ရိုစီမပြောပြတဲ့ ချစ်ဥယျာဉ်

ညနေစောင်းတစ်ခုသ၌ ကျွန်ုပ်သည် ဗေဒင် ဟောခြင်းအလုပ်ကို ရပ်နားလိုက်ပြီးသည့်နောက် လက္ခဏာကျမ်းတစ်အုပ်ကို ဖတ်ရှုနေမိလေ၏။ ထို အချိန်၌မှာပင် အပြင်ဘက် လမ်းမဆီမှ ဆွေးဆွေး မြေ့မြေ့ လှိုက်လှိုက်လှဲလှဲ သီချင်းသံတစ်ခုကိုကြား လိုက်ရလေ၏။

“ချစ်သူတိုင်းလည်း ညားကြပါစေ …  ညားသူတိုင်းလည်း ချစ်ကြပါစေ …တစ်ဦး မေတ္တာ တစ်ဦးမှာ တည်ပါစေကြောင်း”ဟူသော သီချင်းသံ ပင် ဖြစ်လေတော့၏။ ယောကျာ်းတစ်ဦးအသံမဟုတ် ဘဲ ခပ်ငယ်ငယ် မိန်းကလေးတစ်ဦး၏ အသံမျိုးဖြစ် ၏။ သီချင်းသံသည် တဖြည်းဖြည်း ကျွန်ုပ်နှင့် ပို၍ပို၍ နီးလာ၏။ ထို့နောက် ရုတ်ချည်းဆိုသလိုပင် သီချင်း စာသားသည် ချက်ချင်း ပြောင်းသွားခဲ့လေ၏။

“အိုင်လပ်ယူ မိုးသန်း အိုင် ကန်ဆေး”ဟူ သော အင်္ဂလိပ်သီချင်းသို့ ပြောင်းသွားခြင်းဖြစ်၏။ ကျွန်ုပ်လည်း ဘာရယ်မဟုတ်ဘဲ ဖတ်လက်စ စာအုပ် ကို ဘေးသို့ အသာချထားလိုက်ရင်း သီချင်းသံကို နားစွင့်နေလိုက်မိလေ၏။ ထိုအခါ၌ သီချင်းသည် တစ်မျိုး ပြောင်းသွားပြန်၏။

“အခါတော်ပေးတာက …နတ်ရေးငယ် ရွှေစာ …”ဟူသော မင်္ဂလာသီချင်းကို အကျအန ဆွဲငင်၍ ဆိုနေပြန်၏။ အသံမှာလည်း ကျွန်ုပ်၏အခန်း နှင့် ပို၍ ပို၍ နီးလာလေ၏။ ထို့နောက် ကျွန်ုပ်၏ အခန်းဝသို့တိုင်အောင် ရောက်လာခဲ့လေ၏။ ထိုအခါ တွင်ကား သီချင်းသည် တစ်မျိုးပြောင်းသွားပြန်ပြီ ဖြစ်လေတော့၏။

“ထမင်းစားပြီး တစ်မျိုးလို … အိပ်ရာဝင် လည်း တစ်မျိုးလို … ဆေးလိပ်တို ဟေ့ ဆေးလိပ် တို …ဘိလပ်ရည်ချိုချိုလေး ငါလိုချင်တာက အပျိုလေး …ဘိလပ်ရည် အမြှုပ်ထ ငါလိုချင်တာ တရုတ်မ၊ လက်ဆောင်ပေးရအောင် … ပေးရအာင် ဟေ့ ပေးရအောင်” ဟူသော သီချင်းပင်ဖြစ်လေ တော့၏။ အသံသည် လမ်းဆက်၍ မလျှောက်နိုင် တော့ဘဲ ကျွန်ုပ်၏ အခန်းဝတွင် ရပ်၍ အကျအန သီဆိုနေခြင်းဖြစ်၏။ ကျွန်ုပ်လည်း ထိုင်ရာမှထကာ အခန်းဝသို့ ထွက်လိုက်လေ၏။ ထိုအခါတွင်ကား ကျွန်ုပ်ထံသို့ မကြာခဏ ရောက်လာလေ့ရှိသော မိမိ ကိုယ်မိမိ အင်္ဂလိပ် လူဝင်စားဟု အထင်ရောက်နေ သည့် တောမရောက်၊ တောင်မရောက် ရိုစီမဟူသော အူကြောင်ကြောင် မိန်းကလေးဖြစ်နေကြောင်း တွေ့ လိုက်ရပါလေတော့၏။

