ငွေဝင်မည့်နိမိတ်

လူရဲ့သည်းခြေကြိုက်ဟာငွေပါ။
ငွေမရှိရင်လဲ လူတွေဟာလောကကြီးမှာရပ်တည်နေထိုင်ဖို့ ခက်ခဲလှပါတယ်။ ငွေရှိမှလဲ၊ စားဝတ်နေရေးပညာရေးကနေ ကျန်းမာရေးအဆုံး ပြေပြေလည်လည်ဖြစ်နိုင်မှာပါ။ ဒီအတွက်လူတွေဟာငွေကို ရှာကြရတယ်။ စိတ်ကောင်းရှိတဲ့လူများက သမ္မာအာဇီဝလို့ခေါ်တဲ့ မှန်မှန်ကန်ကန်ရှာဖွေပြီး၊ အသက်မွေးကြတယ်။

ဒီလိုမဟုတ်ပဲ၊ စိတ်ကောင်းမရှိတဲ့သူများ(စိတ်ယုတ်မာ ရှိတဲ့သူများ)ကျတော့ မသမ္မာတဲ့နည်းနဲ့ရှာဖွေပြီး အသက်မွေးကြတယ်။ (ခိုးဆိုးလုနှိုက်)အဲဒီအပြင် ဝိသမလောဘနဲ့လောသတကြီးနဲ့ လူအချင်းချင်းဂုတ်သွေးစုတ်ကြတယ်။ အာဏာအရင်းတည်ပြီး၊ မတော်မတရားသိမ်းပိုက်လာကြတယ်၊ ဓားပြအကြီးစားတွေ ဖြစ်လာကြတယ်။

ထားတော့ငွေဆိုတဲ့အရာဝတ္ထုကို မလိုချင်တဲ့ လူရယ်လို့မရှိပါဘူး။ တရားမျှတစွာလိုချင်သူနဲ့ မတရားလိုချင်သူပဲကွာတာပါ။ လုံးဝမလိုချင်တော့ပါဘူးဆိုတဲ့လူဟာ ဘုရား၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါတွေပဲရှိမှာပါ။ ပုထုဇဉ်လူသား အနေနဲ့တော့ ငွေကို မလိုချင်တဲ့သူ မရှိနိုင်ပါဘူး။ စားဝတ်နေရေး၊ သာရေး၊ နာရေးတွေ ရှိနေကြတဲ့အတွက်၊ ငွေဟာ”သူ့အိုးနဲ့သူ့ဆန်”တန်သလောက်တော့ လိုနေကြတာပါပဲ။ ကျားကြီးရင် ခြေရာကြီးသတဲ့။ သူ့အထွာနဲ့သူတော့ သူ့အတိုင်း အတာနဲ့သူတော့ရှိနေကြတာပါပဲ။

ဒီတော့ငွေဝင်မယ်ဆိုတဲ့သတင်းကြားရရင် ကြားရတဲ့သူဟာပျော်ပါတယ်။ တကယ်မဝင်သေးဘူး။ ဝင်တော့မယ်ဆိုတဲ့ နိမိတ်တွေ အိပ်မက်တွေရရင် ပျော်တော့တာပါပဲ။

ကိုယ့်ဆီငွေဝင်လာတော့မယ်ဆိုရင် နိမိတ်ပြလေ့ရှိပါတယ်။ ငွေဝင်တဲ့ကိစ္စမှမဟုတ်ပါဘူး။ တခြားကိစ္စတွေဖြစ်တဲ့ ဧည့်လာမယ့်နိမိတ်တွေ၊ စကားများမယ့်နိမိတ်၊ အစားကောင်းစားရမယ့် နိမိတ်တွေလည်း ပြလေ့ရှိတာပါပဲ။ ဒါပေမဲ့ နိမိတ်တွေပြနေတာကို လူတိုင်းသတိမထားမိကြပါဘူး။ သတိထားမိကြသူ နည်းပါတယ်။ သတိထားမိတယ်ဆိုရင်လည်း … “အင်းနိမိတ်တော့နိမိတ်ပဲ …၊ ဘာနိမိတ် လဲမသိဘူး …” အဲသလိုတွေးမိကြတဲ့သူတွေများပါတယ်။

