ပုဂံမြေမှ ၀ိညာဉ်အထွေထွေ

“ဦးစီးအရာရှိ မောင်အောင်မျိုး နှင့် စာရေး ဆရာမ သီရိခတို့၏ မင်္ဂလာ ဧည့်ခံပွဲ”

ပြဿနာက သည်ကစသည်။

စာရေးဆရာမ၏ ထူးခြားစွာ ကျင်းပသော မင်္ဂလာလက်ထပ်ပွဲ မှတ်တမ်းများမှ စတင်ခဲ့သည်။ စာရေးဆရာမ သီရိခမှာ ယနေ့လူငယ်ကြိုက် စာရေး  ဆရာမဖြစ်သည်။ သူ့စာအုပ်များမှာ ဇာတ်အိမ်ဇာတ် လမ်းခိုင်မာသည်။ ဇာတ်ကောင် လူငယ်စရိုက် သွက် လက်သည်။ စာရေးသားမှုမှာ ကျောင်းဆရာမဖြစ် သည့်အလျောက် မြန်မာစာ အရေးအသားညက် သည်။

ထို့ကြောင့် သူ့စာအုပ်များ လူငယ်ကြိုက်ရုံ  မက ဒါရိုက်တာများပါ မျက်စိကျသည်။ စာအုပ် ထုတ်ပြီး မကြာမီတွင် ဇာတ်လမ်းကို ရုပ်ရှင်ရိုက်ရန် ဝယ်ကြသည်။ အကျိုးပေးကောင်းသည် ဆိုရမည်။ ရိုက်သည့်ရုပ်ရှင်မှာ ပရိသတ် အသည်းစွဲဖြစ်ရုံမက နှစ်စဉ်အကယ်ဒမီပွဲတွင် သီရင်ခ၏ ဝတ္ထုမှ ရုပ်ရှင် ပြောင်းသည့်ဇာတ်လမ်းများ ပါဝင်သည်။ သို့သော် အကယ်ဒမီပေးပွဲတွင် လက်ခံရရှိသည့် သူများက ဆရာမသီရိခကို ကျေးဇူးတင်ကြောင်းပင် ထည့်ပြော ရမှန်းမသိ။ မည်သို့ပင်ဖြစ်စေ ဆရာမသီရိခ၏ စာအုပ်များက အောင်မြင်လျက် ရုပ်ရှင်ရိုက်လျက်ပင် ရှိနေသည်။

ဇာတ်လမ်းအစက ဤသို့ဖြစ်သည်။

လွန်ခဲ့သော နှစ်များက စာရေးဆရာမ သီရိခ က သူ့ဇာတ်လမ်းများကို ပုဂံယဉ်ကျေးမှုနယ်မြေကို နောက်ခံထား ရေးသားအောင်မြင်ခဲ့သည်။ သည့် နောက်တော့ ရန်ကုန်မြို့ကြီးမှ ဝေးကွာအေးချမ်း သော တောင်ကြီး၊ အင်းလေး၊ ပုဂံများကို ခရီးထွက် ၍ ရက်ရှည် စာရေးသားခဲ့သည်။

သည်တွင် ဖူးစာဖက် ဦးစီးအရာရှိ မောင် အောင်မျိုးနှင့် ဆုံခဲ့သည်။ ကျောက်ပန်းတောင်းမြို့တွင် နေထိုင်သော မောင်အောင်မျိုးက ပုဂံတစ်ဝိုက်တွင် စာရေးဆရာမသီရိခ၏ လိုအပ်ချက်များကို ကူညီ ပေးခဲ့သည်။

ဖြစ်ချင်တော့ တစ်ချိန်က ရန်ကုန်မြို့ နိုင်ငံ ခြားရေးရုံးတွင် ဖွင့်လှစ်သော သံတမန်ရေးရာ ဗဟု သုတသင်တန်းများတွင် သင်တန်းတက်ဖက်အဖြစ် ဆုံခဲ့သည်။ ထို့နောက်တော့ ဝတ္ထုဇာတ်လမ်းများနှယ် မြေလတ်သား ဌာနတစ်ခုမှ ဦးစီးအရာရှိ မောင် အောင်မျိုးနှင့် စာရေးဆရာမ သီရိခတို့ သုံးနှစ်သုံးမိုး ကြာတော့ လက်ထပ်မင်္ဂလာပွဲကို ပုဂံတွင် ပြုလုပ်ခဲ့ သည်။