ရိုစီမသည် ဟန်နှင့်ပန်နှင့် ခြေလက်ခေါင်းခါး အကုန်လှုပ်ယမ်းရင်း အကျအန သီချင်းဆိုနေရာမှ ကျွန်ုပ်အား မြင်လိုက်လျှင် သီချင်းဆိုခြင်းကို တိခနဲ ရပ်၍ ကိုယ်ကလေးကိုရို့ကာ ခေါင်းကလေးကို ညွတ် ရင်း –

“ဂွတ်ဒ် အီးဗင်းနင်း”ဟု အနောက်တိုင်း ဆန်ဆန် နှုတ်ဆက်လေ၏။ တစ်ဆက်တည်းမှာပင် လက်အုပ်ကလေးကို ဖျတ်ခနဲ ချီလိုက်ပြန်ရင်း –

“မင်္ဂလာပါဆရာ”ဟု မြန်မာဆန်ဆန် နှုတ် ဆက်ပြန်လေ၏။ ကျွန်ုပ်က –

“ဘယ်လိုဖြစ်တာလဲ ရိုစီမ”ဟု မေးလိုက် လျှင် ရိုစီမက –

“ဆရာ ပြောတာ အမှန်ပါပဲ။ ရိုစီမတို့က အမြဲ ဖြစ်နေတယ်။ ဒါပေမဲ့ ပျက်တဲ့လူတွေက ပျက် နေကြတယ်ဆရာရဲ့”ဟု ပြန်၍ ပြောလေ၏။ ကျွန်ုပ် လည်း မျက်မှောင်ကြီးကို ကြုတ်ရင်း –

“ဘယ်သူတွေ ဘာတွေ ပျက်နေကြလို့လဲ ရိုစီမရဲ့”ဟု မေးလိုက်ပြန်လျှင် ရိုစီမက လက်ဝါး လေးနှစ်ဖက်ကို အပေါ်လှန်၍ ပခုံးကို အပေါ်သို့ တွန့်လိုက်ရင်း မျက်တောင်လေးကို ထောင့်ကပ်လိုက် ရာ အနောက်တိုင်း ရုပ်ရှင်မင်းသမီး၏ အမူအရာ မျိုးဖြင့် –

“ဘယ်သူတွေ ပျက်ကြရမှာလဲ။ အချစ်ရေး တွေ ပျက်ကြတယ်။ အိမ်ထောင်ရေးတွေ ပျက်ကြ တယ်။ အဲဒီအတွက် ရိုစီမက လမ်းတကာလှည့်ပြီး အများအကျိုးဆောင် မြားနတ်မောင်လုပ်နေတာပါ” ဟု ပြောလေ၏။ ကျွန်ုပ်လည်း ရယ်ချင်စိတ်ကို အတင်းကြိတ်မှိတ်မျိုသိပ်ရင်း –

“ဘာ နင်က မြားနတ်မောင်လုပ်နေတယ် ဟုတ်လား။ ကိုယ့်ထမင်း ကိုယ်စား ဒါမှမဟုတ်ရင် လည်း အများတကာကျွေးတာလေး အေးအေးလူလူ စားပြီး အေးအေးဆေးဆေး နေစမ်းပါ ရိုစီမရယ်။ နင့်လို အူကြောင်ကြောင် ကောင်မလေးက မြားနတ် မောင် ဝင်လုပ်မယ်ဆိုရင် ပေါင်းရမယ့်လူတွေ ကွဲ ကုန်၊ ကွဲရမယ့်လူတွေ ပေါင်းကုန်၊ အကုန်လုံး အိုး နင်းခွက်နင်း ဖြစ်ကုန်ပါလိမ့်မယ်ဟယ်၊ ပြီးတော့ နင်က ယောကျာ်းလေးမှ မဟုတ်ဘဲ။ ဘယ်လိုလုပ် ပြီး မြားနတ်မောင်ဖြစ်နိုင်မှာတုန်း”ဟု မေးလိုက် လျှင် ရိုစီမက မျက်စောင်းလေးတစ်ချက် ဒေါက်ခနဲ ထိုးရင်း –

“အများအကျိုးဆောင် မြားနတ်မောင် မဟုတ်တော့လည်း အချစ်ကဝေ မြားနတ်မလေး လုပ်လိုက်တာပေါ့ ဆရာရယ်”ဟု ပြန်၍တုံ့ပြန်လေ ၏။ ထိုအခါ ကျွန်ုပ်က –

