မနောမယပုတီး

ကုလားဟင်းနှင့်တူသော ကျွန်ုပ်၏ ကိုယ်ပိုင် ပုတီးစိပ်နည်း

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ဗေဒင်ဆရာ သိဒ္ဓိဆန်းဆိုသူ ရောက်ရှိလာ၏။ ကျွန်ုပ်သည် သိဒ္ဓိဆန်းကို မြင်လျှင်မြင်ချင်း – “ဘယ်လိုလဲကွ ဒီနေ့ ဗေဒင်ဆိုင် မဖွင့်ဘူးလား …” ဟုမေးလိုက်ရာ ၎င်းက -“ဒီနေ့ လပြည့်နေ့လေ ဆရာကြီးရဲ့။ ဝါတွင်း မှာ ကျွန်တော်ဆိုင်ကို လပြည့်နေ့တိုင်း ပိတ်တယ်။ ဒီနေ့တော့ တခြားမသွားဘဲ ဆရာကြီးအိမ်ကိုလာပြီး ဆရာကြီးနဲ့ အေးအေးဆေးဆေး စကားပြောမလို့ ပြောမယ့်စကားကလည်း တခြားစကား မဟုတ်ပါဘူး။ ပုတီးစကားပြောမလို့ပါ …” ဟုပြောလေ၏။

“ဆိုစမ်းပါဦးကွာ ဘယ်လိုပုတီးစကားမျိုးလဲ …” ဟု ကျွန်ုပ်က ပြန်၍မေးလိုက်လေ၏။

“ဒီလိုပါဆရာကြီး ကျွန်တော့်အနေနဲ့ ဆရာကြီးရဲ့ ပုတီးစိပ်နည်းကို လိုချင်တယ်။ အဲဒါပေးပါ ဆရာကြီးရယ် …” ဟု သိဒ္ဓိဆန်းက ပြောလေ၏။

“ဒါက ဒီလိုကွ ငါကလည်း ပုတီးစိပ်လာတာ နှစ်သက်အတော်ကြာလာပြီ။ ငါ့မှာလဲ ပုတီးစိပ်နည်းနဲ့ ပတ်သက်လို့ ဆရာတွေ အမြောက်အမြား ရှိခဲ့ဖူးတယ်ကွယ့်၊ အဲဒီဆရာတွေ ဆိုတာကလည်း လူတန်းစားပေါင်းစုံပဲဟေ့၊ သူဋ္ဌေးတစ်ယောက်ဟာ လည်း ငါ့ရဲ့ပုတီးဆရာ ဖြစ်ခဲ့ဖူးတယ်။ လေးဘီး ဒရိုင်ဘာတစ်ယောက်ဟာလဲ ငါ့ရဲ့ ပုတီးဆရာ ဖြစ်ခဲ့ဖူးတယ်။ လောင်းကစားသမား တစ်ယောက်ဟာလဲ ငါ့ရဲ့ ပုတီးဆရာ ဖြစ်ခဲ့ဖူးတယ်။ ကုန်ကုန်ပြောမယ်ကွာ ပြည့်တန်ဆာမတစ်ဦးတောင် ငါ့ရဲ့ပုတီးဆရာ ဖြစ်ခဲ့ဖူးသေးတယ်။ ဘယ်သူ့ဆီကပဲဖြစ်ဖြစ် နည်းကလေးတစ်နည်းရရင် သူ့ကိုဆရာတင်ပြီး ငါယူထားလိုက်တာကိုး …” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။

ထိုအခါ သိဒ္ဓိဆန်းက- “ဟုတ်မှာပါဆရာ …၊ ဆရာဟာ အဲဒီလို လူပေါင်းစုံဆီက နည်းလမ်းတွေကိုယူပြီး ကောင်းတာလေးတွေ၊ ကိုယ်နဲ့သင့်တော်တာလေးတွေကို စုပေါင်းပြီးလုပ်ခဲ့တာ မဟုတ်လား။ အဲဒီတော့ ဆရာ အခုစိပ်နေတဲ့ ပုတီးစိပ်နည်းဟာ သူဋ္ဌေးရဲ့ ပုတီးစိပ်နည်းလဲ မဟုတ်ဘူး။ လေးဘီးသမားရဲ့ ပုတီးစိပ်နည်းလဲ မဟုတ်ဘူး။ လောင်းကစားသမားရဲ့ ပုတီးစိပ်နည်းလဲ မဟုတ်ဘူး။ ပြည့်တန်ဆာမရဲ့ ပုတီးစိပ်နည်းလဲ မဟုတ်တော့ဘူး။ ဆရာ့ရဲ့ ကိုယ်ပိုင်နည်း ဖြစ်သွားပြီပေါ့ …” ဟု ပြောလေ၏။