 

ရှားရှားပါးပါး လက်ထပ်ပွဲ။

တချို့က လေယာဉ်ပေါ်တွင် … တချို့က အပျော်စီးသင်္ဘောပေါ်တွင် ထူးခြားစွာ လက်ထပ် ခဲ့ကြသလို မောင်အောင်မျိုးနှင့် သီရိခတို့ မင်္ဂလာပွဲ ကို ပုဂံယဉ်ကျေးမှုနယ်မြေရှိ သီရိပစ္စယာဟိုတယ် တွင် မြန်မာဆန်ဆန် ကျင်းပခဲ့ကြသည်။

စီစဉ်ပုံကို ကြည့်လေ။

မင်္ဂလာခန်းမရှိရာ သီရိပစ္မယာဟိုတယ်သို့    မင်္ဂလာချိန်ကိုက်ညှိပြီး သတို့သား သတို့သမီး ရောက် ရှိလာသည်။ ခေတ်ပေါ် မော်တော်ကားဖြင့်မဟုတ်။  မြင်းနှစ်ကောင်ဆွဲသော လှည်းယာဉ်နှင့်ဖြစ်သည်။

ြွကာြးွကားရွားရွား ထွား ထွားကြိုင်းကြိုင်း မြင်းဖြူကြီး နှစ်ကောင်ကဆွဲ၍ ညောင်ဦး-ပုဂံ လမ်းတစ်လျှောက် လှပစွာ ခုန် ပေါက်လာသည်။ လှည်းပေါ် နောက်ပိုင်းတွင် မောင်အောင် မျိုးနှင့် သီရိခတို့မှ ရုပ်ရှင်ရိုက် ကွင်းမှ မင်းသမီး မင်းသားများပုံစံ မြန်မာဝတ်စုံအလှ၊ ပဝါရှည် အနု အရွတို့ဖြင့် လိုက်ပါလာကြသည်။

နှစ်ယောက်စလုံး လူငယ် ရုပ်ချောလေးတွေ ဖြစ်တော့ ဟို တယ်အဝင်မှ တစ်ယောက်လက် တစ် ယောက်ဆွဲဝင်လာသည့် မြင် ကွင်းမှာ ကျက်သရေရှိပါဘိ။

မင်္ဂလာပွဲကို မေတ္တာလက် ဆောင်မှတ်တမ်း ရိုက်ပေးသော ဓာတ်ပုံဆရာကြီး ပုဂံမောင်မောင်နှင့် ပုဂံမင်းမင်းဦးတို့က မေတ္တာဖြင့် တာ ဝန်ကျေစွာ အလှ ဓာတ်ပုံမှတ်တမ်း များ ရိုက်ကူးပေးရင်း လှုပ်ရှားနေကြ သည်။

မင်္ဂလာချိန်အတွင်း သတို့သားသတို့ သမီးတို့ ဧည့်သည်များ ဧည့်ခံပြီး ပျော်ရွှင်စွာ အချိန်ကုန်ခဲ့ကြသည်။ ရန် ကုန်မြို့ အကြီးဆုံးဟိုတယ် မှာ ဧည့်ခံပွဲပြုလုပ်သည် ထက် မြန်မာဆန်သော ဝတ်စုံနှင့် ဧည့်ခံပွဲက ခမ်းနားကြီးကျယ်လှတော့ သည်။

“ကဲ ဆရာမရေ …ဧည့်သည်တွေ နှုတ် ဆက်ပြီးရင် ပုဂံဘုရားတွေမှာ မင်္ဂလာအလှ မှတ်တမ်း တွေ ရိုက်ကြရအောင် ကျွန်တော် လိုက် ရိုက်ပေးပါမယ်”

