟု ဆိုကြရမည်ဖြစ် သည်။

လူအမျိုးမျိုးတွင် ဝါသနာအမျိုးမျိုးရှိကြပေ သည်။ အချို့က အားကစားကို ဝါသနာပါကြသည်။ ကိုယ်လက်ကြံ့ခိုင်ဖို့ ကြိုးစားကြသည်။ အချို့က အနုပညာကို ဝါသနာပါကြသည်။ ဆို၊ က၊ ရေး၊ တီး တစ်ခုခုကို သေသည်အထိ စွဲစွဲမြဲမြဲ ဖက်တွယ် ၍သွားကြသည်။ ဤပညာရပ်တွင် နိုင်ငံကျော်ရုံမျှ မက ကမ္ဘာက အသိအမှတ်ပြုသော ပုဂ္ဂိုလ်များအထိ ဖြစ်သွားကြသည်။

ကျွန်တော်ကား ယင်းဝါသနာနှစ်ရပ်လုံးကို စိတ်မဝင်စားခဲ့။ ပါရမီမရှိခဲ့ချေ။ ကျွန်တော်ဝါသနာ ပါသည်မှ စာဖတ်ခြင်းဟူသော အလုပ်ဖြစ်ပေသည်။ နံနက်မိုးလင်း၍ မျက်နှာသစ်ပြီးသည်နှင့် စာအုပ် ကလေးတစ်အုပ်ကို ဖတ်လိုက်ချင်သည်။ စာဖတ် ခြင်း၏ ရသတစ်မျိုးမျိုးကို ခံစားလိုက်ချင်သည်။ ညကျလျှင် ၁၁နာရီအထိ စာဖတ်သည်။ စာဖတ်ရင်း   အိပ်ပျော်သွားသည့်အရသာကို ကျေနပ်နှစ်သိမ့်နေ မိသည်။

ဤသို့ဖြင့် ငယ်စဉ်ကျောင်းသားဘဝမှ အ သက် ၇၀ နီးသည်အထိ စာအမျိုးမျိုးကို ဖတ်ခဲ့သည်။   ဘာသာရေးစာပေများ၊ နိုင်ငံရေးစာပေများမှအစ ရသစာပေအမျိုးမျိုးအလယ်၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများအဆုံး အားလုံးကို နေ့စဉ်မပျက်မကွက် ဖတ်ရှုခဲ့သည်။ ထမင်းမေ့၊ ဟင်းမေ့ပင် ဖတ်ရှုခဲ့ သည်။ ငယ်စဉ်အခါကဆိုလျှင် ပေါ်ပြူလာကာတွန်း၊ မော်ဒန်ကာတွန်း၊ ဘားမားစတားတို့အထိ စွဲစွဲလမ်း လမ်း ဖတ်ရှုခဲ့ပေသည်။ စာပေသည် ကျွန်တော်၏ ချစ်စရာအကောင်းဆုံး မိတ်ဆွေပင်ဖြစ်သည်။ စာ အုပ်တစ်အုပ်ကို ဖတ်လိုက်၊ ကြိုက်နှစ်သက်သော    စာပိုဒ်ကလေးများကို အလွတ်ကျက်လိုက်၊ အရေး ကြီးသော စာပိုဒ်များကို ခဲတံနီပြာတို့ဖြင့် မျဉ်းသား လိုက်တို့မှာ ကျွန်တော်၏ အလေ့အကျင့်တို့ပင် ဖြစ် သည်။

သို့ရာတွင် လွန်ခဲ့သော ခုနစ်နှစ်ခန့်မှစ၍  ကျွန်တော်၏ မျက်လုံးများသည် ချို့ယွင်းပျက်စီးလာ သည်။ အမြင်အားချို့တဲ့လာသည်။ အသက် ၂၄ နှစ်အရွယ်ခန့်မှစ၍ မျက်မှန်တပ်ခဲ့ရသော ကျွန်တော် သည် လွန်ခဲ့သော ခုနစ်နှစ်ခန့်တွင် မျက်လုံးနှစ်ဖက်  လုံး၌ အတွင်းတိမ်ရှိလာခဲ့သည်။ ဆရာဝန်ဖြင့် အမေ ရိကန်ဗွီးရှင်းတွင် ခွဲစိပ်ခဲ့ရသည်။ မျက်လုံးနှစ်လုံးအား ခွဲစိပ်ပြီးသောအခါ အမြင်ဓာတ်ပို၍ ကောင်းလာ သည်။ ပုံမှန်စာများကို ဖတ်လာနိုင်သည်။ ကျွန်တော် ၏ အလုပ်သည် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း များတွင် စာများရေးသားရသော အလုပ်ဖြစ်၍ စာ ဖတ်ခြင်း၌ ပျက်ကွက်၍မရပေ။ သို့သော် ဆင်ဆင် ခြင်ခြင်တော့ ဖတ်ရသည်။ ငယ်စဉ်ကကဲ့သို့  မိုး လင်း၊ မိုးချုပ်၊ တကုတ်ကုတ်ဖြင့် စာကို မဖတ်နိုင် တော့ပေ။ ဝါသနာအလျောက်၊ စာအုပ်ဆိုင်ရောက် လျှင် စာအုပ်များကို ဝယ်ခဲ့လေ့ရှိသည်။ သို့သော် ငယ်ရွယ်စဉ်ကကဲ့သို့ ‘ကြောင်ပုဇွန်စား ကျွတ်ကျွတ် ဝါး’သည့်သဖွယ် ကြေညက်အောင် မဖတ်နိုင်တော့ ပေ။ ဇရာ၏ ဒုက္ခသည် စတင်လာပြီဖြစ်ပေသည်။