နိမိတ်ဖတ်နိုင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ပါရမီထူးသူရင်လည်းဖြစ်ရတယ်။ ဒါမှမဟုတ် ဗဟုသုတကြွယ်ဝသူရင်လည်း ဖြစ်တတ်တယ်။ ဟုတ်ပြီ ပါရမီလည်းရှိပါရဲ့ ဗဟုသုတလည်းကြွယ်ပါရဲ့ ဒါပေမယ့် သူတစ်ပါးကို ကူညီချင်တဲ့သူမဟုတ်ရင်လည်း စကားနည်းရန်စဲဆိုသလို ပြောပြကူညီပေးဖို့ အခွင့်အရေးကြုံပေမယ့် မသိသလို ခပ်မဆိတ်နေတတ်ကြသူတွေလည်း ရှိပါတယ်။ တချို့ပညာရှိများကျတော့ မမေးရင်ဘာမှပင် မပြောတတ်ကြပေမယ့် သူတို့ကိုမေးပြီဆိုရင်တော့ စည်ကြီးကိုတီးလိုက်သလို ရှည်ရှည်ဝေးဝေး ပတ်ပတ်နပ်နပ် ရှင်းပြတတ်တဲ့ပညာရှိများလည်း လောကကြီးမှာရှိနေတတ်ပါတယ်။ လူကြည့်ပြီးမေးတတ်ဖို့သာ လိုရင်းပါ။

ဒါကြောင့်နိမိတ်တစ်ခုခုရရင် အိပ်မက်ထူးထူးခြားခြားမက်ရင် ဗဟုသုတစုံလင်သူ(စိတ်ကောင်းရှိသူ) တွေကို မေးမြန်းဆွေးနွေးသင့်ပါတယ်။ သို့သော် အရိပ်အကဲကြည့်ပြီးမှ မေးမြန်းဖို့တော့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့နိမိတ်တွေဟာ ကောင်းပါတယ်။ ဒါပေမယ့် နိမိတ်ဖတ်ပြောကြားသူက မကောင်းနိမိတ်အဖြစ်ဖတ်ပြီးပြောလိုက်တဲ့အခါ  ဣဋ္ဌလို့ ခေါ်တဲ့နိမိတ်ကောင်းဟာ အနိဋ္ဌလို့ခေါ်တဲ့မကောင်းတဲ့နိမိတ်တွေဖြစ်သွားပြီး မကောင်းတဲ့စိတ်တွေ စွဲလန်းသွားတတ်ပါတယ်။ မကောင်းတဲ့အထင်အမြင်တွေကြောင့် မကောင်းတဲ့ကိစ္စရပ်တွေ ကြုံတွေ့ရတတ်ပါတယ်။

တကယ့်ပညာကျော် အဓိပတိကြီးများကျတော့လည်း အနိဋ္ဌာရုံလို့ထင်ရတဲ့ မကောင်းတဲ့နိမိတ်ကိုတောင် ကောင်းစေချင်တဲ့စေတနာဇောပြဋ္ဌာန်းပြီး ဣဋ္ဌာရုံအဖြစ်ဟောကိန်းထုတ်ခဲ့တာကြောင့် စိတ်ချမ်းသာခဲ့ရတာတွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် အယူတော်မင်္ဂလာပညာရှိဟာ ရှင်ဘုရင့်နန်းတော်ဆောင်ခေါင်မိုးမှာ လင်းတကြီးလာနားတဲ့အခါ တခြားပညာရှင်များက ဒါဟာမကောင်းတဲ့အတိတ်နိမိတ်ပဲ ဆိုပြီးဖွင့်ဆိုကြတယ်။ ဒါပေမယ့်အယူတော်မင်္ဂလာ ပညာရှိကြီးကတော့ ဒီနိမိတ်ကိုကြည့်ပြီး ကောင်းတဲ့ နိမိတ်အဖြစ်ကောက်ယူခဲ့တယ်။ “မြောက်ဘက်အရပ်ဒေသက သမီးကညာ ဆက်သလာလိမ့်မယ်”လို့ နိမိတ်ကောက်ယူဟောပြောတယ်။ မကြာခင်မှာဘဲ အယူတော်မင်္ဂလာဆရာကြီးဦးနိုးရဲ့အယူအဆ နိမိတ်ကောက်ပုံမှန်ကန်ကြောင်း သိလာကြရတယ်။ ဒီဆောင်းပါးမှာ ပြောလိုရင်းကတော့ နိမိတ်ဆိုတာရှိတယ်။ လူတွေကို ကမ္ဘာလောကကြီးက ကြိုတင်အသိပေးနေတယ်။ လူတိုင်းမသိပေမယ့် လေ့လာမှတ်သားသူများကတော့ နိမိတ်ကိုဖတ်နိုင်ကြကြောင်းဆိုလိုတာပါ။