ရန်ကုန်မြို့မှ တကူးတက လာ ရောက်သော ဓာတ်ပုံဆရာ ရွှေအင်းသား ခင်မောင် ဝင်းက ဖိတ်ခေါ်သည်။ မြန်မာဆန်သော ဝတ်စုံဖြင့် တင့်တယ်နေသော ဇနီးမောင်နှံကို ပုဂံဘုရားများ နောက်ခံထား မှတ်တမ်းရိုက်စေချင်သည်။ ရွှေအင်း သား ခင်မောင်ဝင်းဆိုတာကလည်း ဓာတ်ပုံကို အနု ပညာဆန်စွာ ရိုက်ပေးတတ်သူလေ။

“ကိုအောင်မျိုး …ခင်ဗျားတို့ မြင်းလှည်းနဲ့ ရှေ့ကသွား နောက်က ကျော်ဝင်းလှိုင်ကားနဲ့ ကျွန် တော်တို့ လိုက်ခဲ့မယ်”

ပုဂံဘုရားများတွင် မှတ်တမ်းဓာတ်ပုံရိုက် ထွက်ခဲ့ကြသည်။

ပြဿနာက စတင်ပြီ။

ပထမဆုံး ဓမ္မရံကြီးဘုရားရှေ့တွင် ရိုက်ကြ သည်။

ဘုရားဖူးများကလည်း ဓာတ်ပုံသမားများနှင့် ဇနီးမောင်နှံကို ရုပ်ရှင်ရိုက်ကွင်းပမာ ငေးမောကြည့် နေကြသည်။ ကိုခင်မောင်ဝင်းက ဓမ္မရံကြီးဘုရား၏ သပ္ပာယ်သော အနေအထားနှင့် သူတို့ဇနီးမောင်နှံကို   ဓာတ်ပုံရိုက်ပေးသည်။ ပုဝါရှည်ကြီး လေမှာလွင့်လို့ လှလိုက်သည့် မြင်ကွင်း၊ သည်ဘုရားမှာ ရိုက်ပြီးသမျှ ပုံကို ကင်မရာတွင် ပြန်ကြည့်သည်။ ပြဿနာမရှိ။ ကျက်သရေရှိသော အလှများ ပြည့်စုံနေသည်။

“ကဲ ကိုခင်မောင်ဝင်း … ဘယ်ဘုရား ဆက်သွားမလဲ”

“မြင်းလှည်းဆရာရေ …မင်္ဂလာစေတီကို လိုက်ခဲ့ပေတော့။ ကျွန်တော်တို့ ကားနဲ့သွားနှင့်မယ်။ မင်္ဂလာယူတဲ့အနေနဲ့ မင်္ဂလာစေတီကို ရိုက်တာပေါ့ ဗျာ”

“အဲဒါ ခင်ဗျား ပုဂံသားဓာတ်ပုံဆရာ မဟုတ် လို့ပဲ။ ပုဂံသားတွေ မင်္ဂလာစေတီကို ရှောင်ကြတယ်ဗျ”

ကားပေါ်ပါလာသော ဓာတ်ပုံဆရာတစ်ဦးက ကန့်ကွက်ပြောဆိုသည်။ ကိုခင်မောင်ဝင်းက နယ်ခံ မဟုတ်၍ နားမလည်။

“ဒီလို ရွှေအင်းသားရဲ့ …ပုဂံမင်းတွေ လက်ထက် ဘုရားတွေမှာ ဒီမင်္ဂလာစေတီဆိုတာ ပုဂံပြည်မပျက်ခင် နောက်ဆုံးတည်တဲ့ ဘုရားဗျ”

“တရုတ်ပြေးမင်း နရသီဟပတေ့ ပုဂံမှာ နောက်ဆုံး ပုဂံမပျက်မီ တည်ခဲ့တာပဲ”

“ပုဂံမင်းဆက်ရဲ့ နောက်ဆုံးဘုရားပေါ့”

“ဟုတ်တယ်။ ဘုရားပြီးရင် မင်းဆက်ပြတ် မယ်ဆိုလို့ ဘုရားတည်ရင်း ရပ်ထားသေးတယ်။ နောက်တော့မှ ရဟန်းတော်တွေ တိုက်တွန်းလို့ ဆက် တည်ခဲ့တာပဲ”

“ဒီဘုရားက ညောင်ဦး ရွှေစည်းခုံနဲ့တူအောင်     ဘုရားတည်နေစဉ်မှာ ပညာရှင်မြင်းသည်တော်က တစ်နေ့ကို ကိုးခေါက်သွားကြည့်ပြီး ပုံစံချခဲ့တာတဲ့”