“ကဲပါ …နင်ငါ့ဆီကို လာတာလား။ ဘာ ကိစ္စရှိလို့လဲ။ အထဲဝင်ပြီး ထိုင်မှာဖြင့်ရင်လည်း ထိုင် လေ။ မြားနတ်မေကလည်း အပေါက်ဝမှာ ဟို မရောက် ဒီမရောက်ကြီး။ နင့်မြားနဲ့ အပစ်ခံရတဲ့ အတွဲတွေကတော့ ဟိုမရောက် ဒီမရောက်တွေ ဖြစ် ကုန်တော့မှာပဲ”ဟု ပြောလိုက်လျှင် ရိုစီမက –

“ကျွန်မ လုပ်ပေးလိုက်လို့ အဆင်ပြေပြီး အိုကေမှာ စိုပြည်သွားကြတဲ့ အတွဲတွေ အများကြီး  အများကြီးရှိနေပါပြီ ဆရာရဲ့။ ဆရာ မယုံရင် မေးကြည့်လေ”ဟု ပြောလေ၏။

“ဘယ်သူ့ကိုသွားပြီး မေးကြည့်ရမှာလဲ”ဟု ကျွန်ုပ်က မေးလိုက်သောအခါ ရိုစီမက –

“ဘယ်သူ့မေးကြည့် မေးကြည့် ရပါတယ်။ အကောင်းဆုံးကတော့ ဆေးရုံတွေက သားဖွားဆရာ မတွေကို မေးကြည့်လိုက်ပေါ့”ဟုပြန်၍ ပြောလေ ၏။

“ဘာဆိုင်လို့လဲ”ဟု ကျွန်ုပ်က မေးလိုက် လျှင် ရိုစီမက –

“ဆိုင် မဆိုင်တော့ မသိဘူး။ အဲဒီဆရာမ တွေကတော့ ကျွန်မနဲ့တွေ့ရင် ခဏခဏမုန့်တွေ ဝယ်ကျွေးကြတယ်။ မုန့်ဖိုးတွေ ဘာတွေ ပေးကြ တယ်။  ကျွန်မကို အကြောင်းပြုပြီး သူတို့အလုပ် ဖြစ်လို့၊ ငွေရွှင်နေလို့တဲ့လေ”ဟု ဟန်တစ်လုံး ပန် တစ်လုံးနှင့် ပြောလိုက်သောကြောင့် ကျွန်ုပ်လည်း ၄င်းအား ချီးကျူးရအခက်၊ အမြင်ကပ်ရအခက် ဖြစ် သွားလေတော့၏။

သို့ရာတွင် ကျွန်ုပ်လည်း ချက်ချင်းဆိုသလို ပင် တစ်စုံတစ်ရာကို တွေးမိသွား၏။ အခြားမဟုတ်၊ ရိုစီမ ပြောပြသော အနောက်တိုင်း ဂမ္ဘီရနည်းများကို ကျွန်ုပ်လည်း မဂ္ဂဇင်းဂျာနယ်များ၌ အလျဉ်းသင့် သလို ရေးသားတင်ဆက်ခဲ့ရာ ထိုနည်းများသည် လွယ်ကူသလောက် လွန်စွာပင်အစွမ်းထက်ကြောင်း၊ အင်မတန် ထိရောက်ကြောင်း ပရိသတ်များကပြန်၍ ပြောကြသောကြောင့်ဖြစ်သည်။ ပရိသတ်များသည် ၄င်းတို့၏ ကိစ္စများ ထူးထူးခြားခြားပင် အောင်မြင် ကြကြောင်း ကျွန်ုပ်အား လာလာပြောကြသောအခါ  ကျွန်ုပ်သည် မိမိကိုယ် မိမိပင် မလုံမလဲဖြစ်ခဲ့ရ၏။ တကယ်စင်စစ် ထိုနည်းများသည် ကျွန်ုပ်၏ကိုယ်ပိုင် နည်းများ မဟုတ်ကြမူဘဲ ကျွန်ုပ်၏သမီးအရွယ် ရိုစီမဟူသော အူကြောင်ကြောင် မိန်းကလေးက ပြောပြခဲ့သော နည်းများသာဖြစ်သောကြောင့်တည်း။

ကျွန်ုပ်သည် ထိုနည်းများအကြောင်းကို ကျွန်ုပ်၏ ဆရာကြီး အဘမင်းသိင်္ခနှင့် စကားစပ်မိ ၍ ပြောမိသောအခါ အဘသည် သူ့ထံတွင် ရှိနေ သော အနောက်တိုင်း လောကီပညာစာအုပ်အချို့ကို ထုတ်ပြလေ၏။ ထိုစာအုပ်ထဲမှ အကြောင်းအရာများ သည် ရိုစီမပြောပြသည်များနှင့် အံ့ဩဖွယ်ကောင်း လောက်အောင် တိုက်ဆိုင်နေကြောင်း တွေ့ရလေ ၏။

