သမုဒယနွယ်၍ အရှက်ကြွယ်ရသည်

ဓနရွှေငွေ ပစ္စည်းဥစ္စာ ပေါများကြွယ်ဝလျက် သူမတူအောင် ချောမောလှပသော သောရေယျ သူဋ္ဌေးကလေး၏ ဘဝမှာ ရင်ထုမနာ ဖြစ်နေလေပြီ။

အရပ်စကား၊ ဇာတ်စကားနှင့် လွယ်လွယ်ဆိုရသော် ဘုန်းကညာတစ်ပါး လုံးရာက ပြားရသော ရှက်ဖွယ်လိလိ အဖြစ်မျိုး …။

မိမိအဖြစ်အတွက် ရှက်ကြောက်သွားရှာသည့် သောရေယျ သူဋ္ဌေးသားတစ်ဖြစ်လဲ သောရေယျ ဧကရီ သမီးပျိုလေးမှာ ဘဝဟောင်းမှ လူတွေနှင့် မတွေ့မဆုံ မကြုံရလေအောင် ရှောင်ပုန်းရချေပြီ။

မိမိ၏ အဖြစ်ဆိုးလှသော ဘဝကို ဇာတ်မြှုပ်၍ ခြေဦးတည့်ရာ ရှောင်ပုန်းပြေးခွာခြင်း ပြုရလေပြီ။ မိမိမှာ ပါလာသည့် ရတနာပစ္စည်းများကို ထုခွဲရောင်း ချပြီး တစ်မြို့တစ်ရွာ တစ်ကျေးသို့ ပြောင်းရွှေ့နေရခြင်းဖြစ်၏။

ထိုသို့ တစ်မြို့တစ်ရွာ တစ်နယ်တစ်ကျေးသို့ ပြောင်းရွှေ့သွားလာရင်း တက္ကသိုလ်ပြည်သို့ သွားရောက်မည့် လှည်းကုန်သည်များနှင့် တွေ့၍ လှည်းများနောက်မှ လိုက်ပါလာခဲ့မိသည်။ ခရီးကား ကွာလှမ်းလွန်းသဖြင့် ခြေကျင်မလိုက်နိုင်သောအခါ အဖိုးအခပေး၍ လှည်းကို စီး၏။

လှည်းကုန်သည်များကလည်း သောရေယျ အမျိုးသမီး၏ အဆင်းသဏ္ဌာန်ကို ကြည့်ပြီး တက္ကသိုလ်ပြည်သို့ ရောက်အောင် ကောင်းစွာခေါ် ဆောင်လာခဲ့ကြ၏။ တက္ကသိုလ်ပြည်သို့ ရောက်သောအခါ တက္ကသိုလ်ပြည်သား သူဋ္ဌေးသားအား အကျိုးအကြောင်း ပြောပြကြရာ သူဋ္ဌေးသားမှာလည်း ကြင်ယာဇနီး မရှိသေးသဖြင့်လည်းကောင်း၊ သောရေယျ သူဋ္ဌေးသမီးကလေး၏ တင့်တယ်ကျက်သရေ ရှိသည့် ရုပ်ဆင်းရူပကာကြောင့် စွဲလမ်းချစ်ခင် စုံမက်သွားသောကြောင့်လည်းကောင်း ဇနီးမယား အိမ်သူသက်ထားအဖြစ် ကောင်းမွန်စွာ လက်ထပ်ထိမ်းမြားပြီး အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့ လေသည်။

အမှန်အားဖြင့် ဘဝကံကြမ္မာဖန်တီးမှုကြောင့် ရှေးဘဝ ရေစက်ဆုံသွားကြရခြင်းပင်။ သောရေယျ အမျိုးသမီးကလေးသည် ယခင်သောရေယျ သူဋ္ဌေးသားယောကျာ်းလေးဘဝဖြင့် သားကလေးနှစ်ယောက်ပင် ရခဲ့ဖူးလေသည်။