“မှန်တာပေါ့ ငါ့လူရယ်၊ ရုံးပတီသီးရယ်၊ ဒန့်ဒလွန်သီးရယ်၊ ခရမ်းသီးရယ်၊ အာလူးရယ်၊ ပဲသီးရယ်၊ ငါးခြောက်ရယ်ကို အိုးတစ်လုံးထဲမှာ ရောချက်ပြီး မဆလာခတ်လိုက်တဲ့အခါမှာ အဲဒီဟင်းကို ရုံးပတီသီးဟင်းလို့ ပြောလို့မဖြစ်တော့ဘူး။ ဒန့်ဒလွန်သီးဟင်းလို့ပြောလို့လဲ မဖြစ်တော့ဘူး။ အာလူးဟင်း၊ ပဲသီးဟင်း၊ ငါးခြောက်ဟင်းလဲ မဟုတ်တော့ဘူး။ ကုလားဟင်းလို့ခေါ်ရတော့တယ်။ အဲဒီလိုပဲပေါ့။ ငါ့ မှာလဲ လူမျိုးစုံဆီက ပုတီးစိပ်နည်း ပေါင်းစုံကို သင်ယူပြီး ငါက စုပေါင်းစပ်ပေါင်း လုပ်လိုက်တယ်။ ပြီးတော့ မဆလာခတ်လိုက်တယ် ဆိုပါတော့ကွာ အဲဒီတော့ ငါအမြဲစိပ်နေတဲ့ပုတီးစိပ်နည်းက ဘယ်သူ့ရဲ့ နည်းရယ်လို့ ပြောလို့မဖြစ်တော့ဘူး။ ငါ့ရဲ့ ကိုယ်ပိုင် ပုတီးစိပ်နည်း မင်းသိင်္ခနည်းပေါ့ကွာ …” ဟုပြောပြီး ကျွန်ုပ်၏စကားကို ကျွန်ုပ်ဘာသာ သဘောကျ၍ တဟားဟား ရယ်လိုက်လေတော့သတည်း။

သိဒ္ဓိဆန်းသည် ကျွန်ုပ်၏ ရေနွေးပန်းကန်ထဲသို့ ရေနွေးကြမ်း ငှဲ့ထည့်ပေးရင်း -“ဆရာ့ရဲ့ ကိုယ်ပိုင်နည်းကို လိုချင်တယ် ဆရာ၊ အဲဒီအတွက် ကျွန်တော် ဒီကနေ့ ဒီကို လာခဲ့တာပဲ …” ဟု ပြောလေ၏။ ကျွန်ုပ်သည် ရေနွေး ကြမ်းကို တဖြည်းဖြည်းချင်း မော့ချလိုက်၏။ ထို့ နောက် –

“(၁) ရေမိုးချိုး သန့်စင်တယ်ကွယ့်၊ ခေါင်းမှာ ကြေးညှော်ရှိတယ်ထင်ရင် ခေါင်းပါလျှော်တယ်။ ပြီးတော့ တစ်ကိုယ်လုံးကို အမွှေးနံ့သာတွေ လိမ်း တယ်ကွယ့်၊ အထူးသဖြင့်ကတော့ သိပ်ပြီး အနံ့မစူး တဲ့ နံ့သာဖြူလိုဟာမျိုး လိမ်းတာပေါ့ကွာ၊

(၂) လျှော်ဖွပ်ပြီးတဲ့ အဝတ်အစားဝတ်တယ်ကွယ့်၊ အဝတ်အစားကလည်း အင်္ကျီလည်းအဖြူ၊ လုံချည်လည်း အဖြူပါပဲ။ ပြီးတော့ ပိတ်ဖြူစ တစ်စကို လက်ကတော့ထိုးတယ်၊

(၃) ဘုရားစင်မှာ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ပန်း၊ သောက်တော်ရေကို ကပ်လှူတယ်ကွယ့်၊

(၄) ပြီးတော့ ဘုရားရှိခိုးတယ်၊ သီလယူတယ်၊ သီလကလည်း အခြားသီလ မဟုတ်ပါဘူး။ အာဇီဝဌမက သီလယူတယ်၊

