ငါးသိုင်းတွေ များလွန်းရင် ဟင်းဟုန်မှာ စိုးတယ်။

လောကီဂမ္ဘီရပညာရပ်တွေကို စိတ်ဝင်စားလို့ လေ့လာလိုက်စားကြတာ သဘာဝကျပါတယ်။ ဂမ္ဘီရဂျာနယ်၊ ဂမ္ဘီရမဂ္ဂဇင်းတွေ ဝါသနာပါလို့ စိုက်လိုက် မတ်တတ် ဖတ်ရှုကြတာဟာလည်း အားပေးရမယ့်ကိစ္စပါ။ အထူးသဖြင့် မနောမယဂမ္ဘီရဂျာနယ် ပရိသတ်တွေကို မှန်မှန် အားပေးကြတဲ့အတွက် ကျေးဇူးတောင်တင်ရမှာပါ။ ဒါပေမဲ့ ဖတ်မိသမျှ ဆောင်းပါးတွေထဲက တွေ့သမျှ ဂါထာ၊ တွေ့သမျှ ကျင့်စဉ်တွေကို ဘာမှ အလွတ်မပေးဘဲ လိုက်လုပ်မယ်ဆိုရင်တော့ ငါးသိုင်းတွေများပြီး ဟင်းဟုန်တော့မှာပါပဲ။
တချို့သော ပုတီးစိပ်တာ ဝါသနာပါတဲ့သူများ ဖြစ်တတ်တဲ့ အကြောင်းအရာလေးတွေဟာ ဘာမှ မဟုတ်ဘူးလို့ ထင်ရပေမယ့် ကိုယ့်ရဲ့ အောင်မြင် တိုးတက်ရေးလမ်းကြောင်း၊ သိဒ္ဓိမဟိဒ္ဓိ တန်ခိုးရရာ ရကြောင်းတွေမှာ တလွဲတချော်ဖြစ်တတ်တာ လေးတွေတွေ့နေရလို့ ဒီဆောင်းပါးကို ရေးဖြစ်တာပါ။
ဂမ္ဘီရဂျာနယ်၊ မဂ္ဂဇင်းတွေထဲမှာ စာရေးဆရာ မျိုးစုံ (မိမိအပါအဝင်) စာရေးဆရာများက၊ ပုတီး စိပ်ကျင့်စဉ်တွေ ရေးနေကြတော့ စာဖတ်ဝါသနာ ပါတဲ့ စာဖတ်ပရိသတ်တွေက တွေ့သမျှဖတ်ပြီး လိုက် စိပ်လိုက်ကျင့်ကြတယ်။ တချို့ကလည်း ကိုယ် သဘောကျတဲ့ ဂါထာကျင့်စဉ်တွေကို ဝေမျှကြတယ်။ မိတ္တူဆွဲပြီး ရှဲကြတယ်။ ကုသိုလ်ရတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ပေါ့။
အဲဒီတော့ ကုသိုလ်ရေးမှာပါ လောဘတွေ ကြီးလာကြပါလေရော။ ပုတီးစိပ်ကျင့်စဉ်တွေ တစ်မျိုး က နှစ်မျိုး၊ နှစ်မျိုးက သုံးမျိုး၊ အဲဒီကနေ လေးငါး ခြောက်မျိုး မနိုင်မနင်းတွေ ဖြစ်လာရော။ အဲဒီမှာ တချို့ စိတ်ဓာတ်ကျတာတွေ ရှိလာကြတတ်တယ်။ ဘာမှလည်း မထူးခြားပါဘူး။ လက်ညောင်းတာပဲ အဖတ်တင်တယ်။ မစိပ်တော့တာဘဲ ကောင်းပါ တယ်။ ဒီလို တွေးတောပြီး စိပ်ပုတီးကို လွှင့်ပစ်ကြ တာမျိုးတွေတောင် ရှိနေကြတယ်။