“အိမ်မှာ ပိုးဟပ်တွေပျံလိုက်တာ ဖလူးဖလူးနဲ့ အများကြီးပဲ၊ ပျံရင်းနဲ့ လူပေါ်လာလာနားလိုက်သေးတယ်။ ယားကျိယားကျိနဲ့ မနည်းမောင်းရတယ်။ ပျံနေတာမရပ်ဘူး။ အကြာကြီးပဲ”အဲသလို ပြောသံကြားဖူးတယ်။ ပြောလေ့ရှိကြတယ်။ ကိုယ်တိုင်လဲ ပိုးဟပ်တွေ ထထပျံတာ ကြုံ ဖူးတာပါပဲ။ အဲဒါဆိုရင် ဝမ်းသာပေတော့ ငွေများများ ဝင်တော့မယ်။ ကံသိပ်ကောင်းရင်ထီပေါက်တော့မယ်။ အများကြီးမဝင်ဘူးဆိုရင်တောင် အတိုင်းအတာတစ်ခုအထိ သေချာပေါက်ဝင်လာတော့ အမှန်ပဲ။

ဒါကြောင့် ပိုးဟပ်တွေပျံရင် လူပေါ်နားရင် စိတ်မညစ်ပါနဲ့ စိတ်မဆိုးပါနဲ့ “ဟဲ့ ငွေတွေဝင်တော့မယ် ငွေတွေဝင်တော့မယ် ပိုးဟပ်တွေပျံတယ်။ ပျံ သာပျံပါရွှေပိုးဟပ်ကလေးတွေ ရက်များများပျံစမ်းပါ။ ငွေများများဝင်အောင်”ဆိုပြီး ပြောရတယ်။ ဝမ်းသာအားရ ယုံယုံကြည်ကြည် လှိုက်လှိုက်လှဲလှဲ ပြောရမယ်။ စိတ်ထဲမှာလည်း ပျော်ရွှင်နေရမယ်။ ကောင်းတဲ့နိမိတ်ရတဲ့အတွက် ဝမ်းသာရမယ်။

“အမလေး ပိုးဟပ်ပျံတာများ မုန်းပါတယ်။ ရွံလဲရွံတယ် ကိုယ့်ပေါ်က နားရင် ဒေါသဖြစ်တယ်”တချို့က စကားကောင်းပြောနေသလား စကားဆိုးပြောနေသလား နားမလည်ဘူး။ နိမိတ်ကောင်းဖတ်တာကို မယုံမကြည်နဲ့ ရယ်စရာမောစရာ လုပ်ပစ်တာမျိုးလည်းရှိသေးတယ်။ အဲဒါကြောင့် ထောင်တန်တဲ့စကား ရယ်ရင်ပေါ့တယ်လို့ ရှေလူကြီးသူမများပြောခဲ့ကြတာ။ ဒါကြောင့်ကောင်းတဲ့ နိမိတ်စကားပြောနေရင် ပြောတဲ့အတိုင်းဖြစ်ပါစေလို့ ဆုတောင်းရတယ်။

နောက်တစ်ခု ငွေဝင်စေတဲ့နိမိတ်ကတော့ ရပ်ထဲရွာထဲမြို့ထဲမှာ အသုဘချလာတဲ့အခါ ကြုံကြတယ်မဟုတ်လား အဲဒီအခါ ကားနဲ့ပဲလာလာ၊ ထမ်းပြီးပဲ ချလာလာ၊ ကိုယ့်ရဲ့ဘယ်ဘက်(လက်ဝဲဘက်က) ဖြတ်ပြီးချသွားရင် လာဘ်ဝင်တယ်(ငွေဝင်တတ်တယ်)လို့ ရှေးလူကြီးတွေယူဆခဲ့ကြတယ်။ ကိုယ်လေ့လာကြည့်တော့လဲ ဟုတ်နေတာတွေ့ရတယ်။ အဲဒီနေ့မှာ ဒါမှမဟုတ်နောက်တစ်နေ့မှာ ငွေအနည်းနဲ့အများ ဝင်တော့တာပါပဲ။

