ပညာရှိကို အရှည်တွဲလို့ မှီဝဲဆည်းကပ်နည်းယူလေ

 

မြတ်စွာဘုရားရှင်သည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆော့ကစားလေ့ရှိသော ရဟန်းတို့ကို အကြောင်းပြု၍ ဤကောမာရပုတ္တ (ငယ်ရွယ်သောသား)ဇာတ်တော်ကို ဟောပြ တော်မူခဲ့ပါသည်။

ပစ္စုပ္ပန်ဝတ္ထု

မြတ်စွာဘုရားရှင်သည် ကျောင်းတော်၏ အထက်ပြာသာဒ်၌ သီတင်းသုံးနေတော်မူစဉ် အောက် ပြာသာဒ်ရှိ ရဟန်းပျိုတို့သည် မိမိ တို့ကြားဖူး ကြုံဖူးခဲ့သော အကြောင်းအရာ များကို ပြောဆို၍ ငြင်းခုံခြင်း၊ ပြောင် လှောင်ရယ်မောခြင်း စသည်တို့ဖြင့် ပြု မူနေကြပါသည်။ ထိုအခါ မြတ်စွာ ဘုရားရှင်က မဟာ မောဂ္ဂ လာန်မထေရ်ကို ခေါ်တော် မူ၍ ထို ရဟန်းတို့အား ထိတ် လန့်အောင်ပြု ရန် မိန့်တော်မူပါသည်။ အရှင် မောဂ္ဂလာန် မထေရ် သည် ကောင်းကင်ပျံတက်၍ ပြာသာဒ်၏ ထုပိကာ (အထွတ်၊ အထိပ်)ကို ခြေဖဖြင့် ခတ်ပြီး ပြာသာဒ်ကို တုန်လှုပ်စေပါသည်။

ထိုအခါ ရဟန်းတို့မှာ သေဘေးကို ကြောက် ၍ပြာသာဒ်မှ အပြင်သို့ ထွက်ပြေးခဲ့ကြပါသည်။ ထို အကြောင်းအခြင်းအရာသည် ရဟန်းတော် အများ အကြား ပြန့်နှံ့သွားခဲ့ပါသည်။

တစ်နေ့တရားသဘင်တွင် ရဟန်းတော်များ သည် တရားဓမ္မကို ကျင့်ကြံအားမထုတ်ဘဲ ဆော့ ကစား၍ ငြင်းခုံကြသော ရဟန်းပျိုများအကြောင်းကို ပြောဆိုနေကြပါသည်။ ထိုစဉ် မြတ်စွာဘုရားရှင် ကြွလာတော်မူ၍စုဝေးပြောဆိုနေကြသည့်အကြောင်းကို မေးမြန်းတော်မူပါသည်။ ရဟန်းတော်များက တရား မကျင့်ဘဲ ဆော့ကစား၊ ငြင်းခုံနေကြသော ရဟန်း တော်များအကြောင်း ပြောဆိုနေကြောင်းကို လျှောက် တင်ပါသည်။ ထိုအခါ မြတ်စွာဘုရားရှင်က –

“ရဟန်းတို့ ထိုရဟန်းတို့သည် ယခုအခါ၌ သာလျှင် ဆော့ကစားကြသည် မဟုတ်သေး၊ ရှေး ယခင်ဘဝတစ်ခုကလည်း ဆော့ကစားတတ်သော အလေ့ရှိခဲ့ဖူးသည်”ဟု မိန့်တော်မူပါသည်။ အတိတ် ဘဝက ဖြစ်စဉ်ကို အောက်ပါအတိုင်းဟောပြတော်မူ ခဲ့ပါသည်။

 

အတိတ်ဝတ္ထု

လွန်လေပြီးသောအခါက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းလက်ထက်တွင် ဘုရားလောင်းသည် တစ်ခုသောရွာငယ်တွင် ပုဏ္ဏားမျိုး၌ဖြစ်၏။ အလောင်းတော်ပုဏ္ဏားအမည်မှာ ကောမာရပုတ္တဟု မှည့်ခေါ်၏။ ထိုကောမာရပုဏ္ဏားသည် အရွယ်ရောက် သောအခါ တောထွက်၍ ရသေ့ရဟန်းပြုပြီး ဟိမဝန္တာ ၌နေထိုင်ခဲ့သည်။

ထိုစဉ်အခါတွင် ဆော့ကစားတတ်သော အခြားရသေ့တို့သည်လည်း ဟိမဝန္တာ၌ ကျောင်း ဆောက်၍ နေထိုင်ခဲ့ကြသည်။ ဆော့ကစားတတ် သော ရသေ့တို့သည် ကသိုဏ်းပရိကံမျှလည်းမရှိ၊ တောမှသစ်သီးကြီးငယ်တို့ကို ဆောင်ယူ၍ ပျော်ရွှင် ရယ်မောစွာ ကစားနည်းအမျိုးမျိုးကို ဆော့ကစားရင်း အချိန်ကုန်စေခဲ့ပါသည်။ ထိုရသေ့များတွင် မျောက် တစ်ကောင်ရှိ၏။ ထိုမျောက်မှာလည်း “တံငါနားနီး တံငါ မုဆိုးနားနီးမုဆိုး”ဆိုသလို ဆော့ကစားသည့် အလေ့ရှိပါသည်။ ထိုမျောက်သည် မျက်နှာပြောင် ခြင်း၊ ခုန်ပေါက်မြူးထူးခြင်း စသည့်အမျိုးမျိုးသော လှောင်ပြောင်မှုတို့ဖြင့် ဆော့ကစားပြပါသည်။ ထို အရပ်၌ ကြာမြင့်စွာ နေထိုင်ခဲ့ကြသော ဆော့ကစား သည့် ရသေ့တို့မှာ ချဉ်ဆားရိက္ခာလိုအပ်လာခဲ့ပါ သည်။ ထို့ကြောင့် ထိုရသေ့များသည် ချဉ်ဆားရိက္ခာ မှီဝဲရန်ဟိမဝန္တာမှ ထွက်လာခဲ့ကြပါသည်။ ထိုရသေ့ များထွက်ခွာသွားစဉ် အလောင်းတော်ရသေ့သည် ထိုအရပ်သို့ သွား၍နေ၏။ ထိုအခါမျောက်သည် ထိုရသေ့တို့အား ကစားခြင်းကိုပြုသကဲ့သို့ အလောင်း တော်ရသေ့ကိုလည်း ဆော့ကစားခြင်းကို ပြုလုပ်ခဲ့ ပါသည်။ အလောင်းတော်ရသေ့သည် လက်ဖျစ်တီး၍-