(၅) သံသရာကြွေးချေတယ်၊

(၆) ပုတီးတွေကို နေရာချတယ်၊

(၇) စည်းချတဲ့သဘောပဲ.. မနောအုပ်ဆောင်းကြီးကို ဆောင်းတယ်၊

(၈) သမ္ဗုဒ္ဓေကို စိပ်ပုတီးနဲ့စိပ်တယ်၊

(၉) မေတ္တာပို့တယ်၊

အဲဒါ နေ့စဉ်လုပ်တဲ့ အလုပ်ပဲ။ အဲဒါတွေပြီးမှ လိုအပ်တဲ့အခါမှာ မနောမယဓာတ်ကူးပုံစံနဲ့ ပုတီးစိပ်တယ် …”ဟု ကျွန်ုပ်က ပြောလိုက်လေ၏။

ဗေဒင် ဆရာ သိဒ္ဓိဆန်းသည် ကျွန်ုပ်ပြောသည်များကို အစပထမ၌ စာဖြင့်လိုက်၍ ရေး၏။ သို့ရာတွင် ကျွန်ုပ်စကားပြောသည်ကို အနှောင့်အယှက်ပြုသကဲ့သို့ရှိနေသောကြောင့် လိုက်၍မရေးတော့ဘဲ ကက်ဆက်ဖြင့် ဖမ်းလေတော့၏။ ပြီးလျှင် ထိုကက်ဆက်ကို ပြန်ဖွင့်၍ နားထောင်၏။ ထိုသို့ နားထောင်ပြီး မရှင်းလင်းသော အချက်များကို မေးလေတော့၏။ သိဒ္ဓိဆန်းလည်း စီးကရက်ကို မီးညှိရှိုက်ဖွာရင်း –

“ဆရာပြောတဲ့ အချက် ၁၀ ချက်ထဲမှာ နံပါတ် ၅ အချက်က သံသရာကြွေးချေတယ်လို့ ဆိုထားတယ် …၊ အဲဒါက ဘာလဲဆရာ ကျွန်တော် နားမလည်ဘူး …”ဟု မေးလေ၏။

“ဒါက ဒီလိုကွယ့်၊ သံသရာတစ်လျှောက်လုံးမှာ ကိုယ့်အနေနဲ့ မပြစ်မှားသင့် မပြစ်မှားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပြစ်မှားကျူးလွန်ခဲ့ဖူးတာတွေ ရှိကောင်းရှိလိမ့်မယ်။ အဲဒါကြောင့် အဲဒီပုဂ္ဂိုလ်တွေကို ရည်မှန်းပြီး ဝန်ချတောင်းပန်တာ၊ ပြီးတော့ ကိုယ့်ကိုလဲ မပြစ်မှားသင့်၊ မပြစ်မှားထိုက်သူက ပြစ်မှား ကျူးလွန်ခဲ့တာတွေ ရှိကောင်းရှိနေလိမ့်မယ်။ အဲဒီ လူတွေကိုလည်း ကိုယ်က အပြစ်မယူဘူးဆိုပြီး အပြစ်ကို လျှော်ပေးလိုက်တာ၊ ခွင့်လွှတ်လိုက်တာပေါ့ကွာ၊ အဲဒါက ငါက သံသရာကြွေးချေတယ်လို့ ခေါင်းစဉ်တပ်ထားတယ်။ ငါရွတ်ဆိုတာကတော့ ဒီလိုရွတ်ဆို တယ်ကွယ့် …၊

ဘဝသံသရာတွင် ကျွန်ုပ်က မပြစ်မှားသင့် မပြစ်မှားထိုက်သော သူတို့အား ပြစ်မှားကျူးလွန်ခဲ့သည်ရှိပါက ကျွန်ုပ်အား ထိုအပြစ်မှ ခွင့်လွှတ်ကြပါရန် ရှိခိုးကန်တော့၍ တောင်းပန်ပါသည်။ ကျွန်ုပ်ကိုလည်း ပြစ်မှားကျူးလွန်ခဲ့သော သူများရှိပါက ကျွန်ုပ်အနေနှင့် ခွင့်လွှတ်ပါ၏ …လို့ လေးလေးနက်နက် သုံးကြိမ်ရွတ်ဆိုတယ်ကွယ့် …၊ အဲဒါကို ငါ့ရဲ့ ပုတီးစိပ်နည်းမှာ အစီအစဉ် နံပါတ် ၅ နေရာက ထည့်ထားတယ် ..” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။

