နတ်ထက်စွမ်းတဲ့ လူ

လူမစွမ်း နတ်မဟူသော ဆိုရိုးစကားရှိ၏။ ထိုစကားကြောင့် လူသည် နတ်က မ,စေရန် ဆုချည်းပဲ တောင်းနေ၍တော့ ဘယ်နတ်ကမှလာပြီး မလိမ့်မည်မဟုတ်ချေ။

ထိုသာဓက မင်းဘူးဆရာတော်ဦးဩဘာသ ၏ မဟာဇနကပျို့ ကျီးသဲလေးထပ်ဆရာတော်၏ ဇိနတ္ထပကာသနီကျမ်းတို့၌ ဤသို့ တွေ့နိုင်သည်။

ရောက်လာသည့်ဘေး ငိုကြွေးနေ၍မဖြစ်

ပင်လယ်တွင်းမှာ လေပြင်းမုန်တိုင်းမိပြီး သင်္ဘောကြီးနစ်တော့မည့်အခါ မဆုတ်မနစ်သည့် လုံ့လနှင့် ပင်လယ်ပြင်ကို လက်ပစ်ကူးခဲ့ဖူးသည့်  ဘုရားအလောင်း ဇနကမင်းသား၏ အဖြစ်အပျက်မှာ စံနမူနာတင်လောက်ပေ၏။

ပင်လယ်ပြင်မှာ သင်္ဘောနစ်တော့မည့်အချိန် ကြုံဆုံလာတော့မည့်ဘေးကို ငိြုွေကးပြီး ဆောက် တည်ရာမဲ့ဖြစ်နေကြသည့် ခရီးသွားဖော်များ၏ အဖြစ်ကို ကြည့်ပြီး ဘုရားအလောင်းတော်က ဤကဲ့သို့ ထင်မြင်သည်။

“ရောက်လာသည့်ဘေးကို ငိြုွေကး၍လွတ် နိုင်မည်မဟုတ်။ အားထုတ်သော ယောကျာ်းတို့၏ အစွမ်းသာလျှင် ဘေးလွတ်ကြောင်းဖြစ်၏”

မဟာဇနက၏ အတွေးအမြင်သည် ရှင်း လင်းပြတ်သားလှသည့်အပြင် လူ့လောကတည်ရှိ သမျှ ကာလပတ်လုံး မှန်ကန်နေမည့် အတွေးအမြင် ဖြစ်၏။

ငိုကြွေးခြင်းသည် ဥပဒ်လွတ်ကြောင်းမဟုတ် သည့်အတွက် မငိုကြွေး။ နတ်တွေကိုလည်း ရှိခိုး ပြီး အချိန်ဖြုန်းမနေတော့။

သင်္ဘောနစ်တော့မည်မှန်းသိသည်နှင့် တစ် ပြိုင်နက် သတိကို မွေးမြူလိုက်၏။ ထောပတ်နှင့် သိကြားကိုနယ်ပြီး ခွန်အားရှိအောင် စားလိုက်၏။  ထိုသို့ စားရခြင်းမှာ သမုဒ္ဒရာအတွင်း လှိုင်းလုံးတွေ ကြားမှာ အားသွန်ကူးခတ်သည့်အခါ အားရှိဖို့နှင့် ပင် ပန်းဆင်းရဲခြင်းဒဏ် မခံစားရအောင်ဖြစ်သည်။

ထိုသို့ စားပြီးနောက် မဟာဇနကသည် အင်မတန် ခိုင်ခံချောမွတ်သည့် ပုဆိုးနှစ်ထည်ကို ရေမဝင်နိုင်အောင် ဆီတွေသုတ်လိမ်းပြီး ဝတ်သိုင်း၏။ ပြီးမှ သင်္ဘောထိုင်ထိပ်သို့ တက်သည်။

ရွက်တိုင်ထိပ်ဖျားမှ အောက်သို့ ငုံ့ကြည့်လိုက် တော့ သင်္ဘောပေါ်၌ ပါလာခဲ့ကြသည့် လူခုနစ်ရာ လောက်သည် လုံ့လပြုဖို့ကိုတော့ အားမထုတ်ကြ။ ကယ်ပါယူပါ တစာစာနှင့် ငိုကြွေးမြည်တမ်းရင်း ဆောက်တည်ရာမဲ့ဖြစ်နေကြ၏။ ထိုသို့ ငိုကြွေးရင်းနှင့်ပဲ ငါးလိပ် မကန်းတို့၏ အစာတွေဖြစ်သွားကြရ၏။