ယခု အမျိုးသမီးဘဝ၊ တက္ကသိုလ် သူဋ္ဌေးသား၏ ချစ်ဇနီး ကြင်ယာမယားဖြစ် ရောက်ပြန်တော့  သားကလေးနှစ်ယောက်ပင် မွေးဖွားခဲ့ပြန်ပါ၏။ သို့ဖြင့် သားနှစ်ယောက်၏ဖခင်၊ သားနှစ်ယောက်၏ မိခင် အဖြစ်နှင့် ဘဝအချိုးအကွေ့တွေ ဆန်းကြယ်ရှုပ်ထွေးသွားစေပြန်တော့သည်။ ဖခင်အဖြစ်နှင့် မွေးဖွားခဲ့သော သောရေယျပြည်မှ သားကလေးနှစ်ယောက်ကိုလည်း သတိရလွမ်းဆွတ်သည်။

မိမိ၏ ကံဆိုးသောအဖြစ်က မိမိ ဇာတိရပ်မြေ သောရေယျပြည်သို့ မပြန်ရဲသောအဖြစ်။ ရှက်ရွံ့ ခြောက်ခြားခြင်းက အစဉ်ကြီးစိုးလွှမ်းမိုးလျက်။ မိခင်ဘဝနှင့် တက္ကသိုလ် သူဋ္ဌေးကတော်အဖြစ် သားလေး နှစ်ယောက်ကိုလည်း ချစ်ခင်နှောင်ဖွဲ့ သံယောဇဉ်ရှိနေ၍ တက္ကသိုလ်ပြည်မှလည်း မစွန့်ခွာနိုင်ပြန်။

စိတ်ရှုပ်ထွေးစွာဖြင့် တစ်ရက်သောနေ့မှာ လေသာပြတင်းပေါက်တွင် ထွက်ထိုင်ကာ တွေဝေငေးမောနေစဉ် မိမိယောကျာ်းဘဝတုန်းက မိတ်ဟောင်းဆွေဟောင်း ကုန်သည် သူငယ်ချင်းဟောင်း တက္ကသိုလ်ပြည်သို့ ကုန်ရောင်းကုန်ဝယ်နှင့် လာသည်ကို အမှတ်မထင် တွေ့ရှိလိုက်ရလေသည်။

ထိုသူငယ်ချင်းကား သောရေယျပြည်တွင် သောရေယျသူဋ္ဌေးသားဘဝနှင့် ရေချိုးဆိပ်သို့ လာစဉ်အခါက အတူပါလာခဲ့သော သူငယ်ချင်းဟောင်းတည်း။ မိမိသည် အလှရည်ပြိုင်တုဘက် မနိုင်လောက်အောင် လှပချောမောသည့် ရှင်မဟာကိစ္စည်းမထေရ်ကို ရေချိုးဆိပ်မှာ မြင်၍ ပြစ်မှားမိသဖြင့် မိန်းမဘဝပြောင်းခဲ့ရသော အဖြစ်အတွက် ထိုစဉ်က မိမိအဖြစ်ကို မိမိရှက်လွန်းလှသဖြင့် ထိုသူငယ်ချင်းကို အတွေ့မခံနိုင်ဘဲ ထွက်ပြေးပုန်း ရှောင်လာခဲ့ခြင်းပင်။

ယခုတစ်ကြိမ်ထပ်မံ၍ တွေ့ဆုံလာသောအခါ၌မူ ပြောင်းလဲသွားသော မိမိဘဝနှင့် ကံကြမ္မာကို မထိန်မဝှက် အသိပေးလိုလှသည်။ သောရေယျပြည်၌ ကျန်ရစ်နေခဲ့ရှာသော သားကလေးနှစ်ယောက်၏ သတင်းကိုလည်း ကြားသိလိုလှသည်။ ထိုဆန္ဒဖြင့် တက္ကသိုလ် သူဋ္ဌေးကတော်သည် မိမိ၏ အစေအပါးတို့ကို သူငယ်ချင်းဖြစ်သူ သောရေယျပြည်သား ကုန်သည်အား အခေါ်ခိုင်းလိုက်သည်။

သောရေယျကုန်သည် လိုက်လာသောအခါ သူ့သူငယ်ချင်း သောရေယျသူဋ္ဌေးသား တက္ကသိုလ် သူဋ္ဌေးကတော်ဘဝ ရောက်နေသည်ကို ချက်ချင်း မမှတ်မိ။ သူဋ္ဌေးကတော်က အကျိုးအကြောင်း စုံလင်စွာ ပြောပြမှ ပြန်လည်မှတ်မိလေသည်။