သိဒ္ဓိဆန်းသည် ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့၍ သောက်ပြီးနောက်-

“နံပါတ် ၆ မှာ ဆရာက ပုတီးတွေကို နေရာချတယ်လို့ ပြောထားတယ်။ ပုတီးတွေဆိုတော့ ပုတီးတစ်ကုံးတည်း မဟုတ်တာ သေချာတယ်။ အဲဒီတော့ ဆရာ့အနေနဲ့ ပုတီးစိပ်တဲ့နေရာမှာ ပုတီးဘယ်နှစ်ကုံး စိပ်ပါသလဲ …” ဟု သိဒ္ဓိဆန်းက မေးပြန်၏။ ထိုအခါ ကျွန်ုပ်က – “ဒီလိုသိဒ္ဓိဆန်းရဲ့ ငါက ပုတီးစိပ်တဲ့အခါ နှစ်ကုံးကို အသုံးပြုတယ်ကွ၊ တစ်ကုံးက တစ်ရာ့ရှစ်လုံးကွ၊ ကျန်တဲ့တစ်ကုံးက နှစ်ဆယ့်ခုနစ်လုံးကွ၊ နှစ်ဆယ့်ခုနစ်လုံးပုတီးက စိပ်တဲ့ပုတီး၊ တစ်ရာ့ရှစ်လုံးပုတီးက မဏ္ဍလပုတီးလို့ ငါက နာမည်ပေးထားတယ်။ မဏ္ဍလဆိုတာ အဝန်းအဝိုင်းတွေ၊ တြိဂံတွေ၊ လေးထောင့်ပုံတွေကို ကိုယ်ရှေ့မှာခင်းပြီး ပုံဖော်တဲ့ လုပ်ငန်းတစ်ခုပဲ။ အဲဒါဟာ ငါ့ရဲ့ဆရာက ငါ့ကို သင်ပေးသွားတာ …”ဟု ကျွန်ုပ်က ပြောလိုက်လျှင် သိဒ္ဓိဆန်းက- “ဆရာစိပ်တဲ့ ပုတီးတွေကို ဘာသားနဲ့ လုပ်ပါသလဲ …” ဟုမေးလေ၏။

“ဒါကတော့ကွာ မင်းလည်း တွေ့နေတာပဲ။ အမှန်ကတော့ ပုတီးဟာ ဘာသားနဲ့ပဲ လုပ်လုပ်ရပါတယ်။ သစ်သားပုတီး၊ အရိုးပုတီး၊ ဆင်စွယ်ပုတီး၊ ကြေးပုတီး၊ ငွေပုတီး တတ်နိုင်ရင် ရွှေပုတီးတောင် လုပ်ပြီးစိပ်လို့ရပါတယ်။ ဒါပေမဲ့ ပုတီးအကြီးဖြစ် တဲ့ မဏ္ဍလပုတီးကိုတော့ ငါက ဗေဒင်ဆရာဆိုတော့  ဗေဒင်နဲ့တွက်ပြီး မိတ်ကိုဓာတ်အုပ်တဲ့ အသားနဲ့ လုပ်ထားတယ်ကွ၊ ဥပမာကွာ တနင်္ဂနွေသားဆိုတော့ တနင်္ဂနွေရဲ့ မိတ်ဟာ ကြာသပတေး မဟုတ်လား၊ တနင်္ဂနွေရဲ့ဓာတ်ဟာ စနေမဟုတ်လား။ အဲဒီတော့ ကြာသပတေးနဲ့ စနေနှစ်ခုတွဲတဲ့ ပိတောက်သားကို ပုတီးလုပ်ထားတာပေါ့ကွာ …”ဟု ကျွန်ုပ်က ပြောလိုက်လျှင် သိဒ္ဓိဆန်းက-“ဒီလိုဆိုရင် ကျွန်တော့်လို တနင်္လာသားက မဏ္ဍလပုတီးကို ဘာနဲ့လုပ်ရမလဲ …”ဟု မေးလေ၏။