အချို့ဆရာတော်ကြီးများ၊ ဝိဇ္ဇာလမ်းကိုလိုက် သော ပုဂ္ဂိုလ်များသည် ဘဝကူးအံ့ဆဲဆဲ အချိန်များ ၌ ゞင်းတို့၏ ရုပ်ကလာပ်ကို မခွဲစိပ်ရန်၊ မဖြတ် တောက်ရန်၊ မီးမသင်္ဂြိုဟ်ရန်၊ ဂူသွင်းရန် တပည့်ရင်း တို့အား မှာကြားခဲ့လေ့ရှိ၏။ အမှာစကားကို နား မထောင်သော သို့မဟုတ် နားမလည်သော တပည့် များက ထင်သလို လုပ်ပစ်လိုက်ကြသောအခါ ကွယ် လွန်သွားသော ဆရာသမားက –

“မင်းတို့ ငါ့စကားကို နားမထောင်ကြဘဲကိုး။ အခုတော့ ငါ့အလုပ်တွေ တစ်ဝက်တစ်ပျက်နဲ့ ပျက် သွားပြီ”ဟု အိပ်မက်ပေးလေ့ရှိကြောင်း ကြားဖူးကြ ပေလိမ့်မည်။ ထိုသို့ အလုပ်စခန်း တစ်ဝက်တစ်ပျက် နှင့် ဖြစ်သွားကြသော ဝိဇ္ဇာအလောင်းအလျာတို့သည်   လူခြောက်ကလေးများ ဖြစ်သွားတတ်ကြောင်းကို လည်း ကျွန်ုပ်တို့၏ အဘ ပြောပြခဲ့ဖူးသည်။ ယခု  ရိုစီမသည်လည်း ထိုသို့ဖြစ်ခဲ့သည်ဟု ထင်မှတ်ရန်  အကြောင်းရှိနေပေတော့၏။ ထို့ကြောင့် ကျွန်ုပ်သည်  တောမရောက် တောင်မရောက် အူကြောင်ကြောင် ရိုစီမလေးအား အထင်မသေးဝံ့ရိုး အမှန်ပင် ဖြစ်ရ လေတော့၏။ ထို့ကြောင့် –

“ကဲပါ ဆရာမကြီး ဒေါ်ရိုစီမရယ် … အဲလေ အချစ်ကဝေ မြားနတ်မကြီးရယ် … အချစ် ရေး အချစ်ရာတွေ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲ ပြောစမ်းပါဦး”ဟု ကျွန်ုပ်က မေးလိုက်ရာ ရိုစီမက –

“ဒီလို ဒီလို …ကိုယ့်အိမ်က လူသူအရောက် အပေါက်နည်းတဲ့ တစ်နေရာရာမှာ လုပ်ရင်လည်းရ တယ်။ ဒါမှမဟုတ် ကိုယ့်အခန်းမှာ ကိုယ်လုပ်ရင် လည်း ရတယ်။ အဆင်ပြေဆုံးနည်းကို ပြောရရင်  တော့ လင်ဗန်းတစ်ချပ်ထဲမှာ သဲထည့်ပြီး မြေဆွေး နည်းနည်း ရောရမယ်။ အဲဒီသဲပြင်ပေါ်မှာ တုတ် ချောင်းနဲ့ အသည်းပုံလေးတစ်ပုံ(ခပ်ကြီးကြီး) ရေးရ မယ်။ အဲဒီ အသည်းပုံမျဉ်းကြောင်းအတိုင်း ကျောက် စရစ်ခဲလေးတွေ လိုက်ပြီး စီရမယ်။ အဲဒီတော့ ကျောက်စရစ်ခဲလေးတွေဟာ အသည်းပုံလေးတွေ ဖြစ်နေမှာပေါ့။

အဲဒီအသည်းပုံ အလယ်မှာမှ တုတ်ချောင်း လေးနဲ့ ကိုယ့်ချစ်သူရဲ့ နာမည်ကို ရေးရမယ်။ အဲဒီ အသည်းပုံ သဲပြင်ပေါ်မှာ စပါးစေ့လေး လက်တစ် ဆုပ်လောက် ဖြန့်ကြဲထားလိုက်ရမယ်။ အဲဒီအပေါ် မှာမှ ခရုခွံသေးသေးလေးတွေ တော်တော်များများ ဖြန့်ကြဲထားလိုက်ရမယ်။ အဲဒီအလယ်တည့်တည့်မှာ ကိုယ့်ချစ်သူရဲ့ နာမည်ပေါ်မှာတော့ ကစ်စ်မီကွစ် Kiss Me Quick ဆိုတဲ့ အပင်လေးတစ်ပင်ကို စိုက်ထား လိုက်ရမယ်။