“ကောင်းစွာကျင့်သော ရသေ့ရဟန်းတို့ထံ၌ နေသောသူ မည်သည်ကား အကျင့်နှင့်ပြည့်စုံခြင်း၊ ကိုယ်အစရှိသည်တို့ကို ကောင်းစွာစောင့်ရှောက်ခြင်း၊ ဈာန်တရားတို့၌ လုံ့လပြုခြင်းငှာဖြစ်သင့်၏” ဟုထို မျောက်အား သင်ကြားပြသပေးပါသည်။ ထိုအခါမှစ ၍ မျောက်သည် အကျင့်သီလနှင့် ပြည့်စုံလာပါသည်။  ထို့နောက် အလောင်းတော်ရသေ့သည် ထိုအရပ်မှ တစ်ပါးသောအရပ်သို့ ထွက်ခွာသွားခဲ့ပါသည်။

အချိန်အတန်ကြာသောအခါ ချဉ်ဆားမှီဝဲပြီး ၍ ဆော့ကစားတတ်သော ရသေ့ရဟန်းတို့သည် မိမိတို့နေရာအရပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။ ထိုအခါ မျောက်သည်ထိုရသေ့တို့အား လှောင်ပြောင် ခြင်း၊ ဆော့ကစားခြင်းများအလျဉ်းမပြုဘဲ တည်ငြိမ် စွာပင် ရှိနေခဲ့သည်။ ထိုအခါ ရသေ့တို့က –

“သင်သည် ယခင်အခါက ငါတို့နှင့် ဆော့ ကစားခြင်း၊ လှောင်ပြောင်ခြင်း၊ ရယ်မောခြင်း၊ မျက် နှာ အမူအရာပြောင်ပြခြင်းတို့ကိုပြု၏။ ယခုမူ သင် သည် ထိုကဲ့သို့ မပြုမူအဘယ်ကြောင့်နည်း”ဟု မေး ကြပါသည်။

ထိုအခါ မျောက်က –

“ငါ့ရှင်တို့ ငါသည် အကြားအမြင်ရှိသော ကောမရပုတ္တရှင်ရသေ့၏ မြတ်သောဈာန်ဖြင့် စင် ကြယ်ခြင်းကို ကြားသိနာကြားခဲ့ရ၏။ ယခုငါသည် ယခင်ကကဲ့သို့ သင်တို့မယူမှတ်လေနှင့်။ ယခုငါသည် ဆရာကောင်းရသည်ဖြစ်၍ မြင့်မြတ်သောဈာန်တရား ၌ပင်နေ၏”ဟုဆိုပါသည်။ မျောက်၏စကားကို ကြား သိရသော ဆော့ကစားတတ်သည့် ရသေ့များက –

“အချင်းမျောက်ကျောက်ဖျာပေါ်၌ မျိုးစေ့ ကိုပျိုးငြားအံ့။ မိုးသည်လည်း ရွာငြားအံ့၊ ထိုမျိုးစေ့ သည်မပေါက်ရာသာလျှင်တည်း၊ သင်သည် မြတ် သော စင်ကြယ်သော ထိုဈာန်အကျင့်ကို ကြားသိရ ရုံမျှဖြင့်ဈာန်ကိုဖြစ်စေခြင်းမှာ မဟုတ်နိုင်”ဟု မျောက် ကို ကဲ့ရဲ့ပြောဆိုခဲ့ကြပါသည်။

အတိတ်ဘဝဖြစ်စဉ်၏ ပစ္စုပ္ပန်ဇာတ်ပေါင်း ခန်းတွင် ထိုစဉ်က ဆော့ကစားတတ်သော ရသေ့ တို့မှာ ယခုဆော့ကစားတတ်သော ရဟန်းမျိုးများဖြစ် ခဲ့ကြပါသည်။ ယခုမြတ်စွာဘုရားရှင်သည် ထိုစဉ်က မျောက်ကို ဟောကြားပြသသော ကောမာရပုတ္တ ရသေ့ဖြစ်ခဲ့ပါသည်။

နိပါတ်တော်လာ သင်ခန်းစာအနေဖြင့် တိရစ္ဆာန်ပင် ဖြစ်လင့်ကစား သူတော်ကောင်းနှင့် ပေါင်း ဖက်လင့်က ကိုယ်ကျင့်တရားကောင်းမွန်စွာတည်းဟု မှတ်ယူရပါသည်။

 

မေတ္တာစေတနာဖြင့်

မောင်အေးထွန်း

ကျမ်းကိုး။  ။ ငါးရာ့ငါးဆယ်နိပါတ်တော်၊ ကုမ္ဘဝဂ်မှ ကောမာရပုတ္တဇာတ်တော်။

Comments

comments

Post Author: manawmaya