သင်္ဘောပတ်ဝန်းကျင်တစ်ပြင်လုံး သွေးအတိ လွှမ်းလေပြီ။ ထိုသွေးအပြင်ကြီးမှ လွတ်ကင်း၍ ဝေး နိုင်သမျှဝေးအောင် မဟာဇနကသည် ရွက်တိုင်ထိပ် ဖျားက အားစိုက်ပြီးခုန်ချလိုက်သည်။ လှိုင်းတွေထန် နေသည့် ပင်လယ်သမုဒ္ဒရာရေပြင်ကျယ်ကြီးထဲမှာ မိမိဦးတည်ရာ မိတ္ထီလာပြည်ကြီးဘက် အားစိုက်၍ စွမ်းလုံ့လပြုပြီး ကူးခတ်တော့၏။

ကမ်းမမြင်သည့် မဟာသမုဒ္ဒရာရေပြင်ကျယ် ကြီးထဲမှာ မနေမနားကြိုးစားပြီး ကူးခတ်ခဲ့သည်မှာ ခုနစ်ရက်တိတိကြာသွား၏။

လူသားမဟာဇနကနှင့် နတ်သမီးမေခလာ

ခုနစ်ရက်မြောက်သည့်နေ့၌ ကမ်းမမြင်ရ သော သမုဒ္ဒရာရေပြင်ကျယ်အလယ်မှာ မမျှော်လင့် ပဲ အသံတစ်ခုကို မဟာဇနကကြားလိုက်ရ၏။

“အို အမောင် သင်ဟာ ဒီသမုဒ္ဒရာထဲမှာ ဒီလို ကူးခတ်နေတာ စိတ်မှကောင်းသေးရဲ့လား။ ရူးများ ရူးနေတာလား”

မင်းသားသည် မမျှော်လင့်သည့်အသံကို ကြားလိုက်ရတဲ့အတွက် အံ့ဩခြင်းဖြစ်၍ အသံလာ ရာသို့ လှမ်းကြည့်မိ၏။ မင်းသားရဲ့ ရှေ့စူးစူးမလှမ်း မကမ်းကောင်းကင်မှာ နတ်သမီးတစ်ပါးကို တွေ့ လိုက်ရသည်။ ထိုနတ်သမီးက သူ့အားဆက်၍ မေး နေပြန်၏။

“အပြောကျယ်လှတဲ့ ဒီသမုဒ္ဒရာအလယ်မှာ ဘယ်လိုမှန်းကြည့်လို့မှ ကမ်းကိုမမြင်နိုင်ပါဘဲနှင့် ရဲရဲ စူးစူး ကူးနေတာ ဘယ်သူလဲ။ တစ်ဖက်ကမ်းကို မရောက်နိုင်တဲ့ ဒီမဟာသမုဒ္ဒရာကြီးထဲမှာ အပင်ပန်း ခံပြီး ကူးနေလို့ ဘာအကျိုးထူးမှာလဲ။ သင့်ဆန္ဒပြည့် မယ်ထင်လို့များ ဒီလိုမရပ်မနားကူးနေတာလား။ ဒီလို ကူးနေလို့တော့ ဘာအကျိုးထူးမှာမို့လဲ”

နတ်သမီးရဲ့ မေးခွန်းက မင်းသားရဲ့စိတ်ကို စမ်းလိုက်လေပြီ။ မင်းသားရဲ့စိတ်ထဲမှာတော့ ခုဒီ သမုဒ္ဒရာထဲမှာ ငါကူးနေတာ ခုနစ်ရက်တောင်ရှိသွား ပြီ။ ဘယ်လို လူသံရေသံမှမကြားခဲ့ရဘူး။ ထူးထူး ခြားခြား ဒီအသံပဲ ကြားရတယ်။ ထူးပြီလို့ တွေးပြီး နတ်သမီးကို ပြန်ပြော၏။