မကြာသေးခင် သုံးလေးရက်တုန်းကတောင်မှ အဲသလိုကြုံရသေးတယ်။ ကိုယ့်မရီးအတော်လေး နေမကောင်းလို့သွားကြည့်တာ၊ ထောက်ပံ့နိုင်သလောက်သွားထောက်ပံ့တာ၊ တက္ကစီကားနဲ့သွားကြတယ်။ အိမ်သူလည်းပါတယ်။ အပြန်ကျတော့ လမ်းမှာ အသုဘချလာတဲ့ကားက ကိုယ်တို့ကားရဲ့ ဘယ်ဘက်(လက်ဝဲဘက်)ကနေဖြတ်သွားတယ်။ “လာဘ်ဟဲ့ လာဘ်ဟဲ့” ဆိုပြီး အိမ်သူက သူ့ပိုက်ဆံအိတ်ကို တဘုတ်ဘုတ်ပုတ်တယ်။ ပြီးတော့ကျန်တဲ့လူတွေကိုလည်း လှမ်းပြောတယ်။ “ပိုက်ဆံအိတ်တွေပုတ်ကြလေ”ဆိုပြီးတော့။ အသုဘကားဘယ်ကဖြတ်သွားရင် ပိုက်ဆံရတဲ့ အကြောင်းရှင်းပြတယ်။

အဲဒီအခါ တက္ကစီဒရိုက်ဘာက ကိုယ့်ကိုလှမ်းမေးတယ်။ “အဲဒါဟုတ်သလားဆရာကြီး”ဆိုပြီး တော့ပေါ့။ ကိုယ်က “ဟုတ်တယ်သား တို့မြန်မာတွေရဲ့ရှေးကတည်းက အယူအဆရှိခဲ့တာပေါ့ကွာ၊ ကိုယ်သတိထားကြည့်တော့လည်း ဟုတ်နေတာတွေ့ရတယ်။ မင်းလဲပိုက်ဆံအိတ်ကို ပုတ်ပေါ့ကွာ”လို့ ပြန်ပြောလိုက်ရတယ်။

ဆိုခဲ့သလိုပဲ နောက်နေ့မှာ ငွေဝင်တော့တာပဲ။ အဲဒါကြောင့် ရှေးထုံးလည်းမပယ်နဲ့လို့ ပြောတာ။ ဒီလိုကြုံရင် ဒီလိုဖြစ်တတ်တယ်ဆိုတဲ့ ရှေးစကားတော်တော်များများဟာ မှန်လေ့ရှိပါတယ်။ ပြီးတော့ အိပ်မက်မက်တဲ့အခါမှာလည်း မစင်တွေပေတယ်။ မစင်တွေလူးရတယ်လို့ အိပ်မက်မက်ရင် ငွေတွေဝင်တတ်ပါတယ်။ ပြီးတော့ တဝေါဝေါစီးကျနေတဲ့ ရေတံခွန်တွေမြင်ရရင် ရေလျှံ တဲ့ နွားနို့လျှံတဲ့ခွက်တွေမြင်ရရင်လည်း ပိုက်ဆံဝင်တတ်ပါတယ်။ အထူးသဖြင့် စနေနေ့မနက်အာရုံ (နေထွက်စမှာ) မက်တဲ့အိပ်မက်တွေဟာ မှန်တတ်ပါတယ်။

ငွေဝင်နိမိတ်တွေများများရပြီး ငွေတွေများ များဝင်နိုင်ကြပါစေ။ လှူနိုင်ကြပါစေ။

ဇေယျတုသဗ္ဗမင်္ဂလံ

လင်းရောင်တင်

ကိစ္စမျိုးစုံအောင်မြင်စေတဲ့ ရတနာဒီပံ ရွှေ ဖယောင်းတိုင်ကိစ္စတခြားကိစ္စတွေအတွက် ဆွေးနွေးရန် တိုက်(၁၁၀၇) ယဿဝတီ ၁၈လမ်း၊ တောင်ဥက္က လာ (၁၃)ရပ်ကွက် ရန်ကုန်။

နေ့စဉ်မနက်ကိုးနာရီမှ သုံးနာရီအတွင်း။

ဖုန်း ဝ၉၄၂၀ဝ၁၄၆၁၄

Comments

comments

Post Author: manawmaya

Leave a Reply

Your email address will not be published. Required fields are marked *