“အေဒီ ၁၂၈၄ ခုနှစ်က တည်ခဲ့တဲ့ စဥ့်စိမ်း စဥ့်ဝါတွေကို စဥ့်ရေသုတ် မြေမီးဖုတ် ရုပ်ကြွဇာတ်တော် ၅၅၀ သရုပ်ဖော်ပုံတွေလည်း ရှိတယ်လေ။ တချို့တွေကတော့ လူမသမာတွေ ဖြုတ်ခိုးသွားကြ တယ်”

“ပြီးတော့ နရသီဟပတေ့မင်းဆိုတာ ပုဂံမှာ  မင်းဆက်သုံးဆက် ဘဝပြောင်းခဲ့တဲ့ မင်းပဲ။ နရသူ  ဆိုတဲ့ ဘဝတုန်းက အလောင်းစည်သူဆိုတဲ့ ဖခင်ကို သတ်ခဲ့တယ်။ အခုသူ နရသီဟပတေ့ဖြစ်ပြန်တော့ သူ့သားက သူ့ကို ပြန်သတ်ခံရတယ်လေ။ ဝဋ်ကြွေးကြမ္မာမလွတ်သာပေါ့”

“ကျွန်တော် ညက ဖတ်ထားတဲ့ စာအုပ်မှာ ပုဂံမင်းဆက်မှာ သုံးဘဝ မင်းဆက်ဖြစ်တဲ့သူ သုံး ယောက်ရှိသတဲ့”

“ဘယ်သူတွေလဲကွ”

“သမုတိရာဇ်မင်း၊ အနော်ရထာမင်း၊ ကျစွာ မင်းက တစ်ဆက်၊ ပျူစောထီးမင်း၊ သေလဉ်ကြောင် မင်း၊  ကျန်စစ်သားမင်းက တစ်ဆက်၊ မင်းခွေးချေး၊  နရသီဟပတေ့ ခေါ် တရုတ်ပြေးမင်းတို့က တစ်ဆက် ပေါ့”

“ဟ မင်းတို့ ပုဂံရာဇဝင်ကလည်း ထူးထူး ဆန်းဆန်းတွေ”

“ရှိသေးတယ် ကိုခင်မောင်ဝင်းရဲ့ …။ အလောင်းစည်သူမင်းဆိုတာ ပဋိက္ခရားမင်းသား ဝင် စားတာတဲ့။ ပုဂံမှာ ခုလို စိတ်ဝင်စားစရာတွေ အံ့ဩ စရာတွေ အများကြီးပဲ။ ကဲ ဟိုမှာ သတို့သမီးတို့ ဝင်လာပြီ ရိုက်ကွင်းစီစဉ်စို့”

ဓာတ်ပုံဆရာများက မင်္ဂလာစေတီရှေ့တွင် အလင်းရောင်ကိုကြည့်၍ ရိုက်ကူးရေးပြင်ဆင်ကြ သည်။ ပြဿနာစသည်က မင်္ဂလာစေတီတွင်ဖြစ် သည်။

သတို့သား အောင်မျိုးနှင့် သတို့သမီး သီရိခ တို့ကို လှည်းပေါ်မှဆင်းကာ စုံတွဲလမ်းလျှောက်ဟန် တွေကို ပုံအလှရိုက်ကြသည်။ ဓာတ်ပုံဆရာများ မိမိ တို့ စိတ်ကြိုက်ပုံစံ ရိုက်ကူးကြသည်။ သတို့သားက ပရိသတ်အတွေ့အကြုံမရှိ၍ ဖြစ်မည်။ ရှက်သလိုလို ဟန်ပိုပို၊ သတို့သမီးသီရိခကတော့ ရိုက်ကူးရေးများ သွားရောက်သည့် အတွေ့အကြုံ၊ ပရိသတ်များ ဟော ပြောမှု အစဉ်အလာတို့ကြောင့် အမူအရာကို ဦး ဆောင်ပေးနိုင်သည်။