ထို့ကြောင့် ကျွန်ုပ်က-“တနင်္လာသားအတွက် လက်ပံကွာ၊ အင်္ဂါသားအတွက် သရက်ကွာ၊ ဗုဒ္ဓဟူးသားအတွက် ကသစ်ကွာ၊ ကြာသပတေးသားအတွက် အင်ကြင်းကွာ၊ သောကြာသားအတွက် စောင်းလျားကွ၊ စနေသားက ဝင်အူလို့ပြောထားတယ် …၊ ဒါပေမဲ့ ဝင်အူသားက ပုတီးလုပ်လို့မရဘူးကွ၊ ဒါကြောင့် စနေသားအတွက် ပုတီးက လင်းလွန်းတစ်လှည့်၊ အုန်းသားတစ်လှည့်၊ ပုတီးလုံးကလေးတွေ စုပြီး လုပ်သင့်တယ်။ စိပ်တဲ့နှစ်ဆယ့်ခုနစ်လုံးပုတီးအတွက်ကတော့ အဲဒီအသားမျိုးနဲ့ပဲ လုပ်လို့ရပါတယ်။ ငါကတော့ ငွေနဲ့လုပ်ထားတယ်ဟေ့ …”ဟု ကျွန်ုပ်က ပြောလိုက်လျှင် သိဒ္ဓိဆန်းက “ဆရာက ဘာကြောင့် ပုတီးအကြီးနဲ့ မစိပ်တာလဲ …” ဟု မေးလေ၏။

ဒီလိုပါ သိဒ္ဓိဆန်းရယ်၊ ပုတီးအကြီးနဲ့ စိပ်တဲ့အခါတွေလဲ ရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ နှစ်ဆယ့်ခုနစ်လုံး ပုတီးနဲ့ပဲ စိပ်တယ်။ ပုတီး တကယ်စိပ်လာပြီဆိုရင် ပုတီးဟာ ပေါ့လေကောင်းလေပဲ …၊ နှစ်ဆယ့်ခုနစ်လုံးပုတီး ဆိုတော့ ပေါ့တာပေါ့ကွာ …၊ ပြီးတော့လဲပဲ နှစ်ဆယ့်ခုနစ်လုံးပုတီး လေးပတ်စိပ်ရင် ပုတီးကြီးတစ်ပတ်နဲ့ အတူတူပဲ ဖြစ်သွားတာပဲ။

အဲဒီတော့ နံပါတ် ၆ မှာ ပုတီးတွေကို နေရာချတယ်ဆိုတဲ့ စကားရပ်ပါနေတယ်။ ဘယ်လို နေရာချသလဲဆိုတော့ မဏ္ဍလပုတီးကြီးကို ကိုယ့်ရှေ့ ကြမ်းပြင်ပေါ်မှာ အဝတ်ကလေးခင်းပြီး စက်ဝိုင်း ပုံသဏ္ဌာန် ချထားတယ်ကွ …၊ ပုတီးခေါင်းက လေးကိုတော့ ရှေ့တူရူ တည့်တည့်ကို ချထားတယ်။ အဲဒီ စက်ဝိုင်းပုံသဏ္ဌာန်ကြီးကို ကိုယ့်စိတ်ထဲမှာ ဘယ်လိုမှတ်ယူရသလဲဆိုတော့ ကျယ်ဝန်းတဲ့ လောကကြီးလို့ မှတ်ယူရတယ်။ အဲဒီပုတီးစက်ဝိုင်းကြီး ထဲမှာ နှစ်ဆယ့်ခုနစ်လုံးပုတီးကိုလည်း စက်ဝိုင်းပုံသဏ္ဌာန်လုပ်ပြီး ချထားရမယ်။ အဲဒီပုတီးစက်ဝိုင်းကိုတော့ မနောမယသိဒ္ဓိလို့ မှတ်ယူရတယ်။ အဲဒီလို ပုတီးနှစ်ကုံးကို နေရာချတာကို ပုတီးတွေကို နေရာချခြင်းခေါင်းစဉ်အောက်မှာ ထည့်ထားတာပေါ့ကွာ”ဟုပြောပြီးလျှင် ကျွန်ုပ်သည် သိဒ္ဓိဆန်း နား လည်စေရန်အတွက် ကျွန်ုပ်၏ ပုတီးနှစ်ကုံးကို အောက်ပါအတိုင်း နေရာချ၍ ပြလိုက်လေ၏။

သဗ္ဗေသတ္တာ ကမ္မဿကာ

မင်းသိင်္ခ

မိမိအလိုရှိသော ပုတီးသားစစ်စစ်များကို ဝယ်ယူလိုပါက

အမရာ – ကံကောင်းစေမည့်အဆောင်ပစ္စည်းများရောင်းချသည့် ဖုန်း 09255855546 ကို ဆက်သွယ်မှာယူနိုင်ပါတယ်။

Comments

comments

Post Author: manawmaya