သူငယ်ချင်း သောရေယျ ကုန်သည်သူဋ္ဌေးကား စာပေတတ်ကျွမ်း ဗဟုသုတရှိသူဖြစ်၏။ ရှင် မဟာကိစ္စည်းမထေရ်အား ပြစ်မှားမိသော အကုသိုလ်ကံသည် ထိုမထေရ် ကျေနပ်ခွင့်လွှတ်စေရန် တောင်း ပန်ပါမှ ပြေပျောက်နိုင်မည့် အဖြစ်ကို သိသည်။

သောရေယျသူဋ္ဌေးသမီး၊ တက္ကသိုလ် သူဋ္ဌေးကတော် ဝဋ်ကြွေး ပြေချိန်ရောက်ပေပြီ။ အကြောင်း တိုက်ဆိုင်မှုကြောင့် ရှင်မဟာကိစ္စည်းမထေရ်မှာလည်း တက္ကသိုလ်ပြည်၌ သီတင်းသုံးနေချိန်ဖြစ်၏။ ထိုအမှု ကိစ္စကိုပြီးမြောက်အောင် သောရေယျ ကုန်သည်သူဋ္ဌေးက မိမိ၏ ယခင်သူငယ်ချင်းဟောင်း တက္ကသိုလ် သူဋ္ဌေးကတော်အတွက် နည်းလမ်းကျကျ ဦးစီးဆောင်ရွက်ပေးခဲ့လေသည်။ ဖြစ်စဉ်အကျိုးအကြောင်းကိုလည်း လျှောက်တင်ထား၏။

သောရေယျကုန်သည် သူဋ္ဌေးသား တက္ကသိုလ် သူဋ္ဌေးကတော်နှင့် တိုင်ပင်၍ ရှင်မဟာကိစ္စည်း မထေရ်အား သူဋ္ဌေးကတော်အိမ်သို့ ကြွရောက်ပါရန် ပင့်ဆောင်ခဲ့၏။ ကြွရောက်လာသောအခါ ပူဇော် ပက္ကာရတို့ဖြင့် ပူဇော်စေပြီးနောက် မိမိ၏ အဖြစ်ကို ဝန်ချတောင်းပန်ခိုင်း၏။ သူဋ္ဌေးကတော်၏ ခင်ပွန်း ဖြစ်သော တက္ကသိုလ်သူဋ္ဌေးသားကလည်း ရှင်မဟာ ကိစ္စည်းမထေရ်အား အကျိုးအကြောင်း လျှောက်ထား ပြီး ကူပံ့၍ တောင်းပန်ပေး၏။

ရှင်မဟာကိစ္စည်း မထေရ်ကလည်း မသိ၍ မှားမိသော အပြစ်ကို ငါသည်းခံ၏ဟုဆိုပြီး ခွင့်လွှတ် တော်မူသည်။

ထိုစဉ်ခဏ တက္ကသိုလ်သူဋ္ဌေးကတော် သောရေယျ သူဋ္ဌေးသမီးသည် မိမိမူလဘဝ သော ရေယျ သူဋ္ဌေးသား ဘဝသို့ ပြန်၍ ပြောင်းသွား လေသည်။

ထိုပြောင်းလဲမှုသည် သောရေယျသူဋ္ဌေးသား အတွက် တစ်စုံတစ်ယောက်တည်းအဖြစ် ပြောင်းလဲ မှု မဟုတ်တော့ဘဲ သမုဒယ သံယောဇဉ်နွှယ်ယှက် ၍ ယောကျာ်းဘဝမှ ရခဲ့သော သားလေးနှစ်ယောက် နှင့် မိန်းမဘဝမှာ မွေးဖွားခဲ့သော သားလေးနှစ် ယောက် ဘယ်သူတွေကို ပိုချစ်ပြီး ဘယ်သူတွေနှင့် နေရမလဲ ဟူသော ပြဿနာတစ်နွယ်ငင် တစ်စင်တန်းအဖြစ် ငြိတွယ်ကူးစက် အပူမီးပွားစေတော့သည်။

ကျော်မင်းနိုင်

Comments

comments

Post Author: manawmaya