“ဧည့်သည်တွေနဲ့ သတို့သမီး၊ သတို့သား တို့ ဘုရားဖူးကြတော့။ ကျွန်တော်တို့ ဒီကပဲစောင့် မယ်။ နောက်တော့မှ ဗူးဘုရားပြန်သွားကြတာပေါ့”

စီစဉ်သူ ရွှေအင်းသားခင်မောင်ဝင်းက ကင် မရာကို လွယ်လျက် အနီးဆုံးဆိုင်တစ်ဆိုင်ကို ဝင် ထိုင်လိုက်သည်။ ကော်ဖီမစ် အထုပ်များသာရှိ၍ မှာသောက်သည်။

“ကဲ ညီလေးတို့ သောက်စရာမှာကြ”

“အစ်ကို ဒီမှာ ထန်းရည်မရဘူး”

“အေးလေ …ကော်ဖီမစ်မို့လို့ သက်သာလို့ မင်းတို့ကို ငါဧည့်ခံတာပေါ့ကွ”

ရွှေအင်းသား ခင်မောင်ဝင်းက ကင်မရာကို စားပွဲတင်လျက် ရိုက်ကူးပြီးသမျှ ပုံများကို ပြန်လည် ခံစားကြည့်ရှုနေသည်။

“ဟ ဒီနောက်က ဘာပုံတွေလဲကွ”

ပြဿနာအစကို တွေ့ပြီ။

သတို့သမီး၊ သတို့သား သရုပ်ဆောင် နှစ် ယောက်နောက်တွင် မင်္ဂလာစေတီရှေ့တွင် ရှေး ခေတ် နန်းတွင်း ဝတ်စုံများဖြင့် လူတချို့ရပ်နေ သည်ကို တွေ့ရသည်။

အနီရောင်၊ အစိမ်းရောင်၊ အဝါရောင်တို့ဖြင့် သူတို့ဝတ်စုံများဖြင့် သူတို့ဟန်ကို ထင်ရှားစွာ မြင်နေ ရသည်။ ကိုခင်မောင်ဝင်း ရိုက်ကွင်းနေရာကို လှမ်း ကြည့်သည်။ ဘာဝတ်စုံမှ မတွေ့ရ။ သူ့ပုံများကို ကင်မရာတွင် ပုံကြီးချဲ့ကြည့်သည်။ နန်းတွင်းဝတ်စုံ များနှင့် စေတီရှေ့တွင် တာဝန်ကျနေသော နန်းတွင်း သားများပုံကို တွေ့ရသည်။

ဘုရား …ဘုရား …

ပုဂံပြည်ပျက်ခဲ့တာ ကြာပါပြီကော။

နှစ်ပေါင်းများစွာ ဝေးကွာခဲ့ပြီ။

ဒါပေမဲ့ အကျွတ်အလွတ် မဖြစ်သေးသော ဝိညာဉ်များကို ပကတိအတိုင်း တွေ့မြင်နေရသည်။

“အစ်ကို့ကင်မရာမှာသာ အဲ့ပုံတွေထင်နေ တာ။ ကျွန်တော်တို့ ကင်မရာမှာတော့ မတွေ့ရဘူး”

“အစ်ကိုက အေပီ သတင်းဌာနကထုတ်ပေး တဲ့ ကင်မရာအကောင်းစားမို့ ဝိညာဉ်ပုံတွေပေါ်နေ တာဖြစ်မှာပေါ့”

“အဲဒီလိုတော့ မဟုတ်ပါဘူးကွာ။ ငါနဲ့တစ် ခုခု ပတ်သက်နေလို့ ပြချင်လို့ ပေါ်လာတာနေမှာပါ”

ကင်မရာသုံးလုံးဆိုင် စစ်ဆေးကြည့်ရှုနေရာ သို့ မြင်းလှည်းဆရာ အဘိုးကြီးရောက်လာသည်။ မင်းမှုထမ်း သမားဝတ်စုံနှင့်ဆိုတော့ ဆိုင်ထဲက လူများပါ ထူးဆန်းစွာ ကြည့်နေကြသည်။

“ဘာလဲ …ညီလေးတို့ ကင်မရာထဲမှာ နာနာဘာဝ တစ္ဆေသရဲပုံတွေ ပေါ်နေလို့လား”