ပြောချင်တာက ဘုရားနှုတ်ခပတ်တော် ဂါထာတွေ၊ ဂုဏ်တော်တွေကို ကလေးကစားသလို မလုပ်ကြပါနဲ့။ စိတ်နဲ့ကိုယ်နဲ့ အခန့်သင့်ရင် ဆောင်ရွက်မယ်၊ ရွတ်ဆိုပူဇော်မယ်၊ ပုတီးစိပ်မယ်။ အခန့် မသင့်တော့ရင်တော့ လုပ်လည်း အကျိုးမထူးပါဘူး ဆိုပြီး ပေလျက်ထားလိုက်မယ်။ ဒါမျိုးဆိုရင် အကျိုး ပေးနည်းမှာ သေချာပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ကို ချီးကြူး ဂုဏ်ပြုရွတ်ဆိုပူဇော်တဲ့ ဂုဏ်တော် ဂါထာတွေဟာ ဘယ် ဂါထာဖြစ်ဖြစ် ကောင်းပြီးသားပါပဲ။ သူ့တန်ခိုးနဲ့သူ ရှိကြပြီးသားပါပဲ။ စိုက်လိုက်မတ်တတ် လုပ်ဖို့ပဲ လို တာပါ။ ဥပမာ ဒိဝါတပတိ ဂါထာဆိုရင် (အချို့က ငွေဝင်ဂါထာလို့ခေါ်တယ်။ အမှန်က သဗ္ဗဇယမင်္ဂလာ ဂါထာတော်ပါ) တချို့က တစ်နေ့တစ်ခေါက် နှစ် ခေါက် ရွတ်တယ်။ တချို့ သက်စေ့ရွတ်မယ်။ ပုတီး တစ်ပတ်စိပ်တဲ့လူ စိပ်တယ်။ အကျိုးထူးတဲ့ဂါထာတော်ပါ။
ဒါပေမဲ့ အများစုကတော့ ကောက်ရိုးမီးလိုပဲ။ တစ်ရက်နှစ်ရက် ရွတ်ပြီး မေ့ထားလိုက်ကြတယ်။ အိတ်ထဲပိုက်ဆံပြတ်ပြီး ဆိုင်ကျမှ တစ်ခါထပ်ရွတ် ပြန်ရော။ အဲသလို ရွတ်လိုက်မရွတ်လိုက်၊ ပုတီးစိပ် လိုက်မစိပ်လိုက် လုပ်လို့ကတော့ အကျိုးမယုတ်တာ မှန်ပေမယ့် အကျိုးထူးဖို့တော့ ခက်ပါတယ်။ ဥပမာ ပေးရရင် မိတ်ဆွေအပေါင်းအသင်းတွေဆိုပါတော့။ မေးထူးခေါ်ပြော မိတ်ဆွေ၊ အမြဲတွေ့ဆုံနေကျ မိတ်ဆွေနဲ့ ရင်ဘတ်မိတ်ဆွေ(သူ့ကိစ္စကိုယ့်ကိစ္စ ပွင့်ပွင့် လင်းလင်း ဖွင့်ပြောပြီးရင် ဖွင့်နိုင်တဲ့ မိတ်ရင်းဆွေ ရင်း)စသည်ဖြင့် မိတ်ဆွေ အမျိုးမျိုးအစားစားရှိပါ တယ်။
မေးထူးခေါ်ပြောမိတ်ဆွေကတော့ ကိုယ့်ဘဝမှာ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာတဲ့အခါမျိုးမှာ ဘာမှ အကူအညီပေးမှာ မဟုတ်ဘူး။ သိပ် မရင်း နှီးတဲ့အတွက်လည်း ကူညီဖို့ တာဝန်သိပ်မရှိဘူး။ အမြဲတွေ့နေကျ မိတ်ရင်းဆွေရင်းကျတော့ အကူ အညီပေးဖို့ တာဝန်ရှိတယ်။ ပေးလည်း ပေးလေ့ရှိ တယ်။ ဒီသဘောပဲ။ ဂုဏ်တော် ဂါထာ တစ်ပုဒ်ကို ပွားတဲ့အခါပွား စိတ်မပါတော့ မပွားဘဲနေလိုက်၊ ပစ်ထားတော့ အဲဒီဂုဏ်တော်ရဲ့ အကျိုးအာနိသင်က ကြီးကြီးကျယ်ကျယ်ပေးဖို့ သိပ်မလွယ်ဘူး။