လွန်ခဲ့သော သုံးနှစ်ခန့်ကမူ ကျွန်တော်၏ မျက်လုံးများသည် အခြေအနေ ဆိုးလာပြန်သည်။ စာများကို ဖတ်နေရင်း ဖတ်နေရင်းဖြင့် မှုန်ဝါးလာ သည်။ ဆောင်းရာသီတွင် နှင်းမှုန်များကျနေသည့် သဖွယ် ပတ်ဝန်းကျင်ကို စမ်းတဝါးဝါးဖြစ်လာသည်။  နီးကပ်လျက်နှင့် မမြင်ရသည့် ဘဝသို့ ရောက်ရှိ လာသည်။ ပုံနှိပ်စာလုံး အသေးများဖြစ်လျှင် ပို၍ ဖတ်၍မရဖြစ်တော့သည်။ စာဖြင့် သက်မွေးဝမ်း ကျောင်းပြုသောသူသည် စာဖတ်၍ မရတော့ဟုဆို လျှင် သူ၏ဘဝသည် “ရှင်လျက်နှင့် သေနေပြီ” ဖြစ်ပေသည်။ အဖော်မဲ့နေပြီဖြစ်ပြီး အချိန်များသည် အချည်းနှီးဖြစ်ရတော့သည်။

ဒုတိယအကြိမ် အမေရိကန်ဗွီးရှင်းကို သွား ပြရပြန်သည်။ “အန်ကယ့်မျက်လုံးနှစ်ဖက်လုံး ရေ တိမ်စွဲနေပြီ” ဆရာဝန်၏ မှတ်ချက်ဖြစ်သည်။ “ရေတိမ်စွဲလျှင် လုံးလုံးကွယ်သွားတတ်တယ်” မိတ်ဆွေ သင်္ဂဟအများ၏ မှတ်ချက်ဖြစ်သည်။ အဘယ်ကြောင့် မသိ၊ ကျွန်တော်၏ ရေတိမ်ကို ဆရာဝန်က ခွဲစိပ်ရန် လည်း အကြံမပေး၊ လေဆာနှင့် ပစ်ခြင်းလည်း မပြု။ BRIMOL ခေါ် မျက်စဉ်းနှင့်  Azopt ခေါ် မျက်စဉ်းတို့ဖြင့် မျက်စဉ်းခပ်ပေးရန် အကြံပြုသည်။ ဆရာဝန်အကြံပြုသည့်အတိုင်း ကျွန်တော်သည် လိုက်နာနေရပေသည်။  Azopt မျက်စဉ်းက တစ် ပုလင်းကို သုံးသောင်းခန့်ကျပေသည်။ ပုလင်း အရွယ် မှာ လက်မခန့်သာရှိပေသည်။ မျက်မှန်တစ်ခါလဲ လျှင်လည်း ကျပ်တစ်သိန်း အောက်မလျော့ပေ။ ဆရာဝန်က ခြောက်လတစ်ကြိမ် မျက်စိကို စမ်းသပ် ရန် လိုအပ်ပါက မျက်မှန်လဲရန် အကြံပြုလေ့ရှိသည်။ ကျွန်တော်သည် ၇၅ နှစ် အရွယ်ပင်စင်စားတစ် ယောက် ဖြစ်သည်။ ပင်စင်နာ (PENSIONER)၏ ဒုက္ခဝေဒနာ၊ ဇရာတို့၏ ဒုက္ခကား မသေးငယ်လှပေ။ အခြားသော ဆီးကျိတ် ဝေဒနာ၊ အစာအိမ် ဝေဒနာ၊ ဦးနှောက်အာရုံကြော ဝေဒနာတို့ကိုလည်း ကုသရန် လိုအပ်နေပေသေး သည်။

ဝေဒနာပေါင်းစုံ၊ အနာမျိုး ၉၆ ပါး၊ ဝိုင်းရံထား ခြင်းခံနေရသည့်နေရာအို၏ ဘဝတွင် စာဖတ်ရန် အခက်အခဲကြုံတွေ့နေရခြင်းသည် စိတ်အား အငယ် ဆုံးပင်ဖြစ်သည်။ ခေတ်ပေါ်၊ စာကောင်းပေကောင်း များကို ကျွန်တော်သည် လက်လွတ်ဆုံးရှုံးရပေတော့ မည်။