“သရဲလား တစ္ဆေလားတော့ မသိပါဘူးဦး ရယ် …ဒီမှာကြည့်ပါလား ဦးလေးလို နန်းတွင်းဝတ်စုံ တွေနဲ့”

“ဟ မကျွတ်မလွတ်သေးတဲ့ မင်းမှုထမ်းတွေ ကိုယ်ရောင်ပြတာဖြစ်မှာပေါ့။ သူတို့က မင်းတို့ သူတို့ အတွက် ကောင်းမှုကုသိုလ်ပြုရအောင် ကိုယ်ထင် ပြတာဖြစ်မှာပေါ့။ ကြည့်ပါဦး ပုံထဲမှာ မောင်အောင် မျိုးတို့ သီရိခတို့က ကိုယ်ရံတော်တပ်ဖွဲ့တွေနဲ့ မှတ် တမ်းရိုက်သလို ဖြစ်နေတာပေါ့”

“ထူးဆန်းလိုက်တာ ဦးလေးရယ်”

“ပုဂံမှာ ဒါမျိုးက ကြုံကြိုက်ရင် တွေ့ရတတ် ပါတယ်။ အခြားဘုရားတွေမှာလည်း ဝိညာဉ်တွေ ရှိနေကြတာပဲကွ”

မြင်းလှည်းမောင်း ဦးလေးကြီးက သူ့အတွက် ကော်ဖီမစ်တစ်ခွက်ကို မော့သောက်၍ စကားစဖြတ် ပြီး ဓာတ်ပုံဆရာတွေက ကင်မရာမှပုံများကိုကြည့် လျက် ငေးငိုင်နေကြသည်။

“ဆက်ပြောပါဦး …ဦးလေးကြီးရဲ့”

“အေး …ငါလည်း အရင်တုန်းက ဒီမြို့မှာ တာဝန်ကြီးကြီးယူထားတဲ့ စာရေးဆရာမင်းဘူးအောင် ကြိုင်ဆိုတဲ့သူ ပြောစကားကို ပြန်ပြောရမှာပဲ”

“သူက ပုဂံဘုရားတွေအကြောင်း တော် တော်သိပြီး စာအုပ်တွေ ထုတ်နေတဲ့ဆရာကြီးပဲ”

“အေး …သူကပြောတယ်ကွ ပုဂံက ထူး ခြားတဲ့ ဘုရားတွေအကြောင်းပေါ့”

“ဓမ္မရာဇက ဘုရားပုံရိုက်တော့ ဘုရားပစ္စယံ ပေါ်မှာ ဓမ္မပါလ စစ်သူကြီးရပ်နေတာ ပေါ်ဖူးတယ်”

“ရှင်အဇ္ဇဂေါဏဘုရားပုံ ရိုက်တော့လည်း အရိုက်ခံတဲ့နောက်မှာ ဘီလူးကြီးပုံ ပေါ်ဖူးသတဲ့”

“လောကနန္ဒာ ဘုရားကြီးအောက်ခြေက မြစ်ထဲကို ရိုက်တော့လည်း နဂါးကြီးတစ်ကောင် အထင်အရှား ပေါ်ခဲ့တယ်”

“ရွှေစည်းခုံဘုရားရိုက်တော့ နဂါးကြီးတစ် ကောင် ပျံတက်သွားတာ ပေါ်လာသတဲ့”

“အို နောက်ဆုံး ပုဂံနဲ့ ညောင်ဦး ကူးတဲ့ ကားလမ်းဘေးက ဥပါလိသိမ်နားဆို ညဘက် လူ ပြတ်ချိန် မသွားကြဘူး။ မြင်းလှည်းပေါ် သရဲတက် လာလို့တဲ့ …ကြားရတာပါပဲကွာ”

“ဪ…. တော်တော်ထူးနေတာပေါ့ ဦးလေး”

“တို့ဘာသာ အယူအဆအရတော့ ထူးလှ တယ် မဟုတ်ပါဘူးကွယ်။ တစ်ချိန်က တာဝန်ထမ်း ဆောင်ပြီး မကျွတ်မလွတ်သေးတဲ့ နာနာဘာဝတွေ က အကူအညီလိုရင် ဒီလို ကိုယ်ထင်ပြတတ်ကြ တယ်။ အဲဒါ မောင်ရင်လေးတို့ မင်္ဂလာ သတို့သား သတို့သမီးကို ပြောပြီး ဒီဘုရားမှာ ဘုန်းကြီးပင့် ရေစက်ချ အမျှဝေပေးလိုက်ကြပါကွယ်”