နေ့စဉ်နေ့တိုင်း ဂုဏ်တော်တစ်ပါးပါးကို ပုတီး တစ်ပတ်၊ ၁၀ ပတ်စသည်ဖြင့် နေ့စဉ် ရွတ်ပွား ပူဇော်သွားတဲ့အခါ၊ အဲဒီဂုဏ်တော်ရဲ့ အာနိသင်က မိမိရဲ့သဏ္ဌာန်မှာ အမြဲထင်ဟတ်လာနေတယ်။ တစ် နှစ်နှစ်နှစ်ကနေ လေးငါးဆယ်နှစ်၊ အနှစ်နှစ်ဘယ်လောက်ထိ ဂုဏ်တော်တစ်ပါးပါးကို စဉ်ဆက် မပြတ် ရွတ်ပွားပူဇော်မိပြီဆိုရင်တော့ အဲဒီအကြောင်းရဲ့ အကျိုးဆက်ကတော့ ပြောပြလို့ မကုန်နိုင်အောင်ပါပဲ။
ဒိဝါတပတိဂုဏ်တော် (သဗ္ဗဇယမင်္ဂလာ ဂါထာတော်)ကိုနှစ်ပေါင်းများစွာ ဆက်တိုက် ရွတ်လာမိပြီ ဆိုရင်တော့ လက်ထဲငွေမပြတ်တော့ဘူး။ ပိုပိုလျှံလျှံ သုံးစွဲလှူလာနိုင်တယ်။ ဂါထာဂုဏ်တော်တွေကို စောင့်ရှောက်တဲ့ သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေရှိနေတယ်။ စွဲစွဲမြဲမြဲဒါကိုပဲ ရွတ်ဆိုပူဇော်ပုတီး စိပ်နေတဲ့လူကို နတ်တွေက မကူညီဘဲ မနေတော့ဘူး။ လိုအပ်တဲ့အခါ ကူညီလာကြတယ်။ ဓာတ် သဘာဝအားဖြင့်လည်း ဂုဏ်တော်ဆိုတဲ့ ဓာတ် ကောင်းဓာတ်မြတ်ရဲ့ တန်ခိုးကြောင့် စွဲစွဲမြဲမြဲ ထုံလာ တဲ့အခါ အကျိုးကျေးဇူးတွေ ကြီးလာတတ်ပါတယ်။
နောင်တော် ဆရာကြီး မင်းသိင်္ခရဲ့ တပည့်၊ စာဖတ်ပရိသတ်တွေထဲမှာ ကိုးနဝင်း၊ ပုတီးစိပ်စိပ် ကျသူတွေများတာတွေ့ရတယ်။ သိပ်ကောင်းပါတယ်။ ကိုးနဝင်း မိုးလင်းမှသိမယ်ဆိုတဲ့ စကား အတိုင်း မိုးလင်းတိုင်းလင်းတိုင်း မင်္ဂလာ နေ့ရက်တွေချည်း ဖြစ်နေတော့တာပဲ။ ဘုရားရှင်ရဲ့ ဂုဏ် တော်ဟိတ် တန်ခိုးတွေကြောင့် လိုအပ်နေသမျှ အရာရာ အဆင်ပြေနေတော့တာပါပဲ။ အဲဒီပုတီးစိပ်နဲ့ ဟန်ကျရင် ဒါကိုပဲ ဆက်စိပ်ပါ။ အချိန်ပိုလို့ တခြား ပုတီး အပိုဆောင်းစိပ်ရင် စိပ်။ ဒီကိုးနဝင်းကိုတော့ ဆက်ပြီး ကျင့်နေသင့်ပါတယ်။ ဆက်မစိပ်ဘဲ မနေသင့်ပါဘူး။
ရှေးကဝိဇ္ဇာကြီးများက ပြောလေ့ရှိပါတယ်။ “နည်းကားမခက် လုပ်ပုံခက်၏”တဲ့။ ဟုတ်ပါတယ်။ နည်းကောင်းလမ်းကောင်းတွေကတော့ တစ်ပုံတပင် ကြီးရှိပါတယ်။ လုပ်ဆောင်ကျင့်ကြံတဲ့ နေရာမှာ နေ့စဉ်မပြတ် စွဲစွဲမြဲမြဲ ဆောင်ရွက်ဖို့ ကျတော့ ခက်ပါတယ်။ စိတ်မနိုင်ဘဲ လူတွေကတော့ နောက်တစ် ယောက်က “ဒီဂါထာ အပြစ်မြန်တယ်” ဒီလိုပြော လိုက်ရင် ဟုတ်သယောင်ယောင်နဲ့ မိမိကျင့်နေတဲ့ ကျင့်စဉ်ကို ထားရစ်ပစ်ပယ်ပြီး ကျင့်စဉ်အသစ်ကို ပြောင်းပြီးလုပ်ကြတာမျိုးတွေရှိတယ်။ စွဲစွဲမြဲမြဲမလုပ် တဲ့သဘောပါ။