အဲဒီကိုယ့်ရဲ့ အချစ်ဥယျာဉ်လေးကို နေ့စဉ် ရေမှန်မှန် ဖျန်းတောက်ပေးရင်း ချစ်သူနဲ့ အဆင်ပြေ ဖို့၊ ကိုယ့်အပေါ်သစ္စာရှိဖို့ ကိုယ့်ကို စွဲစွဲလမ်းလမ်း မေတ္တာသက်ဝင်ဖို့ ဆုတောင်းရမယ်။ မကြာခင်မှာ စပါးစေ့လေးတွေ အပင်ပေါက်လာလိမ့်မယ်။ ကစ်စ် မီကွစ် အပင်လေးကလည်း ကောင်းကောင်းကြီး ရှင်သန်ဝေဆာလာလိမ့်မယ်။ ကိုယ့်ရဲ့ အချစ်ဥယျာဉ် လေး ဝေဆာလာတာနဲ့အမျှ ကိုယ့်ရဲ့ အချစ်ရေး အချစ်ရာ ကိစ္စတွေမှာလည်း ကြည်နူးချမ်းမြေ့စရာ တွေ ဖြစ်လာမှာပါ”ဟု ရိုစီမက စိတ်ရှည်လက်ရှည် ပင် ပြောပြလေ၏။ ကျွန်ုပ်လည်း ခေါင်းတဆတ် ဆတ်ဖြင့် နားထောင်နေပြီးနောက် –

“တော်တော်စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဒါနဲ့ နေစမ်းပါဦး။ နင့်အချစ်ဥယျာဉ်ကြီးက အမြဲတမ်း စိုက်ထားရမှာလား”ဟု မေးလိုက်ရာ ရိုစီမက –

“အမြဲတမ်းကြီးတော့ မလိုပါဘူး။ ချစ်သူနဲ့ သေသေချာချာ ကျကျနန အဆင်ပြေအိုကေသွားပြီ ဆိုတဲ့အခါကျတော့ အလယ်က ပန်းပင်လေးကို ကတ်ကြေးနဲ့ဖြတ်ပြီး အဆောင်အဖြစ် ဆောင်ထားရ မယ်။ ကျန်တာတွေကတော့ အိမ်ဘေးပတ်ဝန်းကျင် တစ်နေရာမှာ သွန်ပစ်လိုက်ရုံပါပဲ”ဟု ပြန်၍ပြော လေ၏။

“အဲဒါက ချစ်ပြီးသား ချစ်သူရည်းစားတွေ အဆင်မပြေတဲ့ အခါတွေ လုပ်ရမှာလား၊ မချစ်ရ သေးတဲ့လူတွေ အဆင်ပြေဖို့ လုပ်ရမှာလား”ဟု ကျွန်ုပ်က မေးလိုက်ပြန်ရာ ရိုစီမက –

“ရတယ်ရတယ်။ အားလုံးရတယ်။ မချစ်ရ သေးသူတွေရော၊ ချစ်ပြီးသားသူတွေရော၊ ချစ်နေသူ တွေရော အားလုံးလုပ်လို့ရတယ်။ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာကတော့ ဆေးရုံ၊ ဆေးခန်း တွေက သားဖွားခန်းတွေမှာပါ သွားပြီးစုံစမ်းပေတော့ ဆရာရေ …အခြားဘာကိစ္စမှ မပါပါဘူး။ အဲဒီ အကြောင်းအရာလေး ပြောချင်လို့ကို တကူးတက လာခဲ့တာပါ”ဟုပြောပြီးနောက် –

“ထမင်းစားပြီး တစ်မျိုးလို … အိပ်ရာဝင် လည်း တစ်မျိုးလို ဆေးလိပ်တို ဆေးလိပ်တို ဆေးလိပ်တို …ဟေ့ ဆေးလိပ်တို လက်ဆောင် ပေးရအောင် ပေးရအောင်ဟေ့ ပေးရအောင်”ဟု အော်ဟစ်သီဆိုရင်း အပူအပင် အကြောင့်အကြ ကင်းမဲ့စွာဖြင့် ပြန်လည် ထွက်ခွာသွားပါလေတော့ သတည်း။

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

Comments

comments

Post Author: manawmaya