“လောကမှာ ဒီလိုလုပ်ရင် ဒီအဖြစ်မျိုးဖြစ် တယ်။ ဒီလိုလုပ်ရင် ဒီအဖြစ်က လွတ်တယ်ဆိုတဲ့ သဘောတရားမျိုး ရှိပါတယ်။ ဒီအလုပ်မျိုးလုပ်ရင် ပစ္စုပ္ပန်မျက်မှောက်မှာ အကျိုးရှိတယ်။ ဒီအလုပ်မျိုး   လုပ်ရင်တော့ သံသရာမှာပါ အကျိုးရှိတယ်ဆိုတဲ့ လူတွေကျင့်အပ်တဲ့ အကျင့်စရိုက်တွေလည်း ရှိပါ တယ်။ ပြီးတော့ ပစ္စုပ္ပန်၊ သံသရာ မျက်မှောက် မျက်ကွယ် အပြစ်လွတ်အောင် ယောကျာ်းတွေဟာ ကောင်းစွာ အားထုတ်သင့်တယ်ဆိုတဲ့ လူ့သဘော မျိုးလည်း ရှိပါတယ်။ ဒီလိုကောင်းစွာ အားထုတ်သင့် တဲ့ ယောကျာ်းတို့ရဲ့ လုံ့လဟာ အကျိုးမရှိဘူးဆိုတာ တော့ မရှိပါဘူး။ “

“ဒီလို အားထုတ်လို့ရှိရင် ပစ္စုပ္ပန် သံသရာ တစ်ခုခုမှာ သုခချမ်းသာကို မလွတ်တမ်း မုချခံစား ရမှာပဲလို့ ငါဟာ ဆင်ခြင်တွေးမြင်ခဲ့တဲ့လူပါ။ ဒါ ကြောင့် ဒီအပြောကျယ်လှတဲ့ သမုဒ္ဒရာထဲမှာလည်း ငါဟာ ယောကျာ်းတို့ရဲ့ လုံ့လကို မလျော့ဘဲနှင့်လည်း ကူးတယ်။ အားထုတ်ခြင်းဟာ အကျိုးမဲ့မဖြစ်ဘူးလို့ ငါယုံကြည်တယ်။ ဒီတော့ ကမ်းကို မမြင်ရရုံ အကြောင်းလောက်နဲ့တော့ ငါကဘာဖြစ်လို့ ယောကျာ်း တို့ရဲ့ ဇွဲလုံ့လကို လျှော့ရမှာလဲ။ ကမ်းကို မြင်မြင် မမြင်မြင် ဇွဲလုံ့လအကျိုးကိုမြင်လို့ ငါကူးတယ်”

“လုလင်ပျို …ယောကျာ်းတို့ရဲ့ လုံ့လဟာ အကျိုးရှိဖို့အကြောင်းသာ ဖြစ်တယ်ဆိုတဲ့ သင့်စကား ဟာ အခြားကိစ္စမှာတော့ မှန်ချင်မှန်လိမ့်မယ်။ အ စောက်အပြောအားဖြင့် မရေမတွက်နိုင်လောက် အောင်ကျယ်လှတဲ့ ဒီမဟာသမုဒ္ဒရာကြီးထဲမှာ သင်ဒီ လို ကူးနေလို့ကတော့ နေရာမကျဘူး။ အပို အချည်း အနှီးဖြစ်ပြီး အကျိုးမဲ့ပျက်စီးခြင်းကိုသာ မုချရောက် မှာ မလွဲဘူးမဟုတ်လား”

“နတ်သမီး ကမ်းကိုမရောက်လို့ ပျက်စီးပြီး သေရရင်လည်း အပြစ်ကင်းကင်းနဲ့ သေမယ်။ ယောကျာ်းဖြစ်ပြီး လုံ့လကိုမပြုဘဲ အသေခံသွား တယ်လို့တော့ အကဲ့ရဲ့မခံဘူး။ လုံ့လမပြုမိလို့ သေရ တယ်လို့ ကိုယ့်ကိုယ်ကို နောင်တရအောင်လည်း ငါ မလုပ်ဘူး၊ ဒါကြောင့် သေချင်းသေရင် နောက် လူတို့ အပြစ်တင်လွတ်အောင် ငါ့ကိုယ်ငါလည်း အပြစ် အဖြစ်မမြင်ရလေအောင် ငါလုံ့လပြုတယ်”