ကျွန်တော်၏ စာအုပ်စင်တွင် “ဦးပဂျီငို(တိုး တက်ရေးဦးစိန်)ရာပြည့်ဂုဏ်ပြုမော်ကွန်း”ဟူသော စာအုပ်တစ်အုပ်ရှိနေပေသည်။ လွန်ခဲ့သော ၁၉နှစ် ခန့်က အတိအကျဆိုရလျှင် ၁၂-၁၁-၉၉ ရက်က ဝယ်ယူခဲ့သော စာအုပ်ဖြစ်သည်။ ၄င်းစာအုပ်ကို ဆွဲ ယူပြီး စာမျက်နှာလေးကို ကြည့်ရှုလိုက်ရာတိုးတက်လို သူသည် စာအုပ်ကောင်းကို မဖတ်ရဟူသော ခေါင်း စဉ်တစ်ခုကို တွေ့လိုက်ရသည်။ ၈-၁၂-၃၅ ရက်စွဲ ဖြင့် ဆရာကြီးဦးပဂျီငို၏ ဩဝါဒဖြစ်သည်။ မူရင်း အတိုင်း အောက်တွင် ဖော်ပြလိုက်ရပေသည်။

“တိုးတက်ကြီးပွားလိုသူတို့၏ အချိန်သည် လူသာမာန်တို့၏ အချိန်ထက် ထူးကဲပိုမိုအဖိုးထိုက် တန်၏။ ယခုအခါ ပေါ်ထွက်နေသော စာအုပ်များမှာ အများအားဖြင့် ကောင်းသည်သာ ဖြစ်၏။ ထိုကောင်း သည်ဆိုသော စာအုပ်တို့ကို ကုန်စင်အောင် ဖတ်ရန် အချိန်မရှိ။ ထို့ကြောင့် ကောင်းသည်ဆိုသော စာအုပ်    တိုင်းကို မဖတ်အပ်။ မိမိလုပ်ငန်းအတွက် စာအုပ်    ကောင်းများမှ အကောင်းဆုံးကိုသာ ရွေး၍ ဖတ်ရ မည်”

ယင်းစာပိုဒ်မှ ဆရာကြီး ဦးပဂျီငိုခေါ် တိုး တက်ရေးဦးစိန်၏ တိုးတက်ရေးလက်စွဲမှ ကောက် နုတ်ဖော်ပြချက်ဖြစ်ပေသည်။ တိုးတက်ရေး  လက်စွဲ စာအုပ်များ စာရေးဆရာကြီးပီမိုးနင်း ဆရာကြီး ဦး ပဂျီငို(တိုးတက်ရေးဦးစိန်)နှင့် ဆရာကြီး ဒဂုန်နတ် ရှင်တို့ သုံးယောက်ပေါင်းရေးသော စာအုပ်ဖြစ်သည်။ ယင်းစာအုပ်ပါ ဆောင်းပါးပေါင်း ၂၂ ပုဒ်တွင် ဦးပဂျီငို က ၁၂ ပုဒ်ရေးခဲ့သည်ဟုဆိုသည်။

အထက်ဖော်ပြပါ “တိုးတက်လိုသူသည် စာ အုပ်ကောင်းကို မဖတ်ရဟူသော စာပိုဒ်ကို ဇရာအို ဘဝသို့ရောက်နေသော ကျွန်တော်၏ဘဝ ကျွန်တော် ၏ ဒုက္ခတို့ကို ပြန်လည်စဉ်းစားသုံးသပ်မိသည်။ မျက် စိတွင် ရေတိမ်စွဲနေသော အသက် ၇၅ နှစ်အရွယ်ရှိ ကျွန်တော်သည် စာအုပ်ကောင်းများကို   သံယောဇဉ် ဖြစ်နေရန် အချိန်မဟုတ်တော့ပေ။ နောက်ဆုံးတစ် နေ့တွင် အသက်ကိုပင် ဆုံးရှုံးခံရပြီး  လူ့ဘဝကိုပင် နှုတ်ဆက်ထွက်ခွာရမည့်သူဖြစ်၍ စာအုပ်ကောင်း များကိုလည်း သံယောဇဉ်ဖြတ်ရမည်သာ ဖြစ်ပေ သည်။

ကျွန်တော်သည် ဇရာအို၏ဒုက္ခအမျိုးမျိုးကို ကြုံတွေ့နေရချိန်၌ စာအုပ်ကောင်းများကို မဖတ် တော့ဘဲ အကောင်းဆုံး စာအုပ်များ၊ အကောင်းဆုံး စာများကိုသာရွေး၍ ဖတ်ရန် ဆုံးဖြတ်ချက်ချလိုက်ရ တော့သည်။

မောင်ဥာဏ်စိန်

Comments

comments

Post Author: manawmaya