တချို့ကြတော့လည်း ကျင့်စဉ်တွေ လောဘ ကြီးတယ်။ ဒီပုတီးလည်းစိပ် ဟိုပုတီးလည်းစိတ်၊ ရွာဦးဘုန်းကြီးက သိပ်ကောင်းတာပဲ ပြောလိုက်တဲ့ ပုတီးစိပ်ကိုလည်း စိပ်၊ နားချိန်တောင်မရှိအောင် ဝီရိယများပြီး တအား လုပ်ကြတယ်။ မရပ်မနားလုပ် တော့လည်း နားချိန် အားချိန် မရှိတော့ဘဲ စိတ် ပင်ပန်း၊ လူပင်ပန်း ဖြစ်လာရော။ အစားအသောက် မမှန် အိပ်ချိန် မမှန်နဲ့ ဖြစ်လာတော့ ကျန်းမာရေးပါ ထိခိုက်လာနိုင်တယ်။ ကုသိုလ်ရေးလုပ်ရာကနေ အကုသိုလ်အမှုတွေ ဖြစ်လာ နိုင်တယ်။ ဒါကြောင့် ကျင့်စဉ်တွေ လုပ်တဲ့အခါမှာ မဇ္ဈိမ ပဋိပဒါ ခေါ်တဲ့ အလယ်အလတ် လမ်းစဉ်အတိုင်းပဲ ကောင်းပါတယ်။
ကိုယ့်ကိုယ်ကို သိပ်ညှာလွန်းရင်လည်း ဘာမှ မဖြစ်နိုင်ဘဲ လူဖျင်းလူညံ့ဖြစ်နိုင်သလို ကိုယ့် ကိုယ်ကို နှိပ်စက်လွန်းရင်လည်း လိုရာပန်းတိုင် မရောက်ဘဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျင့်စဉ်တွေ အများကြီးတွေ နေ့စဉ်လုပ်ပြီး အပင်ပန်းခံမယ့်အစား နေ့စဉ် ပုတီးတစ်မျိုး၊ နှစ်မျိုးတစ်နိုင်တစ်ပိုင်ကို မပျက် မကွက်ဆက်ဆက် ဆောင်ရွက်ရင်း ဗုဒ္ဓါနုဿတိ ထုံပွားပြီး သိဒ္ဓိ၊ မဟိဒ္ဓိတွေ တဖြည်းဖြည်းတက်လှမ်း သင့်ပါတယ်။ လောဘကြီးပြီး ကျင့်စဉ်တွေ ခဏ ခဏပြောင်း၊ မစွဲမြဲဘဲလုပ်နေကြရင်တော့ ငါးသိုင်း များ ဟင်းဟုန်ဆိုသလို အရသာမရှိ အရာမထင်ဖြစ် ပြီး သိဒ္ဓိမဟိဒ္ဓိတွေနဲ့ ဝေးနေပါလိမ့်မယ်။
တကယ်ထိရောက်အောင် မြင်ချင်ရင်တော့ တစ်မျိုးနှစ်မျိုးကို နေ့စဉ် ပုံမှန် ဆောင်ရွက်ရင်း နှစ်တွေချဉ်းလာတော့ အကြားဓာတ်အဖြစ် ဓာတ်က စလို့ ပီယသိဒ္ဓိ၊ ဓနသိဒ္ဓိ၊ ကာယသိဒ္ဓိတွေ အလိုလို တဖြည်းဖြည်းရရှိအောင်မြင်လာနိုင်ပါတယ်။ ကူးလမ်း ဖြောင့်ရောက်လွယ်ပါသတဲ့။

ဇေယျတု သဗ္ဗမင်္ဂလံ

လင်းရောင်တင်
(အရာရာအောင်မြင်စေတဲ့ ရတနာဒီပံရွှေဖယောင်းတိုင်ကိစ္စ၊ အခြားကိစ္စများအတွက် ဆွေးနွေးလိုပါက တိုက်အမှတ် (၁၀၆၀)၊ ယဿဝတိ (၁၆)လမ်း၊ တောင်ဥက္ကလာ (၁၃)ရပ် ကွက်၊ ရန်ကုန်မြို့။ ဖုန်း – ဝ၉ ၄၂၀ဝ၁၄၆၁၄)

Comments

comments

Post Author: manawmaya