“နတ်သမီး …လုံ့လပြုလို့ အကျိုးမဲ့ ပျက်စီး ခြင်းကိုသာ ရောက်မယ်လို့ သင်က ပြောခဲ့တယ်။ လုံ့လပြုခြင်းရဲ့ အကျိုးရှိပုံကို ငါ အထွေအထူး ဘာ ပြောစရာလိုသေးသလဲ။ ခုပဲကြည့်လေ။ သမုဒ္ဒရာမှာ ငါနဲ့အတူ သင်္ဘောသားခုနစ်ရာလုံး သင်္ဘောပျက်ပြီး နစ်ကြတယ်။ နစ်ကြတာခြင်းအတူတူ ဟိုလူတွေအား လုံး လုံ့လမပြုကြလို့ ငါးလိပ်မကန်းတွေရဲ့ အစာတွေ ဖြစ်ပြီး သေကုန်ကြရပြီ။ ငါကတော့ လုံ့လကို မလျှော့ခဲ့လို့ ငါးလိပ်မကန်းတို့ရဲ့ ဘေးကလည်း လွတ် ကင်းခဲ့ပြီ။ လူ့သာမန်တွေမြင်ရခဲတဲ့ သင်နတ်သမီး ကိုတောင် နီးနီးကပ်ကပ် မှတ်မှတ်ထင်ထင် ငါမြင်ပြီး စကားတောင် ပြောရပြီ။ ဒါတွေဟာ လုံ့လရဲ့ အကျိုး တွေပဲပေါ့။ ခု သင်ကယ်လျှင်လည်း ငါရှင်မည်။ သင် မကယ်လို့ သေဆုံးသွားလည်း လုံ့လရဲ့ အကျိုး ငါ့မှာရှိပြီ”လို့ ရဲရဲတင်းတင်း မြဲမြဲခိုင်ခံ့တဲ့ စိတ်နဲ့ ဖြေလိုက်ပါတယ်။

ဤတွင် နတ်သမီးလည်း မဟာဇနက၏ လုံ့လဝီရိယနှင့် ဇွဲသတ္တိကို မချီးကျူးဘဲ မနေနိုင် တော့။

“မင်းသား …သင်ဟာ အပြောကျယ်လှတဲ့ ဒီမဟာသမုဒ္ဒရာရဲ့ အလယ်မှာ သူတစ်ပါးပြုနိုင်ခဲလှ တဲ့ မြဲမြံခိုင်ခံ့တဲ့ စိတ်နှင့် တွန့်လိမ်ဆုတ်နစ်ခြင်းမရှိ၊ မိမိလိုရာရောက်ကြောင်း ကောင်းမြတ်ဖြောင့်စင်းတဲ့ လုံ့လနဲ့ ပြည့်စုံခဲ့တာ အမှန်ပါပဲ။ ဒီလုံ့လကြောင့်လည်း   ဒီသမုဒ္ဒရာကြီးထဲမှာ အန္တရာယ် အသွယ်သွယ်က လွတ်မြောက်ခဲ့တာလည်း အမှန်ပါပဲ။ သင်ကဲ့သို့ လုံ့လ ဝီရိယ ဇွဲသတ္တိရှိသော သူသည်အချည်းနှီး မဖြစ်သင့်။ အကျွန်ုပ် သင့်အား ကယ်တင်မှဖြစ်တော့ မည်” ဟူ၍ပြောပြီး ကယ်တင်ခဲ့လေ၏။

 

ကျော်မင်းနိုင်

ကျမ်းကိုး ၁။ ဇိနတ္ထပကာသနီ။ ကျီးသဲလေးထပ် ဆရာတော်။

၂။ မဟာဇနကဇာတ်တော်။ မင်းဘူးဆရာ တော်ဦးဩဘာသ။

၃။ ရွှေတောင်တက်ဒဿန။ ဆရာကြီး ဦးဆန်းလွင်။

Comments

comments

Post Author: manawmaya