“ဟုတ်တယ် ဦးလေး …အရင်က တာဝန် ကျပြီး သေဆုံးတဲ့သူတွေ မကျွတ်သေးတာ ကျွန် တော့်ကိုယ်တွေ့ပဲ။ ကျွန်တော် သတင်းထောက် ဖြစ် တုန်းက သတင်းယူဖို့ တရားရုံးကိုသွားတော့ အဲဒီမှာ ဆရာတော် ဦးဥတ္တမသာရကို ဆွမ်းကပ်လို့ ဖူးခဲ့ရ တယ်။ ဆရာတော်က ပြောတယ်။ အင်္ဂလိပ်ခေတ် က ရုံးခန်းမှာ ယပ်တောင်ကြိုးဆွဲရတဲ့ လူကြီးတစ်  ယောက်က ရုံးထဲမှာ မကျွတ်သေးလို့ ဆရာတော် အမျှပေးဝေခဲ့ရတယ်တဲ့”

“အေးပေါ့ကွာ …တစ်ချိန်က မင်းနေပြည် တော် ဖြစ်ခဲ့တဲ့ ပုဂံပြည်မှာလည်း သူ့နေရာအလိုက် ဝိညာဉ်တွေတော့ ရှိနေကြတာပါပဲကွယ်”

ကိုခင်မောင်ဝင်း တွေးမိတယ် သူ့အနေနဲ့ သတင်းသမားအဖြစ် မြန်မာ ပြည်အနှံ့သာမက တိုင်းတစ်ပါးတို့ကို အခေါက်ခေါက် ရောက်ခဲ့သည်။  သရဲခြောက်ခြင်း၊ ဝိညာဉ်များ အရောင်ပြခြင်း နာနာ ဘာဝ တွေ့ဆုံမှုကို ကိုယ်တိုင်မဟုတ်သော်လည်း ကြားဖူးနားဝရှိနေသည်။ ယခုပြဿနာက သူ့ ကင်မရာတွင် လာပေါ်နေသည်။

ပုဂံနယ်မြေမှ အကျွတ်တရားမရသေးသော ဝိညာဉ်မှ ကိုယ်ယောင်ပြပြီး ကိုယ် မသိ၊ ဘာမှမတတ် နိုင်။ ကိုယ်သိပြီဆိုတော့ ကူညီရတော့မယ်။

ညောင်ဦးပြန်ပြီး ဘူးဘုရားမှာ ဓာတ်ပုံရိုက် ပြီးမှ ညောင်ဦးဓာတ်ပုံဆိုင်မှာ ကူးမည့် သူ့ဓာတ်ပုံ များကို သတို့သားသတို့သမီးကိုပြမည်။ မကျွတ်မ လွတ်သူတို့ ကိုယ်ထင်ပြတာကြည့်ပြီး နောက်တစ်နေ့ မင်္ဂလာစေတီတွင် ဘုန်းကြီးပင့် အလှူလုပ်၊ ရေစက် ချခိုင်းရတော့မည်။ ကိုယ်လည်း တတ်နိုင်သရွေ့ သူတို့အတွက် ကုသိုလ်ပါဝင်ကြရတော့မည်။

ပုဂံနယ်မြေ မင်္ဂလာစေတီမှ …

နရသီဟပတေ့လက်ထက်က မင်းမှုထမ်းများ ယနေ့တိုင် တာဝန်ကျေစွာ အမှုထမ်းဆဲ။

ဝိညာဉ်များ ဖြစ်၍ ကောင်းရာဘုံဘဝ ရောက် စေရေး လူသားများက စီစဉ်ပေးရတော့မည်။

ပုဂံနယ်မြေမှ ဝိညာဉ်များ ကောင်းရာဘုံဘဝ ပြောင်းရွေ့ရောက်ပါစေတော့။

 

ကြည်ဇော်

Comments

comments

Post Author: manawmaya